Friday, December 25, 2020

Nottebohm Case (1955 ICJ)

 Nottebohm Case (1955 ICJ) (Liechtenstein v Guatemala)

=============
မစ္စတာ ဖရက်ဒရစ် နော့တီဘုမ်း (Mr. Friedrich Nottebohm) ဟာ ၁၈၈၁ ခု September 16 ရက်မှာ ဂျာမဏီ (Germany) နိုင်ငံ ဟမ်းဘဂ် (Hamburg) မြို့မှာ မွေးဖွားခဲ့တဲ့ ဂျာမဏီနိုင်ငံသား တစ်ဉီးဖြစ်ပါတယ်။ သူ ဟာ ၁၉၀၅ ခုနှစ်ကစပြီး ဂွါတီမာလာ (Guatemala)နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ဂွါတီမာလာနိုင်ငံမှာပဲ အခြေချနေထိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားပြီးစအချိန် ၁၉၃၉ ခုနှစ်အောက်တိုဘာ သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်းမှာ သူဟာ လက်ချင်စတိုင်း (Liechtenstein) နိုင်ငံရဲ့ ပြုနိုင်ငံသား(Naturalize Citizen) အဖြစ် ရယူခဲ့တယ်။ ၁၉၄၀ မှာ ဂွါတီမာလာနိုင်ငံကို ပြန်သွားပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ အစပိုင်းမှာ ကြားနေခဲ့တဲ့ ဂွါတီမာလာနိုင်ငံက December 11, 1941 မှာ မဟာမိတ်တပ်ဖွဲ့တွေထဲကို ပူးပေါင်းပါဝင်ခဲ့ပြီး ဂျာမဏီကို စစ်ကြေငြာခဲ့တယ်။ အဲ့ဒီ ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးဆက်အနေနဲ့၊ ၁၉၄၃ မှာ ဂွါတီမာလာ က၊ Nottebohm ကို ရန်သူနိုင်ငံခြားသား အဖြစ်သတ်မှတ်ပြီး (သူဟာ ဂျာမဏီနိုင်ငံသားဖြစ်လို့) သူ့ကိုဖမ်းဆီးပြီး အမေရိကန်စစ်စခန်းကို လွှဲပြောင်းပေးခဲ့တယ်။ Mr. Nottebohm ဟာ အဲ့ဒီကနေ အမေရိကန်နိုင်ငံကို ပို့ဆောင်ခြင်းခံရပြီး ၁၉၄၆ အထိ အမေရိကန်မှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်။
ဂွါတီမာလာအစိုးရက ဂွါတီမာလာမှာရှိတဲ့ သူပိုင်ဆိုင်တဲ့ အရာတွေအားလုံး (all moveable & immoveable properties) ကို သိမ်းယူခဲ့တယ်။ အမေရိကန်အစိုးရကလည်း အမေရိကန်မှာရှိတဲ့ Nottebohm ပိုင် ကုမဏီကို သိမ်းယူခဲ့တယ်။
Mr. Nottebohm အထိမ်းသိမ်းခံရာက သူ လွတ်မြောက်တဲ့အချိန် ၁၉၄၆ မှာ သူ ဟာ ဂွါတီမာလာနိုင်ငံကိုပြန်သွားခဲ့ပေမဲ့ ဂွါတီမာလာနိုင်ငံက သူ့ကို ပြည်ဝင်ခွင့် မပေးခဲ့ဘူး။ အဲ့ဒါကြောင့် သူဟာ Liechtenstein နိုင်ငံကို သွားခဲ့ရတယ်။ အဲ့ဒီမှာပဲ Mr. Nottebohm ဟာ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့တယ်။
• 1950 မှာ အမေရိကန်အစိုးရက၊ အမေရိကန်မှာသိမ်းယူထားတဲ့ သူ့ကုမဏီရဲ့ တန်ဘိုးတဝက်ကို Nottebohm မိသားစုထံကို ပြန်ပြီးပေးခဲ့တယ်။
၁၉၅၁ ဒီဇင်ဘာ ၁၇ ရက် မှာ Liechtenstein အစိုးရက သူ့ရဲ့နိုင်ငံသားတစ်ဦးဖြစ်တဲ့ Mr. Nottebohm ရဲ့ကိုယ်စား၊ ဂွါတီမာလာအစိုးရကို
"Mr. Nottebohm ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့မညီပဲ မတရားသိမ်းဆည်းခဲ့တာတွေကို ပြန်ပေးဖို့၊ မတရားသိမ်းဆည်းခဲ့တာတွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့၊ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့မှု နဲ့ မတရား ပြည်နှင်ဒဏ်ပေးခဲ့မှု တွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့"
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆို လျော်ကြေးတောင်းခံခဲ့တယ်။
ဒီ Nottembohm Case အတွက် ICJ ဟာ စီရင်ချက် ဆုံးဖြတ်ချက် နှစ်ကြိမ်ချမှတ်ခဲ့ပါတယ်။
1953 NOVEMBER 18th မှာ ချမှတ်တဲ့ ICJ ရဲ့ ပထမ စီရင်ချက်ကတော့ ဂွါတီမာလာနိုင်ငံကတင်သွင်းတဲ့ ICJ ရဲ့ စီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ ကန့်ကွက်လွှာကို ကြားနာဆုံးဖြတ်တာဖြစ်ပြီး "ICJ မှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းနဲ့ ၊ သက်ဆိုင်ရာ နှစ်နိုင်ငံကို လိုအပ်တဲ့ အထောက်အထား (ဆိုလွှာ/ ခြေလွှာ) တွေ တင်သွင်းရမဲ့ နေ့ရက်နဲ့ ပတ်သက်တဲ့ အမိန့်" ကို ချမှတ်တာဖြစ်တယ်။
၁၉၅၅ ဧပြီ ၆ ရက်မှာ ချမှတ်တဲ့ ICJ ရဲ့ ဒုတိယစီရင်ချက်ကတော့ Mr. Nottembohm နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အတိုချုပ်ရရင်တော့၊ အဲ့ဒီအမှုမှာ ICJ ဆုံးဖြတ်ခဲ့တာက
• အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဟာ၊ သူ့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး၊ လိုအပ်ချက်တွေကို ပြည်တွင်းဥပဒေအဖြစ် (လွတ်လပ်စွာ)ပြဌာန်းခွင့်ရှိတယ်။
• Liechtenstein နိုင်ငံက Mr. Nottebohm ကို ပြုနိုင်ငံသား (naturalize citizen) ပေးလိုက်ခြင်းဟာ၊ စစ်ပွဲကာလအတွင်းမှာ စစ်ဖြစ်နေတဲ့ ရန်ဖက်နိုင်ငံ(ဂျာမဏီ)သား အဖြစ်ကရှောင်လွှဲဖို့၊ ကြားနေနိုင်ငံသား ဖြစ်အောင် လုပ်ပေးလိုက်ခြင်းသာဖြစ်တယ်။
• Mr. Nottebohm ဟာ Liechtenstein နိုင်ငံသားတစ်ရောက်ဖြစ်ဖို့အတွက်၊ Liechtenstein နဲ့ Mr. Nottebohm ရဲ့ကြားမှာ စစ်မှန်တဲ့ ဆက်နွယ်မှု (genuine link)မရှိဘူး။"
• ဒီလိုအခြေအနေမျိုးမှာ ဂွါတီမာလာနိုင်ငံဟာ Mr. Nottebohm ကို Liechtenstein နိုင်ငံသားတစ်ရောက်အဖြစ် အသိအမှတ်ပြုပေးဖို့ တာဝန်မရှိဘူး။
• အကျိုးဆက်အနေနဲ့ Liechtenstein နိုင်ငံဟာ Mr. Nottebohm ကို သူ့နိုင်ငံသားတစ်ရောက်အဖြစ် အကာအကွယ်ပေးလို့ မရဘူး။ ဒါကြောင့် Liechtenstein နိုင်ငံရဲ့ တောင်းဆိုမှု (တရားစွဲဆိုမှု) ကို တင်သွင်းခွင့်မပြုနိုင်ဘူး။
ဆိုပြီး၊ ICJ က Liechtenstein အစိုးရရဲ့ တရားစွဲဆိုမှုကို ပလပ်ခဲ့တယ်။
အနှစ်ချုပ်ကတော့ ဒီကေ့စ်မှာ
"နိုင်ငံနဲ့ နိုင်ငံသားကြားမှာ စစ်မှန်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆက်နွယ်မှု ရှိရမယ်" ဆိုတဲ့ ဥပဒေသ
Principle of Effective Nationality (or) The Nottebohm Principle ကို ICJ က ဖော်ထုတ်ပြီး အတည်ပြုခဲ့တာဖြစ်တယ်။
အဲ့ဒီ Principle of Effective Nationality ဆိုတဲ့ သဘောတရားကို ကျင့်သုံးဖော်ထုတ်ခဲ့တဲ့ ICJ ရဲ့ ဒီစီရင်ချက်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ မူသဘောတရားတွေနဲ့ လူ့အခွင့်အရေးရဲ့ ရှုထောင့်ကနေ စဉ်းစားစရာ ဝေဖန်စရာ သုံးသပ်စရာ စောဒက တက်စရာတွေ အများအပြားရှိနေပါတယ်။ အဲ့တာတွေကတော့ ပုဂ္ဂလဓိဌာန်ဖြစ်နေလို့ ဒီပို့စ်မှာ ချန်လှပ်လိုက်ရင်း၊ "တရားမျှတမှုအတွက် အဆိုးရွားဆုံးသော ရန်သူနံပါတ်တစ်ကတော့ တရားမျှတမှု့ ကင်းမဲ့တဲ့ ဥပဒေတွေ စီရင်ထုံးတွေ ကိုယ်တိုင်ပဲဖြစ်တယ်" လို့ ကောက်ချက်ဆွဲရင်း နိဂုံးချုပ်လိုက်ပါတယ်။

နောက်ဆက်တွဲ။ ဂွါတီမာလာအစိုးရဟာ Mr. Nottebohm ကွယ်လွန်ပြီး၊ ၁၉၆၂ ခုနှစ်ရောက်မှ သူ့ပိုင်ဆိုင်မှုတွေမြောက်များစွာထဲက ကော်ဖီစိုက်ခင်း ၁၆-ခင်းကို သူ့မိသားစုကို ပြန်ပေးခဲ့တယ်။

Monday, December 21, 2020

SS Lotus (France v Turkey) (1927)

 Lotus Case

 ၁၉၂၆ ဩဂုတ်လ ၂ ရက် ည မှာ၊ ပထမတန်း သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" (Monsieur Demons) ဦးဆောင်တဲ့ ပြင်သစ် စာပို့သင်္ဘော "SS Lotus" နဲ့၊ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" (Hassan Bey) ဦးဆောင်တဲ့ တူရကီရေနွေးငွေ့သင်္ဘော Boz-Kourt တို့ဟာ၊ လက်စ်ဘို့စ်ကျွန်း ဆစ်ဂရီအငူ ရဲ့ မြောက်ဖက် ရေမိုင် ၅-မိုင် ၆-မိုင်လောက်အကွာ (five to six nautical miles north of Cape Sigri on Lesbos) ပင်လယ်ပြင်မှာ သင်္ဘောအချင်းချင်း တိုက်မိခဲ့ကြတယ်။ Boz-Kourt သင်္ဘောက နှစ်ပိုင်းပြတ်ပီး နစ်မြုပ်သွားတယ်။ "SS Lotus" က လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ပေးတဲ့အတွက် Boz-Kourt သင်္ဘော Captain "Hassan Bey" အပါအဝင် သင်္ဘောသား (၁၀) ဦးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့  တူရကီနိုင်ငံသား ကျန်သင်္ဘောသား (၈) ဦးကတော့၊ သင်္ဘောနစ်မြုပ်မှုနဲ့အတူ ပျောက်ဆုံး (သေဆုံး) သွားခဲ့တယ်။

 နောက်တနေ့ "ကွန်စတန်တီနိုပယ်" (ယခု "အစ်စ်တန်ဘူလ်" မြို့) ဆိပ်ကမ်းကို SS Lotus ဆိုက်ရောက်တဲ့အချိန်မှာ ဒေသအာဏာပိုင်တွေက ဒီးမွန်စ် ရော ဘေး ကိုပါ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး နှစ်ဦးလုံးကို ဩဂုတ် ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။  ကွန်စတန်တီနိုပယ်မှာရှိတဲ့ ပြင်သစ်သံရုံးက အပြင်းအထန်ကန့်ကွက်နေနဲ့ကြားက တူရကီရဲ့ စတမ်ဘူးလ် (Stamboul) ရာဇဝတ်တရားရုံးက "ပေါ့ဆ လူသေစေမှု" နဲ့ 28 August 1926 နေ့မှာ ဒီးမွန်စ် နဲ့ ဘေး နှစ်ဦးစလုံးကို  စွဲချက်တင် စစ်ဆေးခဲ့တယ်။

