Sunday, December 29, 2019

တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေး ဆိုင်ရာ ဥပဒေသ

တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေး ဆိုင်ရာဥပဒေသကို
အများလက်ခံထားသော အစဉ်အလာအတိုင်း အဓိပ္ပါယ်သတ်မှတ်ထားသည်မှာ
"သတ်မှတ်ထားသည့် အချို့သောရာဇဝတ်မှုကြီးများသည်
မည်သည့်နေရာ၌ဖြစ်ပွားသည်ဖြစ်စေ၊
ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူမှာ မည်သည့်နိုင်ငံသားပင်ဖြစ်စေ၊
ရာဇဝတ်မှုဆိုင်ရာ ကြားနာစစ်ဆေးခြင်းများအား နိုင်ငံတစ်နိုင်ငံမှ လုပ်ဆောင်ရန် ခွင့်ပြုခြင်း သို့မဟုတ် လုပ်ဆောင်စေခြင်း ဟူသော
ဥပဒေရေးရာစည်းမျဉ်းတစ်ခုဖြစ်သည်။"
၎င်းစည်းမျဉ်း၏ နောက်ကွယ်အကြောင်းတရားမှာ
သတ်မှတ်ထားသည့် အချို့သောရာဇဝတ်မှုကြီးများသည်
နိုင်ငံတကာအကျိုးစီးပွားအပေါ် အန္တရာယ်သက်ရောက်မှု ကြီးမားလွန်းသည့်အတွက်
၎င်းရာဇဝတ်မှုကြီးများသည် မည်သည့်နေရာ၌ဖြစ်ပွားသည်ဖြစ်စေ၊
ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူမှာ မည်သည့်နိုင်ငံသားပင်ဖြစ်စေ၊
ကျူးလွန်သူများကို စစ်ဆေးစီရင်ရန် နိုင်ငံများတွင် မလွဲမသွေတာဝန်ရှိသည်ဟူသော တွေးခေါ်ယူဆချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို ကမ္ဘာ့မည်သည့်နေရာ၌ မည်သူကကျူးလွန်သည်ဖြစ်စေ စစ်ဆေးစီရင်ခွင့်ပြုသည်။
REF:
Principle of Universal Jurisdiction
=========================
The principle of universal jurisdiction is classically defined as "a legal principle allowing or requiring a state to bring criminal proceedings in respect of certain crimes irrespective of the location of the crime and the nationality of the perpetrator or the victim". [1] The rationale behind it is based on the notion that 'certain crimes are so harmful to international interests that states are obliged to bring proceedings against the perpetrator, regardless of the location of the crime and the nationality of the perpetrator or the victim'. Universal jurisdiction allows for the trial of international crimes committed by anybody, anywhere in
the world.'[2]
[1]. Kenneth C. Randall, "Universal jurisdiction under international law", Texas Law Review, No. 66 (1988), pp. 785-8: International Law Association Committee on International Human Rights Law and Practice, "Final Report on the Exercise of universal jurisdiction in respect of gross human rights offences", 2000, p. 2.
[2]. Mary Robinson, 'Foreword', The Princeton Principles on Universal Jurisdiction, Princeton University Press, Princeton, 2001, p. 16.
*****************************************
(ဖွင့်ဆိုရှင်းလင်းချက် - ၁)
================
သတ်မှတ်ထားသည့် အချို့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုကြီးများဆိုသည်မှာ
-ပင်လယ်ဓါးပြမှု
-ကျွန်ပြုခိုင်းစေမှု
-စစ်ရာဇဝတ်မှု
-ငြိမ်းချမ်းရေးကို ဆန့်ကျင်သောရာဇဝတ်မှုများ
-လူသားဖြစ်တည်မှုကို ဆန့်ကျင်သောရာဇဝတ်မှုများ
-လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှု
-ညှင်းပန်းနှိပ်စက်မှု
အစ ရှိသည်တို့ဖြစ်သည်။
(ဖွင့်ဆိုရှင်းလင်းချက် - ၂)
================
ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ နာဇီအစိုးရက ဂျာမန်ပြည်သူများနှင့် ဂျူးလူမျိုးများအပေါ်တွင် လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်သောရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုများ၊ ညှင်းပန်းနှိပ်စက်မှုများကို အလွန်အမင်းဆိုးဝါးရက်စက်စွာ ကျုးလွန်ခဲ့သည့်အတွက်၊ နောက်နောင်တွင် ထိုကဲ့သို့သော ပြစ်မှုများကို မည်သူက မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ၊ မည့်သည့်နိုင်ငံကမှ လျစ်လျုရှုမထားသင့်ဟူသော အတွေးအခေါ် အပေါ်အခြေခံ၍ နိုင်ငံတကာဥပဒေလောကတွင်၊ တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေး ဆိုင်ရာ စနစ်ကို စတင်စဉ်းစားလာကြခြင်းဖြစ်သည်။

