Wednesday, September 30, 2020

သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

 သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

======================

Principle of "volenti non fit injuria"

=================

Dann v Hamilton [1939] 1 KB 509

Morris v Murray [1991] 2 QB 6

===================

"volenti non fit injuria" ဆိုတဲ့ တရားမနစ်နာမှုဆိုင်ရာ ဥပဒေဆိုရိုးအတွက်၊ "သဘောတူညီချက်အရ ထိခိုက်နစ်နာခြင်းဖြစ်လျှင် အပြစ်မရှိ" ဆိုတဲ့ ဘာသာပြန်ဆိုချက်ဟာ၊ ဒီဆိုရိုးရဲ့ မူလ အနှစ်သာရကို ထင်ဟပ်နိုင်ခြင်းမရှိမလို၊ နားလည်မှုလွဲမှားစေနိုင်တဲ့ ဘာသာပြန်ဆိုချက်ဖြစ်ပါတယ်။

တကယ် ဖြစ်သင့်တဲ့ဘာသာပြန်ဆိုချက်က 

အင်္ဂလိပ်လိုဆိုရင်

"there can be no injury to one who consents" (သို့မဟုတ်)

"no injury is done to one who consents" ဖြစ်ပြီး၊ 

မြန်မာဆိုဆိုရင်တော့ အနီးစပ်ဆုံး

"သဘောတူလို့လုပ်ရင်၊ (အဲ့ဒီသဘောတူတဲ့လူမှာ)နစ်နာမှုမရှိနိုင်ဘူး" 

"သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး"လို့ပဲ ဖြစ်သင့်ပါတယ်။

နစ်နာမှုမရှိတဲ့အတွက် အပြစ်ရှိတယ် မရှိဘူးဆိုတဲ့ ဆုံးဖြတ်တဲ့အဆင့်ကို မရောက်ဘူး။

အဲ့ဒီအဆင့်ကို မရောက်တဲ့အတွက် အပြစ်ရှိတယ် မရှိဘူးလို့ ပြောဆိုခြင်းဟာ မှားယွင်းပါတယ်။

ဒါ့အပြင် တရားမနစ်နာမှုဥပဒေရှုဒေါင့်ရဲ့ ဘောင်ထဲကသုံးစွဲမယ်ဆိုရင် ရာဇဝတ်မှုမဟုတ်တဲ့အတွက် "အပြစ်ရှိတယ်" ဆိုတဲ့စကားထက် "တာဝန်ရှိတယ်" ဆိုတဲ့ စကားလုံးကိုပဲ သုံးနှုံးသင့်ပါတယ်။

*********************

Dann v Hamilton[1937 D No 1828]; [1939] 1 KB 509 High Court

ဆိုတဲ့ case ကတော့ ဥပဒေကျောင်းသားတိုင်း(လိုလို) ကြားခဲ့ဖူးပြီးဖြစ်မှာပါ။

တရားလိုက အရက်မူးနေတဲ့တရားပြိုင်မောင်းတဲ့ကားနဲ့ လမ်းကြုံလိုက်တယ်။ ကားတိုက်မှုဖြစ်တယ်။ တရားပြိုင် သေဆုံးတယ်။ တရားလို ထိခိုက် ဒဏ်ရာရတယ်။ အဲဒါကြောင့် နစ်နာကြေးရလိုမှု တရားစွဲတယ်။ တရားပြိုင် က "သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး" ဆိုတဲ့ မူသဘောတရားနဲ့ထုချေတယ်။ 

တရားသူကြီးက 

"အဲ့ဒီမူသဘောတရားကို အလွန်ထူးခြားသော ဖြစ်ရပ်အတွက်သာ လက်ခံနိုင်မယ်။ ဒီကိစ္စက အဲ့ဒီလိုသိပ်ထူးခြားတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒါကြောင့် 'volenti non fit injuria' ကိုလက်မခံဘူး။ တရားလိုကို လျော်ကြေးပေးစေ"

လို့ ဆုံးဖြတ်ခဲ့တယ်။

(မှတ်ချက်။ တကယ်တော့ အလွန်ထူးခြားတယ် မထူးခြားဘူး ဆိုတာ ဘယ်လိုတိုင်းတာတယ်ဆိုတာ မရှင်းလင်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။)

******************

ဖြစ်ရပ်ခြင်း ဆင်တူပြီး၊ ကွဲလွဲစွာဆုံးဖြတ်ခဲ့တဲ့

Morris v Murray [1991] 2 QB 6

ဆိုတဲ့ case မှာတော့

တရားပြိုင်Murray နဲ့ တရားလိုMorris အရက်အတူသောက်ကြတယ်။ 

တရားပြိုင်မှာ လေယာဉ်ပျံအပေါ့စားလေးတစ်စင်းရှိတယ်။ တရားဝင် လေယာဉ်မောင်းလိုင်စင်လည်းရှိတယ်။

