Sunday, September 24, 2017

အနာဂတ်ကွန်ပျူတာ

အနာဂတ်ကွန်ပျူတာ

မိတ်ဆက်
သက္ကရာဇ် ၂၀၄၀ အရောက်မှာ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ကွန်ပျူတာတွေအတွက် လုံလောက်တဲ့ စွမ်းအင်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများအသင်း (Semiconductor Industry Association)ရဲ့ ၂၀၁၂ အစီခံစာက ဆိုထားပါတယ်။(http://www.pwc.com/gx/en/technology/publications/assets/pwc-faster-greener-smarter.pdf) ဒီဖြစ်ရပ်ကို တားဆီးကာကွယ်နိုင်ဖို့အတွက် ကွန်ပျူတာထုတ်လုပ်ရေးနယ်ပယ်ကြီးတွေဟာ စွမ်းအင်ကိုထိထိရောက်ရောက် အသုံးပြုနိုင်မယ့် ကွန်ပျူတာမျိုးတွေ တည်ထွင်ထုတ်လုပ်နိုင်ဖို့ လုံးပမ်းလာကြတယ်။ ဒါပေမယ့်လည်း ခက်တာက သမားရိုးကျကွန်ပျူတာတွေမှာက အလုပ်တစ်ခုလုပ်နိုင်ဖို့အတွက် လုံးဝအနည်းဆုံးစွမ်းအင်လိုအပ်ချက် ဆိုတာရှိတယ်။ ဒီအချက်ကို ၁၉၆၁ ခုနှစ်ကတည်းက ဂျာမန်-အမေရိကန် ရူပဗေဒပညာရှင်၊ နာဆာရဲ့ သိပ္ပံပညာရှင် ရော့ဖ် ဒဗလျူ လန်ဒါး Rolf William Landauer(February 4, 1927 – April 28, 1999)က အိုင်ဘီအမ် IBM သုတေသနစမ်းသပ်ခန်းမှာ သင်္ချာပုံသေနည်းတစ်ခုတည်ဆောက်ပြီး တွက်ချက်ပြခဲ့တယ်။

အခု ၂၀၁၇ ခုနှစ် မတ်လ အရောက်မှာတော့ သုတေသနပညာရှင်တွေက ကွန်ပျူတာချစ်ပ် (chip) တစ်ခုဟာ အဲဒီလိုအနည်းဆုံးစွမ်းအင်လိုအပ်ချက်ပမာဏနဲ့ တကယ်အလုပ်လုပ်နိုင်ကြောင်း လက်တွေ့သရုပ်ပြနိုင်ခဲ့ကြတယ်။ အဲဒီပမာဏဟာ လက်ရှိကွန်ပျူတာတွေသုံးစွဲနေတဲ့ စွမ်းအင်ရဲ့ အပုံတစ်သန်းပုံတစ်ပုံသာရှိတယ်။ ဒါဟာ စွမ်းအင်ကိုထိထိရောက်ရောက်အသုံးချနိုင်တဲ့ တွက်ချက်ခြင်း နယ်ပယ်အတွက် အကြီးအကျယ်အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစွမ်းအင်နည်းပညာကို ကျွန်တော်တို့ရဲ့ လက်ပ်တော့ပ်ကွန်ပျူတာတွေမှာ အသုံးချနိုင်ဖို့ဆိုတာကတော့ နောက်ထပ်နှစ်ပေါင်းများစွာကြာဦးမှာဖြစ်ပြီး၊ အဲဒီလို လုပ်နိုင်ပြီဆိုတဲ့အချိန်ကို ရောက်ခဲ့ရင်တောင် လန်းဒါးရဲ့ကန့်သတ်ချက် (Landauer Limit) ထက်တော့ ကျော်လွန်နေဦးမှာသာဖြစ်ပါတယ်။ ဒီအချက်ကြောင့် ကမ္ဘာ့ထိပ်တန်းပညာရှင်တွေ အဖွဲ့အစည်းကြီးတွေက ကွန်ပျူတာတွေရဲ့ စွမ်းအင်သုံးစွဲမှုကို လျော့ချနိုင်ဖို့ လုံးဝ မတူကွဲပြားခြားနားတဲ့ တွက်ချက်မှု(computing) နယ်ပယ်အသစ်ကို ရှာဖွေလာကြပါတယ်။ အဲဒီနယ်ပယ်ကတော့ ကွမ်တမ်တွက်ချက်မှု နဲ့ ကွမ်တမ်ကွန်ပျူတာတွေပဲဖြစ်ပါတယ်။

