သင်္ချာ နှင့် ယဉ်ကျေးမှု
ပထမဆုံး နားလည်ထားရမှာက သင်္ချာဆိုတာ အနုပညာတရပ်ဖြစ်တယ် ဆိုတာပဲဗျ။ အဲ.. သင်္ချာ နဲ့ တခြားအနုပညာရပ် တွေဖြစ်ကြတဲ့ ပန်းချီတို့ ဂီတတို့နဲ့ကွာတဲ့ အချက်ကတော့၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုက သင်္ချာကို အနုပညာတရပ်အဖြစ် အသိအမှတ်မပြုတာပဲ။ ကဗျာဆရာ၊ ပန်းချီဆရာ နဲ့ ဂီတပညာရှင် တွေဟာ စကားလုံးတွေ၊ ပုံရိပ်တွေ နဲ့ အသံတွေကို အသုံးပြုပြီး သူတို့ရဲ့အနုပညာကို ဖော်ပြကြတယ်ဆိုတာ ကိုတော့ လူတိုင်းကနားလည်တယ်။
တကယ်တန်း ကျွန်တော်တို့ လူ့ အသိုင်းအဝိုင်းက ဖန်တီးတည်ထွင်မှုပါတဲ့ အရာတွေကို လုပ်ဆောင်ကြတဲ့ ဗိသုကာသမားတွေ၊ စားတော်ကဲတွေ အပါအဝင် ရုပ်သံဒါရိုက်တာတွေကို အနုပညာရှင်တွေအဖြစ် လိုလိုလားလားသတ်မှတ်နိုင်ကြသေးရင်၊ သင်္ချာပညာရှင်တွေရော အနုပညာရှင်တွေအဖြစ် ဘာလို့ မသတ်မှတ်နိုင်ရမှာလဲဗျာ။
ပြဿနာတစိတ်တပိုင်းကတော့ သင်္ချာပညာရှင်ဘာလုပ်သလဲဆိုတာ ဘယ်သူကမှ ပါးပါးလေးတောင် မသိကြတာပဲ။ သင်္ချာပညာရှင်ဆိုတာ သိပ္ပံပညာရပ်နဲ့ပတ်သက်သူ၊ သိပ္ပံပညာရှင်တွေကို သူတို့ရဲ့ သင်္ချာပုံသေနည်းတွေသုံးပြီးအကူအညီပေးနေသူ၊ ကိန်းဂဏန်းကြီးကြီးမားမား တွေကို တွက်ဖို့ချက်ဖို့ ကွန်ပြူတာစနစ်ထဲ ထည့်သွင်းပေးသူအဖြစ်၊ အများက ယေဘုယျအားဖြင့် ထင်မြင်ယူဆကြတယ်။ တကယ် လို့များ လူတွေကို “စိတ်ကူးယဉ် အတွေးသမားတွေ” နဲ့ “လက်တွေ့ကျကျ တွေးခေါ်သူတွေ” ဆိုပြီး နှစ်အုပ်စု ခွဲလိုက်ရင်၊ အများစုက သင်္ချာပညာရှင်တွေကို ဒုတိယအုပ်စုထဲထဲ့ကြမယ်ဆိုတာ မေးနေစရာတောင် လိုမယ်မထင်ပါဘူးဗျာ။
တကယ်တန်းက လောကကြီးမှာ၊ သင်္ချာပညာလောက် စိတ်ကူးယဉ်ဆန်တာ၊ ကဗျာဆန်တာ၊ အပြောင်းအလဲကိုလိုလားတာ၊ အကြီးအကျယ်ပြောင်းလဲစေနိုင်တာ၊ ထူးထူးဆန်းဆန်းစိတ်ကူးမိစေတာမိုျး ဘယ်အရာမှ မရှိဘူး။ သင်္ချာဟာ စင်္ကြာဝဠာဗေဒတို့၊ ရူပဗေဒတို့လို နက်နက်နဲနဲ စိတ်ကူးတွေးခေါ်ရတဲ့ အလုပ်မိုျးဖြစ်သလို၊ ကဗျာ ပန်းချီ ဂီတ စတဲ့ ရုပ်ဝတ္ထုအပေါ်အများကြီးမှီခိုနေရတဲ့ အနုပညာတွေထက်ကို သင်္ချာက တွေးရတာပိုပြီး လွတ်လပ်မှုရှိ တယ်။ ဥပမာ တွင်းနက်(Black Hole) ဆိုတာကို နက္ခတ္တဗေဒပညာရှင်တွေ ရှာမတွေ့ခင် အချိန်ကတည်းက သင်္ချာပညာရှင်တွေ ကမှန်းဆတွေးခေါ်ခဲ့ကြပြီးပြီ။ တကယ်တော့ သင်္ချာဆိုတာ အနုပညာအစစ်ဆုံးနဲ့ နားလည်မှုအလွဲခံရဆုံးအရာတစ်ခုပါပဲဗျာ။