 "တူရကီတရားရုံးမှာ စီရင်ပိုင်ခွင့်အာဏာမရှိဘူး"ဆိုတဲ့ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ရဲ့ ငြင်းချက်ကို တူရကီရဲ့ စတမ်ဘူးလ် တရားရုံးကပယ်ချခဲ့ပြီး၊ 15 September 1926 မှာ SS Lotus ရဲ့ သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ကို ထောင်ဒဏ် ရက် (၈၀) နဲ့၊ ဒဏ်ငွေအဖြစ် တူရကီပေါင် (၂၂) ပေါင် ပေးဆောင်စေဖို့ အမိန့်ချတဲ့တယ်။ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" ကို နဲနဲ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုတယ်။

 လူ ၈-ရောက် သေတာကို ရက် (၈၀) ပဲထောင်ဒဏ်ချလို့ ဆိုပြီး အဲ့ဒီ စီရင်ချက်ကို မကျေနပ်တဲ့ တူရကီ "တရားစွဲအရာရှိ prosecutor" က အထက်ရုံးကို အယူခံတက်တယ်။ အယူခံမှုကို ကြားနာနေဆဲကာလမှာ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားရတာဖြစ်လို့ "ဒီးမွန်းစ်" ကို အာမခံနဲ့ လွှတ်ထားပေးတယ်။ ပြင်သစ်နဲ့ တူရကီ တို့ဟာ သံတမန်ရေးရာအရ အကြီးအကြယ် အငြင်းအခုန်ဖြစ်၊ အပြန်အလှန် သတိပေးစာ ကန့်ကွက်စာ တွေပို့ကြနဲ့၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ အငြင်းပွားမှုကို "ခုံသမာဓိနည်း Arbitration" နဲ့ ဖြေရှင်းဖို့ သဘောတူညီမှု ရရှိကြပြီး၊ ဒီအငြင်းပွားမှုကို The Permanent Court of International Justice (PCIJ) က စီရင်ဆုံးဖြတ်ပေးဖို့  ဂျီနီဗာ (Geneva) မှာ 21 October 1926 မှာ လက်မှတ်ရေးထိုး သဘောတူညီမှုရယူခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ PCIJ ရဲ့ ကေ့စ်တွေထဲမှာ အများဆုံး ဆွေးနွေးခြင်းခံရပြီး၊ အနည်းဆုံးပဲ နားလည်ကြတဲ့၊ ဥပဒေပညာရှင်ကြီးတွေကြား အမြင်အမျိုးမျိုး ကွဲပြားကြတဲ့ "SS Lotus" ဆိုတဲ့ ကေ့စ် ပေါ်ပေါက်လာခဲ့တယ်။


ပြင်သစ်က၊ ၁၉၂၃ လော်ဆိန်း ကွန်ဗင်းရှင်း (the Convention of Lausanne of July 24th, 1923) ရဲ့ Article 15 ပါ "တူရကီ နှင့် စာချုပ်ဝင် အခြား နိုင်ငံများကြား ဖြစ်ပွားသော တရားစီရင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များကို၊ နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများနှင့် အညီ ဆုံးဖြတ်ရမည်" ဆိုတဲ့ ပြဌာန်းချက်ကို ထောက်ပြခဲ့တယ်။

ပြင်သစ် ဆိုလိုချင်တာက အဲ့ ဒီလို "နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများ" က၊ အခုလို အမှုမျိုးအပေါ်မှာ တူရကီရဲ့ ပြည်တွင်းဥပဒေကို ကျင့်သုံးပြီး "ရာဇဝတ် တရားစီရင်မှု" ပြုလုပ်တာကို တားမြစ်ထားတယ် လို့ အဆိုပြုတာဖြစ်တယ်။
တူရကီ အစိုးရဖက်က မြင်တာက ဒီလို စီရင်မှုမျိုးဟာ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် အာတီကယ် ၁၅ က တူရကီရဲ့အခုလို ပြည်တွင်းစီရင်ပိုင်ခွင့်ကို ခွင့်ပြုတယ် လို့ မြင်တယ်။
ဒါကြောင့် ဒီ SS Lotus Case မှာ PCIJ အဓိက ဆုံးဖြတ်ရမဲ့အချက်က
"တူရကီဟာ နိုင်ငံတကာ ဥပဒေမူသဘောတရားတွေနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့သလား။
အဲ့ဒီလို ဆန့်ကျင်ဆောင်ရွက်ခဲ့တယ်ဆိုရင် ဘယ် မူသဘောတရားကို ဆန့်ကျင်ဆောင်ရွက်ခဲ့တာလဲ။"
ဆိုတဲ့ အချက်ကို စဉ်းစား ဆုံးဖြတ်ရမှာဖြစ်တယ်။
(တူရကီနိုင်ငံဟာ ပြင်သစ်နိုင်ငံသား မစ္စတာ ဒီမွန်းကို တူရကီဥပဒေအရ ရာဇဝတ်ကြောင်းနဲ့ အရေးယူ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကို ဆိုလိုတာ ရည်ညွှန်းတာ ဖြစ်တယ်။)
ဒီ Lotus Case ကို ကြားနာတဲ့ PCIJ ရဲ့ တရားသူကြီး ၁၂ ပါးထဲမှာ၊ တရားသူကြီး ၆-ပါးက တူရကီဖက်ကို အသာပေးဖြေဆိုပြီး ကျန်တဲ့တရားသူကြီး ၆-ပါးက ပြင်သစ်ဖက်ကို အသာပေးဖြေဆိုကြတယ်။ တစ်ဖက်ကို ၆-မဲစီနဲ့ မဲအရေအတွက် တူညီနေတဲ့အတွက် တရားသူကြီးဥက္ကဌ Max Huber ရဲ့ အဆုံးအဖြတ်နဲ့ တူရကီကို အနိုင်ပေးခဲ့တယ်။
တူရကီဖက်ကို အသာပေးတဲ့ တရားသူကြီးတွေက
- နိုင်ငံတွေရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်နိုင်တယ်လို့ ယူဆလို့ မရနိုင်ဘူး။
- နိုင်ငံတစ်နိုင်ငံရဲ့ စီရင်ပိုင်ခွင့် အပြင်ဖက်မှာ နိုင်ငံခြားသားတစ်ရောက် ကျူးလွန်တဲ့ ရာဇဝတ်မှုကို စစ်ဆေးစီရင်တဲ့၊ ရာဇဝတ်စီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကိစ္စနဲ့ ပတ်သက်ပြီး၊ နိုင်ငံတစ်နိုင်ငံအပေါ် အတိအလင်း ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်း မရှိဘူး။
- (ဆိုလိုတာက) တူရကီရဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းမျိုး မရှိဘူး။
- ဒါကြောင့် တူရကီဟာ နိုင်ငံတကာ ဥပဒေကို မချိုးဖောက်ဘူး။
ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီ ဆုံးဖြတ်ချက်ကြောင့် "နိုင်ငံတကာ ဥပဒေမှာ အတိအလင်း ပိတ်ပင်တားမြစ်ထားတာ မရှိဘူးဆိုရင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ သူ့စိတ်ကြိုက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်" ဆိုတဲ့ The Lotus Principle or Lotus Approach ဆိုတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ အတွေးအခေါ် အယူအဆတစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။
အနှစ်ချုပ်ကတော့ "နိုင်ငံတကာဥပဒေမှာ တားမြစ်ထားတာမရှိရင် လုပ်ပိုင်ခွင့်ရှိတယ်" ဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။
အဲ့ဒီ Lotus Case ရဲ့ စီရင်ချက်အတွေးအခေါ်နဲ့ ပတ်သက်ပြီး ဥပဒေပညာရှင် တွေကြားမှာ အမြင်အမျိုးမျိုးကွဲပြားမှုတွေ ဖြစ်ခဲ့ပါတယ်။
ဥပမာ ဥပဒေပညာရှင် "အီယန် ဘရောင်းလီ Ian Brownlie" က
"အားလုံးကိုခြုံကြည့်ရင် တရားရုံးရဲ့ (Lotus Case) စီရင်ချက်ဟာ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ မူတွေကို ချဉ်းကပ်တဲ့နေရာမှာ အကူအညီမဖြစ်ဘူး အကျိုးမရှိဘူး။ စီရင်ဆုံးဖြတ်ချက်တွေကလည်း မရေမရာနဲ့ ယေဘုယျဆန်တဲ့ သွင်ပြင်လက္ခဏာတွေပဲရှိတယ်။" ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေပညာရှင် Hersch Lauterpacht ကတော့ " (Lotus Case) ဆုံးဖြတ်ချက်ဟာ တရားစီရင်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ ရတနာသိုက် / အဖိုးတန်ပစ္စည်း တစ်ခု" လို့ ဆိုခဲ့ပါတယ်။
တခြား မတူကွဲပြားတဲ့ အမြင်အမျိုးမျိုး သုံးသပ်ချက်အထွေထွေ တွေလည်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ကျမ်းလေးအံ့စိုး၍ ချန်လှပ်ခဲ့ပါကြောင်း။

Friday, October 16, 2020

ညာဏ်ရည်တုပညာ ပြဿနာ

 ညာဏ်ရည်တုပညာ ပြဿနာ

================
Q. Are there agent functions that cannot be implemented by any agent program?
မေး. ဘယ်လိုအေးဂျင့်ပရိုဂရမ်မျိုးမှအကောင်အထည်ဖေါ်လို့မရတဲ့ အေးဂျင့်ဖန်ရှင်တွေရှိပါသလား။
A. Yes; the agent function might specify that the agent print true when the percept is a Turing machine program that halts, and false otherwise.
(Note: in dynamic environments, for machines of less than infinite speed, the rational agent function may not be implementable; e.g., the agent function that always plays a winning move, if any, in a game of chess.)
ဘယ်လိုအေးဂျင့်ပရိုဂရမ်မျိုးကမှ အကောင်အထည်ဖေါ်လို့မရတဲ့ အေးဂျင့်ဖန်ရှင်တွေရှိပါတယ်။ ဆိုပါစို့ အေးဂျင့်ဖန်ရှင်တစ်ခုဟာ ကျူးရင်စက် (Turing Machine)မှာ run တဲ့ program ရပ်တန့်ပြီးဆုံးသွားတာကို အာရုံခံသိရှိလိုက်တဲ့အချိန်မှာ True လို့ output အနေနဲ့ ပြရမယ်။ ဒါမှမဟုတ်ရင် False လို့ ပြရမယ်ဆိုပါစို့။ အဲဒီလို အေးဂျင့်ဖန်ရှင်မျိုးကို ဘယ်အေးဂျင့်ပရိုဂရမ်ကမှ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်စွမ်းမရှိဘူး။
(ဤအချက်ကို နားလည်သဘောပေါက်နိုင်ရန်၊ ကွန်ပြူတာသိပ္ပံပညာရပ်ရှိ "တွက်ချက်ခြင်းဆိုင်ရာ ရှုပ်ထွေးခက်ခဲမှုများ "computational complexity" သင်္ခန်းစာတွင်ပါဝင်သော၊ "Halting Problem သည် NP-Hard ဖြစ်ကြောင်း" ကို နားလည်ပြီးဖြစ်ရပါမည်။ ယင်းအချက်များကို ညာဏ်ရည်တုပညာရပ်အတွက်လိုအပ်သော သင်္ချာပညာအခြေခံများ အခန်းတွင် ဆွေးနွေးပါမည်။)
(မှတ်ချက်။ ပြောင်းလဲလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင် (Dynamic Environment) တွေမှာဆိုရင်၊ အနန္တကိန်းထက်ငယ်တဲ့ အမြန်နှုန်းရှိတဲ့စက်အတွက်၊ စစ်တုရင်ကစားပွဲမှာ အမြဲတမ်းနိုင်မယ့် ရွှေ့ကွက်မျိုးနဲ့ကစားဖို့ (တကယ်လို့ အဲဒီလို အမြဲတမ်းနိုင်မယ့်စကားကွက်မျိုးရှိခဲ့ရင်တောင်) ဘယ်လို ကြောင်းကျိုးညီညွတ်မှန်ကန်တဲ့ အေးဂျင့်ဖန်ရှင်မျိုးကိုမှ အကောင်အထည်ဖေါ်ရေးသားနိုင်မှာ မဟုတ်ဘူး။)