ကွမ်တမ်ကွန်ပျူတာ
ကျွန်တော်တို့ရဲ့လက်ရှိသုံးစွဲနေတဲ့ ကွန်ပျူတာတွေဟာ သုည နဲ့ တစ် ပါဝင်တဲ့ ရှေးရိုးဂန္ထဝင် စီဘစ် “cbit” (classical bit) တွေအပေါ်မှာ အခြေပြုတည်ဆောက်ထားတာဖြစ်ဖြစ်တယ်။ ရိုးရိုးသာမန် ကွန်ပျူတာတွေမှာ သုံးတဲ့ အခြေခံအကျဆုံး unit က bit ။ ဒီ bit လို့ခေါ်တဲ့ သုညနဲ့တစ်သာပါဝင်တဲ့ ကိန်းနှစ်ခုစနစ် (Binary Digit System) အလုပ်လုပ်ဖို့အတွက် အကောင်အထည်ဖေါ်ပေးမယ့် စီပီယူ မှာပါဝင်တဲ့ transistor တစ်ခုချင်းစီဟာ တစ် သို့မဟုတ် သုညကို ကိုယ်စားနိုင်ပြုတဲ့ အခြေအနေဖြစ်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ အထူးသတိထားဖို့ကတော့၊ တစ်ချိန်မှာ တိကျတဲ့အခြေအနေတစ်ခုပဲရှိမယ်။ တစ် ဖြစ်ချင်ဖြစ်မယ်။ သုည ဖြစ်ချင်ဖြစ်မယ်။ တစ်ရော သုညရော နှစ်ခုလုံး တစ်ပြိုင်တည်း မဖြစ်နိုင်ဘူး” ဆိုတာပါပဲ။

ကွမ်တမ်ကွန်ပျူတာမှာ သုံးမယ့် unit က တော့ quantum bits လို့ခေါ် တဲ့ “qubits” တွေဖြစ်တယ်။ ဒီလို ကွမ်တမ်အခြေအနေရှိနေတဲ့ bit တွေဟာ၊ သူတို့ရဲ့လက်ရှိအခြေအနေကို ယတိပြတ် yes or no, true or false, zero or one ဆုံးဖြတ်လို့မရဘူး။ ဒီ qubit တွေဟာ တစ် နဲ့ သုည၊ အဖွင့် နဲ့အပိတ် အခြေအနေ နှစ်ရပ်လုံးမှာလည်း တပြိုင်တည်း ရှိနေနိုင်တယ်။ ဒါကြောင့် qubit တစ်ခုဟာ၊ သီးခြား အခြေအနေ ဖြစ်တဲ့ တစ်ကိုသော်လည်းကောင်း၊ သုညကိုကိုသော်လည်းကောင်း ဖေါ်ပြနိုင်တဲ့အပြင်၊ တစ် နဲ့ သုည အခြေအနေ နှစ်ရပ်စလုံးကိုပါ တစ်ပြိုင်တည်း ကိုယ်စားပြုဖေါ်ပြနိုင်စွမ်းရှိတယ်။ အဲဒီလို အခြေအနေ နှစ်ရပ်လုံးကို တစ်ပြိုင်နက် ဖေါ်ပြနေတဲ့အခြေအနေကို မခွဲခြားနိုင်သောအခြေအနေ entangled state လို့ခေါ်တယ်။ အဲဒီအရည်အချင်းကို မဟာ အနေအထား“superposition” လို့လည်း ခေါ်ဆိုနိုင်တယ်။ နှစ်ခုလုံး၏ ညီညွတ်ပေါင်းစည်းမှု မဟာအနေအထား “coherent superposition of both” ဆိုပြီး ပညာရပ်ဆန်ဆန်မှတ်သားနိုင်ပါတယ်။

