သင်္ချာ၊ ကွန်ပျူတာသိပ္ပံ၊ ဉာဏ်ရည်တုပညာ နှင့် ဥပဒေ ဆိုင်ရာ သုတ ရသ ဆောင်းပါးများ
Wednesday, November 4, 2026
ချစ်ခင်မြတ်နိုးသော သီချင်းများ၊ ကြည်ညိုလေးစားသော တေးရေးအနုပညာရှင်များ (အပိုင်း-၂)
Tuesday, November 3, 2026
ချစ်ခင်မြတ်နိုးသော သီချင်းများ၊ ကြည်ညိုလေးစားသော တေးရေးအနုပညာရှင်များ (အပိုင်း-၁)
((အနုပညာရှင်များသည် ၎င်းတို့ကို ချစ်ခင်လေးသားသူတို့၏ စိတ်နှလုံး၌၊ အမြဲတစေ နုပျိုနေခြင်း၊ ကာလရှည်ကြာ မပြောင်းမလဲတည်ရှိနေခြင်းနှင့် အနုပညာရှင်တို့၏ အနုပညာအမည်ကို လေးစားတန်ဘိုးထားခြင်းတို့ကြောင့်၊ ဤ စာစုတွင်၊ အနုပညာရှင်တို့၏ အမည်ကို ရေးသားဖေါ်ပြရာ၌၊ ကို/ဦး/ဒေါ်/မ စသည်တို့ကို၊ အနုပညာအမည်၏ရှေ့တွင် ထည့်သွင်းသုံးစွဲခြင်းမပြုပဲ၊ မူရင်း အနုပညာအမည်ကိုသာသုံးစွဲပါမည်။)
အခုတလော
လူမှုကွန်ယက်ပေါ်မှာ (ဆရာကြီး) စိုင်းခမ်းလိတ် ရဲ့ပုံရိပ်တွေ၊ ကိုနေဝင်း ရဲ့ ပုံရိပ်တွေ၊
(ဦး/ကို)ဂျေမောင်မောင် ရဲ့ ပုံရိပ်တွေ မကြာခန တွေ့မိလာပြီးတဲ့နောက်မှာ၊ အတွေးတစ ဝင်လာမိပါတယ်။
အဲတာကတော့ “ငါ့ဘဝအပေါ်မှာ ‘စိတ်ဝိဉာဉ် နှလုံးသား အဟာရ အကြွေး’ ဆပ်မကုန်အောင် တင်ရှိနေတဲ့
အနုပညာရှင်တွေကို၊ ငါဟာ ရုပ်ဝတ္ထုအရ ကျေးဇူး ဆပ်နိုင်စွမ်းမရှိသည့်တိုင်၊ ၎င်း အနုပညာရှင်ကြီးတွေရဲ့
ကောင်းမွန်တဲ့ မွန်မြတ်တဲ့ အဖိုးထိုက်တန်တဲ့၊ လေးစားမှု ချီးကျူးမှု မဖြစ်မနေရသင့်တဲ့
သူတို့ရဲ့ အနုပညာလက်ရာတွေအကြောင်းတွေကို၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူသိသိ မသိသိ၊ ငါ့တကိုယ်စာ
ငါခံစားမိသလို ထုတ်ဖေါ်ပြောဆိုခြင်းဖြင့် ၎င်းအနုပညာရှင်တွေရဲ့ ကျေးဇူးတရားကို မှတ်တမ်းတင်သင့်တယ်”
ဆိုတာပါပဲ။
စကားလုံးတွေရဲ့
အထားအသိုအစီအစဉ် နောက်ကွယ်မှာ၊ မိမိတို့ တစ်ဘဝလုံးစာ စုဆောင်းခဲ့တဲ့
ဉာဏ်ပညာ မေတ္တာတရား အသက် ဝိဉာဉ်
ရှိရှိသမျှ အကုန်ထည့်သွင်းပေးခဲ့တဲ့၊ သံစဉ်တို့ရဲ့
တုန်ခါမှုတိုင်းမှာ နားဆင်သူရဲ့ နှလုံးသားကို ကြည်နူးချမ်းမြေ့စေ ပျော်ရွှင်စေ ကျေနပ်စွာကြေကွဲစေ
လွမ်းဆွတ်စေ နူးညံ့စေတဲ့၊ တေးရေးဆရာတွေရဲ့
ဂုဏ်ကျေးဇူးဟာ၊ ကျွန်တော့်အတွက်တော့