Salvage Reward သင်္ဘောကယ်တင်ခ

 Salvage Reward သင်္ဘောကယ်တင်ခ တောင်းခံရာတွင်

ဥပဒေပါတာဝန်ကို ထမ်းဆောင်ခြင်းသည် မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်ခြင်း ဟုတ်-မဟုတ်
မည်သို့သော ဆေင်ရွက်ခြင်းသည် ကယ်တင်ခ တောင်းခံပိုင်ခွင့်ရှိခြင်း
=================
ရေကြောင်းသွားလာရေးသင်္ဘောတွေနဲ့ပတ်သက်ပြီး၊ ကယ်တင်ခတောင်းခံနိုင်ဖို့ဆိုရင် အနဲဆုံး အောာက်ပါ အချက် လေးချက်နဲ့ ကိုက်ညီရပါမယ်။
(၁) ကယ်တင်တဲ့အရာဟာ ရေကြောင်းသွားလာရေးဆိုင်ရာပစ္စည်းတစ်ခု ဖြစ်ရမယ်။ "must be maritime property" (ဖောင်၊ မီးပြသင်္ဘော၊ ဘော်ယာ မဖြစ်ရ)
(၂) ကယ်တင်မဲ့အရာဟာ တကယ်ကို အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ရမယ် (must be in real danger)
(၃) ကယ်တင်ခြင်းလုပ်ငန်းကို မိမိ သဘော ဆန္ဒအလျောက် ဆောင်ရွက်တာ ဖြစ်ရမယ်( must be voluntary)
(၄) ကယ်တင်ခြင်းလုပ်ငန်းဟာ အောင်မြင်ရမယ်( must be successful)
***********
ရေယာဉ်တစ်စီးဟာ ဒုက္ခအခက်အခဲရှိနေတဲ့ တခြားရေယာဉ်တွေကို အကူအညီပေးဖို့ကို
the Merchant Shipping (Safety and Load Line Conventions) Act 1932 ရဲ့ ပုဒ်မ ၂၆ မှာ အတိအလင်းပြဌာန်းထားပါတယ်။
ဒီအခါမှာ စဉ်းစားစရာ ရှိလာတာက အဲ့ဒီလို ဥပဒေပါတာ၀န်ကို ထမ်းဆောင်ခြင်းဟာ "မိမိ သဘော ဆန္ဒအလျောက် ဆောင်ရွက်ခြင်း" ဖြစ် မဖြစ် ဆိုတာပါပဲ။
ဒါပေမဲ့ အဲ့ဒီဥပဒေရဲ့ ပုဒ်မ ၂၆(၇) မှာပဲ
"ဤ ပုဒ်မပါမည်သည့်အချက်ကမျှ ၁၉၁၁ ရေကြောင်းဆိုင်ရာပြဌာန်းချက်အက် ဥပဒေပုဒ်မ ၆ ပါ ပြဌာန်းချက်များအပေါ် အကျိုးသက်ရောက်မှု မရှိစေရ။ ၎င်းပြင် ဤ ပုဒ်မပါ ပြဌာန်းချက်များကိုလိုက်နာခြင်းသည် သူ၏ ကယ်တင်ခြင်းအခွင့်အရေး သို့မဟုတ် အခြားလူတစ်ဦး၏ ကယ်တင်ခြင်းအခွင့်အရေးကို မထိခိုက်စေရ။"
လို့ အတိအလင်း ဖော်ပြထားတဲ့အတွက်
ဥပဒေပါတာ၀န်တရပ်ကို ထမ်းဆောင်ခြင်းဖြစ်ပေမဲ့လည်း ကယ်တင်ခ တောင်းခံနိုင်ပါတယ်။ တရားပြိုင်ဖက်က "မိမိ သဘော ဆန္ဒအလျောက် ဆောင်ရွက်ခြင်း" မဟုတ်ဘူးဆိုပြီး ကန့်ကွက်ပိုင်ခွင့် မရှိပါဘူး။
***********
သင်္ဘောတွေကို ကယ်တင်ရေးနဲ့ပတ်သက်ပြီး နောက်ထပ် စဉ်းစားစရာအချက်က
ဘယ်လို ဘယ်လောက်အထိ၊ ဘယ်လို ပုံစံမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးမှ သင်္ဘောကို ကယ်တင်ရာရောက်သလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
The Tower Bridge [1936 P 30] ကေ့စ်မှာ
တရားပြိုင်ရဲ့ သင်္ဘောဟာ ရေခဲပင်လယ်ပြင်မှာ အန္တရာယ်ကြုံနေတဲ့အတွက် အရေးပေါ်အကူအညီပေးဖို့ SOS (Save Our Solus) messgae လွှင့်လိုက်တယ်။ အဲ့ဒီအခါမှာ တရားလိုရဲ့သင်္ဘောက တရားပြိုင်ရဲ့ သင်္ဘောကို ကူညီဖို့သွားတဲ့အခါ ၆-မိုင်အနီးအနားထိအောင် ရောက်လာပြီဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ တရားပြိုင်ရဲ့ သင်္ဘောဟာ အကူအညီတောင်းစဉ်ကလောက် အခြေအနေမဆိုးတော့ဘူး၊ အန္တရာယ်မများတော့ဘူးဆိုတာ သိလိုက်ရတယ်။ အဲ့ဒါကြောင့် တရားလိုဟာ တရားပြိုင်တောင်းဆိုသလို အဆင်သင့်စောင့်နေပေးဖို့ နဲ့ နောက်ဆိပ်ကမ်းကပ်တဲ့အထိ ကြည့်ပေးဖို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့လဲ တရားပြိုင်ကို အန္တရာယ်ကင်းတဲ့ ရေလမ်းကြောင်းကနေ မောင်းနှင်နိုင်ဖို့ကို ရေဒီယိုဆက်သွယ်ရေးစက်နဲ့ တရားလိုက အကြံဥာဏ်ပေးခဲ့တယ်။
တကယ်တော့ တရားလိုဟာ the Merchant Shipping (Safety and Load Line Conventions) Act 1932 ရဲ့ ပုဒ်မ ၂၆ မှာ ပြဌာန်းထားတဲ့ "ဒုက္ခရောက်နေတဲ့ ရေယာဉ်တွေရဲ့ အကူအညီတောင်းခံမှုကို ဆောင်ရွက်ပေးဖို့တာ၀န်"ကို လိုက်နာဆောင်ရွက်ခြင်းသာဖြစ်ပေမယ့်၊ အဲ့ဒီလိုဆောင်ရွက်ခြင်းဟာ သူ့ရဲ့ ကယ်တင်ခ တောင်းခံပိုင်ခွင့်ကို မတားဆိးနိုင်ဘူး၊ တရားလိုရဲ့အကူအညီဟာ တရားပြိုင်ဆီကနေ "သင်္ဘာကိုကင်တယ်ခ" ရထိုက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။
ဒီကေ့စ်ကိုကြည့်ရင် သင်္ဘောတစ်စင်းကို အန္တရာယ်ကင်းအောင် ခုတ်မောင်းသွားလာနိုင်ဖို့ အဝေးကနေ (ရေဒီယိုဆက်သွယ်ရေးစက်နဲ့) အကြံပေးခြင်းကလည်း၊ ကယ်တင်ခ တောင်းခံပိုင်ခွင့် ရှိတယ်ဆိုတာကို သိရှိနိုင်ပါတယ်။
(REF: Simon Baughen, Shipping Law, Sixth Edition, Routledge, 2015, p.289)

Friday, October 9, 2020

ပေါ့ဆမှု တာဝန်မကင်းသောပေါ့ဆမှု သူတပါးအတွက်တာဝန်ရှိမှု

 ပေါ့ဆမှု၊ တာဝန်မကင်းသောပေါ့ဆမှု၊ သူတပါးအတွက်တာဝန်ရှိမှု နှင့်

ရှုပ်ထွေးသောဖြစ်စဉ်တစ်ခု
=============
Ted ဟာ Ace Medical Supplies ကုမ္ပဏီရဲ့ ယာဉ်မောင်းအဖြစ် အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးတယ်။ သူဟာ မကြာသေးခင်ကပဲ ကုန်ပစ္စည်းတင်မော်တော်ယာဉ်အကြီးစား (HGV - Heavy Goods Vehicle)မောင်းနှင်ခွင့်လိုင်စင် ရခဲ့ပြီးဖြစ်ပေမယ့်၊ သူကို့ အသေးစားဗင်ကားများလေးတွေကို မောင်းဖို့အတွက်ပဲ အလုပ်ခန့်ခဲ့တာဖြစ်တယ်။
တရက်မှာ ရထားတိုက်မှုတခုဖြစ်ပြီး သွေး အရေးတကြီးလိုအပ်နေလို့ အမြန်ပို့ပေးဖို့အကြောင်း Ace Medical Supplies ကုမ္ပဏီကို ဖုန်းခေါ်ပြီး သွေးမှာယူမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ကုန်ပစ္စည်းသယ်တဲ့မော်တော်ယာဉ်အကြီးစားတွေကို ပုံမှန်မောင်းနေကျ HGV ယာဉ်မောင်း Greg ကလည်း ဖျားနာနေတယ်။ အဲ့ဒါကြောင့် ဖောက်သည်ကို ပြိုင်ဖက်ကုမ္ပဏီတွေဆီကို ရောက်သွားမှာစိုးရိမ်တဲ့ မန်နေဂျာ Angie က Ted ကို ကုန်ပစ္စည်းသယ်တဲ့ မော်တော်ယာဉ်ကို မောင်းပြီး ပစ္စည်းပို့ပေးဖို့ တောင်းဆိုခဲ့တယ်။ Ted က အဲ့ဒီကားကိုမောင်းသွားပြီး ပစ္စည်းသွားပို့တဲ့အခါမှာ၊ လမ်းအကွေ့တနေရာမှာ အမှောင်ထဲကနေ လမ်းဖြတ်ကူးလာတဲ့ Maya ကို အရှိန်မထိမ်းနိုင်ပဲ ဝင်တိုက်မိခဲ့တယ်။
အဓိက ငြင်းချက်အနေနဲ့ "Maya ဟာ သူမရဲ့ထိခိုက်နစ်နာမှုအတွက်၊ Ted ကို သူ့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရပါတယ်ဆိုပြီး တရားစွဲဆိုလျော်ကြေးတောင်းခံနိုင်သလား" ဆိုတာကို စဉ်းစားမှာဖြစ်ပါတယ်။
အဲ့ဒီကိစ္စကို တရားမနစ်နာမှု ဥပဒေကြောင်းအရ ဝေဖန်သုံးသပ်ကြည့်တဲ့အခါ
၁. "Donoghue v Stevenson [1932 UK HL 100]" ကေ့စ်မှာ ဆုံးဖြတ်ခဲ့တဲ့ "neighbour principle" အရ Ted မှာ Maya ကို မထိခိုက်စေဖို့ တာဝန်ရှိပါတယ်။
ဒါဟာ ယာဉ်မောင်းတိုင်းဟာ လမ်းအသုံးပြုသူတိုင်းအတွက် တာဝန်ရှိတာဖြစ်တယ်။
၂. ဒါဆိုရင် Ted ဟာ အဲ့ဒီ တာဝန်ကို ချိုးဖောက်ခဲ့သလား ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။
"Nettleship v Weston [1971] 2 QB 691" နဲ့
"Wilsher v Essex Area Health Authority [1988] AC 1074" ကေ့စ်တွေအရ၊ Ted ဟာ အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးပေမဲ့လဲ၊ HGV လိုင်စင်ရပြီးသားဖြစ်လို့ သူဟာ အရည်အချင်းပြည့်ဝတဲ့ HGV ဒရိုင်ဘာတစ်ရောက်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် သာမန်အားဖြင့်တော့ သူဟာပေါ့ဆခဲ့တယ်လို့ ယူဆနိုင်မှာ ဖြစ်ပါတယ်။
"Res ipsa loquitur" မူသဘောတရားအရ၊ "Maya ကိုတိုက်မိခြင်းဟာ Ted ရဲ့ ပေါ့ဆခြင်းအတွက် သက်သေပဲ" လို့ ကောက်ယူနိုင်မဲ့ အခြေအနေတွေ ရှိ-မရှိ၊ အရေးတကြီးအလျင်လိုနေမှု၊ ယာဉ်မောင်းတဲ့အမြန်နှုန်း၊ လမ်းရဲ့အခြေအနေ၊ ရာသီဥတု... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့ဖို့ လိုပါတယ်။
၃. ဒါကြောင့် Ted ဟာ သူ့ရဲ့ ဂရုစိုက်ရမဲ့တာဝန်ကို ချိုးဖောက်ခဲ့လို့ Maya မှာ ထိခိုက်နစ်နာမှု ဖြစ်ရတာလား ဆိုရင် "ဟုတ်တယ်" လို့ပဲ ဖြေရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ မပြည့်စုံသေးပါဘူး။
Ted ဟာ ပေါ့ဆခဲ့တယ်သူရင်၊ သူ့ကို ခိုင်းလိုက်တဲ့ မန်နေဂျာ Angie မှာလည်း "အလုပ်ရှင် အလုပ်သမား ဆက်သွယ်ချက်အရ" သူတပါးအတွက်တာဝန် (Vicarious Liability) ရှိပါတယ်။
ဒါ့အပြင် အသေးစားဗင်ကားလေးတွေကိုမောင်းဖို့အတွက်ပဲ အလုပ်ခန့်ခဲ့တဲ့ Ted အနေနဲ့ အခုကို HGVကိုမောင်းခြင်းဟာ "အလုပ်ရဲ့ ဘောင်အတွင်း ကျရောက်မှု ရှိ - မရှိ" ဆိုတာကိုလည်း စဉ်းစားရပါမယ်။ ဒီကိစ္စဟာ အတော်လေး အငြင်းပွားမဲ့ အပိုင်းဖြစ်ပါတယ်။ (အလုပ်ရဲ့ဘောင်အတွင်းကျရောက်ရင် အလုပ်ရှင်မှာ တာဝန်ရှိတဲ့အတွက် ဖြစ်တယ်။)
ဒါ့အပြင် အမှောင်ထဲမှာ (ပေါ့ဆစွာ) လမ်းဖြတ်ကူးလာတဲ့ Maya မှာလည်း "contributory negligence" (တာဝန်မကင်းသောပေါ့ဆမှု။ နစ်နာမှုအတွက် တရားလိုမှာလည်း တစိတ်တပိုင်း ပေါ့ဆတာဝန်ရှိမှု) ရှိနေနိုင်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့်တော့ အခုလို ကေ့စ်မျိုးကို "yes/no ယတိပြတ်ဖြေလိုက်ရင်၊ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ အတိအကျဖြေလိုက်ရင် ပြည့်စုံမှန်ကန်တဲ့အဖြေ ရမှာမဟုတ်ဘူး၊ ဘက်ပေါင်းစုံက ပြည့်စုံအောင် စဉ်းစားမှသာ အနီးစပ်ဆုံးမှန်နိုင်မဲ့အဖြေကို ရမှာ" ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
REF: Carol Brennan, Concentrate Tort Law, 2017, Oxford University Press, p.74-75

