Showing posts with label အတွေးအခေါ်. Show all posts
Showing posts with label အတွေးအခေါ်. Show all posts

Tuesday, September 15, 2026

ဥပဒေစည်းမျဉ်းများဖြင့် ပိတ်မိခြင်း၊ တရားမျှတမှုကို မျက်ကွယ်ပြုခြင်း နှင့် ‘မဟာဘာရတ ဇာတ်တော်ကြီး’ က ပေးတဲ့သင်္ခန်းစာများ

နိဒါန်း
*******
လူ့အဖွဲ့အစည်း တစ်ရပ်မှာ တရားဥပဒေရဲ့ အဓိက ရည်ရွယ်ချက်က အားနည်းသူတွေကို ကာကွယ်ပေးဖို့နဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးရန် ဖြစ်တယ်။ အဲ့ဒီလို ဥပဒေရဲ့ တကယ့် အနှစ်သာရကို လျစ်လျူရှု၊ မျက်စိမှိတ် နားပိတ် နှလုံးသားအမှောင်ချပြီး၊ ဥပဒေရဲ့ အစဉ်အလာလုပ်ထုံးလုပ်နည်းတွေ နဲ့ ဥပဒေစာသားတွေနောက်ကိုပဲလိုက်နေမယ်ဆိုရင်၊ နိုင်ငံရဲ့ယန္တရားတစ်ခုလုံး ပြိုလဲသွားပြီး၊ သွေးချောင်းစီးစစ်ပွဲကြီးတွေ ဖြစ်လာနိုင်တဲ့အကြောင်းကို အိန္ဒိယ ဟိန္ဒူယဉ်ကျေးမှုမှာ၊ အလွန်ထင်ရှားကျော်ကြားတဲ့ "မဟာ ဘရတ The Mahābhārata" ဇာတ်တော်ကြီးက သတိပေးထားတယ်။ "မဟာဘာရတ္တဇာတ်တော်ကြီး" မှာ တွေ့မြင်ရတဲ့၊ ကုရုမင်းဆက် ပျက်သုဉ်းခဲ့ရတဲ့ သွေးချောင်းစီး မဟာစစ်ပွဲကြီးဟာ ရုတ်တရက် ပေါ်ပေါက်လာတာမျိုး မဟုတ်ဘဲ၊ တရားမျှတမှု ဆိတ်သုဉ်းခြင်း၊ ကတိသစ္စာဖေါက်ဖျက်ခြင်း နဲ့အတူ၊ လူမှုနိုင်ငံရေး ပဋိပက္ခများရဲ့ အကျိုးဆက်အဖြစ် ရှောင်လွှဲမရတော့တဲ့ အခြေအနေမှာ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်တယ်။
၁။ ဥပဒေလုပ်ထုံးလုပ်နည်း စာသားများကို ဗဟိုပြုလွန်းခြင်းသည် တရားမျှတမှုကို မျက်ကွယ်ပြုရာရောက်ခြင်း
************************
မဟာဘာရတဇာတ်တော်ရဲ့ အဆိုးရွားဆုံးနဲ့ အထွတ်အထိပ်ပြဿနာက၊ ကြွေအန်ကစားပွဲအပြီး လူပုံအလယ်မှာ ဒရုပ်ပါဒီအမျိုးသမီး အဝတ်ချွတ်စော်ကားခံရတဲ့ (Vastraharan) ဖြစ်ရပ်ပင် ဖြစ်တယ်။ ဒီဖြစ်ရပ်မှာ တကယ့်တရားမျှတမှု (Substantive Justice) ကို မျက်ကွယ်ပြုပြီး ဥပဒေရဲ့ သီအိုရီနဲ့ လုပ်ထုံးလုပ်နည်း ဟာကွက်တွေ (Procedural Technicalities) နောက်သို့သာ လူအများက လိုက်ခဲ့ကြခြင်းက၊ မဟာစစ်ပွဲကြီး ဖြစ်ပေါ်လာရန် အဓိက အကြောင်းရင်း ဖြစ်လာခဲ့ပုံကို မီးမောင်းထိုးပြထားတယ်။
• ယုဓိသတိရ ဟာ၊ လောင်းကစားပွဲမှာ မိမိကိုယ်ကိုရော ဇနီးဖြစ်သူ(ဒရုပ်ပါဒီ)ကိုပါ အလောင်းအစားလုပ်ပြီး ရှုံးနိမ့်ခဲ့တဲ့နောက်၊ ကောရဝညီနောင် ‘ဒုရှာသန’ က ဒရုပ်ပါဒီကို နန်းတော်ညီလာခံအလယ်ကို ဆံပင်ကနေဆွဲပြီး အကြမ်းဖက် ခေါ်ဆောင်ခဲ့တယ်။
• ဒီအခြေအနေ အချိန်အခါမှာ ဒရုပ်ပါဒီက၊ ပညာရှင်ဆန်ဆန် ဝေဘန်ထောက်ပြ ငြင်းချက်ထုတ် စိန်ခေါ်ခဲ့တဲ့ ဥပဒေရေးရာ ပြဿနာတစ်ခုဖြစ်တဲ့ "ယုဓိသတိရသည် မိမိကိုယ်ကို အရင်ရှုံးနိမ့်ခဲ့သလား၊ ကျွန်မကို အရင်ရှုံးနိမ့်ခဲ့သလား။ (ယုဓိသတိရသည် မိမိကိုယ်ကို အရင်ရှုံးနိမ့်ခဲ့သည်ဖြစ်၍) မိမိကိုယ်တိုင် ကျွန်ဖြစ်သွားသူ တစ်ယောက်တွင် သူတစ်ပါးကို (ဇနီးဖြစ်စေကာမူ) ထပ်မံ အလောင်းအစားလုပ်ပိုင်ခွင့် (Legal Right) ရှိသလား" ဆိုတဲ့ သူမရဲ့ ချေပချက်ဟာ ထိုခေတ်ကာလ တရားစီရင်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာ အခြေခံမူတွေကို အကြီးအကျယ် တုန်လှုပ်စေခဲ့တယ်။ ဒါပေမဲ့လဲ ဒီငြင်းချက်ကို ဘယ်ဥပဒေပညာရှင်ဟု အဆိုရှိသူကမှ အလေးအနက် စဉ်းစားဆင်ခြင် ဝေဖန်သုံးသပ်မှု မပြုခဲ့ကြဘူး။
• ဒါ့အပြင် ညီလာခံမှာရှိတဲ့ မင်းကြီး၊ ပညာရှိအမတ်ကြီးတွေ၊ ဆရာသမားနဲ့ ခင်ပွန်းဖြစ်သူ စစ်သည်တော်ကြီး ငါးဦးစလုံးဟာ၊ တရားမျှတမှု အမျိုးသမီးအခွင့်အရေး လူ့ဂုဏ်သိက္ခာ စတဲ့ ဥပဒေရဲ့ အနှစ်သာရ နဲ့ အစစ်အမှန်ဓမ္မတရားတွေကို ကာကွယ်စောင့်ရှောက်ကြရမဲ့အစား၊ သူတို့နည်း သူတို့ဟန်နဲ့ လက်ခံထားတဲ့၊ ဥပဒေ စည်းမျဉ်း အစဉ်အလာ စကားလုံးတွေရဲ့ဟာကွက်တွေထဲမှာ ပိတ်မိနေပြီး ခေါင်းငုံ့တိတ်ဆိတ်နေခဲ့ကြတယ်။

၂။ တာဝန်ရှိသူတို့၏ မျက်ကွယ်ပြုမှုသည် မကောင်းမှု အဓမ္မ(Adharma) ကို တရားဝင်ခွင့်ပြုရာရောက်ခြင်း
****************************
ဥပဒေပြုသူတွေ၊ တရားသူကြီးတွေနဲ့ ဥပဒေကို လိုက်နာစေရန်လုပ်ဆောင်သူတွေက၊ ဥပဒေကို တရားနဲ့အညီအဓိပ္ပာယ်ကောက်ယူရန် ပျက်ကွက်တဲ့အခါမှာ၊ မတရားမှုဟာ တရားဝင် အသွင်ဆောင်လာတော့တယ်။
• အဲ့ဒီနေ့က ကောရဝတို့ရဲ့ လုပ်ရပ်ကို သက်ဆိုင်သူ လူအများက မတားဆီးခဲ့ခြင်းဟာ၊ မတရားမှုကို အသံတိတ် အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်တယ်။
• ဒီလို ယုတ်ရင်းဆိုးသွမ်းမှုမျိုးကို တရားဝင်ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်သွားခြင်းက ‘ဒူးရယောဓန’ ကို ပိုမို မောက်မာလာစေပြီး၊ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအားလုံးကို ပျက်ပြားစေခဲ့တယ်။
• ဒါ့အပြင် ကောရဝတို့၏ ဖခင် ဘုရင်ကြီး ‘ဓရီတရဋ္ဌ’ (Dhritarashtra) ဟာ၊ မျက်စိကန်းနေရုံသာမက သားဖြစ်သူအပေါ် မျက်စိစုံမှိတ် အလွန်အမင်း တွယ်တာချစ်ခင်မှု (Blind Attachment) ကြောင့် အသိဉာဏ်ပါ ကန်းသွားခဲ့တယ်။ သားဖြစ်သူရဲ့ အမှားကို သိလျက်နဲ့ မတားဆီးဘဲ အလိုလိုက်ခဲ့ခြင်းဟာ တိုင်းပြည်ကို ချောက်ကမ်းပါးသို့ တွန်းပို့ခဲ့ခြင်းပင် ဖြစ်တယ်။
• ညီလာခံရှေ့မျောက်မှာ ရှိနေကြသူတွေဟာ "တရားမျှတမှု (Justice)" ဆိုတဲ့ ဓမ္မဥပဒေရဲ့ အနှစ်သာရကို ကာကွယ်ရမဲ့အစား၊ လောင်းကစားစည်းမျဉ်း၊ သစ္စာဆိုထားမှု၊ ပိုင်ဆိုင်မှု ဆိုင်ရာစည်းမျဉ်း၊ ညီအစ်ကိုကျင့်ဝတ် … အစရှိတဲ့ အပေါ်ယံ "ဥပဒေ စာသားများ” အတွင်းမှာပဲ ပိတ်မိနေခဲ့ကြတယ်။

