"ဥပေက္ခာလောကသား" ကို ခံစားခြင်း
ဆရာကြီးစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့ပြီး၊ စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ လေးနက်ခန့်ထည်တဲ့ အတွေးအခေါ်ပါတဲ့ သီချင်းကောင်းပေါင်းများစွာထဲက၊ ဒီသီချင်းဟာ သီချင်းဆိုတဲ့ဘောင်ကိုကျော်လွန်ပြီး...
လူ့ဘဝရဲ့ ဖြစ်တည်မှု၊ မမြဲသောအနိစ္စသဘောနဲ့ ခေတ်သစ်လူသားတို့ရဲ့ အထီးကျန်ဆန်မှု သင်းကွဲမှု (Alienation, loneliness, solitue)၊ ဘဝဖြစ်တည်မှုရဲ့ အနှစ်သာရကင်းမဲ့မှု တို့ကို၊ အပြောင်မြောက်ဆုံးရေးဖွဲ့ထားတဲ့။
ဖြစ်တည်မှုဝါဒ (Existentialism)၊ သင်္ခါရ နဲ့ စိတ်ကျခြင်း (“Depression”) ကို ဖေါ်ပြတဲ့….
ဒဿနကဗျာတစ်ပုဒ်... ပါပဲ။
အောင်မြင်မှု၏ အနိစ္စသဘော
=============
"အခန်းထောင့်က စားပွဲပေါ်…. တင်ထားတဲ့ ဆုတံဆိပ်တွေ၊ ဖုန်တက်တော့ အောင်မြင်မှုရယ် မနေ့က ကျန်ခဲ့ပြီ..." ဆိုတဲ့ အဖွင့်စာသားမှာပဲ၊ လူ့ဘဝရဲ့ မမြဲတဲ့သဘောတရားကို ပြင်းပြင်းထန်ထန် ဖိသိပ်ထည့်သွင်း။ လူသားတို့ အသေအလဲ တပ်မက်ရှာဖွေနေတဲ့ အောင်မြင်မှုနဲ့ ဂုဏ်ဒြပ်ဆိုတာတွေဟာ၊ အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ ဖုန်တက်သွားတဲ့ အရာတွေပါလား။ တချိန်မှာ နိုပျိုခြင်းတွေ တက်ကြွမှုတွေ ဖန်တီးနိုင်စွမ်းတွေ အားအင်တွေ ကုန်ခန်းသွားချိန်မှာ၊ လက်ဆုပ်လက်ကိုင်မရှိတော့တဲ့ အတိတ်ရဲ့အရိပ်ဟောင်းကိုသာ ‘စမြုံ့ပြန်၊ မစင်ခြောက်ရေနှူး၊ အတိတ်က ရွှေထီးဆောင်းခဲ့ရတာလေးတွေ” ပဲတွေးတောလို့ ကြံဖန်ဖြေသိမ့်။ ဘဝမှာ "ပျော်ရွင်ခြင်းရယ်…. မလတ်ဆတ်နိုင်တော့ပြီ" ပဲ။ အလွန်ပင် ရင့်ကျက်သော သံဝေဂဉာဏ်ပါလား……….။
ရုပ်ခန္ဓာယိုယွင်းခြင်း
=======
"သွားတွေကျိုး ပါးရေတွန့် ခါးတွေကုန်းလို့ မြေနမ်းလု..."။ ရုပ်ခန္ဓာရဲ့ ဇရာသဘောဟာ ကွက်ကွက်ကွင်းကွင်း။ လူ့ဘဝရဲ့ အရသာက ခါးသီးလွန်းလို့၊ ဘီအီးဒီစီ တော "အရက်ဖြူနှစ်ပက်နဲ့ ရော” ကြိတ်မှိတ် “ပြီး ဇွတ်မျိုချရ"။ နာကျင်မှုတွေကို မေ့ဖျောက်ချင်တဲ့ လူသားတစ်ဦးရဲ့ အက်ကွဲသံ။ "နတ်ပြည်နဲ့ ငရဲကြား" လွင့်မျောနေတဲ့ လူသားဟာ ငါကိုယ်တိုင်ပါလား။
စိတ်ဝိညာဉ်ဟာလာဟင်းလင်းဖြစ်ခြင်း
==============
အတုန်လှုပ်ရဆုံး၊ အကြေကွဲရဆုံး၊ လူ့ဘဝရဲ့ ဟာလာဟင်းလင်းဖြစ်မှုကို ချွန်မြလွန်းတဲ့သံမဏိစုတ်တံနဲ့ ထိုးခြစ်လိုက်တာများ “ရုပ်အလှက မကျသေးလဲ…. ပျိုမြစ်ခြင်းမာန် မျက်လုံးမှာ မရှိပြီ" တဲ့။ စိတ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှု၊ စိတ်ကုန်ခြင်း စိတ်ပျက်ခြင်း မျှော်လင့်ချက်မဲ့ခြင်း... ကို မီးမောင်းထိုးပြလိုက်ပုံ။ အတိတ်ကိုလည်း လှည့်မကြည့်ချင်၊ အနာဂတ်ကိုလည်း မျှော်ရည်မကြွေကွဲချင်တော့သူ။ လောကကြီးကို စိတ်ကုန်သွား (Nihilistic) ပါပြီ။ "ရှင်သန်ခြင်းရယ် သိပ်အဓိပ္ပါယ်မရှိပြီ"။ လူတွေအတွက် "ခနတာ" လိုအပ်ပေမဲ့၊ ဘယ်လောက်ပဲ ဖြည့်ပါစေ.... “တသက်တာအထိတော့ … မဖူလုံနိုင်” တဲ့ ရွှေကြာ။
လူ့အဖွဲ့အစည်းနဲ့ အနုပညာရှင်
==========
"ကက်ဆက်ကဖွင့်တဲ့ ကိုယ့်သီချင်းတွေ၊ ကြားမိတိုင်း ရှက်တယ်၊ အမှန်တရားရယ် အတွေးထဲကျန်ခဲ့ပြီ..."။ အနုပညာရှင်တစ်ယောက်ရဲ့ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း၊ အားမလိုအားမရဖြစ်ခြင်း၊ မိမိကိုယ်မိမိ ရှာဖွေတွေ့ရှိမှု။ "စီးပွားရေး အများလို မောင်လည်း ဘာကြောင့်မို့ မလုပ်လဲ အိမ်သူအမေးရယ်..." ဆိုတဲ့ ဖြေဖို့ ခက်ခဲလွန်းတဲ့ မေးခွန်း။ ရုပ်ဝတ္ထုကို တန်ဖိုးထားတဲ့ (Materialistic) လောကကြီးနဲ့၊ ဉာဏ်ပညာနဲ့စိတ်ဝိညာဉ်ကို တန်ဖိုးထားတဲ့ အနုပညာရှင်။ နှစ်ဖက်တိုက်ပွဲ။ ၎င်းတို့ကြားက ကြီးမားသော ကွာဟချက်။ “The more you know, the more you suffer!” ဆိုသလို "ကိုယ့်အပူကိုယ်ရှာ" နေတဲ့ “သိချင်လွန်းတဲ့ … ဉာဉ်ကျိန်စာ”…… မိနေသူ ဉာဏ်ပညာကိုရှာဖွေ စုဆောင်းသူ “တေးကဗျာဆရာ” တဲ့လား။

No comments:
Post a Comment
Note: Only a member of this blog may post a comment.