Wednesday, October 7, 2020

နစ်နာမှုမရှိသောချိုးဖေါက်ခံရမှု နှင့် ချိုးဖေါက်ခံရမှုမရှိသောနစ်နာမှု

 (1) "Injuria sine damno" (Wrong without damage) 

နစ်နာမှုမရှိသော ချိုးဖေါက်ခံရမှု

(တရားပြိုင်က တရားလိုရဲ့ အခွင့်အရေးကိုချိုးဖောက်တာ။ ဒါပေမယ့် တရားလိုမှာတော့ အထူးနစ်နာမှုမရှိဘူး။)


Ashby vs. White (1703  2 Raym Ld. 938)   

မိမိ မဲပေးလိုသူ ရွေးကောက်ပွဲ အောင်နိုင်သော်လည်း၊ မိမိ၏ မဲပေးခွင့်ကို ပိတ်ပင်တားမြစ်ခဲ့တဲ့အတွက်၊ ထိုကဲ့သို့ မဲပေးခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သူအား တရားစွဲနိုင်၊ လျော်ကြေးတောင်းနိုင်။

Marzetti vs. Williams (1830 1 B &AD 415)  

valid ဖြစ်တဲ့ ဘဏ်ချက်လက်မှတ်ကို ငြင်းပယ်ခြင်းအတွက် ဘဏ်မန်နေဂျာကို တရားစွဲ၍ လျော်ကြေးတောင်းခံနိုင်။

(မှတ်ချက်။ အထူးသတိပြုသင့်တဲ့အချက်တွေအနေနဲ့

(က)ဒီနေ့ခေတ်အခါမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် (ရွေးကောက်ပွဲ / ရွေး-ကော် ဆိုင်ရာ) ဥပဒေ နည်းဥပဒေတွေအရသာ ဆောင်ရွက်ရမှာဖြစ်ပြီး၊ ကေ့စ်မှာ ပါသလို မဲပေးခွင့်မရလို့ သက်ဆိုင်ရာ (မဲရုံမှူး စသည်) ကို တရားမကြောင်းအရ တရားစွဲဆိုပြီး လျော်ကြေးတောင်းဆိုနိုင်ဖို့ဟာ၊ မဖြစ်နိုင်တော့သလောက်ပဲဆိုတာကို သတိချပ်ရပါမယ်။

(ခ) အလားတူ ယနေ့အခါမှာ ဘဏ်တွေက သတ်မှတ်ထားတဲ့ Terms and Conditions တွေဟာ၊ ဘဏ်တွေဖက်ကို သေသေချာချာ အသာယူ အကာအကွယ်ပေးထားတဲ့အချက်တွေသာဖြစ်လို့  "ဘဏ်ချက်လက်မှတ်ကို ငြင်းပယ်လို့  ဘဏ်မန်နေဂျာကို တရားစွဲပြီး လျော်ကြေးတောင်းဖို့" ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်သလောက်ပဲဆိုတာလဲ သတိချပ်ရပါမယ်။

*********************

(၂) "Damnum sine injuria" (Damage without wrong) 

ချိုးဖေါက်ခံရမှုမရှိသော နစ်နာမှု 

(တရားလိုမှာ နစ်နာမှုရှိတယ်။ ဒါပေမဲ့ တရားပြိုင်က တရားလိုရဲ့ အခွင့်အရေးကို ချိုးဖောက်တာ မဟုတ်ဘူး။)

Gloucester Grammar School Case (1410) YB 11 Hen. IV 

တရားလိုရဲ့ ကျောင်းရှေ့မှာ တရားပြိုင်က ကျောင်းလာဖွင့်၊ ကျောင်းခလ လျော့ပေး။ တရားလိုကျောင်းက ကျောင်းသားတွေက တရားပြိုင်ကျောင်းကို ရောက်သွား။ တရားလို စီးပွားရေးအရနစ်နာ၊ သို့သော် တရားပြိုင်က တရားလိုရဲ့ တရားဝင် အခွင့်အရေးကို ချိုးဖောက်တာ မဟုတ်ဘူး။ အဲ့ဒီနစ်နာမှုအတွက် တရားလိုသည် တရားပြိုင်ထံမှ လျော်ကြေးရခွင့်မရှိ။

Mogul Steamship Co Ltd v McGregor, Gow & Co [1892] AC 25 

လို -  ပြိုင် တွေဟာ သင်္ဘောနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်တဲ့ ကုမ္ပဏီတွေ။ တရားပြိုင် McGregor ကဉီးဆောင်ပြီး သင်္ဘောကုန်စည်ပို့ဆောင်ရေးအသင်း ဖွဲ့တယ်။ တရားလို ကို ပါဝင်ခွင့်မပြုဘူး။ အဲ့ဒီအသင်းနဲ့ ပို့ဆောင်သူတွေ ကို ဈေးလျော့ပေးတယ်။ သူတို့အသင်းဝင် တွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ၅% ကော်မရှင်ပေးတယ်။ လို Mogul  နဲ့ အလုပ်လုပ်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ကော်မရှင်မပေးဘူးလို့ ခြိမ်းခြောက်တယ်။ အဲ့ဒီအခါမှာ တရားလို Mogul Steamship က သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ပူးပေါင်းကြံစည်မှုရှိတယ်ဆိုပြီး  လျော်ကြေးပေးဖို့ McGregor ကို တရားစွဲတယ်။ 

တရားရုံးက  "တရားလိုဟာ စီးပွားရေးအရ ဆုံးရှုံးတာမှန်ပေမဲ့  တရားပြိုင်ဟာ သူ့အခွင့်အရေးအရ သူစီးပွားရှာတာဖြစ်တယ်။ တရားလိုမှာလည်း အလားတူ အခွင့်အရေးရှိတယ်။  တရားပြိုင်ကို ဥပဒေချိုးဖောက်တယ်လို့ ဆိုနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တရားလိုဟာ လျော်ကြေးမရထိုက်ဘူး" လို့ ဆုံးဖြတ်ခဲ့တယ်။

(မှတ်ချက်။ အထူးသတိပြုသင့်တဲ့အချက်ကတော့ ဒီနေ့ခေတ်အခါမှာ နိုင်ငံတိုင်းလိုလိုမှာ "မျှတသောယှဉ်ပြိုင်မှု ဥပဒေ Fair Competition Act" တွေ ရှိနေပြီဖြစ်တဲ့အတွက် အဲ့ဒီ စီရင်ထုံး ၂ခုဟာ မှန်တော့မှာ မဟုတ်ဘူး။)

အသေးစိပ် ကျယ်ကျယ်ပြန့်ပြန့်သိချင်တယ်ဆိုရင်

Total Network [2008] 1 AC 1174

JSC BTA Bank v Ablyazov (No 14) [2017] EWCA Civ 40

ကေ့စ်တွေကို လေ့လာပါ။)

*****************

အနှစ်ချုပ်

၁။ တရားပြိုင်ဟာ တရားလိုရဲ့ တရားဝင်အခွင့်အရေးတရပ်ကို ချိုးဖောက်ရင်၊ တရားလိုမှာ အထူး နစ်နာမှု ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ၊ တရားပြိုင်မှာ တာဝန်ရှိတယ်။

၂။ တရားလိုမှာ နစ်နာမှုရှိပေမယ့်၊ တရားပြိုင်ဟာ တရားလိုရဲ့ တရားဝင်အခွင့်အရေးတရပ်ကို ချိုးဖောက်တာမဟုတ်ဘူးဆိုရင်၊ တရားပြိုင်မှာ တာဝန်မရှိဘူး။

၃။ အဲ့ဒီတရားမနစ်နာမှုဆိုင်ရာ သဘောတရားတွေအတွက်၊ ဥပမာအနေနဲ့ တင်ပြဆွေးနွေးခဲ့တဲ့ စီရင်ထုံး လေးခုလုံးဟာ ယခု (၂၀၂၀) ခေတ်အခြေအနေနဲ့ လုံးဝနီးပါး ကိုက်ညီမှုမရှိတော့ဘူးဆိုတာကို အထူးဂရုပြုသင့်ပါကြောင်း။