Sunday, November 17, 2019

အဝိဇ္ဇါ ပိတ်ခါဆို့၊ မိစ္ဆာမြို့ပြင်ပြင်

စွယ်စုံကျမ်းမှာအတိအလင်းဖေါ်ပြမှတ်တမ်းတင်ခဲ့လျက်နဲ့
ကျောင်းသုံး ပြဌာန်းစာအုပ်တွေမှာပါရှိခဲ့လျက်နဲ့
မိန့်ခွန်းတွေ၊ စာမှတ်တမ်း အသံမှတ်တမ်းတွေမှာ အထင်အရှား ဖေါ်ပြခဲ့ပါလျက်နဲ့
"ဘယ်တုန်းကမှမရှိခဲ့ဘူး" ဆိုတဲ့ စကားကို
ဘယ်လိုကြောင့်များ ပြောရဲကြပါလိမ့်ဆိုတာကို စဉ်းစားမရခဲ့ဘူး။
ဒီနေ့ CNN သတင်းတစ်ပုဒ်ဖတ်လိုက်တော့
(REF: https://edition.cnn.com/…/flat-earth-conference-…/index.html)
- "YouGov" က အရွယ်ရောက်ပြီးသူ အမေရိကန် ၈၀၀၀ ကို ၂၀၁၈ မှာ လုပ်ထားတဲ့ ဆာဗေးအရ ၆-ရောက်မှာ ၁-ရောက်က ကမ္ဘာကြီးလုံးတယ်ဆိုတာ သိပ်မသေချာဘူးလို့ ဆိုကြတယ်။
- Datafolha Institute ရဲ့ ဘရာဇီးလ်လူမျိုး ၂၀၀၀ ကျော်ကို မေးမြန်းထားတဲ့ ၂၀၁၉ ဆာဗေးအရ သူတို့ထဲက ၇-ရာခိုင်နှုန်းက ကမ္ဘာကြီးလုံးတယ်ဆိုတာ လက်မခံကြဘူး ဆိုပဲ။
- အခုသီတင်းပတ်ထဲမှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ် မြို့မှာ တတိယအကြိမ်မြောက် "ကမ္ဘာပြား နိုင်ငံတကာညီလာခံ" ကျင်းပရာမှာ လူ ၆၀၀ ကျော်တက်ရောက်ကြတယ်။ ဘရာဇီးလ် ဗြိတိန် နဲ့ အီတလီ နိုင်ငံတွေမှာလည်း အလားတူ ညီလာခံမျိုးတွေ ကျင်းပကြသတဲ့။
ဒီ အဖြစ်အပျက် အချက်အလက် တွေကို ကြည့်ရင်
အကိုးအကား အထောက်အထား အချက်အလက်တွေနဲ့ ဘယ်လိုပဲ ဟောဟော ပြောပြော
လူသားတွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု မိုက်မဲမှု တစ်ယူသန်မှု စိတ်နှလုံးသားအမှောင်ကျနေမှု တွေ ကို ဖယ်ရှားဖို့မလွယ်ဘူးဆိုတာကို သိသာတယ်။