တိုင်းဆလို့ မရနိုင်လောက်အောင် နက်ရှိုင်းလှပါတယ်။ လူတစ်ယောက်ရဲ့ ကျဉ်းမြောင်းတဲ့ကမ္ဘာသေးသေးလေးထဲကို၊
သံစဉ်နဲ့ စကားလုံးတွေသုံးစွဲပြီး
မိုးစက်ရေအေး စီးဆင်းစေခဲ့သူ၊ လူအများစု နှုတ်ကထုတ်မပြောတတ်တဲ့
ခံစားချက်တွေကို၊ နှုတ်ကပဲ ဖွင့်ဟ သီဆိုဟစ်ကြွေးနိုင်တဲ့
သီချင်းတွေအဖြစ် အသက်သွင်းပေးခဲ့ကြသူတွေဟာ
တေးရေးဆရာတွေပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ
ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာကို နားလည်ခဲ့ရခြင်း၊
အမုန်းတရားတွေကို အေးငြိမ်းကွယ်ပျောက်စေခဲ့ရခြင်းနဲ့
နုညံ့ခြင်း စာနာထောက်ထားခြင်းတည်းဟူသော
အလှတရားတွေကို ၎င်းတေးရေးဆရာတွေ ရေးဖွဲ့ခဲ့တဲ့ သီချင်းတွေကတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူခဲ့ကြရခြင်းဖြစ်ပါတယ်။
သူတို့ သံစဉ်တွေရဲ့နူးညံ့မှု စကားလုံးများရဲ့သိမ်မွေ့နက်ရှိုင်းမှုတွေကြောင့်
ကျွန်တော်တို့ရဲ့
နှလုံးသားတွေဟာ
ခက်ထန်မာကျောခြင်း
ကင်းဝေးပြီး ချစ်ခင်တတ်သူများ၊ ယဉ်ကျေးသိမ်မွေ့တတ်သူများ ဖြစ်လာခဲ့ကြရတာပါ။ သူတို့ရဲ့ ဖန်တီးမှုတွေကြောင့် ဒေါသ၊ အမုန်း၊ အတ္တတို့ထက် ချစ်ခြင်း၊ ငဲ့ညှာခြင်းနှင့် သိမ်မွေ့ခြင်း ကို မြတ်နိုးတတ်သူများ၊ အမှန်တကယ် "လူပီသသူများ" အဖြစ် ပုံစံသွင်းခံခဲ့ကြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးနဲ့ သံစဉ်တို့ရဲ့နောက်ကွယ်မှာ၊
တစ်ဘဝလုံးကို အရင်းအနှီးပြုပြီး၊
လူ့အဖွဲ့အစည်းရဲ့ စိတ်နှလုံးကို
ကောင်းမြတ်အောင် မွမ်းမံပေးခဲ့ကြတဲ့
တေးရေးဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို အထူးပင် လေးစားတန်ဖိုးထားရင်း ထာဝရ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာပထမ ချီးမွန်းပူဇော်ဂုဏ်ပြုအပ်ပါတယ်။
“ကဲ…
ဒါဆိုရင် … မင်းပြောတဲ့ မင်းချစ်ခင်လေးစားပါတယ်ဆိုတဲ့ အဲ့ဒီ အနုပညာရှင် တေးရေးတွေက
ဘယ်သူတွေတုန်း?” လို့ မေးရင်၊ အဲ့ဒီမေးခွန်းဟာ ကျွန်တော် တစ်ကြိမ်တည်းနဲ့ ပြည့်စုံကုန်စင်အောင်ဖြေကြားနိုင်မဲ့
မေးခွန်းမျိုးမဟုတ်ပါဘူး။ ပထမဆုံး ခေါင်းထဲကိုရောက်လာတာက နန်းတော်ရှေ့ဆရာတင်၊ ဆရာငြိမ်း (မြို့မငြိမ်း) တို့