စိတ်ဒဏ်ရာ၊ ထိတ်လန့်တုန်လှုပ်မှု နှင့် တာဝန်ရှိမှု

 စိတ်ဒဏ်ရာ၊ ထိတ်လန့်တုန်လှုပ်မှု နှင့် တာဝန်ရှိမှု

=====================
McLoughlin v O’Brian [1983 1 AC 410]
ဆိုတဲ့ကေ့စ်မှာ
တရားလိုရဲ့ ယောက်ျားနဲ့ ကလေးသုံးရောက်ဟာ ယာဉ်မတော်တဆမှုတခုဖြစ်တယ်။ မတော်တဆမှုဖြစ်တဲ့အချိန်က တရားလိုက အိမ်မှာပဲရှိနေတာဖြစ်ပြီး နောက် ၂-နာရီ ကြာမှ မတော်တဆမှုအကြောင်းကို သိရှိလိုက်တာဖြစ်တယ်။ သူမဟာ သူ့ယောက်ျားနဲ့ ကလေးတွေကို တင်ထားတဲ့ဆေးရုံကို လိုက်သွားခဲ့တယ်။ (ကိုယ်တိုင် ကားမောင်းပြီး သွားတာမဟုတ်။) Google Map အရ ဆေးရုံရောက်ဖို့ ၃၀-မိနစ်ကြာနိုင်တယ်လို့ ဆိုတယ်။
အဲ့ဒီမှာ သူမဟာ သမီးအငယ်ဆုံး သေဆုံးသွားတာကို သိလိုက်ရတယ်။ သူမရဲ့ ယောက်ျားနဲ့ ကျန်တဲ့ကလေးနှစ်ရောက်ကိုလည်း အခင်းဖြစ်စဉ်ကအတိုင်း ရွှံ့တွေ ဆီတွေပေကျံနေတဲ့ ထိခိုက်ဒါဏ်ရာတွေနဲ့ မြင်တွေ့လိုက်ရတယ်။ အဲ့ဒိလို အဖြစ်အပျက်ကြောင့် မြင်ကွင်းကြောင့် သူမဟာ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်မှုဖြစ်ပြီး "စိတ်ပိုင်းဆိုင်ရာမကျန်းမာမှု"ကို ခံစားခဲ့ရတယ်။ အဲ့ဒါကြောင့် သူမဟာ တရားမနစ်နာမှု စွဲဆိုခဲ့တယ်။
အဲ့ဒီလို သူမဟာ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုကို ခံစားခဲ့ရတယ်ဆိုတာကို House of Lords က လက်ခံခဲ့တယ်။ "အခင်းဖြစ်ပြီးလျှင်ပြီးခြင်း" ဆိုတဲ့စကားရပ်အတွက် "နှစ်နာရီခွဲ" ဆိုတဲ့အချိန်ဟာ သိပ်မရှည်လျားလှပါဘူးလို့လည်း ဆုံးဖြတ်ခဲ့တယ်။
တရားပြိုင်ရဲ့ပေါ့ဆမှုကြောင့် သူမရဲ့မိသားစုအပေါ် ဒီလိုထိခိုက်ဒါဏ်ရာရစေခြင်းဟာ၊ တရားလိုကို အကြီးအကျယ်ထိတ်လန့်တုန်လှုပ်မှု ဖြစ်စေပြီး စိတ်ဒဏ်ရာ ရစေမယ်ဆိုတာ တရားပြိုင်အနေနဲ့ "ကြိုတင်သိမြင်နိုင်လောက်တဲ့အချက်" ဖြစ်တယ်၊ ဒါကြောင့် တရားလိုဟာ နစ်နာကြေး ရထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။
*****************
အခုလို စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုနဲ့ ပတ်သက်တဲ့ အမှုတွေမှာ အရေးကြီးတဲ့အချက် သုံးချက်ရှိပါတယ်။
(၁) တရားလိုနဲ့ ထိခိုက်နစ်နာသူတွေရဲ့ ဆက်စပ်ပတ်သက်မှု။ လင်မယား/သားသမီး.. စသည်ဖြင့် အလွန် နီးစပ်တဲ့ ဆက်နွယ်မှုရှိ မရှိ။
(၂) တရားလိုနဲ့ဟာ "အခင်းဖြစ်ပြီးလျှင်ပြီးခြင်း" ကိုယ်တိုင် ကြား-သိ-မြင်-တွေ့ ရတာ ဟုတ် မဟုတ်။
(၃) တရားပြိုင်ရဲ့ပေါ့ဆမှုကြောင့် (တိုက်ရိုက် ထိခိုက်နစ်နာရသူတွေအပြင်) တခြားသူတွေမှာပါ စိတ်ပိုင်းဆိုင်ရာအရ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှု ဖြစ်နိုင်ခြင်း ရှိ မရှိ။
ဆိုတာတွေဖြစ်ပါတယ်။
အထက်ပါအချက်တွေဟာ အလွန်ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ပုံသေမှတ်ယူထားဖို့ မဖြစ်နိုင်ပါဘူး။
ရှင်းလင်းပါတယ်ထင်ရတဲ့ ၁ အချက်မှာတောင် အနည်းငယ် ရှုပ်ထွေးမှုတွေရှိပါတယ်။
-ထိခိုက်နစ်နာသူတွေရဲ့ ဆွေမျိုးတွေက နစ်နာသူတွေအဖြစ် အကျုံးဝင်နိုင်သလား
-ထိတ်လန့်ဖွယ် မတော်တဆမှုတွေကို မြင်တွေ့လိုက်ရသူ third parties တွေ၊ bystanders/ဘေးကနေရပ်ကြည့်သူတွေပါ နစ်နာသူတွေအဖြစ် အကျုံးဝင်နိုင်သလား
စတဲ့ ပြဿနာတွေ ရှိပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပြီးလျှင်ပြီးခြင်းဟုတ် မဟုတ် စစ်ဆေးတဲ့ "immediate aftermath test" ပြဿနာဟာလည်း အကြောင်းခြင်းရာ နဲ့ တရားသူကြီး(တွေ) ရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ အခြေခံတာဖြစ်ပါတယ်။
အဲ့ဒီ ကိစ္စရပ်တွေအတွက်
လူပေါင်း ၉၅ ဉီးသေဆုံးခဲ့တဲ့ ဘောလုံးပွဲ မတော်တဆမှု
Alcock v Chief Constable of South Yorkshire [1992] 1 AC 310 (HL)
ကေ့စ်ကို ဆက်လက်လေ့လာပါ။
သေဆုံးသူတွေရဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေ၊ မတော်တဆမှုကို တီဗွီကမြင်လိုက်ရသူတွေကပါ နစ်နာကြေး တောင်းကြတဲ့အမှု ဖြစ်လို့ အလွန် စိတ်ဝင်စားဖို့ကောင်းပါတယ်။
အဲဒီကေ့စ်မှာ ဆုံးဖြတ်ခဲ့တဲ့ အချက်အလက် တစ်ချို့ကတော့
တိုက်ရိုက်လွှင့်နေတဲ့ ရုပ်မြင်သံကြားကနေ မြင်လိုက်ရတာဟာ (ဘယ်သူ ဘယ်ဝါမှန်း ရှင်းရှင်းလင်းလင်း ခွဲခြားမသိနိုင်လောက်တဲ့အတွက်) စိတ်ပိုင်းဆိုင်ရာအရ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှုဖြစ်ဖို့ မလုံလောက်ဘူး။
အခင်းဖြစ်ပြီး ၈-နာရီ ၉-နာရီ ကြာမှ မိမိချစ်ခင်သူ (ရဲ့အလောင်း) မှန်းသိလိုက်ရတဲ့ကိစ္စမျိုးကို "အခင်းဖြစ်ပြီးလျှင်ပြီးခြင်း" တွေ့လိုက်ရတယ်လို့ ယူဆဖို့ ဆိုတာ သံသယ ဖြစ်ဖွယ်ရှိတယ်။
စသည်ဖြင့် ဆိုထားပါတယ်။

Friday, October 2, 2020

ညာဏ်ရည်တုပညာ ၂၀၂၀

 ညာဏ်ရည်တုပညာ ၂၀၂၀

===========

အရင်တုန်းက ကျွန်တော်တို့ဟာ AI ရဲ့ ရည်ရွယ်ချက်ကို  

"AI System ကို ဒီဇိုင်းပြုလုပ်တဲ့ လူက၊ 

တိကျတဲ့သတင်းအချက်အလက်ကို AI System ရဲ့ ရည်ရွယ်ချက်အဖြစ်ပေးလိုက်တဲ့အခါ၊ အဲ့ဒီသတင်းအချက်အလက် ကို အခြေခံပြီး၊ 

မျှော်မှန်းထားတဲ့ စွမ်းရည်/အလုပ် ကို အမြင့်မားဆုံး အကောင်းဆုံး ဖြစ်အောင်လုပ်ဆောင် တဲ့စနစ်" 

တစ်ခုအဖြစ် အဓိပ္ပါယ်သတ်ခဲ့ကြတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့ဟာ  

AI System ရဲ့ ရည်မှန်းချက်ဟာ အတိအကျဖြစ်တယ်၊ အဲ့ဒီ ရည်မှန်းချက်ကို AI System ကိုယ်တိုင်က သိပြီးဖြစ်တယ်လို့ မယူဆတော့ပါဘူး။

အဲ့ဒီအစား၊

လူတွေကိုယ်စားလုပ်ဆောင်ပေးတဲ့ AI System ဟာ လူတွေရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်တွေကို သေသေချာချာ မသိဘူး။

အဲ့ဒီလို ရည်မှန်းချက် ရည်ရွယ်ချက်ကို တိတိကျကျ မသိတဲ့ အခြေအနေမှာတောင် 

AI System အနေနဲ့ ဘယ်ဟာကို အကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတာကို ကိုယ့်ဘာသာကို လေ့လာပြီး၊ သင့်လျော်သလို ဆောင်ရွက်ရမယ်။ (အဲ့ဒီလို ဆောင်ရွက်နိုင်တဲ့ စနစ်မျိုးကမှ AI System တခုဖြစ်တယ်။)" လို့ ဖွင့်ဆို/ယူဆ ပါတယ်။

(Stuart Russell and Peter Norvig, 

Artificial Intelligence: A Modern Approach,

Fourth Edition, 2020, Pearson)