ဒါကြောင့် သင်္ချာဆိုတာ ဘာ၊ သင်္ချာပညာရှင်က ဘာတွေလုပ်တယ် ဆိုတာကို တတ်နိုင်သလောက် ကြိုးစားပြီး ရှင်းပြပါရစေ။ ဒီနေရာမှာ ထင်ရှားတဲ့ အင်္ဂလိပ်သင်္ချာပညာရှင် Godfrey Harold “G. H.” Hardy FRS (7 February 1877 – 1 December 1947) [ပုံ] ရဲ့ အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက် နဲ့ စပါရစေ။
“သင်္ချာပညာရှင်ဆိုတာ ပန်းချီဆရာတို့ ကဗျာဆရာတို့ လိုပဲ ‘ပုံစံ’ တွေကို ဖန်တီးတည်ဆောက်သူဖြစ်တယ်။ တကယ် လို့ သင်္ချာပညာရှင် ဖန်တီးတည်ဆောက်တဲ့ ပုံစံဟာ ကဗျာဆရာတို့ ပန်းချီဆရာတို့ တည်ဆောက်တဲ့ ပုံစံ ထက် ပိုမို ရှည်ကြာစွာ တည်တံ့နေမယ်ဆိုရင်၊ အဲဒီ ပုံစံဟာ ‘စိတ်ကူးစိတ်သန်း’ နဲ့ တည်ဆောက်ခဲ့ လို့ သာဖြစ် တယ်”
[A mathematician, like a painter or poet, is a maker of patterns. If his patterns are more permanent than theirs, it is because they are made with ideas.]
ဒါဆို သင်္ချာပညာရှင်ဆိုတာ စိတ်ကူးပုံစံ တွေ တည်ဆောက်နေသူပေါ့။ ဘယ်လိုပုံစံတွေလဲ…။ ဘယ်လို စိတ်ကူးစိတ်သန်း မိုျးတွေလဲ။ ‘ကြံ့’ တွေနဲ့ပတ်သက်တဲ့ စိတ်ကူးတွေလား…။
မဟုတ်ပါဘူးဗျာ..။ အဲဒီဟာက ဇီဝဗေဒပညာရှင်ရဲ့ အလုပ်ပါ။
ဒါဆို ဘာသာစကား တို့ ယဉ်ကျေးမှုတို့နဲ့ ဆိုင်တာတွေလား။
ဒါလည်း မဟုတ်သေးပါဘူးဗျာ။ ဒီအကြောင်းအရာတွေဟာ အများစုသော သင်္ချာပညာရှင်တွေ သိပ်ခံတွင်းမတွေ့လှတဲ့၊ သိပ်ရှုပ်ထွေးလွန်းပြီး အလှမ်းဝေးတဲ့ အရာတွေပါ။
တကယ်လို့များ သင်္ချာပညာရဲ့ အလှပဆုံး စည်းမျဉ်းတွေကို တစုတဝေးတည်း လုပ်နိုင်မယ်ဆိုပါစို့။ ဒါဆိုရင် အဲဒါဟာ ‘အရိုးရှင်းဆုံးဟာ အလှပဆုံးပါ’ ဆိုတာသာဖြစ်လိမ့်မယ်။ သင်္ချာပညာရှင်တွေဟာ ‘ ဖြစ်နိုင်သမျှ အရိုးရှင်းဆုံးသောအရာတွေ’ အကြောင်း တွေးရတာ နှစ်ခြိုက်မှုရှိကြတယ်။ အဲဒီ ‘ ဖြစ်နိုင်သမျှ အရိုးရှင်းဆုံးသောအရာတွေ’ ဟာလည်း တကယ်တော့ ‘စိတ်ကူးယဉ်ပုံရိပ်တွေ’ ပဲဗျ။
(ဆက်ပါဦးမည်...။)
(ခြိမ့်ထက်)
သင်္ချာငိုချင်း(အပိုင်း-၄)မျှော်....
Mathematical Association of America မှ သင်္ချာနှင့် သင်္ချာပညာသင်ကြားရေးဆိုင်ရာ သုတေသနပညာရှင် Paul Lockhart ၏ A Mathematician’s Lament ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။ မူရင်းလေ့လာလိုသူများ
http://www.maa.org/devlin/LockhartsLament.pdf တွင်ဖတ်ရှုပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.