Saturday, November 16, 2019

မင်း နှင့် ကတိ သစ္စာ

ဖိုးတော်၏ညီတော် ပင်းတလဲးမြို့စားမင်းသားသည် ဖိုးတော်ထံ လှာပြီးလျှင် နောင်တော်-ငမောင်တို့ ယခုအခါ ကျွန်တော်တို့ ကို ကျော်လို့ ဖုံးလွှမ်းနေသည်ကို ကြည့်နေမည်လား ဟုပြောရာ ဖိုးတော်က ငမောင် ဖုံးလွှမ်းနေသည်ကို ညီခင်မတတ်နိုင်ဘူးလား ဟု မေးတော်မူရာ ညီခင်တတ်နိုင်ပါရဲ့ နောင်တော် ထီးနန်းကို စံရလျှင် ညီခင်ကို မည်ကဲ့သို့ ထားမည်လဲးမေးသော် ဖိုးတော်က အစ်ကိုနန်းစံ ညီနန်းရံပ ဟု မိန့်ချက်အရ ပင်းတလဲးမင်းသားသည် တရံရောအခါ  အင်းဝမြို့နန်းတော်သို့ အမှတ်မဲ့ဝင်၍ ဖောင်းကားမင်းကို လုပ်ကြံရာ ဖောင်းကားမင်းကံကုန်လျှင် ဖိုးတော်ကို ပင်းတလဲးမင်းသားက ထီးနန်းသိမ်းပိုက်ရန် မင်း အဖြစ်သို့ တင်မြှောက်တော် မူလေသည်။
မင်းအဖြစ်သို့ တင်မြှောက်ပြီးနောက် ပင်းတလဲးမင်းသားက အထက်ကဘိ ယှိသည်အတိုင်း အိမ်ရှေ့ အရာကို အကြိမ်ကြိမ်တောင်းရာ ဖိုးတော်က ညီခင် နောင်တော်နှိုက် သားတော်ကြီးတွေ များလျက်ဖြစ်သောကြောင့် အိမ်ရှေ့ အရာကိုချီးမြှင့်ရန် ခဲယဉ်းခြင်းယှိနေကြောင်း မိန့် တော်မူသည်ကို ပင်းတလဲးမင်းသားက ငါ့ကြောင့် နောင်တော် ထီးနန်းရသည်ကိုလျက် ကျေးဇူးမထောက် သစ္စာမရှိသူဖြစ်သည်ဟု စိတ်နှိုက်အမှတ်ထားပြီးလျင်  တနေ့သနှိုက် ဖိုးတော်မင်းတြားကြီး ဆင်တော်စီး၍ မြို့ပြင်သို့ထွက်တော်မူသောအခါ ပင်းတလဲးမင်းသားသည် ကွယ်ရာကချောင်း၍ သေနတ်နှင့်ပစ်ရာ ဖိုးတော်မင်းတြား၏ နံဘေးလက်ကြား ဂျိုင်းအောက်ကို ကျည်ဆန်ဝင်ထွက်သွားလေသည်။ ကိုယ် အင်္ဂါတို့ ကို တစုံတရာ မခိုက် ယှိချေသည်။
ဤအခါ နောက်ပါ ကိုယ်ရံအမှုထမ်းတို့ ဝိုင်းဝန်းလိုက်လံဖမ်းဆီးရာ မိကြသဖြင့် ညီတော် ပင်းတလဲးမင်းသား ဖြစ်ကြောင်း သံတော်ဦးတင်ရာ ဖိုးတော်မင်းတြားက မျက်တော်မူသောကြောင့် ညီတော်ဖြစ်သော်လည်း ထောက်ညှာစရာမယှိ သွားမည်းတိုင်း လမ်းသွားရန် သုတ်သင်စီရင်ရမည် ဟု မိန့်တော်မူချက်အရ အာဏာသားတို့က ပင်းတလဲးမင်းသားကို ရေမှာချ၍ သတ်လေသည်။
ယင်းသည့်အကြောင်းကို ငါတို့လက်ထက် အဖြစ်အပျက်မှန်သမျှကို  ရာဇဝင်နှိုက် ထုတ်ဖော်၍ မပြရဟု ဖိုးတော်မိန့်ချက်အရ  ရာဇဝင် မဖော်မပြရပဲး  ချွင်းချန်ထားရသည် ဟု ဘုံကျော်ဆရာတော်ဘုရား မိန့် တော် မူသော မှတ်သားချက်ပုရပိုက်ကို ဖတ်ရဘူးဧည့်။