၃။ မှားယွင်းသော သစ္စာတရားများ
*****************************
တရားမျှတမှုရှိစေရေးကိစ္စမှာ၊ ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ တာဝန်ဝတ္တရား လွန်ဆွဲမှုဖြစ်လာရင် စနစ်အပေါ် ယုံကြည်မှု (Public Trust) ပျက်ပြားတတ်တယ်။
• ဘိုးတော် ဘီရှမ နဲ့ ဆရာကြီးဒရိုဏ (Drona) တို့ဟာ၊ ဟက်စတီနာပူရ ထီးနန်းကို ‘မည်သည့်အခြေအနေတွင်မဆို ကာကွယ်စောင့်ရှောက်မည်’ လို့ သစ္စာဆိုထားသူများ ဖြစ်တယ်။ ဒီညီလာခံမှာ ရှင်ဘုရင်ဖြစ်သူ ဓရီတရဋ္ဌ (Dhritarashtra) ကိုယ်တိုင်က ဒီ ကြွေအံကစားပွဲကို တားဆီးခြင်း မရှိဘူး။ ဒါ့ကြောင့် ၎င်းတို့လို သစ္စာခံအမတ်တွေအနေနဲ့ ဘုရင်ရဲ့ အဆုံးအဖြတ်ကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်ခြင်းဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ရာရောက်မယ် ဆိုတဲ့ မိမိဘာသာ အကြောင်းပြချက်နဲ့ ဥပဒေဘောင်အတွင်းမှ နှုတ်ဆိတ်နေခဲ့ကြတယ်။ “ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတာကို မကျင့်သုံးခဲ့ဘူး။
• အမြင့်ဆုံး တရားစီရင်ရေး အာဏာပိုင်တွေဖြစ်တဲ့ … ဘုရင်၊ ဘိရှမ၊ ဒရိုဏ တို့ အားလုံးဟာ ဥပဒေစာသားနဲ့ ဥပဒေအကောင်အထည်ဖေါ်ရေးနည်းလမ်းပိုင်းဆိုင်ရာ ဟာကွက်တွေ (Procedural Technicalities) ကို ဆုပ်ကိုင်ပြီး၊ အမျိုးသမီးတစ်ဦး အကြမ်းဖက်ခံရမှုကို နှုတ်ဆိတ် လက်ပိုက် ကြည့်နေခဲ့ကြတယ်။
• ပါဏ္ဍဝညီနောင်ငါးဦးထဲက၊ ဘီးမ နဲ့ အာရ်ဂျူန တို့လို ခွန်အားကြီးမားတဲ့ ညီအစ်ကိုတွေကလည်း၊ ‘ဒရုပ်ပါဒီ’ အကြမ်းဖက်ခံရချိန်မှာ ဒေါသထွက်ခဲ့ကြပေမဲ့၊ ၎င်းတို့ရဲ့ အစ်ကိုကြီး ‘ယုဓိသတိရ’ ကိုယ်တိုင်က ရှုံးမဲမဲပြီး၊ ခေါင်းငုံ့နေတဲ့အတွက် ဝင်ပါခွင့် မရခဲ့ဘူး။ အစ်ကိုကြီးရဲ့ လုပ်ရပ်ကို ဆန့်ကျင်ခြင်းဟာ ညီအစ်ကိုကျင့်ဝတ် (Bhratri Dharma) ကို ဖောက်ဖျက်ရာရောက်တယ်ဆိုတဲ့၊ နည်းဥပဒေစကားလုံးတွေအပေါ်မှာ သောင်တင်ရင်း၊ မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်။
• ဒါ့အပြင်၊ စစ်ပွဲကြီးဖြစ်လာတဲ့အခါမှာလည်း ဘိုးတော်ဘိရှမ နဲ့ ဆရာဒရိုဏ တို့က အမှားအမှန်ကို သိပေမဲ့၊ ‘ထီးနန်းအပေါ် သစ္စာစောင့်သိရမယ်’ ဆိုတဲ့၊ တာဝန်ကို အကြောင်းပြုပြီး မတရားသော ကောရဝတို့ဘက်က ပါဝင်တိုက်ခိုက်ခဲ့တယ်။ သစ္စာ တရားဆိုတာ၊ ဆိုးယုတ်သူတွေအပေါ်ထားမိနေရင်၊ ဘာတန်ဖိုးမှ မရှိတဲ့အပြင် ပျက်သုဉ်းခြင်းကိုသာ ဖြစ်စေတယ်… ဆိုတာ မြင်နိုင်တယ်။
• ဒီလို လူတော်လူကောင်းတွေက၊ ၎င်းတို့ထားတဲ့ မှားယွင်းတဲ့ တစ်ကြောင်းဆွဲ သစ္စာတရားကြောင့် အဓမ္မဘက်က ရပ်တည်ခဲ့ခြင်းဟာ စစ်ပွဲကို ပိုမို ကြီးမားသွားစေခဲ့တယ်။

၄။ မတရားမှုခံစားခဲ့ရသူတို့၏ လက်စားချေလိုစိတ်
*************************************
ဥပဒေရဲ့ အကာအကွယ်မရရှိတဲ့ ထိခိုက်နစ်နာသူတွေဟာ ကိုယ်ပိုင် တရားမျှတမှု ရှာဖွေရေး (Vigilante Justice) ဆီ, ဦးတည်သွားတတ်တယ်။
• လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အကာအကွယ်ကို မရခဲ့တဲ့အတွက် ဒရုပ်ပါဒီက ‘ဒုရှာသန၏ နှလုံးသွေးဖြင့် မိမိဆံပင်ကို မလျှော်ရသရွေ့ ဆံပင်ချည်နှောင်ထုံးဖွဲ့မည်မဟုတ်’ လို့ သစ္စာဆိုခဲ့တယ်။
• ဘီးမ ကလည်း ဒုရှာသနရဲ့ လက်မောင်းတွေကို ချိုးပြီး ရင်ဘတ်ကိုခွဲမယ်၊ ဒူးရယောဓနရဲ့ ပေါင်ကို ရိုက်ချိုးမယ်လို့ ကျိန်ဆိုခဲ့တယ်။
• နစ်နာခံစားရသူတွေရဲ့ အမုန်းတရားက ထွက်ပေါ်လာတဲ့ ဒီလိုကြောက်မက်ဖွယ် ကျိန်ဆိုချက်တွေဟာ၊ ငြိမ်းချမ်းရေး လမ်းစအားလုံးကို ပိတ်ပစ်ခဲ့သလို ဖြစ်သွားခဲ့တယ်။

၅။ အစွန်းရောက် လောဘနှင့် မနာလိုမှု
***********************
နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ အာဏာကို လက်ဝါးကြီးအုပ်လိုမှုဟာ အကြမ်းဖက်မှုများအားလုံးရဲ့ အဓိက မြစ်ဖျားခံရာ ဖြစ်တယ်။
• ကောရဝညီနောင်တွေရဲ့ စိတ်ဆိုးစိတ်ယုတ်ရှိသူ ဦးလေးဖြစ်တဲ့ ရှကုနိ (Shakuni) ဟာ ကုရုမင်းဆက်ကို ဖျက်ဆီးဖို့ ငယ်စဉ်ကတည်းက ကြံစည်ခဲ့သူ ဖြစ်တယ်။ ၎င်းက, ဒူးရယောဓနရဲ့ ရင်ထဲမှာ ပါဏ္ဍဝတို့အပေါ် မုန်းတီးမှု မျိုးစေ့ချပေးခဲ့တယ်။ ၎င်းကိုယ်တိုင် ကြွေအန်ကစားပွဲကိုလည်း လှည့်ဖျား စီစဉ်ခဲ့တယ်။ ၎င်းရဲ့ သွေးထိုးလှုံ့ဆော်မှုတွေက နှစ်ဖက် ပဋိပက္ခကို ပိုမို ကြီးထွားစေခဲ့တယ်။
• ပါဏ္ဍဝတို့ဟာ စုစုပေါင်း ၁၃ နှစ်ကြာ နန်းကိုစွန့်ခွာတောလည်ပြီးတဲ့နောက်၊ သဘောတူညီချက်အရ တိုင်းပြည်တစ်ဝက် ပြန်တောင်းချိန်မှာ ဒူးရယောဓနက ငြင်းဆန်ခဲ့တယ်။ ‘မဟာ ကရိရှဏ’ ကိုယ်တိုင်လာရောက်ပြီး၊ ရွာ ၅ ရွာသာ ပေးဖို့ တောင်းဆိုတာကိုတောင်၊ ‘အပ်တစ်ချောင်းစာ စိုက်လောက်သည့် မြေကိုမျှ မပေးနိုင်’ လို့ မောက်မာစွာ တုံ့ပြန်ခဲ့တယ်။ ကောရဝတွေရဲ့ ကတိပျက်မှု နဲ့ သစ္စာမဲ့ခြင်းက စစ်မက်ဖြစ်ပွားဖို့ အကြောင်းရင်းတစ်ခုဖြစ်တယ်။
• ပါဏ္ဍဝတို့ဖက်က ကြည့်ရင်၊ မိမိတို့က ငြိမ်းချမ်းရေးကို လိုလားပါသော်လည်း၊ တဖက်က စစ်မက်ကိုပဲ လိုလားတဲ့အခါ၊ ဥပဒေစနစ် နဲ့ သစ္စာတရားက အမှန်တရားကို မကာကွယ်နိုင်တော့တဲ့အခါမှာ၊ တရားမျှတမှုကို လက်နက်ဖြင့်ပြန်လည်ရှာဖွေရန်သာ ကျန်တော့တဲ့ အခြေအနေ ဆိုက်ရောက်သွားခဲ့တယ်။

