Friday, February 11, 2011

ဖေဖ၀ါရီ ၁၃

ဒီနေ့ မှာမှ ငါ ကဗျာမရေးဖြစ်ရင်
ငါ့သွေးငါဖောက်ထုတ်ပစ်မယ်
ကျေးဇူးကန်းတဲ့ ခွေးရူးရမ်းရဲ့သွေးမျိုး
ငါ့ကိုယ်တွင်း စီးဆင်းမခံနိုင်ဘူး။

ဘာနေ့ မို့ လို့လဲမမေးနဲ့ 
ဟောဒီနေ့  ဖေဖ၀ါရီတဆယ့်သုံး
“အမ လိမ်မပြောရ” ဆိုတဲ့ မြားတစ်စင်း
မြေကမ္ဘာကို ချဉ်းနင်းဝင်ရောက်ခဲ့တာ..။

ချွန်မြထက်ရှတဲ့ အဲဒီမြားက
အသက်ရှင်ချိန်နဲ့အမျှ
ငါတို့ နိုင်ငံ
ငါတို့ လူမျိုး
ငါတို့ တိုင်းရင်းသားတွေ အတွက်တဲ့
“တကယ်ပဲအသက်နဲ့ လဲလို့ 
ဆင်းရဲဒုက္ခခံကာကြံစည်” ထိုးဖောက်ခဲ့တယ်။

နေ့ မအား ညမနား
စာအုပ်ပုံတွေကြားမှာ
တက္ကသိုလ်ပရ၀ုဏ်မှာ
ဟနွိုင်မှာ
ဂျပန်မှာ
ဘန်ကောက်မှာ
ရိုးမတောတောင်တွေမှာ
လန်ဒန်မှာ
ပင်လုံမှာ
လက်ရုံး နှလုံး
အားလုံးအားလုံး ရှိရှိသမျှ
အိတ်သွန်ဖာမှောက်
မီးယန်းကုန် ရိုးကျေခန်း ကြိုးပန်း
အင်ပါယာတခုကို နေ၀င်စေခဲ့ပြီး
ငါတို့ ကို လတစင်းပေးခဲ့တယ်။

ဘုန်းမီးနေလတောက်ပ
အားလုံးကကြည်ညိုမြတ်နိုး
ရာထူးအာဏာမိုးကြိုးထက်နေပေမယ့်
ခိုင်မတ်တည်ကြည် ကျောက်စိုင် ကျောက်သား
သံမဏိအလား ကိုယ်ကျင့်တရား
နိုင်ငံတော်နဲ့  နိုင်ငံသားတို့ ဘဏ္ဍာ
သဲတပွင့်သော်မှ
ကိုယ်ကျိုးအတွက် မသုံးခဲ့ဘူး။

“ငါမလိုချင်ဘူး
ဖဆပလ သွားလှူခိုင်းလိုက်” …။

လမ်းတ၀က်
ကားပျက်တော့လည်း
“ခြေကျင်လျှောက်တာပေါ့ကွာ”..။

မြင့်မြတ်သောသေနာပတိတစ်ဦးရဲ့
အထူးနံက်စာက
ပဲပြုတ်နဲ့ နံပြား ….။

ချစ်ခင်မြတ်နိုးသူဖြစ်သော်ငြား
“ခင်ဗျားမြင်းလှည်းနဲ့  သွားပါ”….။

ဆာလောင်လွန်းသော ရုံးဆင်းညနေစာ
မျက်နှာပူ လိပ်ပြာမလုံခဲ့သော အပါးတော်မြဲ ။

“စီးပွားရေးလုပ်တဲ့ ငနဲတွေဆီက ဘာမှမယူဘူး”
ဒါကြောင့်လည်း..
ငါးမူးတန်းတောင် အနိုင်နိုင်…။

ဟိုမှာအေးတယ်ကွဲ့ 
“အနွေးထည်ပါရဲ့လား”
စာနာလေးစား
‘ရှိ’ နဲ့  ‘ပါ’ ပြောင်းမေး
သူတပါးပေးတဲ့
အဲဒီလောင်းကုဒ်ကြီးနဲ့ 
တကမ္ဘာလုံးက
ခန့် ငြား လေးစားခဲ့တယ်..။

ခုတော့လည်း
ကျေးဇူးမသိသူ ကျေးဇူးမေ့သူထက်
ကျေးဇူးကန်းသူက ပိုများ
သူ့ အရိပ်ကိုခို
သူခုတ်ထွင်ရှင်းလင်းပေးခဲ့တဲ့မြေပေါ်လျောက်
သူဖောက်ခဲ့တဲ့လမ်းကိုနင်း
သူဆောက်ခဲ့တဲ့အိမ်မှာနေ
သူစိုက်တဲ့အပင်ကအသီးကိုစား
သူထားခဲ့တဲ့ရတနာများစွာကိုသုံး
သူကြောင့် လူတလုံး သူတလုံးဖြစ်ခဲ့ကြပြီး
စုံးလုံးကန်းနားပင်းဒေ၀ဒတ်တသင်းက
သူ့ အလင်းကို မှိန်စေချင်သတဲ့။

အေး
မင်းတို့ လိုကောင်တွေကို အပြတ်ပြောမယ်
ပုပ်အဲ့ညစ်ထပ်
အပေါစားလုပ်ဇာတ်တွေနဲ့ တော့
သူ့ ရဲ့ သမိုင်းမှန် အမှန်တရား
ဖုံးလွှမ်းမထားနိုင်ဘူး
အာဇာနည်မျိုးအစစ်မို့ 
တို့ အားလုံးချစ်တယ်ဟေ့။

သောင်းတိုက်ကိုထိန်လင်း
ရိုးဖြောင့်မြင့်မြတ်ဂုဏ်သတင်း
ဟေ့…လေညှင်းမလိုဘူးကွ
ငါတို့ ရဲ့အမျိုးသားခေါင်းဆောင်
လွတ်လပ်ရေးဖခင်
တို့ အားလုံးရဲ့ ကျေးဇူးရှင်
အောင်ဆန်းဆိုတာ ဘယ်လိုလူစား
တို့ အားလုံးသိတယ်။

ရင်ဘတ်မှာ ကမ္မည်းတင်
နှလုံးသားမှာထွင်းထု
သူ့ ရဲ့ကျေးဇူး
ဒီနေ့ မှာမှ ငါတို့  ဥဒါန်းမကျူးကြရင်
ငါတို့သွေး ငါတို့ ဖောက်ထုတ်ပစ်မယ်
ကျေးဇူးကန်းတဲ့ ခွေးရူးရမ်းရဲ့သွေးမျိုး
ငါ့တို့ ကိုယ်တွင်း
ဘယ်တော့မှ စီးဆင်းစေမှာမဟုတ်ဘူး။
(ခြိမ့်ထက်)