(မှော်ပီဆရာသိန်းကြီး ၏
"ပစပ်ရာဇဝင်" (၁၉၆၇၊ ဩဂုတ်လ)
ပ-ဒု ၂ တွဲပေါင်း ၊  အေးအေးစာပေတိုက်
စာ ၄၀-၄၂ မှ မူရင်းသတ်ပုံအတိုင်း ကောက်နှုတ်ချက်)

မှတ်ချက်။
ဖိုးတော်-----ဘိုးတော်ဘုရား(ဗဒုံမင်း)
ငမောင်-----ဖောင်းကားစားမောင်မောင်
အထက်ကဘိ-----အထက်ကတိ (ယခင် ကတိပြုခဲ့သည့်အတိုင်း)

Thursday, November 14, 2019

နေ့တိုင်းကြားက ထူးခြားလိမ္မာ

ဆန့်ကျင်ဘက်သား၊ မိတ်ဆွေထား၊ အများပျက်စီးမည်

ဖွတ်မျိုးသည် ပုတ်သင်မှ ချမ်းသာကိုမရသကဲ့သို့
ယုတ်မာသောအဆွေခင်ပွန်းနှင့်
ပေါင်းဘော်သောသူသည်
စင်စစ် ချမ်းသာကိုမရ။
ကိုယ်ကို ပျက်စီးခြင်းသို့သာ ရောက်စေ၏။
(၅၅၀ ဇာတ်တော်များ၊ ဇာတ်တော်အမှတ်-၁၄၁၊ ဂေါဓာဇာတ် မှ ကောက်နှုတ်ချက်။)

Friendship with bad company causes ruin

One should never make friends of the wicked,
for such act will bring the sorrow and ruin in his life,
like a single wicked chameleon has caused the bane of all iguanas.
****************************************

ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်နှစ်ဦး

လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်နှစ်ယောက်တို့သည် အဘယ်နည်း။
အကြင်ပုဂ္ဂိုလ်သည်ကားရှေးဦးစွာ ကျေးဇူးပြုတတ်၏၊ အကြင်ပုဂ္ဂိုလ်သည် ပြုဖူးသောသူ့ကျေးဇူးကို သိ၍ ပြုဖူးသောကျေးဇူးကို ထင်စွာ ပြလေ့ရှိ၏။
ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရခဲကုန်၏။
(အဘိဓမ္မပိဋက၊ ပုဂ္ဂလပညတ်ပါဠိတော်၊ နိဒ္ဒေသ၊ ၁ - ဧကကပုဂ္ဂလပညတ်၊ အပိုဒ်-၈၃၊ မြန်မာပြန်)

Two Rare Persons

Which two persons are something of a rarity in this world?
He: who does good first, and he: who openly recognizes it.
Such two persons are rare in this world.
****************************************

ခိုင်းသူအမိုက်၊ ကဲ့ရဲ့ထိုက်၏

ပညာသမ္ပဇဉ်၊ ဉာဏ်မယှဉ်ပဲ
ဉယျာဉ်သည်မိုက်၊ စရိုက်မကောင်း
မျောက်အပေါင်းကို၊ ရေလောင်းခိုင်းငြား
ကျိုးပျက်ပြား၏၊ တရားအမြစ်
စစ်သော်တမူ၊ အရင်းယူက
ခိုင်းသူအမိုက်၊ ကဲ့ရဲ့ထိုက်၏။
(မန်လည်ဆရာတော်၊ မဃဒေဝ၊ အပိုဒ် ၂၀၁)

မိုက်မဲသောဉယျာဉ်မှူးသည် ပညာဉာဏ်မယှဉ်ဘဲ အကျင့်စရိုက်မကောင်းသော မျောက်အပေါင်းကို သစ်ပင်များရေလောင်းခိုင်းရာ ဉယျာဉ်တစ်ခုလုံးပျက်စီးကုန်၏။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းတရားအား ဆန်းစစ်သော် ထိုသို့ခိုင်းစေသူ ဉယျာဉ်မှူးမိုက်ကိုသာလျှင် ကဲ့ရဲ့ရှုံ့ချအပ်ပေသည်။

When the foolish gardener recklessly encouraged the abysmal monkeys water the plants, the whole garden went ruined. The root cause of that implication is only because of that foolish gardener and he alone ought to be criticized.