Wednesday, September 30, 2020

Vicarious Liability သူတပါးအတွက် တာဝန်ရှိခြင်း

 Vicarious Liability သူတပါးအတွက် တာဝန်ရှိခြင်း

=====================
အလုပ်သမားအတွက် အလုပ်ရှင်၏တာဝန်ရှိမှု
============
Century Insurance v NI Road Transport Board [1942] AC 509 (HL) ဆိုတဲ့ ကေ့စ်မှာ
(လောင်စာ)ဆီတွေကို တနေရာက တနေရာကို သယ်ပို့ပေးဖို့၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနဲ့ လောင်စာဆီကုမ္ပဏီ စာချုပ်တယ်။ သယ်ယူပို့ဆောင်ရေးကုမ္ပဏီက သူ့ကားတွေအတွက် ပျက်စီးဆုံးရှုံးမှုဆိုင်ရာအာမခံ ထားထားတယ်။ အာမခံကုမ္ပဏီက သယ်ယူပို့ဆောင်ရေးကုမ္ပဏီကကားတွေပျက်စီးရင်၊ အဲ့ဒီကားတွေကြောင့် ဖြစ်တဲ့အခြားပျက်စီးမှုတွေအတွက် အလျော်ပေးရမယ်ပေါ့။
သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ဒရိုင်ဘာတရောက်ဟာ ဆီဘောက်ဆာကနေ ဆီသိုလှောင်ကန်ထဲကို ဆီထဲ့နေတုန်း အဲ့ဒီယာဉ်မောင်းက စီးကရက်ကို မီးညှိပီး မီးခြစ်ဆံကို မြေပေါ်ပစ်ချလိုက်တယ်။ ဆီကား မီးလောင်ပေါက်ကွဲတယ်။ အနီးအနားက ကား နဲ့ အဆောက်အအုံတချို့ပါပျက်စီးတယ်။
အဲဒီကားနဲ့ အဆောက်အအုံပျက်စီးမှုတွေအတွက် အာမခံကုမ္ပဏီက လျော်ကြေး £1,001 16s. 7d., ပေးတယ်။ (သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကားတွေကြောင့် ဖြစ်တဲ့အခြားပျက်စီးမှုတွေအတွက်လည်း အလျော်ပေးရမယ်ဆိုတဲ့ against liability to third parties ဆိုတဲ့ အချက်ကြောင့်)။
ဒါပေမယ့် အာမခံကုမ္ပဏီက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ တခြားတောင်းဆိုမှုတွေကို ငြင်းပယ်တယ်။ ရုံးအဆင့်ဆင့် အယူခံအဆင့်ဆင့် မှာ နှစ်ဖက် ကွဲလွဲနေတဲ့အချက်က
၁. "ယာဉ်မောင်းရဲ့ အလုပ်ရှင်ကဘယ်သူလဲ" (သယ်ယူပို့ဆောင်ရေးကုမ္ပဏီလား) (လောင်စာဆီကုမ္ပဏီလား)
၂. ယာဉ်မောင်းစီးကရက်သောက်တဲ့ကိစ္စဟာ၊ အလုပ်ရှင်ကို "သူတပါးအတွက်တာဝန်ရှိမှု" ကို ဖြစ်စေမဲ့၊ အလုပ်ရဲ့ဘောင်အတွင်းမှာကျရောက်လား ဆိုတာပဲဖြစ်တယ်။
နောက်ဆုံး အယူခံတရားရုံး House of Lords က ဆုံးဖြတ်တာက၊
၁. ယာဉ်မောင်းရဲ့ အလုပ်ရှင် (သယ်ယူပို့ဆောင်ရေးကုမ္ပဏီ) မှာ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့(Control Test မူသဘောတရားအရ) ယာဉ်မောင်းရဲ့ အပြုအမူ လုပ်ကိုင်ဆောင်ရွက်ချက်ကို တိုက်ရိုက် ထိန်းချုပ်သူဟာ ယာဉ်မောင်းရဲ့ အလုပ်ရှင်သာဖြစ်တယ်။
၂. အဲ့ဒီ ယာဉ်မောင်းရဲ့ လုပ်ရပ်ဟာ၊ အလုပ်လုပ်နေစဉ်အတွင်းဆောင်ရွက်မှုဖြစ်တယ်။ သူ့ရဲ့အလုပ်က ဆီ သယ်ဖို့ဖြစ်တယ်။ သူဟာ ဆီကို သယ်ယူ/လွှဲပြောင်း နေတာဖြစ်တယ်။ သူ့ဟာသူ ဘယ်လောက်ပဲ မိုက်မဲတဲ့ပေါ့ဆစွာ လုပ်လုပ် သူဟာ သူလုပ်ရမယ့် အလုပ်ကို လုပ်နေတာသာဖြစ်တယ်။ သူ့ရဲ့ ဆောင်ရွက်ချက်ဟာ အလုပ်ရဲ့ဘောင်အတွင်းမှာကျရောက်တယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အလုပ်ရှင်မှာ (အခုလို မီးလောင် ပေါက်ကွဲ ပျက်စီး ဆုံးရှုံးမှု အရပ်ရပ်အတွက်) တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။
အနှစ်ချုပ်ကတော့၊ "Authorised acts in an unauthorised manner" "ခွင့်ပြုထားတဲ့အလုပ်ကို ခွင့်ပြုမထားတဲ့ပုံစံနဲ့ လုပ်ဆောင်ခြင်း" ဖြစ်စေကာမူ အလုပ်ရဲ့ဘောင်အတွင်းမှာကျရောက်တယ်၊ အလုပ်ရှင်မှာ တာဝန်ရှိတယ်၊ ဆိုတဲ့ မူသဘောတရားဖြစ်တယ်။
*********************
အဲ့ဒါနဲ့ မဖြစ်မနေ နှိုင်းယှဉ်လေ့လာရမဲ့ နောက်သဘောတရားကတော့ "acts beyond the scope of employment" "လုပ်ရမဲ့ အလုပ်တာဝန်ရဲ့ ဘောင်အပြင်ဖက် ရောက်နေတဲ့ ဆောင်ရွက်ချက်" သဘောတရားဖြစ်တယ်။
Beard v London Omnibus Co [1900] 2 QB 530 (CA)
ဆိုတဲ့ ကေ့စ်မှာ
ဘတ်စ်ကား လက်မှတ်ရောင်း (စပယ်ယာ)က၊ ဘတ်စ်ကားဂိတ်မှာ သူတို့ရဲ့ ကားက နောက်ထွက်မဲ့ ကားရဲ့ လမ်းကြောင်းကို ပိတ်နေတဲ့အတွက်၊ ဒရိုင်ဘာကလည်း အနားမှာ မရှိလို့၊ စပယ်ယာက(သဘောရိုးနဲ့၊ ကောင်းသောရည်ရွယ်ချက်နဲ့၊ အရေးတကြီးလိုအပ်နေလို့) ကားကို ရွှေ့ပေးဖို့ တက်မောင်းတဲ့အခါမှာ၊ အနားမှာရှိတဲ့ စက်ပြင်ဆရာတရောက်ကို ကားနဲ့ ထိခိုက်မိတယ်။
အဲ့ဒီကိစ္စဟာ အလုပ်ချိန်အတွင်းမှာ ဖြစ်သော်လည်း၊ လက်မှတ်ရောင်းဟာ သူလုပ်ရမဲ့ အလုပ် (လက်မှတ်ရောင်းခြင်း) ကို ကျော်လွန်ဆောင်ရွက်ပြီး ကားကို တက်မောင်းတာဖြစ်လို့၊ အလုပ်ရှင်မှာ (စက်ပြင်ဆရာရဲ့ ထိခိုက်နစ်နာမှုအတွက်) တာဝန်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
********************
နောက်ဆက်တွဲ သိထားရမဲ့အချက်တွေကတော့
၁. အမြဲတန်း အလုပ်ရှင်တစ်ရောက်တည်းပဲ တာဝန်ရှိတာတော့မဟုတ်ဘူး။ ပေါ့ဆသူ အလုပ်သမား (တွေ)မှာလည်း "တွဲလျက် တာဝန်ရှိမှု Joint Liability/ Several liability" ရှိတယ်။ အဲ့ဒီအခါမျိုးမှာ၊ အလုပ်ရှင်က (တရားလိုကို ပေးလိုက်ရတဲ့) လျော်ကြေး အားလုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ၊ အဲ့ဒီ ပေါ့ဆတဲ့ အလုပ်သမားဆီက၊ တရားစွဲဆို တောင်းခံ နိုင်တယ်။
၂. Jones v Manchester Corporation [1952] 2 QB 852 (CA) ကေ့စ်အရ
"Common Law System မှာ၊ အလုပ်ရှင်အနေနဲ့ ၀န်ထမ်းရဲ့ ပြုမူဆောင်ရွက်မှုအပေါ်မှာ အပြစ်တင်လို့မရဘူးဆိုရင်၊ အပြစ်တင်စရာအကြောင်းမရှိဘူးဆိုရင်တော့၊ အလုပ်ရှင်က အလုပ်သမားထံက လျော်ကြေးငွေကို မတောင်းဆိုနိုင်ဘူး။"
၃. Lister v Romford Ice & Cold Storage Co Ltd [1957] AC 555 (HL) ကေ့စ်အရ
အလုပ်သမားဖက်က၊ ထိုက်သင့်တဲ့ ဂရုပြုမှုနဲ့ ကျွမ်းကျင်မှု စိုက်ထုတ်လုပ်ဆောင်ရမဲ့ တာဝန်ပျက်ကွက်မှု ရှိရင်၊ အလုပ်ရှင်က အလုပ်သမားရဲ့ အဲ့ဒီလို "ထိုက်သင့်တဲ့ ဂရုပြုမှုနဲ့ ကျွမ်းကျင်မှု စိုက်ထုတ်လုပ်ဆောင်ရမဲ့ တာဝန်ရှိမှုကို" ဖောက်ဖျက်မှုအတွက်၊ သူ (အလုပ်ရှင်)က၊ တရားလိုကို ပေးလိုက်ရတဲ့ လျော်ကြေးအားလုံးကို၊ အလုပ်သမားဆီက (တရားစွဲဆိုပြီး) ပြန်တောင်းနိုင်တယ်။

res ipsa loquitur

 res ipsa loquitur (the thing speaks for itself )

============================

"ရေ့စ်    အစ်(ပ်)ဆ    လော့ကွစ်တာ" ဆိုတာ အင်္ဂလိပ် common law စနစ်ရဲ့ တရားမနစ်နာမှုဥပဒေမှာ လက်ခံကျင့်သုံးတဲ့

"တစုံတခု ဟာ သူ့အလိုလို သက်သေထင်ရှားပြီးဖြစ်၍ နောက်ထပ် အထွေအထူး သက်သေတင်ပြနေဖို့ မလိုတော့ဘူး" 

ရှင်းအောင်ပြောရရင်

"တချို့အဖြစ်အပျက်တွေဟာ၊ ပေါ့ဆမှုကို သက်သေထူဖို့ လုံလောက်တယ်" ဆိုတဲ့  မူ သဘောတရား ဖြစ်ပါတယ်။

ဒီ "res ipsa loquitur" doctrine/principle ကို စတင်သုံးစွဲခဲ့တဲ့ ကေ့စ် က 

Byrne v Boadle (2 Hurl. & Colt. 722, 159 Eng. Rep. 299, 1863) ကေ့စ် ဖြစ်ပါတယ်။ 

အဲ့ဒီကေ့စ်မှာ

ဂျုံထဲ့ထားတဲ့ စည် ၂-လုံး ထပ်ခိုးပေါ်ကနေ တရားလို ခေါင်းပေါ်ပြုတ်ကျတယ်။ တရားလို ထိခိုက်ဒဏ်ရာရသွားတယ်။ အဲ့ဒီလို ကျတာ၊ တရားလို ထိခိုက်ဒဏ်ရာရတာကို မြင်တဲ့ မျက်မြင်သက်သေ နှစ်ရောက်ရှိတယ်။ ဒါပေမယ့် အဲ့ဒီစည် ၂-လုံး ဘာကြောင့်ကျတယ်၊ ဘယ်သူ့ကြောင့်ကျတယ်ဆိုတာတော့ ဘယ်သူမှ မသိဘူး မမြင်ဘူး။ ဆိုလိုတာက တရားပြိုင် ပေါ့ဆကြောင်း သက်သေပြရန်တာဝန်ကျရောက်တဲ့ တရားလိုက ခိုင်မာတဲ့ သက်သေမပြနိုင်ဘူး။

အဲ့ဒီလို အခြေအနေမျိုးမှာ (တရားရုံးက ဆုံးဖြတ်တာက)

တရားလိုဟာ "တိုက်ရိုက်သက်သေခံချက်" တင်ပြနေဖို့မလိုဘူး။

ဘာလို့လဲဆိုတော့ တရားပြိုင်ဟာ သူ့ရဲ့ ဂရုစိုက်ရမဲ့တာဝန်ကို ပျက်ကွက်လို့သာ ဒီစည်ပိုင်းတွေ ပြုတ်ကျရတာဖြစ်တယ်။  ဒီလို စည်ပိုင်းတွေ ပြုတ်ကျခြင်းဟာ တရားပြိုင်ပေါ့ဆကြောင်း သက်သေထူဖို့ လုံလောက်တယ်"....  လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။

အဲ့ဒီ မူသဘောတရားကို လက်ခံကျင့်သုံးခဲ့တဲ့ တခြားထင်ရှားတဲ့ ကေ့စ်တွေကတော့

Scott v London & St Katherine Docks Co (1865) 3 H&C 596

Austin v Great Western Railway [1867] 2.Q.B.442

Stansbie v Troman [1948] 2 KB 48

Bolton v Stone [1951] AC 850, [1951] 1 All ER 1078 ....   စတာတွေပဲဖြစ်ပါတယ်။

*** အထူးမှတ်သားရန်အချက်ကတော့ ဒီ "res ipsa loquitur" Principle/Doctrine ကို မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိတဲ့ ကိစ္စ မျိုးတွေမှာ အသုံးမပြုနိုင်ဘူး ဆိုတာပဲ ဖြစ်တယ်။ 

Barkway v South Wales Transport [1950] AC 185 (HL) ကေ့စ်ကို လေ့လာပါ။

သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

 သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

======================

Principle of "volenti non fit injuria"

=================

Dann v Hamilton [1939] 1 KB 509

Morris v Murray [1991] 2 QB 6

===================

"volenti non fit injuria" ဆိုတဲ့ တရားမနစ်နာမှုဆိုင်ရာ ဥပဒေဆိုရိုးအတွက်၊ "သဘောတူညီချက်အရ ထိခိုက်နစ်နာခြင်းဖြစ်လျှင် အပြစ်မရှိ" ဆိုတဲ့ ဘာသာပြန်ဆိုချက်ဟာ၊ ဒီဆိုရိုးရဲ့ မူလ အနှစ်သာရကို ထင်ဟပ်နိုင်ခြင်းမရှိမလို၊ နားလည်မှုလွဲမှားစေနိုင်တဲ့ ဘာသာပြန်ဆိုချက်ဖြစ်ပါတယ်။

တကယ် ဖြစ်သင့်တဲ့ဘာသာပြန်ဆိုချက်က 

အင်္ဂလိပ်လိုဆိုရင်

"there can be no injury to one who consents" (သို့မဟုတ်)

"no injury is done to one who consents" ဖြစ်ပြီး၊ 

မြန်မာဆိုဆိုရင်တော့ အနီးစပ်ဆုံး

"သဘောတူလို့လုပ်ရင်၊ (အဲ့ဒီသဘောတူတဲ့လူမှာ)နစ်နာမှုမရှိနိုင်ဘူး" 

"သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး"လို့ပဲ ဖြစ်သင့်ပါတယ်။

နစ်နာမှုမရှိတဲ့အတွက် အပြစ်ရှိတယ် မရှိဘူးဆိုတဲ့ ဆုံးဖြတ်တဲ့အဆင့်ကို မရောက်ဘူး။

အဲ့ဒီအဆင့်ကို မရောက်တဲ့အတွက် အပြစ်ရှိတယ် မရှိဘူးလို့ ပြောဆိုခြင်းဟာ မှားယွင်းပါတယ်။

ဒါ့အပြင် တရားမနစ်နာမှုဥပဒေရှုဒေါင့်ရဲ့ ဘောင်ထဲကသုံးစွဲမယ်ဆိုရင် ရာဇဝတ်မှုမဟုတ်တဲ့အတွက် "အပြစ်ရှိတယ်" ဆိုတဲ့စကားထက် "တာဝန်ရှိတယ်" ဆိုတဲ့ စကားလုံးကိုပဲ သုံးနှုံးသင့်ပါတယ်။

*********************

Dann v Hamilton[1937 D No 1828]; [1939] 1 KB 509 High Court

ဆိုတဲ့ case ကတော့ ဥပဒေကျောင်းသားတိုင်း(လိုလို) ကြားခဲ့ဖူးပြီးဖြစ်မှာပါ။

တရားလိုက အရက်မူးနေတဲ့တရားပြိုင်မောင်းတဲ့ကားနဲ့ လမ်းကြုံလိုက်တယ်။ ကားတိုက်မှုဖြစ်တယ်။ တရားပြိုင် သေဆုံးတယ်။ တရားလို ထိခိုက် ဒဏ်ရာရတယ်။ အဲဒါကြောင့် နစ်နာကြေးရလိုမှု တရားစွဲတယ်။ တရားပြိုင် က "သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး" ဆိုတဲ့ မူသဘောတရားနဲ့ထုချေတယ်။ 