နိဂုံး
*******

နိုင်ငံတကာ ဥပဒေတွေရဲ့ ဆင့်ကဲပြောင်းလဲလာမှု သမိုင်းကြောင်းကို လေ့လာကြည့်ရင်၊ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ လောဘ ဒေါသ မောဟ မာန်မာန အာဃာတ၊ လူအများအတွက် တရားမျှတမှု ဆုံးရှုံးခြင်း နဲ့ လူကောင်းတွေက မတရားမှုအပေါ် နှုတ်ဆိတ်နေမှုတွေဟာ၊ အဆုံးစွန်သော ပဋိပက္ခများဆီသို့ အမြဲတစေ ဦးတည်သွားလေ့ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ‘မဟာဘာရတ’ ဇာတ်တော်ကြီးဟာ ခေတ်အဆက်ဆက်မှာရှိတဲ့၊ ဥပဒေပညာရှင်တွေနဲ့ အုပ်စိုးသူတွေအတွက် အလွန် အဖိုးတန်တဲ့ လမ်းညွှန်မှုအမွေအနှစ်ကို ပေးအပ်ခဲ့တယ်။ ဥပဒေပြုသူတွေနဲ့ တရားမျှတမှုကို ဖေါ်ဆောင်ပေးဖို့ တာဝန်ရှိသူတွေဟာ ဥပဒေပြဌာန်ချက်စာသား (Letter of the Law) ကိုပဲ အသေဆုပ်ကိုင်ထားပြီး၊ ဥပဒေရဲ့ အသက်သွေးကြော ဝိညာဉ်ဖြစ်တဲ့ တရားမျှတမှု (Spirit of the Law) ကို မျက်ကွယ်ပြုလိုက်ရင်၊ လူအပေါင်းတို့ရဲ့ ကိုးစားယုံကြည်မှု ပျက်သုဉ်းသွားပြီး၊ လူ့အဖွဲ့အစည်း တစ်ခုလုံး သွေးချောင်းစီး စစ်ပွဲတွေအတွင်း မလွဲမသွေ ကျရောက်သွားနိုင်တယ်ဆိုတာကို ‘မဟာဘာရတ’ ဇာတ်တော်ကြီး က သက်သေပြနေတယ်။  



Thursday, January 29, 2026

အေအိုင် နှင့် ပညာမျိုးကန်းမည့်အန္တရာယ်

ပညာသင်ကြားရေးနယ်ပယ်တွင် ဆရာများသည် မိမိ၏ ကိုယ်ပိုင် ဉာဏ်ပညာ အတွေ့အကြုံကို အသုံးမပြုပဲ၊ အေအိုင် ကိုအသုံးပြု၍ ဘာသာပြန်ခြင်း၊ မေးခွန်းများ ဖန်တီးခြင်း၊ word puzzle များ ဖန်တီးခြင်း၊ အေအိုင် လုပ်ဆောင်ပေးသောအရာများကို မိမိကိုယ်ပိုင် ဉာဏ်ရည်အစစ်အမှန်ဖြင့် မှန်မမှန် စစ်ဆေးခြင်း၊ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းတို့ မလုပ်ပဲ ၎င်းအရာများ မေးခွန်းများဖြင့် ကျောင်းသားတို့အား သင်ကြားလျက်ရှိကြသည်။ ထိုကဲ့သို့ ပညာသင်ကြားရေးနယ်ပယ်တွင် ဆရာများအနေဖြင့် အေအိုင် (AI) ကို အစစ်အမှန် ဉာဏ်ရည် (Human Intelligence) ဖြင့် ထိန်းကျောင်းခြင်း မပြုဘဲ အလွယ်တကူ အသုံးပြုနေခြင်းသည် ရေတိုတွင် အဆင်ပြေစေသော်လည်း၊ ကျောင်းသားများ၏ အနာဂတ်အတွက် အလွန်စိုးရိမ်ဖွယ်ရာကောင်းသော ရိုက်ခတ်မှုများ ရှိလာနိုင်ပါသည်။

ဤပြဿနာကို ရှုထောင့်အသီးသီးမှ ဝေဖန်သုံးသပ်တင်ပြပါမည်။

၁။ ပညာရေး ရှုထောင့် (Educational Perspective)
သင်ကြားမှု အရည်အသွေး ကျဆင်းခြင်း
ပညာရေး၏ အနှစ်သာရမှာ အချက်အလက်များကို ပေးပို့ရုံမျှမကဘဲ ဝေဖန်ပိုင်းခြားနိုင်သော စိတ်ကူးစိတ်သန်း (Critical Thinking) ကို ပျိုးထောင်ပေးရန် ဖြစ်သည်။

မှားယွင်းသော ဗဟုသုတများ ပျံ့နှံ့ခြင်း
 AI သည် တစ်ခါတစ်ရံ "Hallucination" ဟုခေါ်သော ယုတ္တိတန်သယောင်နှင့် မှားယွင်းသော အချက်အလက်များကို ထုတ်ပေးတတ်သည်။ ဆရာက စစ်ဆေးခြင်းမပြုဘဲ သင်ကြားပါက ကျောင်းသားများသည် အမှားများကို အမှန်ဟု မှတ်ယူသွားနိုင်ပြီး အခြေခံပညာရေး အုတ်မြစ် ပျက်စီးစေပါသည်။

သင်ရိုးညွှန်းတမ်းနှင့် အံဝင်ခွင်ကျမဖြစ်ခြင်း
AI သည် ယေဘုယျကျသော အဖြေများကိုသာ ပေးနိုင်သည်။ ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်၊ ဒေသန္တရအခြေအနေနှင့် သင်ခန်းစာ၏ ရည်ရွယ်ချက် (Learning Objectives) တို့ကို ဆရာ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ပေါင်းစပ်ခြင်းမရှိပါက သင်ကြားမှုသည် အနှစ်မဲ့သော စက်ရုပ်ဆန်သည့် လုပ်ငန်းစဉ် ဖြစ်သွားပါလိမ့်မည်။

၂။ လူမှုရေး ရှုထောင့် (Social Perspective)
ဆရာနှင့် တပည့် ဆက်ဆံရေး ယိုယွင်းခြင်း
ဆရာဟူသည် ကျောင်းသားများအတွက် စံပြပုဂ္ဂိုလ် (Role Model) ဖြစ်သည်။

ယုံကြည်မှု ကင်းမဲ့လာခြင်း
ဆရာကိုယ်တိုင်က AI ထုတ်ပေးသမျှကို စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ခိုင်းစေနေသည်ကို ကျောင်းသားများ သိရှိသွားပါက ဆရာအပေါ်ထားရှိသော လေးစားမှုနှင့် ယုံကြည်မှု ကျဆင်းသွားပါမည်။ "ဆရာတောင် မစဉ်းစားဘဲ AI ခိုင်းနေတာပဲ၊ ငါတို့ကော ဘာလို့ ကြိုးစားနေရမှာလဲ" ဆိုသည့် အတွေးမျိုး ဝင်လာနိုင်ပါသည်။

စံနမူနာအမှား ပေးမိခြင်း
ဤလုပ်ရပ်သည် "ဖြတ်လမ်းနည်းဖြင့် အောင်မြင်မှုရှာခြင်း" နှင့် "တာဝန်ယူမှု ကင်းမဲ့ခြင်း" ကို လူမှုကျင့်ဝတ်တစ်ခုသဖွယ် ကျောင်းသားများထံ လက်ဆင့်ကမ်းပေးလိုက်သကဲ့သို့ ဖြစ်နေပါသည်။

၃။ စိတ်ပညာ ရှုထောင့် (Psychological Perspective)
 မှတ်ဉာဏ်နှင့် စဉ်းစားနိုင်စွမ်း အားနည်းလာခြင်း
ပညာသင်ကြားခြင်းသည် ဦးနှောက်ကို လေ့ကျင့်ခန်းပေးခြင်း ဖြစ်သည်။

သိမြင်မှုဆိုင်ရာ ပျင်းရိခြင်း (Cognitive Laziness)
ဆရာကိုယ်တိုင်က AI ကိုသာ မှီခိုနေပါက ကျောင်းသားများသည်လည်း အခက်အခဲတစ်ခုကို ရင်ဆိုင်ဖြေရှင်းလိုစိတ် မရှိတော့ဘဲ လွယ်ကူသော နည်းလမ်းကိုသာ အမြဲရှာဖွေတတ်သည့် စိတ်ဓာတ် (Dependency Syndrome) ကိန်းအောင်းသွားနိုင်ပါသည်။

တီထွင်ဖန်တီးနိုင်စွမ်း သေဆုံးခြင်း
AI ထုတ်ပေးသော ဘောင်အတွင်း၌သာ လည်ပတ်နေခြင်းကြောင့် ကျောင်းသားများ၏ ထူးခြားဆန်းသစ်သော အတွေးအခေါ်များနှင့် စိတ်ကူးစိတ်သန်းများကို ဖော်ထုတ်ပေးနိုင်သည့် "မေးခွန်းကောင်း" များ၊ "စိန်ခေါ်မှုများ" ပျောက်ကွယ်သွားနိုင်ပါသည်။

၄။ အတွေးအခေါ် ရှုထောင့် (Philosophical Perspective)
 လူသားဆန်မှုနှင့် ဉာဏ်ပညာ ပျောက်ဆုံးခြင်း
အတွေးအခေါ်ပညာရှင် R.G. Collingwood ကဲ့သို့သော ပုဂ္ဂိုလ်များ၏ အယူအဆအရ "ပညာ" ဆိုသည်မှာ မိမိကိုယ်တိုင် ပြန်လည်တွေးတော ဆင်ခြင်ခြင်း (Reflection) မှ ရရှိလာခြင်း ဖြစ်သည်။

ဉာဏ်ပညာ ကန်းမည့်အန္တရာယ်
ဆရာသည် AI ပေးသော data များကို မိမိ၏ အသိဉာဏ် (Wisdom) နှင့် ပေါင်းစပ်ခြင်း မပြုတော့လျှင် ပညာသင်ကြားရေးသည် "အသိပညာ ရှာမှီးခြင်း" မဟုတ်တော့ဘဲ "အချက်အလက်များကို ကူးချခြင်း" (Data Processing) မျှသာ ဖြစ်သွားပါမည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Autonomy) ပျောက်ဆုံးခြင်း
 လူသား၏ အဓိက စွမ်းအားမှာ "ရွေးချယ်ခြင်း" နှင့် "ဆုံးဖြတ်ခြင်း" ဖြစ်သည်။ ထိုစွမ်းအားကို စက်ကိရိယာထံ ပုံအပ်လိုက်ခြင်းသည် လူသားတို့၏ ကိုယ်ပိုင်ဉာဏ်ရည်ကို အသုံးမချတော့ဘဲ မိမိကိုယ်တိုင် ကျွန်ပြုခံရခြင်းတစ်မျိုးပင် ဖြစ်ပါသည်။