ကနေ၊ ဆရာကြီး စိုင်းခမ်းလိတ် နဲ့ မဇ္ဈိမလှိုင်း အဖွဲ့သားတွေဖြစ်တဲ့ ကိုနေဝင်း၊ ကိုမောင်မောင်၊
ကိုရဲလွင်၊ နိုင်မင်း၊ သားထွေး တို့ပါပဲ။ ဒါ့အပြင် ရေးဆိုတီး စွယ်စုံရထဲက ကိုင်ဇာ၊
လွှမ်းမိုး၊ ဖိုးချို၊ ထူးအိမ်သင်၊ ဂျေမောင်မောင်။ စောဘွဲ့မှူး၊ နိုင်မြန်မာ၊ ဆူး။
စလီဘဏ်း၊ နေထွဏ်းဦး။ မောင်မောင်ဇော်လတ်၊ အယ်ဖြူ။ ကော်ပီဖက်မှာ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊
မင်းချစ်သူ၊ သုခမိန်လှိုင်။ ပြောမကုန်နိုင်လောက်အောင်ပါပဲ။
ကျွန်တော်ဟာ
သာမန် သီချင်းချစ်သူတစ်ယောက်သာဖြစ်ပေမဲ့၊ သီချင်းတွေနဲ့ ပတ်သက်ရင်၊ အထူးကံကောင်းခဲ့သူတစ်ယောက်လို့
ကိုယ့်ကိုယ်ကို အမြဲခံယူပါတယ်။ ဘာလို့လဲ ဆိုတော့၊ ကျွန်တော့ရဲ့ ဘဝသက်တမ်းအတွင်းမှာ၊
အခု ဖေါ်ပြခဲ့တဲ့ အနုပညာရှင်တွေရဲ့ သိပ်ကို ခမ်းနားလွန်း ပြည့်စုံလွန်း ကောင်းမွန်လွန်း
စစ်မှန်လွန်းတဲ့ ဖန်တီးမှုလက်ရာတွေကို၊ နားထောင်ခွင့် ခံစားခွင့်၊ (တစ်ကိုယ်တော် တိတ်တဆိတ်)
ဆိုညည်းခွင့် ရခဲ့လို့ပါပဲ။
ဒါဆိုရင်
မင်းက ဘယ်တေးရေးကို အကြိုက်ဆုံးလဲ? ဘယ်သီချင်းကို အကြိုက်ဆုံးလဲ? လို့များမေးရင် ယတိပြတ်ဖြေနိုင်စွမ်းရှိမှာ
မဟုတ်ပါဘူး။ ဒါပေမဲ့ မသိစိတ်ထဲထိအောင် သံမှိုနှက်သလိုစွဲမြဲနေတဲ့ စကားလုံးတွေ သံစဉ်တွေဟာ
တခါတရံမထင်မှတ်ပဲ ခေါင်းထဲကို အလိုလိုရောက်လာတဲ့အချိန်တွေရှိပါတယ်။ အဲ့လိုအချိန်တွေထဲက
အနည်းငယ်မျှလောက်ကို မှတ်တမ်းပြုရရင်
ဆရာကြီး
စိုင်းခမ်းလိတ် ရဲ့လက်ရာ၊ ဦးထီး (စိုင်းထီးဆိုင်) ရဲ့အဆိုနဲ့
“ဥပေက္ခာလောကသား၊
အပေးအယူ၊ တာဝေးအပြေးသမား၊ ဒီထက်ပိုပြီးမတတ်နိုင်ဘူး၊ ပျောက်ဆုံးနေသောနိဗ္ဗါန်ဘုံ၊ ပလက်ဖေါင်းမင်းသား”
… စတာတွေ။
ဒါ့အပြင်၊
ဆရာစိုင်းခမ်းလိတ်ရဲ့ လက်ရာမွန်ပေါင်းများစွာထဲမှာ ကျွန်တော် နှစ်သက်မြတ်နိုးမိတဲ့
သီချင်းတစ်ပုဒ်က အမြဲတစေ မှတ်မှတ်ထင်ထင် ရှိနေပါတယ်။ အဲ့ဒီသီချင်းဟာ လူတွေလဲ သိပ်သတိမထားမိကြတဲ့၊
ကျွန်တော်ကိုယ်တိုင်လဲ ငယ်စဉ်တုန်းက ကြိုက်နှစ်သက်ရမှန်းမသိသေး နားမလည်သေးဘဲ အသက်အရွယ်ရလာမှ
ခံစားနားလည်တတ်လာပြီး တော်တော်လေး နှစ်သက်မိတဲ့သီချင်း၊ အဲ့ဒီသီချင်းဟာ ကျွန်တော့်အတွက်တော့