တရားသူကြီးက 

"အဲ့ဒီမူသဘောတရားကို အလွန်ထူးခြားသော ဖြစ်ရပ်အတွက်သာ လက်ခံနိုင်မယ်။ ဒီကိစ္စက အဲ့ဒီလိုသိပ်ထူးခြားတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒါကြောင့် 'volenti non fit injuria' ကိုလက်မခံဘူး။ တရားလိုကို လျော်ကြေးပေးစေ"

လို့ ဆုံးဖြတ်ခဲ့တယ်။

(မှတ်ချက်။ တကယ်တော့ အလွန်ထူးခြားတယ် မထူးခြားဘူး ဆိုတာ ဘယ်လိုတိုင်းတာတယ်ဆိုတာ မရှင်းလင်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။)

******************

ဖြစ်ရပ်ခြင်း ဆင်တူပြီး၊ ကွဲလွဲစွာဆုံးဖြတ်ခဲ့တဲ့

Morris v Murray [1991] 2 QB 6

ဆိုတဲ့ case မှာတော့

တရားပြိုင်Murray နဲ့ တရားလိုMorris အရက်အတူသောက်ကြတယ်။ 

တရားပြိုင်မှာ လေယာဉ်ပျံအပေါ့စားလေးတစ်စင်းရှိတယ်။ တရားဝင် လေယာဉ်မောင်းလိုင်စင်လည်းရှိတယ်။

အတော်လေး မူးလာတဲ့အချိန်မှာ တရားပြိုင်က လေယာဉ်အပျော်လျှောက်စီးဖို့ တရားပြိုင်ကို ခေါ်တယ်။ တရားပြိုင်ကလည်း သဘောတူတယ်။

အဲ့ဒီလိုနဲ့ Murray က Pilot အဖြစ်နဲ့မောင်းပြီး နှစ်ရောက်သား လေယာဉ်စီးကြတယ်။ 

ရာသီဥတုကဆိုး၊ မြင်ကွင်းမရှင်းလင်း၊ လေကထန်၊ ဆိုတော့ လေယာဉ်ပျက်ကျတယ်။ တရားပြိုင်Murray သေဆုံးတယ်။ Morris က အကြီးအကျယ်ထိခိုက်ဒဏ်ရာရတယ်။

ဒါကြောင့် Morris က

ကွယ်လွန်သူ Murray ရဲ့ "အမွေထိန်းလက်မှတ်ရသူ" ထံကနေ လျော်ကြေး/နစ်နာကြေး ရလိုမှု တရားစွဲဆိုခဲ့တယ်။

အဲ့ဒီအခါမှာ တရားပြိုင်က ဒီအမှုမှာ တရားပြိုင်ရဲ့တာဝန်မရှိကြောင်းကို

1. "volenti non fit injuria" ဆိုတဲ့ Principle နဲ့ 

2. "contributory negligence" (တရားလိုကိုယ်တိုင်ပူးပေါင်းပါဝင်အားဖြည့်ထားတဲ့ပေါ့ဆမှု၊ တရားလိုရဲ့တာဝန်မကင်းတဲ့ပေါ့ဆမှု) 

အဖြစ် ထုချေတယ်။

"volenti non fit injuria" ဆိုတဲ့ Principle အရ

"တရားလို Morris ဟာ၊ တရားပြိုင်Murray မောင်းတဲ့လေယာဉ်ကို၊ အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူစွာ လက်ခံ စီးနင်းခဲ့တာဖြစ်တယ်။

အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူပြီး ပြုလုပ်ခဲ့ရင် ထိခိုက်နစ်နာမှု မမည်ဘူး။ အဲ့ဒါကြောင့် တရားပြိုင်Murray မှာ လျော်ကြေးပေးဖို့ တာဝန်မရှိဘူး" 

ဆိုပြီး တရားပြိုင်က ချေပခဲ့တယ်။

တရားရုံးကလည်း အဲ့ဒီအချက် "နှစ်ချက်" ကိုပဲ ငြင်းချက်အဖြစ်ကြားနာခဲ့တယ်။

အမှုစစ်တရားသူကြီးက

Dann v. Hamilton [1939] 1 K.B. 509 နဲ့

Nettleship v. Weston 1971 2 Q.B. 692 

စီရင်ထုံးတွေကို ကိုးကားပြီး တရားပြိုင်ရဲ့ထုချေချက် "volenti non fit injuria" ကို ပယ်ချခဲ့တယ်။

contributory negligence အနေနဲ့လည်း 20% ပဲ ပါဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တရားပြိုင်က တရားလိုအတွက် နစ်နာကြေး ပေါင် £130,000 ပေးဆောင်ဖို့ 

Judge Rice, Deputy Judge of the Queen's Bench Division က အမိန့်ချခဲ့တယ်။

***********

အဲ့ဒီ စီရင်ချက်ကို မကျေနပ်လို့ 

တရားပြိုင်Murrayဖက်က 

THE SUPREME COURT OF JUDICATURE, COURT OF APPEAL (CIVIL DIVISION)ကို အယူခံတက်တယ်။

အယူခံရုံးက နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကြားနာပြီးတဲ့နောက်

တရားပြိုင်Murray ရဲ့ အယူခံကို လက်ခံပြီး အောက်ရုံးဆုံးဖြတ်ချက်ကို ပယ်လိုက်တယ်။ "volenti non fit injuria" မူသဘောတရားကို လက်ခံပြီး တရားပြိုင်မှာ တာဝန်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။

**************

ဒါကြောင့် အမှုဖြစ်အကြောင်းခြင်းရာ အသေးစိတ်ကိုမသိရင် ပေးမထားရင် အခုလို ဆင်တူဖြစ်ရပ် မျိုးတွေမှာ တရားပြိုင်မှာ တာဝန်ရှိတယ် မရှိဘူး ယတိပြတ် ဖြေဆိုဖို့ ဆုံးဖြတ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ထုတ်လုပ်သူ၊ လက်လီပြန်လည်ရောင်းချသူ၊ သုံးစွဲသူ နှင့် တာဝန်ရှိမှု

 ထုတ်လုပ်သူ၊ လက်လီပြန်လည်ရောင်းချသူ၊ သုံးစွဲသူ နှင့် တာဝန်ရှိမှု

========================

တရားမ နစ်နာမှု ဥပဒေ

=============

Grant (Appellant) v. Australian Knitting Mills (Respondents)[1935]

======================================

• ဩစတေးလျားနိုင်ငံ။ 

၁၉၃၁ ခုနှစ် ဇွန်လမှာ အသက်၃၈ နှစ်အရွယ် ဒေါက်တာ Grant (လူဆရာဝန် 🙂) က John Martin & Co. ဆိုတဲ့ လက်လီအရောင်းဆိုင်ကနေ သိုးမွေး အတွင်းခံဘောင်းဘီ နဲ့ အင်္ကျီလက်ပြတ် နှစ်စုံ ဝယ်ခဲ့တယ်။

• Underwear ဆိုတာတော့ မဝတ်ခင် အရင် လျှော်သင့်ပေမယ့် ဒေါက်တာ Grant က မလျှော်ပဲ ဝတ်လိုက်တယ်။

• ဝတ်ပြီး ကိုးနာရီအတွင်းမှာပဲ သူဟာ အရေပြားယားယံမှုကို စတင်ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒေါက်တာ Grant က ယားတဲ့နေရာကို calamine lotion လိမ်းပြီး အဲ့ဒီ အတွင်းခံကိုပဲ တစ်ပတ်လုံး ဆက်ဝတ်ခဲ့တယ်။

(မှတ်ချက်။ အဲ့ဒီခေတ် အဲ့ဒီကာကလ အဲ့ဒီနိုင်ငံမှာတော့ တပတ်ကို တခါပဲ အတွင်းခံလဲတာက သာမန်လူတွေရဲ့ သာမန်ထုံးစံတစ်ခုပဲ ဖြစ်တယ်လို့ဆိုတယ် 🙂)

• တစ်ပတ်နေတော့ ဒေါက်တာ Grant က ပထမအတွင်းခံကို လျှော်ပြီး ဒုတိယအတွင်းခံကို စတင် ဝတ်ဆင်ခဲ့တယ်။

• အဲ့ဒီအချိန်မှာ သူ့ရဲ့ အရေပြားယားယံခြင်းက ပိုမိုဆိုးရွားလာပြီး ပြင်းထန်တဲ့ အရေပြားရောင်ရမ်းခြင်းဖြစ်လာခဲ့တယ်။

• အဲ့ဒါကြောင့် ဒေါက်တာ Grant က John Martin & Co ကို 

ရောင်းသူက ဝယ်သူ (စားသုံးသူ) ကို ပေးရမဲ့ 

"ကုန်ပစ္စည်းအရည်အသွေး အာမခံချက်ဆိုင်ရာ ပဋိညာဉ်" ကိုဖောက်ဖျက်တယ်ဆိုပြီး တရားစွဲခဲ့တယ်။

(မှတ်ချက်။ တရားမနစ်နာမှုနဲ့ပတ်သက်တဲ့ ကမ္ဘာကျော်အမှု Donoghue v Stevenson ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ British House of Lords က ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမှုအကြောင်း သီးသန့် ဆွေးနွေးပါမယ်။)

ဒါ့အပြင် Australian Knitting Mills စက်ရုံထုတ် အတွင်းခံတွေမှာ "ဆာလ်ဖာဒိုင်အောက်ဆိုဒ်" (သို့) "ဆာလဖိုက်" လို့ ခေါ်လေ့ရှိတဲ့ ဆာလဖာဒြပ်ပေါင်းတွေ အများကြီး ပါနေတယ်။ အဲ့ဒါကြောင့် ဒေါက်တာ Grant က Australian Knitting Mills စက်ရုံကိုလည်း ၎င်းထုတ်လုပ်တဲ့အဝတ်အထည်တွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ဂရုစိုက်မှုမပေးဘူးဆိုပြီး Australian Knitting Mills ကိုပါ တရားပြိုင်အဖြစ် ထည့်သွင်း စွဲဆိုခဲ့တယ်။ 

**************

Case 1: 

Grant 

v. 

John Martin & Co and Australian Knitting Mills Limited [1933]

ဒီအမှုကို တောင်ပိုင်းဩစတေးလျားပြည်နယ် တရားရုံးချုပ် (Supreme Court of South Australia) က၊ 

တရားသူကြီး Sir George John Robert Murray က 

ဒေါက်တာ Grant ရဲ့ နစ်နာမှုအတွက်

လက်လီအရောင်းဆိုင် John Martin & Co မှာ တာဝန်ရှိသလို

ထုတ်လုပ်သူ Australian Knitting Mills လည်း တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး

ဒေါက်တာ Grant အတွက် နစ်နာကြေး (လျော်ကြေး) ပေါင်-၂,၄၅၀ ပေးစေခဲ့တယ်။

*******************************

အဲ့ဒီဆုံးဖြတ်ကို မကျေနပ်လို့  Australian Knitting Mills နဲ့ John Martin & Co က

ဩစတေးလျား ဗဟိုတရားရုံးချုပ် (High Court of Australia) ကို အယူခံတက်တယ်။ 

Case 2:

Australian Knitting Mills Limited and Another(Appellants) 

v. 

Grant (Respondent)

[1933, HCA 35]

ဗဟိုတရားရုံးချုပ်ရဲ့ တရားသူကြီး အများစုက အယူခံမှုကို လက်ခံခဲ့ပြီး 

Australian Knitting Mills နဲ့ John Martin & Co ကို အနိုင်ပေးလိုက်တယ်။

ဩစတေးလျား ဗဟိုတရားရုံးချုပ် မှာ ဒေါက်တာ Grant ရှုံးသွားတယ်။

*******************

အဲ့ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဒေါက်တာ Grant က

ဓနသဟာယ နိုင်ငံတွေရဲ့ အမြင့်ဆုံး အယူခံတရားရုံးဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Privy Council  ကို အယူခံတက်တယ်။

Case 3:

Grant (Appellant)

v.