အတော်လေး မူးလာတဲ့အချိန်မှာ တရားပြိုင်က လေယာဉ်အပျော်လျှောက်စီးဖို့ တရားပြိုင်ကို ခေါ်တယ်။ တရားပြိုင်ကလည်း သဘောတူတယ်။

အဲ့ဒီလိုနဲ့ Murray က Pilot အဖြစ်နဲ့မောင်းပြီး နှစ်ရောက်သား လေယာဉ်စီးကြတယ်။ 

ရာသီဥတုကဆိုး၊ မြင်ကွင်းမရှင်းလင်း၊ လေကထန်၊ ဆိုတော့ လေယာဉ်ပျက်ကျတယ်။ တရားပြိုင်Murray သေဆုံးတယ်။ Morris က အကြီးအကျယ်ထိခိုက်ဒဏ်ရာရတယ်။

ဒါကြောင့် Morris က

ကွယ်လွန်သူ Murray ရဲ့ "အမွေထိန်းလက်မှတ်ရသူ" ထံကနေ လျော်ကြေး/နစ်နာကြေး ရလိုမှု တရားစွဲဆိုခဲ့တယ်။

အဲ့ဒီအခါမှာ တရားပြိုင်က ဒီအမှုမှာ တရားပြိုင်ရဲ့တာဝန်မရှိကြောင်းကို

1. "volenti non fit injuria" ဆိုတဲ့ Principle နဲ့ 

2. "contributory negligence" (တရားလိုကိုယ်တိုင်ပူးပေါင်းပါဝင်အားဖြည့်ထားတဲ့ပေါ့ဆမှု၊ တရားလိုရဲ့တာဝန်မကင်းတဲ့ပေါ့ဆမှု) 

အဖြစ် ထုချေတယ်။

"volenti non fit injuria" ဆိုတဲ့ Principle အရ

"တရားလို Morris ဟာ၊ တရားပြိုင်Murray မောင်းတဲ့လေယာဉ်ကို၊ အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူစွာ လက်ခံ စီးနင်းခဲ့တာဖြစ်တယ်။

အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူပြီး ပြုလုပ်ခဲ့ရင် ထိခိုက်နစ်နာမှု မမည်ဘူး။ အဲ့ဒါကြောင့် တရားပြိုင်Murray မှာ လျော်ကြေးပေးဖို့ တာဝန်မရှိဘူး" 

ဆိုပြီး တရားပြိုင်က ချေပခဲ့တယ်။

တရားရုံးကလည်း အဲ့ဒီအချက် "နှစ်ချက်" ကိုပဲ ငြင်းချက်အဖြစ်ကြားနာခဲ့တယ်။

အမှုစစ်တရားသူကြီးက

Dann v. Hamilton [1939] 1 K.B. 509 နဲ့

Nettleship v. Weston 1971 2 Q.B. 692 

စီရင်ထုံးတွေကို ကိုးကားပြီး တရားပြိုင်ရဲ့ထုချေချက် "volenti non fit injuria" ကို ပယ်ချခဲ့တယ်။

contributory negligence အနေနဲ့လည်း 20% ပဲ ပါဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တရားပြိုင်က တရားလိုအတွက် နစ်နာကြေး ပေါင် £130,000 ပေးဆောင်ဖို့ 

Judge Rice, Deputy Judge of the Queen's Bench Division က အမိန့်ချခဲ့တယ်။

***********

အဲ့ဒီ စီရင်ချက်ကို မကျေနပ်လို့ 

တရားပြိုင်Murrayဖက်က 

THE SUPREME COURT OF JUDICATURE, COURT OF APPEAL (CIVIL DIVISION)ကို အယူခံတက်တယ်။

အယူခံရုံးက နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကြားနာပြီးတဲ့နောက်

တရားပြိုင်Murray ရဲ့ အယူခံကို လက်ခံပြီး အောက်ရုံးဆုံးဖြတ်ချက်ကို ပယ်လိုက်တယ်။ "volenti non fit injuria" မူသဘောတရားကို လက်ခံပြီး တရားပြိုင်မှာ တာဝန်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။

**************

ဒါကြောင့် အမှုဖြစ်အကြောင်းခြင်းရာ အသေးစိတ်ကိုမသိရင် ပေးမထားရင် အခုလို ဆင်တူဖြစ်ရပ် မျိုးတွေမှာ တရားပြိုင်မှာ တာဝန်ရှိတယ် မရှိဘူး ယတိပြတ် ဖြေဆိုဖို့ ဆုံးဖြတ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.