နိဂုံးချုပ် ဝေဖန်ချက်
AI သည် ဆရာတစ်ဦးအတွက် အလွန်ကောင်းမွန်သော "လက်ထောက်" (Assistant) ဖြစ်နိုင်သော်လည်း၊ "အစားထိုး" (Replacement) မဖြစ်သင့်ပါ။ ဆရာတစ်ဦးသည် AI က ထုတ်ပေးသော အရာများကို စစ်ထုတ်ခြင်း (Filter)၊ ပြင်ဆင်ခြင်း (Refine) နှင့် လူသားဆန်သော မေတ္တာ၊ အတွေ့အကြုံများဖြင့် ဖြည့်စွက်ခြင်း (Human Touch) တို့ကို မပျက်မကွက် ပြုလုပ်ရပါမည်။ ထိုသို့မဟုတ်ပါက နောင်အနာဂတ်တွင် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းသည် စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့ပြီး စက်ရုပ်များ ခိုင်းစေသမျှကိုသာ လုပ်ဆောင်တတ်သည့် "ဉာဏ်ပညာမဲ့ မျိုးဆက်သစ်များ" နှင့် ရင်ဆိုင်ရပါလိမ့်မည်။

Monday, March 10, 2025

ဓမ္မအလင်းထဲက အနန္တသင်္ချာရောင်စဉ်

 

“ဓမ္မအလင်းထဲက အနန္တသင်္ချာရောင်စဉ်”

Infinity_JPEG.jpg

 

မိတ်ဆက်နိဒါန်း

ဂျာမန်သင်္ချာပညာရှင် ဟူဂိုဝိုင်းလ်[1] က “သင်္ချာဆိုတာ အနန္တ သိပ္ပံပညာ[2]” လို့ ဆိုပါတယ်။ သင်္ချာပညာရပ်မှာ သုံးစွဲတဲ့ အနန္တ[3] ဆိုတဲ့သဘောတရားဟာ ဂရိတွေးခေါ်ပညာရှင် ဇီနို[4] ထံကနေ ဆင်းသက်လာတဲ့ သင်္ချာအယူအဆတစ်ခုဖြစ်ပြီး၊ အဲ့ဒီ သဘောတရားကြောင့် သူ့ရဲ့ “မြားအရွေ့ ဝိရောဓိ”တို့လို၊ “အာခိလိ နဲ့ လိပ် အပြေးပြိုင်ခြင်းပြဿနာ” တို့လို ကျော်ကြားထင်ရှားလှတဲ့ “ဇီနို၏ အမှန်ယောင်များ[5]” ဆိုတဲ့ ပြဿနာတွေကို ဆင့်ပွားဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီ အနန္တ သဘောတရားကို နားလည်နိုင်ဖို့ သင်္ချာပညာရှင်တွေဟာ ရာစုနှစ်တွေနဲ့ချီပြီး၊ ပုံစံအမျိုးမျိုး ရှုထောင့်အထွေထွေကနေ  သီအိုရီအမျိုးမျိုး ယူဆချက်အဖုံဖုံ နဲ့ ချဉ်းကပ်ရှင်းပြခဲ့ကြပါတယ်။ အနန္တသဘောတရားဟာ ကဲကုလသင်္ချာပညာရပ်ရဲ့ “ကန့်သတ်ချက်၊ ဆင့်ပွားဆင်းသက်ခြင်း၊ သမူဟပြုခြင်း[6]” တို့နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်[7] တွေကို ဖော်ပြဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး၊ ဒီ အနန္တ သဘောတရားတွေကို နားလည်ဖို့ကိစ္စဟာ သင်္ချာနဲ့ သိပ္ပံနယ်ပယ်အသီးသီးမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ကဲကုလနဲ့ ကိန်းသီအိုရီမှသည် စကြာဝဠာဗေဒနဲ့ ကွမ်တမ်မက္ကင်းနစ်ဆီအထိ၊ မဖြစ်မနေသုံးစွဲရမဲ့ အသေးငယ်ဆုံးကိန်း[8]နဲ့ အကြီးမားဆုံးကိန်း[9] နှစ်ခုစလုံးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အရာဟာ “အနန္တ” ပါပဲ။ တကယ်တော့ ဒီဆောင်းပါးဟာ အနန္တနဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆကို၊ သင်္ချာနဲ့ သိပ္ပံရဲ့ ရှုထောင့်ကမဟုတ်ပဲ၊ မြတ်ဗုဒ္ဓရဲ့တရားသဘောအရ အနန္တရဲ့သဘောတရားကိုရှာဖွေရင်း ၎င်းနဲ့ဆိုင်တဲ့သင်္ချာပြဿနာတွေကို နားလည်နိုင်ဖို့ ကြိုးစားကြည့်တာဖြစ်ပါတယ်။ “တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက်၊ အမြင်နီးသော်လည်းခရီးဝေး”ပြီး ရှုပ်ထွေးနက်နဲလှတဲ့ အနန္တသဘောတရားတွေကို ကျွန်တော့အနေနဲ့ လက်လှမ်းမှီနိုင်တဲ့ အနည်းငယ်မျှသော သုတ္တာန်ဒေသနာတော်အချို့ကိုလေ့လာရင်း၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် နားလည်သဘောပေါက်မိတဲ့အကြောင်း ဝေမျှတင်ပြလိုရင်းပဲဖြစ်ပါတယ်။

 

ဓမ္မထဲက အနန္တ

တကယ်တော့ အနန္တကိန်းဆိုတာ ခိုင်မာတိကျတဲ့ ကိန်းတစ်ခုဆိုတာထက် ရေတွက်နိုင်စွမ်းမရှိခြင်း အဆုံးမဲ့ခြင်း နဲ့ ပတ်သက်တဲ့ အယူအဆတစ်ခု၊  စိတ်ကူးတစ်ခု၊ သဘောတရားတစ်ခုသာဖြစ်ပါတယ်။ အနန္တဟာ လက်တွေ့လောကမှာ အရာဝတ္ထုတွေကို အတိအကျ ရေတွက်ဖို့ ဒါမှမဟုတ် တိုင်းတာဖို့မဖြစ်နိုင်တဲ့အခါမှာ အသုံးပြုနိုင်တဲ့ ကိန်းဂဏန်းသင်္ကေတတစ်ခုဖြစ်ပြီး ၎င်းကို သဘာဝကိန်း[10] သို့မဟုတ် ကိန်းစစ်[11]လို့ မသတ်မှတ်ပါဘူး။ အနန္တထက်ကိန်းထက် ပိုကြီးတဲ့ကိန်း မရှိသလို အနန္တကိန်းဟာ စုံကိန်းလည်းမဟုတ် မ'ကိန်းလည်း မဟုတ်ပါဘူး။ အနန္တလို့ ဆိုရာမှာ ကိန်းအားလုံးထက်ပိုကြီးတဲ့ အပေါင်းအနန္တကိန်းဆိုတာရှိသလို၊ ကိန်းစစ်အားလုံးထက် ပိုမိုသေးငယ်တဲ့ ‘အနှုတ်အနန္တကိန်း[12]’ ဆိုတာလဲ ရှိပါတယ်။

ဒီလို ထူးဆန်းပြီး နားလည်ရခက်တဲ့ အဆုံးမဲ့အရေအတွက်ရှိသော အနန္တသဘောတရားကို၊ မြတ်ဗုဒ္ဓရဲ့တရားတော်တွေထဲမှာ တွေ့နိုင်ပါတယ် ။ ဗုဒ္ဓစာပေတွေမှာ ‘အနန္တလေးပါး[13]’ လို့ ရှိပါတယ်။ အဲ့တာတွေကတော့ အာကာသ အနန္တ၊ စက္ကဝါဠ အနန္တ၊ သတ္တဝါ အနန္တ နဲ့ ဘုရားရှင်ရဲ့ဉာဏ်တော် အနန္တ ဆိုပြီး ဖြစ်ပါတယ်။ ထိုအရာတွေကို ဤ၍ ဤမျှရှိပါသည်ဟု ဆို၍မရ၊ တိုင်း၍မရ ရေတွက်၍မရ ဂဏန်းချပြ၍မရ ပါဘူး။ အနန္တဟာ ဒီသဘောပါပဲ။ ဒါ့အပြင် အနန္တကို ဓမ္မနဲ့ယှဉ်ပြီး ဆက်လက်ဆင်ခြင်ကြည့်ကြပါစို့။ ကျွန်တော်တို့ဟာ “သံသရာတလျှောက် ချစ်သောသူတို့နှင့် လွဲခဲ့သောကြောင့်လည်းကောင်း မချစ်သောသူတို့နှင့် တွေ့ဆုံရသောကြောင့်လည်းကောင်း ကျခဲ့ရသော မျက်ရည်သည် သမုဒ္ဒရာရေထက်ပင် များလှသည်။[14]” ဆိုတဲ့အကြောင်း၊ “သံသရာတလျှောက် ကျခဲ့ရသောသွေးတို့သည် သမုဒ္ဒရာရေထက်ပင် များလှသည်။[15]” ဆိုတဲ့ အကြောင်း ဟောကြားတော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ဆင်ခြင်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ သွေးစက်အရေအတွက်ပေါင်း မျက်ရည်စက်အရေအတွက်ပေါင်း ဘယ်၍ ဘယ်မျှဟာ သမုဒ္ဒရာရေပမာဏလောက်ရှိပါတယ်လို့ ပြောနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ နောက်ဆုံး ပြောနိုင်စွမ်း ရှိစေဦးတော့ “သမုဒ္ဒရာရေထက်ပင် များလှသည်” လို့ မြတ်ဗုဒ္ဓက ဟောတော်မူတဲ့အတွက်၊ ဒါဟာ အနန္တကိန်းသဘောတရားဖြစ်တဲ့ ဘယ်ကိန်းက ဘယ်လောက်ပင်အကြီးဆုံးပါလို့ဆိုဆို သူ့ထဲကို နောက်ထပ် ‘တစ်’ ထပ်မံ ပေါင်းထည့်ပြီး၊ သူ့ထက်ကြီးသောကိန်းတစ်ခု ဖန်တီးကြေငြာနိုင်တဲ့၊ အဆုံးမဲ့အနန္တ သဘောတရားပင် မဟုတ်ပါလော။