ပန်းချီကားတချပ်လို၊ ပြဇာတ်တပုဒ်လို၊ သရော်စာတပုဒ်လို၊ လူမျိုးတမျိုးရဲ့ စိတ်နေစိတ်ထား
စရိုက်သဘာဝဆိုင်ရာ သုတေသနစာတမ်းတစောင်လို၊ လူမှုရေး စီးပွားရေးဆိုင်ရာ ရသမြောက်အက်ဆေးတစ်ပုဒ်လို...
ဖြစ်တဲ့ “တရုတ်တန်းဈေးက အဖြစ်အပျက်လေး”။
(ချစ်ခင်မြတ်နိုးသော
သီချင်းများ၊ ကြည်ညိုလေးစားသော တေးရေးအနုပညာရှင်များ
အပိုင်း-၂
ဆက်ရန်)
Thursday, October 1, 2026
တိရစ္ဆာန်စားကျက်မြေကို ကျူးကျော်ခြင်းနှင့်ပတ်သက်၍
မောင်သာအေး(အယူခံတရားလို) နှင့် ဘုရင်ဧကရာဇ် (တရားပြိုင်) [The Burma Law Journal, Volume 5 – 1926, pp.177-178]
++++++++++++++++++++++++++
Tuesday, September 15, 2026
ဥပဒေစည်းမျဉ်းများဖြင့် ပိတ်မိခြင်း၊ တရားမျှတမှုကို မျက်ကွယ်ပြုခြင်း နှင့် ‘မဟာဘာရတ ဇာတ်တော်ကြီး’ က ပေးတဲ့သင်္ခန်းစာများ
နိုင်ငံတကာ ဥပဒေတွေရဲ့ ဆင့်ကဲပြောင်းလဲလာမှု သမိုင်းကြောင်းကို လေ့လာကြည့်ရင်၊ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ လောဘ ဒေါသ မောဟ မာန်မာန အာဃာတ၊ လူအများအတွက် တရားမျှတမှု ဆုံးရှုံးခြင်း နဲ့ လူကောင်းတွေက မတရားမှုအပေါ် နှုတ်ဆိတ်နေမှုတွေဟာ၊ အဆုံးစွန်သော ပဋိပက္ခများဆီသို့ အမြဲတစေ ဦးတည်သွားလေ့ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ‘မဟာဘာရတ’ ဇာတ်တော်ကြီးဟာ ခေတ်အဆက်ဆက်မှာရှိတဲ့၊ ဥပဒေပညာရှင်တွေနဲ့ အုပ်စိုးသူတွေအတွက် အလွန် အဖိုးတန်တဲ့ လမ်းညွှန်မှုအမွေအနှစ်ကို ပေးအပ်ခဲ့တယ်။ ဥပဒေပြုသူတွေနဲ့ တရားမျှတမှုကို ဖေါ်ဆောင်ပေးဖို့ တာဝန်ရှိသူတွေဟာ ဥပဒေပြဌာန်ချက်စာသား (Letter of the Law) ကိုပဲ အသေဆုပ်ကိုင်ထားပြီး၊ ဥပဒေရဲ့ အသက်သွေးကြော ဝိညာဉ်ဖြစ်တဲ့ တရားမျှတမှု (Spirit of the Law) ကို မျက်ကွယ်ပြုလိုက်ရင်၊ လူအပေါင်းတို့ရဲ့ ကိုးစားယုံကြည်မှု ပျက်သုဉ်းသွားပြီး၊ လူ့အဖွဲ့အစည်း တစ်ခုလုံး သွေးချောင်းစီး စစ်ပွဲတွေအတွင်း မလွဲမသွေ ကျရောက်သွားနိုင်တယ်ဆိုတာကို ‘မဟာဘာရတ’ ဇာတ်တော်ကြီး က သက်သေပြနေတယ်။
Sunday, September 13, 2026
အေအိုင်၊ သင်္ချာပညာ ပျက်စီးခြင်း၏အစလော?