ဒီ ကွမ်တမ်ကွန်ပျူတာတွေရဲ့ အဓိက စွမ်းရည် ဟာ ဘာလဲဆိုတော့၊ သင်္ချာတွက်ချက်မှု Mathematical operation တခုကို အခြေအနေ(state) နှစ်ရပ် အပေါ်မှာ တပြိုင်တည်း တွက်ချက် ဆောင်ရွက်နိုင် ခြင်းပဲဖြစ်တယ်။ ဆိုလိုတာက ကျူဘစ်တစ်ခုဟာ တစ် နဲ့ သုည နှစ်ခုလုံးပါတဲ့ မဟာအနေအထားမှာရှိနေပြီး၊ သူ တွက်ချက်ခြင်းလုပ်မယ့် တခြား ကျူဘစ်တစ်ခုကလည်း သူ့လိုပဲ မဟာအနေအထားမှာရှိမယ်ဆိုရင်၊ တစ်ခါတည်းတွက်လိုက်ရုံနဲ့ အဖြေလေးခု တစ်ပြိုင်တည်းရလာမှာဖြစ်တယ်။ ကျူဘစ်နှစ်ခုလုံး တစ် ဖြစ်လို့ ရတဲ့အဖြေတစ်ခု၊ ပထမကျူဘစ် တစ်- ဒုတိယကျူဘစ် သုညဖြစ်တဲ့အချိန်ရတဲ့အဖြေတစ်ခု၊ ပထမကျူဘစ် သုည- ဒုတိယကျူဘစ် တစ် ဖြစ်တဲ့အချိန်ရတဲ့အဖြေတစ်ခု၊ နှစ်ခုလုံး သုညဖြစ်တဲ့အချိန်ရတဲ့အဖြေတစ်ခု၊ စုစုပေါင်းလေးခု ဖြစ်တယ်။ အဲဒါကြောင့် ကျူဘစ် စနစ်ကိုသုံးတဲ့ ကွမ်တမ်ကွန်ပျူတာတွေရဲ့တွက်ချက်နိုင်စွမ်းဟာ two power n ဖြစ်တယ်။ ဆိုလိုတာက
two-qubit system တခု ဟာ (2^2) တန်ဘိုး လေးခု ကို တပြိုင်တည်းတွက်နိုင်တယ်။
three-qubit system တခု ဟာ (2^3) တန်ဘိုး ရှစ်ခု ကို တပြိုင်တည်းတွက်နိုင်တယ်
four-qubit system ဆိုရင် (2^4) ၁၆ ခု. စသည်ဖြင့် ဖြစ်ပါတယ်။
qubit ရဲ့ အရေအတွက်ကို တခုချင်း တိုးမြှင့်လိုက်တာနဲ့ သူရဲ့ တွက်ချက်နိုင်မှု စွမ်းရည်ဟာ“ထပ်ကိန်း”နဲ့အမျှ တိုးတက်လာတာကိုတွေ့ရမှာပါ။ သူ့ရဲ့တွက်ချက်နိုင်မှု စွမ်းရည်ရဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီး မြင်သာတဲ့ ဥပမာတစ်ခု ပေးရရင်
ကျွန်တော်တို့ရဲ့ ခု လက်ရှိ classic computer နဲ့ ကိန်းလုံးရေ တစ်ထောင်(၁၀၀၀) ပါတဲ့ ကိန်းဂဏန်းတစ်ခုကို ဆခွဲကိန်းခွဲမယ်ဆိုရင် 10- million- billion-billion -years ကြာနိုင်မယ်။ ဒါပေမယ့် အဲဒီအလုပ်ကို quantum computer က မိနစ် နှစ်ဆယ်ပဲကြာမှာဖြစ်ပါတယ်။

ကွမ်တမ်ကွန်ပြူတာနှင့် လက်တွေ့ပြဿနာများ

ဒါပေမယ့် အထူးအရေးအကြီးဆုံး သတိပြုရမယ့် အချက်ကတော့ ဒီလို quantum computing power ရဖို့ ဆိုရင် qubit တွေရဲ့ တစ်ပြိုင်နက်တွက်ချက်နိုင်စွမ်း “power of quantum parallelism” ကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် algorithm တွေ ရှိရမယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တကယ်တော့ နယ်ပယ်အစုံအတွက်အသုံးချနိုင်မယ့် အဲဒီလို Algorithm မျိုးတွေ ဖေါ်ထုတ်ဖို့ဆိုတာ အခုလောလောဆယ်မှာတော့ ခက်ခဲနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပြူတာတွေရဲ့ hardware, software နဲ့ အဲဒါတွေကို စီစဉ်ခိုင်းစေတဲ့ programming language မှန်သမျှဟာ တစ် နဲ့ သုည၊ အမှား သို့မဟုတ် အမှန်ဆိုတဲ့ ယုတ္တိဗေဒကို အခြေပြု တည်ဆောက် ထားတာ ဖြစ်နေလို့ပါပဲ။ ခုလိုမျိုး ကွမ်တမ်အခြေအနေတွေကို ပြေလည်နိုင်စေဖို့ ဆိုရင်၊ လုံးဝဥသုံ မတူညီ ကွဲပြားခြားနားတဲ့ သဘောတရားတွေကို hardware, software, programming langauange, computing algorithm စတဲ့ နယ်ပယ်စုံမှာ တစ်ပြိုင်နက် ပြောင်းလဲ အသုံးချမှသာ ဖြစ်နိုင်ပါမယ်။ လက်ရှိရှိနေပြီးသားအရာတွေနဲ့ လုံးဝဥဿုံကွဲပြားခြားနားတဲ့ပညာရပ်တွေကို ဘက်ပေါင်းစုံကနေ တစ်ပြိုင်နက် ပြောင်းလဲရမယ်ဆိုတဲ့ ကိစ္စဟာ quantum computing လောကအတွက် အကြီးမား ဆုံးစိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ သုတေသနပညာရှင်အများစုကလည်း ကွမ်တမ်ကွန်ပျူတာကို လက်ရှိသုံးစွဲနေတဲ့ ကွန်ပျူတာအရွယ်အစားမျိုး စီးပွားဖြစ် လက်တွေ့တည်ဆောက်ဖို့ဆိုတာတော့ အလွန်ကြီး မားခက်ခဲတဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အခက်အခဲတွေရှိနေတယ် လို့ဆိုပါတယ်။ ဒါ့အပြင် ဒီ ကွမ်တမ်ကွန်ပျူတာ ဟာ တစ်နေ့မှာ ရောင်းတန်းဝင်စျေးကွက်ထဲရောက်လာပြီး၊ လက်ရှိသုံးစွဲနေတဲ့ ကွန်ပျူတာတွေကို အစားထိုးနေရာယူသွားလိမ့်မယ်လို့ တစ်ချို့ပညာရှင်တွေက မယုံကြည်ကြဘူး။ ဘာလို့လဲဆိုတော့ ကွမ်တမ်ကွန်ပျူတာဆိုတာ အလွန်ရှုပ်ထွေးနက်နဲ တဲ့ပြဿနာ မျိုးတွေဖြစ်တဲ့၊ လျှို့ဝှက်ကုဒ်ဖြည်ဖို့၊ ကွမ်တမ်ရူပဗေဒဆိုင်ရာ ပြဿနာတွေ ဖြေရှင်းဖို့၊ ကမ္ဘာကြီးရဲ့ သဘာဝအဖြစ်အပျက်တွေကို ပုံတူဖန်တီးကြည့်ဖို့ ၊ စင်္ကြာဝဠာကြီးကိုလေ့လာဖို့၊ ကိန်းလုံးရေ တွေအလွန်များတဲ့ ကိန်းတွေကို ဆခွဲကိန်းခွဲကြည့်ဖို့ .. စတဲ့နေရာတွေမှာ အသုံးချရမှာဖြစ်လို့ပါပဲ။ ဒါတွေဟာ အထူးပြုထိပ်တန်းပညာရှင်တွေပဲ လုပ်တဲ့ လုပ်နိုင်တဲ့ အလုပ်မျိုးတွေဖြစ်ပြီး၊ သာမန် နေ့စဉ်သုံးစွဲသူ တစ်ရောက် အတွက်တော့ ကွမ်တမ်ကွန်ပျူတာ လိုအပ်မှာမဟုတ်ဘူး လို့ ယူဆကြလို့ပါ။