            ထပ်မံ၍ ပွားများဆင်ခြင်ကြည့်ကြပါစို့။ မြတ်ဗုဒ္ဓက “ယောက်ျားသည် ဤဇမ္ဗူဒိပ်၌ မြက်၊ ထင်း၊ သစ်ခက် သစ်ရွက်ကို တစ်ပေါင်းတည်း စုစည်း၍ လက်လေးသစ်စီ လက်လေးသစ် စီဖြတ်၍ “ဤကား ငါ၏မိခင်၊ ဤကား ငါ့မိခင်၏မိခင်”ဟု သတ်မှတ်ပြီး ချထားရာ၏။ ထိုယောက်ျား၏ မိခင်၏ မိခင်ကား မကုန်ဆုံးနိုင်ရာ။ ဤဇမ္ဗူဒိပ်၌ မြက်၊ ထင်း၊ သစ်ခက် သစ်ရွက်သည်သာ ကုန်သွားရာ၏။[16]” လို့ ဟောကြားတော်မူတာကို နက်နဲစွာဆင်ခြင်မယ်ဆိုရင် သံသရာတစ်လျောက် ဘဝသစ် အဖန်ဖန်ဖြစ်ခဲ့ရတဲ့ အကြိမ်ပေါင်း “အနန္တ” ရဲ့ ရေတွက်နိုင်စွမ်းကင်းမဲ့ခြင်းသဘောတရားကို ရှင်းလင်းထင်ရှားစွာ မြင်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကို “သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် အမိ၊ အဖ၊ သား၊ သမီး၊ ညီ၊ အကို၊ နှမ၊ အမ မတော်စပ်ဖူးသူ တွေ့ရန် မလွယ်ကူပါ။[17]” ဆိုတဲ့ ဒေသနာတော်က ပိုမိုထင်ရှားစေပါတယ်။ အချိန်မျဉ်းကြောင်းပေါ်မှာ အတိတ် ပစ္စုပ္ပါန် အနာဂါတ်ကို နေရာချကြည့်တဲ့အခါ၊ “အစမရှိ ရှည်လွန်းသော” ဆိုတဲ့ သဘောတရားဟာ၊ တကယ်တော့ အတိတ်ကို ရည်ညွှန်းတဲ့ ‘အနုတ်အနန္တ’ သဘောတရားဖြစ်ကြောင်း အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။

Infinity_TimeLine.jpg

အနန္တအပေါင်းအနှုတ်

အနန္တဆိုတာ သဘာဝကိန်းလည်းမဟုတ် ကိန်းစစ်တစ်ခုလည်း မဟုတ်တဲ့အတွက် ပေါင်းခြင်း သို့မဟုတ် နုတ်ခြင်း တို့လို   “စံ'ဂဏန်းသင်္ချာလုပ်ဆောင်ချက်[18]” တွေမှာ အသုံးမပြုနိုင်ပါဘူး။ သင်္ချာပညာရပ်မှာ “∞ - ∞ ‘အနန္တ အနုတ် အနန္တ’” ဆိုတာဟာ “အဓိပ္ပါယ်သတ်မှတ်ထားခြင်းမရှိ[19]”တဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့အတွေးအခေါ်လွှမ်းမိုးတဲ့ အရှေ့တိုင်းဒဿနမှာ “ပုဏ္ဏဿ ပုဏ္ဏ မာဒါယ ပုဏ္ဏမေဝ အဝသိဿေ”။ “စကြဝဠာအာကာသ[20]မှ စကြဝဠာအာကာသကိုနုတ်ပယ်လိုက်လျှင်လည်း စကြဝဠာအာကာသသာလျှင် ကြွင်းကျန်ရမည်ဖြစ်သည်” ဆိုတဲ့ အတွေး အခေါ်[21] ရှိပါတယ်။

ဒါ့အပြင်၊ ဆုံးစမထင်တဲ့ သံသရာ တစ်လျှောက်မှာ ‘ဂင်္ဂါဝါလု သဲစုမကသော ဘုရားရှင်တွေ ပွင့်ပေါ်တော်မူခဲ့ကြတဲ့အတွက်၊ ထိုဘုရားရှင်တွေအပါအဝင် ထိုဘုရားရှင်တို့ရဲ့ လမ်းညွှန်သွန်သင်ချက်တို့ကြောင့် အနန္တအရေအတွက်မျှသော သတ္တဝါတို့သည်လည်း ကျွတ်တန်းဝင်ခဲ့ကြမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သံသရာမှာ ကျင်လည်နေကြကုန်သော သတ္တဝါအနန္တအရေအတွက်ထဲက၊ အနန္တအရေအတွက်ဟာ နိဗ္ဗါန်သို့ရောက်နှင့်ခဲ့ကြပြီးဖြစ်ပေမဲ့၊ ကြွင်းကျန်ရစ်သော ကျွန်ုပ်တို့အပါအဝင် အခြားသော အနန္တအရေအတွက်ရှိတဲ့ သတ္တဝါတွေဟာ သံသရာမှာ ဆက်လက်ကျင်လည်နေကြရဆဲဖြစ်တဲ့အတွက် “အနန္တမှ အနန္တပယ်နှုတ်သော်ငြား အနန္တသာ ကြွင်းကျန်ပေတကား”  လို့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ပွားများဆင်ခြင်ရင်း ကောက်ချက်ဆွဲယူနိုင်ပါတယ်။ ဒီယူဆချက်ကို သင်္ချာပညာရပ်ကလည်း ထောက်ခံတယ်လို့ဆိုချင်ပါတယ်။ အနန္တအချင်းချင်း ပေါင်းခြင်း နဲ့ နှုတ်ခြင်းကို အတွေးအခေါ်သင်္ချာပညာရပ်ရဲ့ ရှုထောင့်ကနေ အောက်ပါအတိုင်း ချဲ့ထွင်ဆင်ခြင်နိုင်ပါတယ်။

·         စုံကိန်းများအားလုံးပါဝင်သော အစု {၀, ၂, ၄, ၆, ၈, ...} သည် အနန္တအစု

·         မ'ကိန်းများအားလုံးပါဝင်သော အစု {၁, ၃, ၅, ၇, ...}သည် အနန္တအစု

·         သဘာဝကိန်းများအားလုံးပါဝင်သော အစု{၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉,...} သည် အနန္တအစု

·         ကိန်းစစ်များအားလုံးပါဝင်သောအစု {၁,၂,၃,၄,၅,၆,၇,၈,၉,..., -၇, -၂, ..., ၀, ၁/၂, ၂.၅, √၃, π(၂၂/၇), e, ...} သည် အနန္တအစု

တို့ ဖြစ်ကြပြီး…

သဘာဝကိန်းများအားလုံးပါဝင်သောအစုဟာ "ရေတွက်နိုင်သောအနန္တ[22]” ဖြစ်ပြီး၊ ကိန်းစစ်များအားလုံးပါဝင်သောအစုကတော့ “မရေတွက်နိုင်သောအနန္တ[23]” ဖြစ်ပါတယ်။ မြင်သာတဲ့အချက်ကတော့ “သဘာဝကိန်းများအားလုံးပါဝင်သောအစု” ထဲကနေ    “စုံကိန်းများအားလုံးပါဝင်သော အစု” ကိုနှုတ်လိုက်ရင်   “မ'ကိန်းများအားလုံးပါဝင်သောအစု” ရမယ်လို့ ဆင်ခြင်နိုင်ပါတယ်။ ထို့အတူပဲ “ကိန်းစစ်များအားလုံးပါဝင်သောအစု” ထဲက “သဘာဝကိန်းများအားလုံးပါဝင်သောအစု” နှုတ်ပယ်လိုက်ရင်လည်း၊ အနန္တအရေအတွက်ရှိတဲ့ အစုဝင်တွေ ကျန်နေဦးမှာ ဖြစ်တယ်လို့ တွေးထင်ဆင်ခြင်ကြည့်နိုင်ပါတယ်။ ဒါကြောင့်လည်း သင်္ချာပညာရှင် ‘ဂျော့ကင်တာ[24]’ က ‘အစုသီအိုရီ’နဲ့ ‘တစ်-တစ် ဆက်သွယ်ချက်[25]’ ကိုအသုံးပြုပြီး ‘စုံကိန်းများအားလုံး၏ အရေအတွက်၊ သို့မဟုတ် မ’ကိန်းများအားလုံး၏ အရေအတွက်သည်၊ သဘာကိန်းများအားလုံး၏ အရေအတွက်နှင့် ညီသည်’ ဆိုတဲ့ နားလည်ဖို့ခက်ခဲတဲ့ အစုသင်္ချာသဘောတရားကို အဆိုပြုတင်ပြခဲ့တာပဲဖြစ်ပါတယ်။

 

 

အနန္တ ဖြစ်နိုင်ခြေ

၁၉၁၃ ခုနှစ်မှာ ပြင်သစ်သင်္ချာပညာရှင် အီမလီ ဘိုရဲလ်[26] ဟာ၊ "စာရင်းအင်းမက္ကင်းနစ်နှင့် နောက်ပြန်မဆုတ်နိုင်ခြင်း[27]" ဆိုတဲ့ ဆောင်းပါးနဲ့၊ ၁၉၁၄ ခုနှစ်ထုတ် "Le Hasard”(အခွင့်အလမ်း၊ ဖြစ်နိုင်ခြေ) ဆိုတဲ့စာအုပ်မှာ၊ ‘အတွေးစမ်းသပ်ချက်[28]’တစ်ခုကို မိတ်ဆက်ခဲ့ပြီး၊ ၎င်းကို "အနန္တမျောက်သီအိုရီ" သို့မဟုတ် အလားတူနာမည်မျိုးတွေနဲ့ ထင်ရှားစေခဲ့ပါတယ်။ "အနန္တမျောက်သီအိုရီ" က “မျောက်တစ်ကောင်ဟာ လက်နှိပ်စက်တစ်လုံးရဲ့ ခလုတ်တွေကို အကြိမ်ပေါင်း မရေမရေတွက်နိုင်အောင် (တစ်နည်း၊ အနန္တအကြိမ်အရေအတွက်) ကျပန်း ရိုက်မယ်ဆိုရင်၊ နောက်ဆုံးမှာ မျောက်ဟာ ရှိတ်စပီးယားရဲ့ လက်ရာတွေအားလုံးကို ရိုက်ထုတ်နိုင်လိမ့်မယ်" လို့ ဆိုပါတယ်။ ဒါဟာ အနန္တကိန်းပါဝင်နေတဲ့ ဖြစ်နိုင်ခြေကို စဉ်းစားတဲ့နယ်ပယ်မှာ အလွန်ထင်ရှားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီအဆိုအရဆိုရင် ခလုတ်ပေါင်း ၅၀ ပါတဲ့ လက်နှိပ်စက်တစ်လုံးမှာ “banana” ဆိုတဲ့ စာလုံးခြောက်လုံးပါ စကားလုံးတစ်လုံး ရိုက်ထုတ်နိုင်ဖို့ ဖြစ်နိုင်ခြေဟာ