Australian Knitting Mills (Respondents)[1935] UKPC 62 (on appeal from Australia)

Privy Council က ဒေါက်တာ Grant ရဲ့ အယူခံဝင်မှုကို လက်ခံအတည်ပြုပြီး၊ 

သြစတြေးလျ ဗဟိုတရားရုံးချုပ်ရဲ့ စီရင်ချက်ကို ပယ်ချလိုက်ပြီး၊

သြစတြေးလျ တောင်ပိုင်းတရားရုံးချုပ် ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း၊

ထုတ်လုပ်သူ  Australia Knitting Mills နဲ့ 

လက်လီအရောင်းဆိုင် James Martin & Co နှစ်ခုလုံးဟာ

အယူခံသူ တရားလို ဒေါက်တာ Grant ရဲ့ နစ်နာမှုအပေါ်မှာ တာဝန်ရှိကြောင်း

ဆုံးဖြတ်ခဲ့ပါတယ်။

ဆွဲသင်္ဘော၊ ဆွဲခံသင်္ဘော နှင့် တာဝန်ရှိမှု

 ဆွဲသင်္ဘော၊ ဆွဲခံသင်္ဘော နှင့် တာဝန်ရှိမှု

tug, tow and liability
Doctrine of Principal and Agent (in Tort Law)
============================
ဥပဒေကျောင်းသားအများစု အမှတ်မှားနေကြတဲ့ အချက်တစ်ချက်ဖြစ်တဲ့
သင်္ဘောဆွဲယူရေးလုပ်ငန်းစဉ်မှာ အဆွဲခံ သင်္ဘော tow က Principal
ဆွဲတဲ့ သင်္ဘော tug က agent
ဒါကြောင့် တရားမနစ်နာမှုဥပဒေရဲ့ မူသဘောတရားဖြစ်တဲ့ principle/agent ဆက်သွယ်မှု သူတပါးအတွက်တာဝန်ရှိမှု မူသဘောတရားအရ
သင်္ဘောဆွဲနေချိန်အတွင်း (whilst towing) မှာ agent ရဲ့ ပြုလုပ်မှုအတွက် principal မှာပဲ တာဝန်ရှိတယ်။
[သင်္ဘောပျက်တို့ ဖောင် တို့ကို ဆွဲတာမဟုတ်ရင်] ဆွဲသင်္ဘော tug မှာ ဘာတာဝန်မှ မရှိဘူး...
ဆိုပြီး အမှတ်မှားနေကြပါတယ်။
အောက်ပါအမှုကို လေ့လာကြည့်ပါ။
• ကနေဒါနိုင်ငံ ဗင်ကူဗါးဆိပ်ကမ်း။ June 22, 2007, 10:14 a.m. အချိန်။ Star Hansa ဆိုတဲ့ သင်္ဘောက ဘေးအန္တရာယ်ကင်းကင်းနဲ့ သူ့အတွက်သတ်မှတ်ထားတဲ့ ဆိပ်ကမ်းကနေရာကို ကပ်နေတဲ့အချိန်မှာ၊ (အနားမှာရှိတဲ့) ဆွဲသင်္ဘော Tiger Shark 2 က၊ Star Hansa ရဲ့ ပန်ကာကို တိုက်မိသွားတယ်။
• ဆွဲသင်္ဘော Tiger Shark 2 က အဲ့ဒီအချိန်မှာ တခြား ဆွဲသင်္ဘော နှစ်စီးနဲ့အတူ “ Dubai Fortune” ဆိုတဲ့ သင်္ဘောကို ဆိပ်ကမ်းမှာကပ်နိုင်ဖို့ (ဂိတ်ထိုးနိုင်ဖို့) ကူညီပေးနေတဲ့အချိန်။ Dubai Fortune က compulsory pilot တစ်ရောက်ရဲ့ အုပ်ချုပ် ကွပ်ကဲမှုအောက်မှာ ရှိနေတယ်။ (compulsory pilotage အကြောင်းကို နောက်နောင် ကြုံကြိုက်တဲ့အခါ သီးသန့်ဆွေးနွေးပါမယ်။)
• အဲဒီတိုက်မိမှုအတွက် Star Hansa သင်္ဘောပိုင်ရှင် က Dubai Fortune ပိုင်ရှင်နဲ့ ဆွဲသင်္ဘောသုံးစီးရဲ့ ပိုင်ရှင်ဆီကနေ ဒေါ်လာ ၂.၇ သန်း ကို အတိုးနဲ့တကွ နစ်နာကြေးရလိုမှု တရားစွဲခဲ့တယ်။
• တရားလို Star Hansa သင်္ဘောပိုင်ရှင်ကို ဆွဲသင်္ဘောသုံးစီးရဲ့ ပိုင်ရှင်က (သင်္ဘော တန်ချိန်ပေါ်မူတည်ပြီး ကန့်သတ်ပေးထားတဲ့ လျော်ကြေးမူသဘောအရ) ဒေါ်လာ ၅-သိန်း အလျော်ပေးပြီး ဆွဲသင်္ဘောသုံးစီးအပေါ် စွဲဆိုထားမှုကို ရပ်ဆိုင်း (ကြေအေး) လိုက်ကြတယ်။
• ဒါပေမဲ့ အဲ့ဒီသဘောတူညီမှုက ဘယ်အပေါ်မှာ အခြေခံထားပြီး ကြေအေးခဲ့တာလဲဆိုတော့
Tiger Shark 2 ဆွဲသင်္ဘာမာလိန်မှူး master ရဲ့ ပေါ့ဆမှုအတွက် Dubai Fortune ပိုင်ရှင်ကို principal တစ်ရောက်အနေနဲ့ "သူတပါးအတွက် တာဝန်ရှိမှု" ရှိတယ်ဆိုတဲ့ အချက်နဲ့ Star Hansa သင်္ဘောပိုင်ရှင် က Dubai Fortune ကို ဆက်လက် တရားစွဲမယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။
• ဒီအမှုမှာ Dubai Fortune ရဲ့ ပိုင်းလော့မှာ ပေါ့ဆမှု မရှိတဲ့အတွက် Dubai Fortune (ပိုင်ရှင်) ရဲ့ တာဝန်ရှိမှုကို "ကန့်သတ်ခွင့်" (to limit the liability) ရှိတယ်ဆိုတဲ့အချက်ကို တရားပြိုင် Dubai Fortune က တင်ပြခဲ့တယ်။
အဲဒီမှာ ပေါ်ပေါက်လာတဲ့ တရားရုံးငြင်းချက်က
 Tiger Shark 2 ဆွဲသင်္ဘာမာလိန်မှူးmaster ရဲ့ ပေါ့ဆမှုအတွက် Dubai Fortune မှာ "သူတပါးအတွက် တာဝန်ရှိမှု" "vicarious liability" ရှိသလား
 အဲ့ဒီလို ရှိတယ်ဆိုရင် ပေးရမဲ့ လျော်ကြေးကို ကန့်သတ်တဲ့အခါမှာ Dubai Fortune သင်္ဘောရဲ့ တန်ချိန်ကို မူတည်ပြီး လျော်ကြေးတွက်မလား၊ Tiger Shark 2 သင်္ဘောရဲ့ တန်ချိန်ကို မူတည်ပြီး လျော်ကြေးတွက်မလား
ဆိုတဲ့ ငြင်းချက်နှစ်ရပ်ကို တရားရုံးက ကြားနာခဲ့တယ်။
အတိုချုပ်ပြောရရင် အမှုစစ်တရားသူကြီးက
- Dubai Fortune မှာ "သူတပါးအတွက် တာဝန်ရှိမှု" "vicarious liability" မရှိဘူး။
- အဲ့ဒါကြောင့် ကန့်သတ်မှုပြဿနာ (ဘယ် သင်္ဘောရဲ့ တန်ချိန်ပေါ် မူတည်ပြီး လျော်ကြေးတွက်မလဲ ဆိုတာ) စဉ်းစားမရာ မလိုတော့ဘူး။
ဆိုပြီးဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီဆုံးဖြတ်ချက်ကို တရားလိုStar Hansa က အယူခံတက်တယ်။
အယူခရုံးကလည်း အောက်ရုံးနဲ့ တစ်သဘောတည်း ဆုံးဖြတ်ပြီး အောက်ရုံးအမိန့်ကို အတည်ပြုပြီး အယူခံကို ပယ်ခဲ့တယ်။
အဲ့ဒါကြောင့် ဒီ အမှုကို ကြည့်ရင် whilst towing အချိန်အတွင်းမှာဖြစ်လို့
Principal ဖြစ်တဲ့ ဆွဲခံသင်္ဘော Dubai Fortune က၊
သူ့ရဲ့ agent ဖြစ်တဲ့ ဆွဲသင်္ဘော Tiger Shark 2 ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ
တာဝန်ရှိတယ်ဆိုတာ
အမြဲတန်းမမှန်ဘူး
အကြောင်းခြင်းရာအပေါ်မှာ မူတည်ဆိုတာကို ဒီ case က သက်သေပြနေပါတယ်။
REF:
Grieg Shipping A/S v. Fortune Marine Ltd. (The Dubai Fortune), 2012 FC 1110, 2013 FCA 218
FC = Federal Court
FCA = Federal Court Of Appeal

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ

 ယဉ်ကျေးမှုဆိုင်ရာ နေရာများ ပစ္စည်းများအား တိုက်ခိုက်ခြင်း

============================

လူသားဝါဒနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ

စည်းမျဉ်းအမှတ် -၃၈ အရ

ယဉ်ကျေးမှုဆိုင်ရာ နေရာဒေသနှင့် ပစ္စည်းများအား တိုက်ခိုက်ခြင်းမပြုရ။

[REF: Customary International Humanitarian Law, Rule-38]

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥပဒေအရ

ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုနှင့် ဆိုင်သော အဆောက်အအုံများ သမိုင်းဝင် နေရာများအား ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည်။

[REF: ICC Statute, Article 8(2)(b)(ix) and (e)(iv) ]



ဓါးစာခံဖမ်းဆီးခြင်း

========

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများတွင်လည်းကောင်း၊ 

အပြည်ပြည်ဆိုင်ရာမဟုတ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင်လည်းကောင်း၊

ဂျီနီဗာသဘောတူညီချက် ၄-ခုလုံးတွင်ပါရှိသော ဘုံတူညီသည့် အပိုဒ်-၃ အရ ဓါးစာခံ ဖမ်းဆီးခြင်းကို ပိတ်ပင်တားမြစ်သည်။

[REF: Geneva Conventions, common Article 3]

လူသားဝါဒနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ 

စည်းမျဉ်းအမှတ် - ၉၆ အရ 

ဓါးစာခံ ဖမ်းဆီးခြင်းကို ပိတ်ပင်တားမြစ်သည်။

[REF: Customary International Humanitarian Law, Rule-96]

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများတွင်ဖြစ်စေ၊  

အပြည်ပြည်ဆိုင်ရာမဟုတ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် ဖြစ်စေ၊

ဓါးစာခံ ဖမ်းဆီးခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥပဒေ အပိုဒ် ၈ (၂) (က) (၈) နှင့် ၈ (၂) (ဂ) (၃)

[REF: ICC Statute, Article 8(2)(a)(viii) and (c)(iii)]




လူမျိုးတုံးသတ်ဖြတ်မှု (Genocide)

====================

၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သော ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်၊ အပိုဒ် ၂ အရလည်းကောင်း၊

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး နှင့်ပတ်သက်သော ရောမသဘောတူစာချုပ်၊ အပိုဒ် ၆ အရလည်းကောင်း၊

အောက်ပါအချက် တစ်ချက်ချက်ကို ကျူးလွန်လျင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည်။

(က) လူမျိုးစုအုပ်စုတစ်ခုအား ပစ်မှတ်ထား သတ်ဖြတ်ခြင်း

(ခ) လူမျိုးစုတစ်ခု၏ အုပ်စုဝင်များအား ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို ဆိုးဝါးပြင်းထန်စွာ ထိခိုက်စေခြင်း

(ဂ) လူအုပ်စုတစ်ခု၏ ဘဝအသက်ရှင်နေထိုင်မှုဆိုင်ရာ ရုပ်ဝတ္ထုများကို အလုံးစုံသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ တမင် ထိပါးဖျက်ဆီးခြင်း

(ဃ) လူမျိုးစုအုပ်စုတစ်ခုအတွင်း ကလေးမွေးဖွားမှုကို တားဆီးရန်ရည်ရွယ်လျက် ကန့်သတ်ချက်များချမှတ်၍ လိုက်နာစေခြင်း

(င) ကလေးသူငယ်များအား အုပ်စုတစ်စုမှ အခြားတစ်စုသို့ အတင်းအကျပ် ပြောင်းရွှေ့ခြင်း

REF:

1. 1948 Convention on the Prevention and Punishment of the Crime of Genocide (the Genocide Convention), Article II

2. Rome Statute of the International Criminal Court, Article 6

(a) Killing members of the group;

(b) Causing serious bodily or mental harm to members of the group;

(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction

in whole or in part;

(d) Imposing measures intended to prevent births within the group;

(e) Forcibly transferring children of the group to another group.