သင်္ချာလောကရဲ့ 'ထောင်စုနှစ် ဆုကြေးပုစ္ဆာကြီး' (Millennium Prize Problems) ၇-ရပ် အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ထင်ရှားလှတဲ့ ‘နာဗီယာ-စတုတ် ညီမျှခြင်းများ (Navier-Stokes equations)’ နဲ့ သက်ဆိုင်တဲ့ အခြေအနေတစ်ခုအတွက်၊ ကွန်ပျူတာစွမ်းအင် အမေရိကန်ဒေါ်လာ ၁၅ သန်းဖိုးခန့် အသုံးပြုတွက်ချက်ပြီး အဖြေကို တွေ့ရှိပြီဖြစ်ကြောင်း OpenAI က ကြေညာခဲ့တယ်။ [[အဆိုပါ အဖြေကို ရဖို့ AI အေးဂျင့်ပေါင်း တစ်သောင်းခန့်ကို ၈၈ နာရီနီးပါးကြာ မောင်းနှင်ခဲ့ရတယ်လို့ ဆိုတယ်။]]
ဒီကြေညာချက်မှာ
ချက်ချင်းဆိုသလိုပဲ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့တယ်။ နယူးယောက် တက္ကသိုလ်က သင်္ချာပညာရှင်တွေဖြစ်တဲ့ ‘ထရစ်စတန်
ဘက်မတ်စတာ (Tristan
Buckmaster)’ နဲ့ ‘လီဗန့် အယ်လ်ပိုဂီ (Levent Alpöge)’
တို့က၊ ၎င်းတို့အနေနဲ့ အဆိုပါ ပုစ္ဆာအတွက် အလားအလာကောင်းသော ဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခုကို တွေ့ရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ၎င်းတို့ရဲ့ သုတေသန တိုးတက်မှုကို သိရှိသွားသည်နဲ့ တစ်ပြိုင်နက်၊ အဆိုပါ တွေ့ရှိမှုအဖြေကို အပိုင်စီးဖို့ OpenAI က ခြေလှမ်းပြင်ခဲ့တာဖြစ်တယ်လို့၊ ‘ဘက်မတ်စတာ’ က လူသိရှင်ကြား စွပ်စွဲထားတယ်။
နည်းပညာကုမ္ပဏီတွေက
ဒီလို တွေ့ရှိမှုတွေအတွက် အောင်ပွဲခံနေပေမဲ့၊ UCLA တက္ကသိုလ်က၊ ထင်ရှားကျော်ကြားတဲ့
သင်္ချာပညာရှင် ‘ထယ်ရင့်စ်
တောင်း’ (Terence
Tao) က, OpenAI နဲ့ ၎င်းတို့ရဲ့
ချဉ်းကပ်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ နည်းပညာကုမ္ပဏီတွေရဲ့ အလောတကြီးနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကြေညာချက်တွေဟာ "သင်္ချာပညာရှင်တွေရဲ့ စားပွဲပေါ်ကို အသားတုံးကြီးတွေ အစိမ်းလိုက် ပစ်တင်ပေးပြီး ထွက်သွားခြင်း" နဲ့ တူတယ်လို့ ‘တောင်း’
က ခိုင်းနှိုင်းခဲ့တယ်။
ဒါ့အပြင်
သူက အဖြေရှာမရသေးသော
ပုစ္ဆာတွေ (open
problems) ကို အလိုအလျောက်စနစ်တွေနဲ့ ဖြေရှင်းနေခြင်းကို
