ဥပဒေနယ်ပယ်နဲ့ တရားစီရင်ရေးနယ်ပယ်မှာအလွန်အရေးပါပြီး အမြဲလိုလို တွဲဖက်တွေ့ရှိရတတ်တဲ့ "Discretionary Power" (ကျင့်သုံးပိုင်ခွင့်/ အဆုံးအဖြတ်ပေးပိုင်ခွင့်အာဏာ) နဲ့"Inherent Power" (ကိုယ်ပိုင်ပင်ကိုယ်အရည်အသွေးအရ ရှိရင်းစွဲအာဏာ) တို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖော်ပြပေးပါမယ်။
၁။ Discretionary Power (ကျင့်သုံးပိုင်ခွင့် သို့မဟုတ် အဆုံးအဖြတ်ပေးပိုင်ခွင့်အာဏာ)
===========
Discretionary Power ဆိုတာ၊ ဥပဒေက တရားသူကြီး သို့မဟုတ် စီမံခန့်ခွဲရေးအာဏာပိုင်တစ်ဦးကို ကိစ္စရပ်တစ်ခုအပေါ် တိကျပြတ်သားသော စည်းမျဉ်းတစ်ခုတည်းအတိုင်း လိုက်နာရန် အတင်းအကျပ် မပြဌာန်းဘဲ၊ ဖြစ်ရပ်ရဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး မိမိရဲ့ ကိုယ်ပိုင်အမြော်အမြင်၊ တရားမျှတမှုစံနှုန်းတို့အပေါ် အခြေခံကာ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် ပေးထားတဲ့ အာဏာကို ဆိုလိုတယ်။ သို့သော် ထိုအာဏာဟာ၊ လုံးဝဥဿုံ လွတ်လပ်ခြင်း (Arbitrary) မဟုတ်ဘဲ ဥပဒေကြောင်းအရ အကြောင်းပြချက် ခိုင်လုံရပါမယ်။
REF: Black's Law Dictionary (11th Edition), Bryan A. Garner, 2019, Thomson Reuters (West Publishing Co.), St. Paul, MN, USA., p.583, "Judicial Discretion"
• အနှစ်ချုပ်: ဥပဒေကြောင်းအရ ပြတ်ပြတ်သားသား ကန့်သတ်မထားတဲ့ ကိစ္စရပ်များတွေမှာ တရားသူကြီးတစ်ဦးအနေဖြင့် မျှတမှု နဲ့ သင့်လျော်မှန်ကန်မှုရှိစေရန် မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ခွင့် ဟာ (Discretion) ဖြစ်တယ်။
• ဥပမာအားဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ အာမခံပေးခြင်းနဲ့စပ်လျဉ်းပြီး "May be released on bail" (အာမခံပေးနိုင်သည်) ဟု သုံးနှုန်းထားခြင်းမျိုး ဖြစ်တယ်။ "May" လို့ သုံးနှုန်းထားခြင်းဟာ တရားရုံးကို "Discretionary Power" ပေးထားခြင်းဖြစ်ပြီး၊ မဖြစ်မနေ ပေးရမည်ဟု ပြဌာန်းတဲ့ "Shall" နဲ့ကွာခြားတယ်။
၂။ Inherent Power (ကိုယ်ပိုင်ပင်ကိုယ်အရည်အသွေးအရ ရှိရင်းစွဲအာဏာ၊ မူလဘူတအာဏာ)
==============
Inherent Power ဆိုတာကို ဥပဒေပြဌာန်းချက်တွေမှာ တိတိပပ အတိအလင်း ရေးသားဖော်ပြမထားပေမဲ့၊ တရားရုံးတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်၊ တရားစီရင်ရေးလုပ်ငန်းစဉ်ကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန်နဲ့ အမှုသည်များအတွက် "စစ်မှန်သော တရားမျှတမှု" (Ends of Justice) ဖော်ဆောင်ပေးနိုင်ရန်၊ "တရားရုံးဖြစ်တည်လာမှုနှင့်အတူ ပင်ကိုယ်ကတည်းက ကပ်ပါလာသော အာဏာ" ကို ဆိုလိုတယ်။ ဥပဒေပြဌာန်းချက်မှာ လစ်ဟာနေတဲ့ကြားနယ် (Gap) ဖြစ်နေပြီး၊ အခက်အခဲကြုံရချိန်မှာ ဒီ အာဏာကို သုံးရတယ်။
REF: Mulla: The Code of Civil Procedure (Abridged Edition / 18th Edition), Sir Dinshah Fardunji Mulla (Revised by Soli J. Sorabjee), (2012), LexisNexis Butterworths Wadhwa, Nagpur, India., (Pages 280-284), Section 151 ဖွင့်ဆိုချက်အောက်တွင်ရှု။
o အနှစ်ချုပ်: ဥပဒေပြုလွှတ်တော်ဟာ အနာဂတ်မှာ ဖြစ်လာမဲ့ အခြေအနေအားလုံးကို ကြိုတင်ခန့်မှန်းပြီး ဥပဒေမပြဌာန်းနိုင်ဘူး။ ဒါ့ကြောင့် ဥပဒေမှာ အတိအလင်း မပါရှိပေမဲ့ တရားမျှတမှုအတွက် လိုအပ်ပါက တရားရုံးက ၎င်းရဲ့ ရှိရင်းစွဲအာဏာ၊ မူလဘူတ အာဏာ (Inherent Power) ဆိုတာကို သုံးပိုင်ခွင့်ရှိတယ်။