(1/50) × (1/50) × (1/50) × (1/50) × (1/50) × (1/50) = (1/50)6 = 1/15,625,000,000

၁၅-ဘီလီယံပုံတစ်ပုံသာ ဖြစ်ပေမဲ့ သုညတော့ မဟုတ်ပါဘူး။ ဒါဟာ စာလုံးခြောက်လုံးပါ စကားလုံးတစ်လုံး ရိုက်ထုတ်နိုင်ဖို့အတွက်ပဲ ဖြစ်ပြီး၊ စာလုံးအရေအတွက်အစီအစဉ်ပေါင်း သိန်းနဲ့ချီပြီးပါဝင်တဲ့ ရှိတ်စပီးယားရဲ့ ဝတ္ထုတွေ ပေါ်ထွက်လာဖို့ ဆိုရင်၊ 1/50 အပေါ်ကထပ်ကိန်းဟာ သိန်းနဲ့ချီရှိနေမှာဖြစ်ပြီး၊ ဒီပမာဏဟာ ဘယ်လောက်ထိ များပြားမယ် သို့မဟုတ် နည်းပါးမယ်ဆိုတာ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ဥပမာပေးရရင် တကယ်တော့ ကျွန်တော်တို့ သိမြင်လေ့လာနိုင်တဲ့ စကြာဝဠာကြီးအတွင်းက စုစုပေါင်းပရိုတွန်အရေအတွက်ပင်လျှင် ခန့်မှန်းခြေအားဖြင့် 1080 ခန့်သာရှိနိုင်တယ်လို့ဆိုပါတယ်။ ဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေမှာ တွေ့ရတဲ့ “‘တစ် အသင်္ချေယျ’ ဟာ တစ်နောက်မှာ သုံးညအလုံးပေါင်း ၁၄၀ ရှိတယ်[29]” လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနန္တမျောက်သီအိုရီဟာ ပါဝင်နိုင်တဲ့ကိန်းဂဏန်းပမာဏဟာ ဘယ်လောက်ပင် ကြီးမားလွန်းနေပါစေ သင်္ချာနည်းအရ ခန့်မှန်းတွက်ချက်ကြည့်မယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။

 

Infinite_Monkey.jpg

 

သင်္ချာနည်းနဲ့လဲ ခန့်မှန်းတွက်ချက်လို့မရ၊ လူ့ အသိဉာဏ်နဲ့ စဉ်းစားဆင်ခြင်လို့ပင် မရနိုင်တဲ့ “အနန္တပါဝင်နေတဲ့ ဖြစ်နိုင်ခြေသဘောတရား” ကို “လူအဖြစ်ကို၊ စင်စစ်မလွဲ၊ ရမည်ခဲ” ဆိုတဲ့ လူ့ဘဝရဖို့ အလွန်ပင် ခက်ခဲလှကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော်တွေမှာ တွေ့နိုင်ပါတယ်။ လူ့ဘဝ လူအဖြစ်ကို ရနိုင်ဖို့ဆိုတာ၊ လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာပြည်ကကျလာတဲ့ အပ်တစ်စင်းတို့ အချင်းချင်းထိတိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ပိုမို ခက်ခဲတယ်လို့ အဆိုရှိပါတယ်။ ဒါ့အပြင် “မဟာသမုဒ္ဒရာ တစ်ဖက်စွန်းစီမှာ ရှိနေတဲ့၊ အပေါက်တစ်ခုတည်းသာပါတဲ့ တံပိုး နဲ့ အနှစ်တစ်ရာမှသာ တစ်ခါ ရေပေါ်သို့ တက်လာတဲ့ လိပ်ကန်း[30]” တို့ကို ပုံဆောင်ဥပမာပေး ဟောကြားတော်မူထားတဲ့ မြတ်ဗုဒ္ဓရဲ့ “ကာဏကစ္ဆပေါပမသုတ်” မှာ လူ့ဘဝရနိုင်ခြေနဲ့ပတ်သက်ပြီး တွေ့မြင်နာကြားနိုင်ပါတယ်။ ဒီဒေသနာတော်ကို ဆင်ခြင်ပြီး လူအဖြစ်ကို ရဖို့ဆိုတာ “ဖြစ်နိုင်ခြေ အပေါင်းအနန္တအပုံထဲက၊ အမှန်တစ်ကယ်ဖြစ်နိုင်ခြေ အနုတ်အနန္တ” လို့ပင် ဆိုချင်ပါတော့တယ်။ ဒါဟာ “အနန္တမျောက် သီအိုရီလာ” ဖြစ်နိုင်ခြေထက်ကို နည်းပါးမှာ ဧကန်စင်စစ်ပါ။ ဒီဘဝမှာ လူဖြစ်ခွင့်ရပေမဲ့ နောက်ဘဝမှာ လူ ဖြစ်မယ် မဖြစ်ဘူးဆိုတာလည်း မသေချာပါဘူး။ ဒီအကြောင်းကို ‘ဒဏ္ဍသုတ်’ မှာ “လေထဲသို့ပစ်လွှတ်လိုက်သော တုတ်တစ်ချောင်းသည် မြေဆီသို့ ကျချင်သလို ပြန်ကျသကဲ့သို့ သတ္တဝါတို့သည်လည်း ဘဝတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲ ဖြစ်နေကြသည်။[31]” လို့ မြတ်ဘုရားက ဟောတော်မူပါတယ်။

ဒါကြောင့် ကောက်ချက်ဆွဲရရင်၊ မြတ်ဗုဒ္ဓရဲ့ သဂါထာဝဂ္ဂသံယုတ်လာ၊ ရနိုင်ခဲသော ဒုလ္လဘတရား ၅-ပါး ထဲက၊ ‘မနုဿတ္တဘာဝ ဒုလ္လဘ - လူ့ဘဝ လူ့အဖြစ်ကို ရခဲခြင်း’ ကို ဟောတော်မူတဲ့၊ ကာဏကစ္ဆပေါပမသုတ်လာ “တံပိုးနဲ့လိပ်ကန်း” ဥပမာနဲ့၊ ဒဏ္ဍသုတ်လာ တရားတော်တွေကို လေးလေးနက်နက် ဆင့်ပွားစဉ်းစား ဆင်ခြင်ခြင်းဖြင့်၊ ကျပန်းဖြစ်စဉ်တွေ အနန္တအခြေအနေတွေပါဝင်တဲ့ သင်္ချာပညာရပ်ဆိုင်ရာ ဖြစ်နိုင်ခြေသဘောတရားကို၊ အလွယ်တကူ နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။

 

အနန္တအချိုး

            သင်္ချာပညာရပ်မှာ အနန္တကို အနန္တနဲ့ စားတဲ့ကိစ္စ၊ အနန္တကိန်းချင်းအချိုးချတဲ့ ကိစ္စ ဟာလည်း အဓိပ္ပါယ်သတ်မှတ်ထားခြင်းမရှိတဲ့၊ ပညာရှင်တွေကြားမှာ အမျိုးမျိုး ဝိဝါဒကွဲနေကြဆဲဖြစ်တဲ့ သဘောတရားဖြစ်ပါတယ်။ ဘယ်လိုပင် ကွဲပြားနေပါစေ၊ ဒီ သဘောတရားကို မြတ်ဗုဒ္ဓ ရဲ့ဒေသနာတော်တွေအရ စဉ်းစားရင် နားလည်မြင်ယောင်နိုင်စွမ်းရှိမယ်လို့ ဆိုခြင်ပါတယ်။ အင်္ဂုတ္တရနိကာယ်၊ ဧကဓမ္မပါဠိတော်မှာ ဘုရားရှင်က “ကုန်း၌ဖြစ်သောသတ္တဝါသည် နည်း၏။ ရေ၌ ဖြစ်သောသတ္တဝါသည်သာ များ၏။ လူ့ပြည်၌ဖြစ်သောသတ္တဝါသည် နည်း၏။ လူ့ပြည်မှတစ်ပါးသော အပါယ်ဘုံ၌ဖြစ်သောသတ္တဝါတို့သည်သာ များ၏။[32]” လို့ ဟောတော်မူပါတယ်။

            တစ်ဖန် လူ့ဘဝ ရခဲလှပုံကို ဥပမာပြု ဟောတော်မူခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ “နခသိခသုတ်” ကို ဆင်ခြင်ကြည့်ကြပါစို့။ “အခါတစ်ပါးသော် မြတ်ဗုဒ္ဓက လက်သည်းပေါ်မှာ မြေမှုန်လေးများတင်ပြီး ရဟန်းတော်များကို မေးတော်မူခဲ့ဖူးသည်။" ချစ်သားရဟန်းတို့၊ ဟောဒီ ငါ့ဘုရား လက်ပေါ်မှာ ရှိတဲ့ မြေမှုန်လေးနဲ့ ဒီမဟာပထဝီ မြေကြီးမှ မြေမှုန်တို့ ဘယ်အရာက များပါသလဲ"ဟု မေးတော်မူသောအခါ…"ရှင်တော်ဘုရားလက်တော်မှ မြေမှုန်ကလေးက မပြောပလောက်ဖွယ် အနည်းငယ်မျှသာ၊ မဟာပထဝီ မြေကြီးကသာ အဆ ရာထောင်မက သာလွန်များလှပါတယ်" ဟု ရဟန်းတော်များက ပြန်လည်လျှောက်ထားသောအခါ "ချစ်သားတို့၊ အဲဒီလိုပဲ အပါယ်လေးဘုံ ရောက်ကြတဲ့ သတ္တဝါတွေက မဟာပထဝီ မြေကြီးလောက် များတယ်။ တစ်ချို့တစ်လေ လူ့ပြည်ရောက်တဲ့သူတွေဟာ ဟောဒီ ငါဘုရားလက်သည်းခွန်ပေါ်မှာ ရှိတဲ့ မြေမှုန်လေးလောက် အင်မတန် နည်းပါတယ်[33]"ဟု ဟောတော်မူပါတယ်။