လတ်တလောနှင့်အနာဂတ်
ဂူးဂဲလ် နဲ့ နာဆာက သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးချက်အရ၊ ကွမ်တမ်တွက်ချက်မှုကုမ္ပဏီကြီး D-Wave က တည်ထွင်ဖန်တီးထားတဲ့ ကျူဘစ်၂၀၀၀ အထိပါဝင်လို့ 2000Q လို့နာမည်ပေးထားတဲ့ ကွမ်တမ်ကွန်ပျူတာဟာ သမားရိုးကျကွန်ပျူတာထက် အဆပေါင်း သန်းတစ်ရာ ပိုမြန်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြတယ်။ အိုင်ဘီအမ် ကုမ္ပဏီကြီးက သူ့ရဲ့ ကျူဌာနခွဲ Q Division ကနေ လာမယ့်နှစ်အနည်းငယ်အတွင်း၊ စီးပွားဖြစ်ရောင်းလို့ရမယ့် ကျူဘစ်ငါးဆယ် 50 qubits လောက်အထိပါမယ့် ကွမ်တမ်ကွန်ပျူတာတွေ တည်ဆောက်နေတယ်လို့ လတ်တလောကြေငြာထားတယ်။ (မှတ်ချက်။ ကျူဘစ်ငါးဆယ်၏ တစ်ပြိုင်နက်တွက်ချက်နိုင်စွမ်း = 2^50 = 1,125,899,906,842,624) ၂၀၁၇၊ မတ်လ ၃ ရက်နေ့ထုတ်၊ နေးချား အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာအပတ်စဉ်ဂျာနယ်( Nature: International Weekly Journal of Science)မှာ ဂူးဂဲလ်က သုတေသနပညာရှင်တွေကလည်း နောက်ငါးနှစ်လောက်အတွင်းမှာ ကွမ်တမ်ကွန်ပျူတာအတွက် ရင်းနှီးထားရတာတွေက ပြန်ပြီး ဝင်ငွေစတင်ရရှိလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ (http://www.nature.com/news/commercialize-quantum-technologies-in-five-years-1.21583) ဒါပေမယ့် အခက်အခဲတွေကတော့ရှိနေဆဲပါ။ ကွမ်တမ်တွက်ချက်မှုဆိုတာက ကျူဘစ်တွေအချင်းချင်း အပြန်အလှန် ထိတွေ့အလုပ်ကြတဲ့အခါမှာ ဖြစ်ပေါ်တာ။ ဒါကြောင့် ကွန်ပျူတာတစ်လုံးအလုပ်လုပ်နိုင်ဖို့အတွက် ကျူဘစ်တွေအများကြီးလိုတယ်။ အဲဒီလို ကျူဘစ်တွေ အများကြီးသုံးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကျူဘစ်တွေရဲ့အလွန်ရှုပ်ထွေးတဲ့စနစ်ကို ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ သိပ္ပံပညာရှင်တွေမှာ လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းမရှိသေးပါဘူး။