ဒီ “နခသိခသုတ်”(မြေမှုန်ဥပမာ)ကို၊ အဿုသုတ် (မျက်ရည်သမုဒ္ဒရာ)၊ တိံသမတ္တသုတ် (သွေးစက်သမုဒ္ဒရာ)၊ တိဏကဋ္ဌသုတ်(မိခင်၏ မိခင်အားရေတွက်ခြင်း) စတဲ့ ဒေသနာတော်တို့နဲ့ ဆက်စပ်ဆင်ခြင်စဉ်းစားကြည့်တဲ့အခါ၊ “ထိုအနည်းငယ်မျှသော လူဖြစ်လာသူ အရေအတွက်သည်ပင်လျှင် သံသရာတစ်လျောက်ပေါင်းလိုက်မယ်ဆိုရင် အနန္တအရေအတွက် ရှိပေလိမ့်မည်” ဟု ကောက်ယူမိပါတယ်။ အလွန်များပြားလွန်းလှသောပမာဏဖြစ်တဲ့ ရေ၌ဖြစ်သောသတ္တဝါအရေအတွက်၊ အပါယ်ဘုံ၌ဖြစ်သောသတ္တဝါအရေအတွက်၊ မဟာပထဝီမြေထုရှိ မြေမှုန်အရေအတွက် စတာတွေနဲ့ နှိုင်းယှဉ်ရင် အလွန့်အလွန် နည်းပါးပါတယ်ဆိုတဲ့အရေအတွက်ကလည်း၊ အနန္တရှိနိုင်ကြောင်း၊ ဒါဟာ အနန္တအပုံထဲ အနန္တအပုံ၊ အနန္တအပိုင်း ထဲက အနန္တအပိုင်း၊ ပိုင်းခြေအနန္တ ပိုင်းဝေအနန္တ သဘောတရားတွေဖြစ်တယ်လို့ လေးနက်စွာ ဖြန့်ထွက် ဆင်ခြင်မိပါတယ်။

 

အနန္တထဲက အနန္တများ

ဗုဒ္ဓဘာသာဝင်တို့ “အရပ် ၁၀ မျက်နှာ မေတ္တာပွားနည်း[34]” နဲ့ မေတ္တာပို့ကြရာမှာ

·                     အရပ်ရှစ်မျက်နှာမှာရှိကြတဲ့ အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့ ကိုလည်းကောင်း၊

·                     အောက်အရပ်၌ရှိသော အပါယ်ဘုံသား အနန္တသတ္တဝါတို့ ကိုလည်းကောင်း၊

·                     အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြာဝဠာ အနန္တနတ်ဗြဟ္မာတို့ ကိုလည်းကောင်း 

ရည်စူးပြီးပို့ကြပါတယ်။ ဒီမေတ္တာပို့ကို လေးနက်စွာဆင်ခြင်တဲ့အခါ၊ “လူအပါအဝင် သက်ရှိသတ္တဝါတို့သည် အနန္တအရေအတွက်ရှိကြပေလိမ့်မည်၊ အပါယ်ဘုံသားတို့သည်လည်း အနန္တအရေအတွက်ရှိကြပေလိမ့်မည်၊ ထို့အတူ နတ်ဗြဟ္မာတို့သည်လည်း အနန္တအရေအတွက်ရှိကြပေလိမ့်မည်” လို့ ကောက်ယူနိုင်ပါတယ်။ ဒီအနန္တအရေအတွက် အသီးသီးရှိကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါ တို့သည် ၃၁-ဘုံမှာ ကျင်လည်ကြပါတယ်။ ဒီလို အနန္တအရေအတွက် အသီးသီးရှိကြပြီး ‘ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ဘုံ ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ[35]’ မှာရှိကြတဲ့၊ ၃၁-ဘုံသားတွေဟာ ဘုံအမျိုးမျိုး ဘဝအထွေထွေ ပြောင်းလဲကျင်လည်ကြတဲ့အခါ၊ ဘယ်ဘုံမှာမှ ‘ပြည့်လျှံသွားတယ်’ ဆိုတာမျိုးမရှိသလို ‘ကုန်ခမ်းသွားတယ်’လို့လည်းမရှိပါဘူး။ ဒါဟာ အနန္တထဲကို နောက်ထပ် အနန္တပေါင်းများစွာ၊ အကြိမ်ပေါင်းအနန္တ ထပ်မံ ပေါင်းထဲ့နိုင်ခြင်း၊ နှုတ်ပယ်နိုင်ခြင်းဆိုတဲ့ သဘောပင်မဟုတ်ပါလော။ ဒီသဘောကို သင်္ချာပညာရပ်မှာလည်း အထင်အရှားတွေ့နိုင်ပါတယ်။

အနန္တတွေထဲမှာအကြီးဆုံးဖြစ်တဲ့ “အကြွင်းမဲ့အနန္တ[36]”ဆိုတဲ့ သဘောတရားဟာ၊ ခေတ်သစ်သင်္ချာပညာရပ်ရဲ့ မရှိမဖြစ် အစုသီအိုရီ နဲ့ အနန္တကိန်း ရဲ့ ပဲ့ကိုင်ဖခင်ကြီး ‘ဂျော့ကင်တာ’ အဆိုပြုထားတဲ့၊ အနန္တအယူအဆအပေါ်မှာ ထပ်မံတိုးတက်ချဲ့ထွင်ထားမှုတစ်ခုဖြစ်ပါတယ်။ ဒီ အကြွင်းမဲ့အနန္တကို “အကန့်အသတ်ရှိသော သို့မဟုတ် အကန့်အသတ်ကိုအပြောင်းအလဲပြုနိုင်သော၊  စိတ်ကူးကြံစည်၍ရနိုင်သော သို့မဟုတ် စိတ်ကူးကြံစည်၍မရနိုင်သော၊ မည်သည့်ကိန်းဂဏန်း ပမာဏထက်မဆို ပိုကြီးသော ဂဏန်း” အဖြစ် ယူဆနိုင်ပါတယ်။ တကယ်တော့ အခုလို အနန္တအရွယ်အစားအမျိုးမျိုး ဆိုတဲ့ အယူအဆဟာ  သဘောတရားရေးရာအလွန်ဆန်ပြီး၊ နဂိုကတည်းက နားလည်ရခက်နေတဲ့ အနန္တသဘောတရားအပေါ်မှာ “ဗူးလေးရာ ဖရုံဆင့်” သလိုပါပဲ။ ဒါပေမဲ့လဲ  ဒါဟာ အဆင့်မြင့်သင်္ချာပညာရပ်တွေဖြစ်တဲ့ အစုသီအိုရီနဲ့ သင်္ချာယုတ္တိဗေဒ ဘာသာရပ်တွေမှာ အဓိကလေ့လာတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။ ဒီသဘောတရားတွေဟာ သင်္ချာပညာရှင်တွေသုံးစွဲလေ့ရှိတဲ့ "ကန့်သတ်မဲ့အစု[37]" တွေရဲ့ အနက်ကြွယ်ဝမှုနဲ့ အဓိပ္ပါယ်ရှုပ်ထွေးမှု၊ သဘောတရားနဲ့ လက်တွေ့ ဆက်နွယ်မှုတွေကို နားလည်ဖို့ ကူညီပေးပါတယ်။

အခုတဖန် ဆက်ပြီး ဂျာမန်သင်္ချာပညာရှင် ‘ဒေးဗစ် ဟိလ်ဘတ်’[38] ရဲ့ အနန္တနဲ့ပတ်သက်တဲ့ ‘အတွေးစိတ်ကူးစမ်းသပ်ချက်[39]’တစ်ခုဖြစ်တဲ့ “ဟိလ်ဘတ် ဟိုတယ်[40]” ဆိုတာကို လေ့လာကြည့်ပါစို့။ “ရေတွက်ရအနန္တတည်းခိုသူတွေကို လက်ခံနိုင်တဲ့ ဟိုတယ်တစ်ခုဟာ၊ သူ့ရဲ့ ဟိုတယ်အခန်းတွေပြည့်နေသည့်တိုင်၊ နောက်ထပ် ရောက်လာတဲ့ ရေတွက်ရအနန္တ အရေအတွက်ရှိတဲ့ ဧည့်သည်တွေကိုလဲ ထပ်မံလက်ခံနိုင်တယ်။” ဆိုတဲ့ အဆိုပဲဖြစ်ပါတယ်။

ထပ်မံချဲ့ထွင်ထားတဲ့အဆိုအရ “လူပေါင်းအနန္တကို တင်ဆောင်နိုင်တဲ့ ဘတ်စ်ကားအရေအတွက်အနန္တနဲ့ ရောက်လာတဲ့ ဧည့်သည်မှန်သမျှကို၊ လူပြည့်နေတဲ့ ဟိလ်ဘတ် ဟိုတယ် က ထပ်မံလက်ခံနိုင်တယ်” လို့ဆိုပါတယ်။ ဒီ စိတ်ကူးကွန့်မြူးချက်အတွက် ပုံစံတကျသက်သေပြတာမျိုးမဟုတ်ပေမဲ့လည်း အထက်မှာဆွေးနွေးခဲ့တဲ့ စုံကိန်း, မကိန်း, သဘာဝကိန်းတွေကို အသုံးပြုပြီး အတွေးပွားဆင်ခြင်နိုင်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ဧည့်သည်အသစ်တစ်ယောက်အတွက်၊ ရှိနှင့်ပြီးသားဧည့်သည်တွေကို နောက်တစ်ခန်းဆီကို အသီးသီး ရွှေ့စေတဲ့နည်းဖြစ်ပါတယ်။

 

Hilbert Hotel.jpg

 

 

ဒီ “ဟိလ်ဘတ် ဟိုတယ်” ကို မြတ်ဗုဒ္ဓရဲ့ဓမ္မအလင်းရောင်အောက်မှာ ‘ဘုံ’တစ်ခုအဖြစ် ယူဆဆင်ခြင်ကြည့်ရင်၊ အထက်မှာတင်ပြခဲ့သလို ၃၁-ဘုံထဲက ဘယ်ဘုံမှာမှ ‘ပြည့်လျှံသွားခြင်းမရှိ’တဲ့ ဒီအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်နိုင်ပါတယ်။ ဒါကြောင့် သင်္ချာနည်းနဲ့ သက်သေမပြနိုင်သော်ငြား၊ “အနန္တထဲကို နောက်ထပ်အနန္တကိန်း အနန္တအကြိမ် ထပ်မံပေါင်းထည့်နိုင်တယ်၊ ဒါကြောင့် အနန္တကို  အနန္တအကြိမ်အရေအတွက် ခွဲစိပ်ပိုင်းဖြတ်နိုင်တယ်၊ ဒါကြောင့် ‘အနန္တကို အနန္တနဲ့စားရင် အနန္တရမယ်’” လို့တောင် အတွေးစိတ်ကူး ကွန့်မြူးမိပါတယ်။  ဒါဟာ “စကြာဝဠာအနန္တ ထဲက သတ္တဝါအနန္တ” သဘောပင် မဟုတ်ပါလော။

ဒါ့အပြင် ‘သတ္တဝါအနန္တ’ နဲ့ပတ်သက်လို့ ဆက်စပ်ဆင်ခြင်သင့်တဲ့အချက်ကတော့ "အလုံးစုံသော ဩကာသလောက, သတ္တလောက ဟူသမျှသည် သင်္ခါရလောက၌ အကျုံးဝင်၏။[41]" လို့ ဒေသနာတော်တွေက ဆိုတဲ့အချက်ဖြစ်ပါတယ်။ သင်္ချာစကားနဲ့ ဆိုရရင် အနန္တဖြစ်သော သတ္တလောကသည်ပင်လျှင် သင်္ခါရလောက၏ အစုဝင်ဖြစ်နေသည်မဟုတ်ပါလော။ ဒါကြောင့် အနှစ်ချုပ်ဆက်စပ်ကြည့်တဲ့အခါ “အနန္တစကြာဝဠာထဲက အနန္တသတ္တဝါတွေ” ဟာ တကယ်တော့ “အနန္တကြီးထဲက အနန္တငယ်တွေ” ဖြစ်မယ်ဆိုတဲ့ သဘောတရားတစ်ခု ထင်ရှားခိုင်မာစွာ ပေါ်ပေါက်လာပါတော့တယ်။ အနှစ်ချုပ်ရရင် မြတ်ဗုဒ္ဓရဲ့ ဓမ္မသဘောတွေကိုဆင်ခြင်ခြင်းအားဖြင့်၊ ရှုပ်ထွေးနက်နဲတဲ့ ‘အနန္တ ဒီဂရီအဆင့်ဆင့် အနန္တအရွယ်အစားအမျိုးမျိုး ပါနေဝင်သော အစုသင်္ချာသဘောတရား’ ကို အလွယ်တကူ ချဉ်းကပ်နိုင်မယ်လို့ ဆိုချင်ပါတယ်။

နိဂုံးအမှာ

တကယ်တော့ သာမန်လူတွေရဲ့ နေ့စဉ်ဘဝမှာ အနန္တကိန်းတွေကို လက်တွေ့အသုံးချမှု အလွန်ပဲနည်းပါးလှပေမဲ့၊ ကျွန်တော်တို့လို သင်္ချာပညာရပ်မှာပျော်မွေ့သူတွေအနေနဲ့ကတော့ “အနန္တ” ဟာ အမြဲတစေ “ထိတွေ့ရင်းနှီး၊ ပွန်းတီးကျွမ်းဝင်” စွာ အသုံးပြုနေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင်္ချာပညာရပ်မှာပျော်မွေ့သူတွေဟာ၊ သင်္ချာသမားဖြစ်ခြင်းဆိုတဲ့အချက်ကို အကျိုးရှိစွာအသုံးချတဲ့အနေနဲ့၊ အနန္တကိန်းသင်္ကေတ တစ်ခုကို တွေ့တိုင်းတွေ့တိုင်း၊ “သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် ဆင်းရဲဒုက္ခရောက်နေသူကို မြင်တိုင်း မိမိကိုယ်တိုင်လည်းထိုသို့ ဆင်းရဲခဲ့ဖူးသည်ဟုသိ၍ သင်္ခါရတရားတို့ကို ငြီးငွေ့သင့်ကြောင်း[42]” နဲ့ “သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် ချမ်းသာသောသူကို မြင်တိုင်း မိမိကိုယ်တိုင်လည်းထိုသို့ ချမ်းသာခဲ့ဖူးသည်ဟု သိ၍ ထိုသံသရာမှ လွတ်မြောက်အောင် အားထုတ်သင့်ကြောင်း[43]” ဟောကြားတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို မမေ့မလျော့ မပေါ့မဆ နှလုံးသွင်းဆင်ခြင်ခြင်းဖြင့်၊ ကျွန်ုပ်တို့သင်္ချာမြတ်နိုးသူများသည် “ဓမ္မအလင်းထဲက အနန္တသင်္ချာရောင်စဉ်” တို့အား ခွဲခြမ်းစိတ်ဖြာရင်း၊ သံသရာမှလွတ်မြောက်ကြောင်းကိစ္စတို့အပေါ်၌ ဆတက်တံပိုး ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်း လေးနက်တည်ကြည်စွာ ဆန္ဒပြုလိုက်ပါတယ်။

                                                                                   

ကျော်ခိုင်စိုး(၂၀၂၃၊ အောက်တိုဘာ)



[1] Hermann Klaus Hugo Weyl (9 November 1885 – 8 December 1955)

[2] Mathematics is the science of the infinite.

[3] Infinity, သင်္ကေတ - ∞

[4] Zeno of Elea (born c. 495 BCE — died c. 430 BCE)

[5] Zeno’s  paradoxes

[6] limits, derivatives, and integrals

[7] function

[8] infinitesimal

[9] infinity

[10] Natural number (1, 2, 3, 4, 5, 6, 7, 8, 9, ..., etc)

[11] Real number (-2, 0, 1, 1/2, 2.5, √3, π(22/7), e, ..., etc)

[12] Minus infinity

[13] အာကာသစက္ကဝါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။ အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ဝိဇ္ဇတိ။

[14] ၁၅. အနမတဂ္ဂသံယုတ်၊ သန ၁၅.၃: အဿုသုတ်

[15] သန ၁၅.၁၃: တိံသမတ္တသုတ်

[16] ၄. အနမတကဂ္ဂသံယုတ်၊ တိဏကဋ္ဌသုတ်

[17] သန ၁၅.၁၄-၁၉: မာတုသုတ်

[18] Standard mathematical operation

[19] undefined

[20] space

[21] ဝလုံး-နှင့်-သုည။ မောင်အံ့ (မဟာဝိဇ္ဖာ၊ ဘုံဘေ) (မြန်မာသံတော်ဆင့်၊ ဖေဖဝါရီ ၂၀ ၂၀၁၆, ဧပြီ ၈ ၂၀၁၆)

[22] countably infinite

[23] uncountably infinite

[24] Georg Ferdinand Ludwig Philipp Cantor (3 March [O.S. 19 February] 1845 – 6 January 1918)

[25] One-to-one function/one-to-one relation/ one-to-one correspondence

[26] Félix Édouard Justin Émile Borel (7 January 1871 – 3 February 1956)

[27] Mécanique Statistique et Irréversibilité

[28] Thought experiment

[29] ဝလုံး-နှင့်-သုည။ မောင်အံ့ (မဟာဝိဇ္ဖာ၊ ဘုံဘေ) (မြန်မာသံတော်ဆင့်၊ ဖေဖဝါရီ ၂၀ ၂၀၁၆, ဧပြီ ၈ ၂၀၁၆)

[30] သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ ဆဌသုတ်၊ ၇-ပထမ ဆိဂ္ဂဠယုဂသုတ်။ ၁၁၁၇ လိပ်ကန်းနဲ့ တံပိုး ဥပမာ။ ကာဏကစ္ဆပေါပမသုတ်။

[31] သန ၁၅.၉: ဒဏ္ဍသုတ်                                 

[32] အင်္ဂုတ္တရနိကာယ်၊ ဧကဓမ္မပါဠိ (စတုတ္ထဝဂ်)၊ ပထမ သုတ္ထာဒိ၊ ၃၂၂-၃၃၅ ပထမသုတ်မှ စုဒ္ဒသမသုတ်အထိ

[33] သံယုတ္တနိကာယ်—၂ဝ၊ ၂—နခသိခသုတ်၊ မြေမှုန်ဥပမာ

[34] ညောင်ကန်အေးဆရာတော်၊ မေတ္တာပွားပုံ နည်းမျိုးစုံ၊ ဧပြီ-၁၉၈၅။ (ပဋိသမ္ဘိဒါမဂ် ပါဋ္ဌိတော်လာ ဒိသာဖရဏ မေတ္တာပွားနည်း)

[35] ပညာအလင်းပြစာတည်းအဖွဲ့၊ ၃၁-ဘုံအကြောင်းသိကောင်းစရာ၊ ၂၀၁၃

[36] Absolute Infinite, သင်္ကေတ- Ω

[37] Infinite set

[38] David Hilbert (23 January 1862 – 14 February 1943)

[39] Thought experiment

[40]Hilbert's paradox of the Grand Hotel (Infinite Hotel Paradox or  Hilbert's Hotel)

[41] လယ်တီပဏ္ဍိတဦးမောင်ကြီး (ဘာသာပြန်)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာ အလင်းပြကျမ်း (၂၀၀၁, တတိယအကြိမ်)။ မုံရွေးစာအုပ်တိုက်။ စာ-၁၁၉

[42] သန ၁၅.၁၁: ဒုဂ္ဂတသုတ်

[43] သန ၁၅.၁၂: သုခိတသုတ်


Note:    ၂၀၂၃ "ဆွေခိုင်ဆု" သင်္ချာစာပေပြိုင်ပွဲ ဂုဏ်ပြုဆုရဆောင်းပါး

copyright©ဆွေခိုင်ဆု