အခုအခါမှာ မော်စကို ရူပဗေဒနှင့် နည်းပညာသိပ္ပံ (MIPT - Moscow Institute of Physics and Technology) နဲ့ ရပ်ရှားကွမ်တမ်စင်တာ (Russian Quantum Centre) က သိပ္ပံပညာရှင်တွေက တခြားနည်းလမ်းအသစ်တစ်ခုကို ရှာဖွေကြံဆ နေကြပါတယ်။ "ကွမ်တမ်တွက်ချက်မှုအတွက် ခွဲခြားနိုင်စွမ်းရှိသော အခြေအနေပေါင်းများစွာပါဝင်တဲ့ ကွမ်တမ်ဝတ္တုတွေ ကို အသုံးချနိုင်ဖို့ ကျွန်တော်တို့ကို ရုပ်သဘာဝက ခွင့်ပြုထားတယ်ဗျ" လို့ MIPT က ရူပဗေဒပညာရှင် အလက်စ်ဆေး ဖီဒိုရော့ဗ် Alexey Fedorov က ဆိုပါတယ်။ သူတို့အဖွဲ့ဟာ ကျူဒစ် qudits လို့ခေါ်တဲ့ အထွေထွေ အမျိုးမျိုးသော စွမ်းအင်အဆင့်(energy level) တွေများစွာပါဝင်တဲ့ ကျူဘစ် qubits တွေကို ဖန်တီးကြည့်ခဲ့ကြတယ်။ ကျူဒစ် မှာပါတဲ့ "ဒီ - d " က မတူညီတဲ့စွမ်းအင်အဆင့် (different energy level)အရေအတွက်ကို ကိုယ်စားပြုတယ်။ "ကျူဒစ် တစ်ခု (1 qudit) တစ်နည်းပြောရရင် ဒီ-အရေအတွက်ရှိတဲ့ စွမ်းအင်အဆင့်တွေပါဝင်တဲ့ ကွမ်တမ်ဝတ္ထုတစ်ခုမှာ၊ ကျူဘစ် ယောင် (virtual qubit) များစွာပါဝင်နိုင်တယ်။ ဒါကြောင့် ကျူဒစ်တွေအချင်းချင်း ဆက်သွယ်ဆောင်ရွက် အလုပ်လုပ်တယ်ဆိုတဲ့ ကိစ္စမှာ၊ ကျူဘစ်ယောင်တွေ အချင်းချင်း အပြန်အလှန်ဆက်သွယ်လုပ်ဆောင်တဲ့ကိစ္စတွေပါ ပါဝင်တယ်။ ထိတွေ့ဆုပ်ကိုင်၍မရသော ကွမ်တမ်သတင်းအချက် သီအိုရီ abstract quantum information theory ရှုထောင့်ကကြည့်မယ်ဆိုရင်၊ အားလုံးဟာ အတူတူအခြေအနေအတိုင်း ဆက်လက်တည်ရှိနေမယ်။ ဒါပေမယ့် တကယ့်ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကောင်အထည်ဖေါ်တဲ့ကိစ္စမှာတော့ မတူညီတဲ့အဆင့်တွေအများကြီးပါတဲ့စနစ်က အသုံးဝင်နိုင်လောက်တဲ့ စွမ်းအင်ရင်းမြစ်ကို ကိုယ်စားပြုတယ်..." လို့ သူကရှင်းပြပါတယ်။ နောက်ဆုံးမှာ သူမှတ်ချက်ပြုတာကတော့ "ဒီကွမ်တမ်တွက်ချက်မှုနယ်ပယ်ဟာ အလျင်အမြန်တိုးတက်လာပေမယ့်လို့ ဘယ်တော့လောက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြမယ်ဆိုတာကိုတော့ ဘယ်သူကမှ ကံသေကံမ မပြောနိုင်ဘူးဗျ" လို့ သူကဆိုပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော ဒီ-ဝေဗ့်၊ နာဆာ၊ ဂူးဂဲလ် နဲ့ အိုင်ဘီအမ် တို့ရဲ့ အခု ၂၀၁၇ ပထမနှစ်ဝက်ရဲ့ လတ်တလောတိုးတက်မှုတွေကို ကြည့်လိုက်မယ်ဆိုရင်၊ ကွမ်တမ်ကွန်ပျူတာဆိုတာ ကျွန်တော်တို့ရဲ့ လက်နှစ်ကမ်း အကွာလောက်ကို ရောက်နေပြီလို့ ရဲရဲကြီးမှတ်ချက်ပြုနိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
ကျော်ခိုင်စိုး(infoTherapy)