'ရှေးဟောင်းသုတေသန တူးဖော်ရေးနေရာတစ်ခုကို စက်ယန္တရားကြီးများသုံး၍
တူးဆွနေခြင်း' နဲ့ ခိုင်းနှိုင်းထားတယ်။ ဒီလုပ်ရပ်ဟာ အနာဂတ် သုတေသီတွေကို လေ့ကျင့်သင်ကြားပေးရာမှာ သင်္ချာဆိုင်ရာ တွေ့ရှိမှုတွေရဲ့ ရေရှည်တန်ဖိုးကို ဖြစ်ပေါ်စေသော နောက်ခံအကြောင်းတရားများကို
ဖျက်ဆီးပစ်လိုက်ခြင်းပင်
ဖြစ်တယ်။
ဂုဏ်သတင်းအတွက်
အပြင်းအထန် ယှဉ်ပြိုင်နေကြတဲ့ ဒီလုပ်ရပ်ဟာ သိပ္ပံပညာရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ အခြေခံသီအိုရီများ တည်ဆောက်ခြင်း၊ မျိုးဆက်သစ်များကို သင်ကြားပေးခြင်းနဲ့ အဖြေတစ်ခုဟာ အဘယ်ကြောင့် မှန်ကန်နေရသည်ကို ရှင်းလင်းပြသခြင်း ဆိုတဲ့ လူသားသင်္ချာပညာရှင်တွေရဲ့ လုပ်ငန်းစဉ်တွေကို
ကျော်လွန်ပစ်လိုက်ခြင်းပင်ဖြစ်တယ်လို့
သူက ထောက်ပြတယ်။
သင်္ချာပညာရပ်ရဲ့
အနာဂတ်ကို ကာကွယ်ဖို့အတွက်၊ တချို့သော သင်္ချာပုစ္ဆာ အမျိုးအစားတွေကို အလိုအလျောက် ဖြေရှင်းပေးသော စနစ်များ (automated
solvers) နဲ့ ဖြေရှင်းခွင့်မပြုဘဲ 'ကန့်သတ်နယ်မြေ' အဖြစ် သတ်မှတ်ဖို့ ပြတ်သားတဲ့ခြေလှမ်းတစ်ရပ်ကို
‘တောင်း’က အကြံပြုခဲ့တယ်။
သင်္ချာပညာဆိုတာ
လူသားတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအပေါ်မှာ
အခြေခံ တည်ဆောက်ထားခြင်းဖြစ်တဲ့အတွက်၊
လူသားတို့ရဲ့ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်စွမ်း
(intuition) ကို လုံးဝ ဥပေက္ခာပြုလိုက်ခြင်းဟာ အခုမှစတင်လေ့လာမဲ့
သုတေသီတွေကို ဖယ်ကြဉ်ရာရောက်နိုင်တဲ့ အန္တရာယ်ရှိသလို၊ သင်္ချာပညာကို သင်ကြားပေးတဲ့ပုံစံနဲ့ မှန်ကန်ကြောင်း သက်သေပြတဲ့ လုပ်ငန်းစဉ်တွေကိုလည်း
ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။
သင်္ချာပညာရဲ့
အန္တိမတန်ဖိုးက၊ အဖြေထုတ်ပေးရုံ
သက်သက်မဟုတ်ဘဲ ရှုပ်ထွေးခက်ခဲသော ပြဿနာများကို ဖြေရှင်းနိုင်ရန် စိတ်ကို လေ့ကျင့်ပေးခြင်းသာ ဖြစ်တယ်။ အဲ့ဒီလိုအခြေအနေမှာ AI
လက်ထဲကို အလုံးစုံ ထိုးအပ်လိုက်ခြင်းဟာ၊ AI ကို
ဖန်တီးပေးခဲ့တဲ့ ဒီပညာရပ်နယ်ပယ်ကိုပင်
ပြန်လည် ညစ်ညမ်းသွားစေနိုင်တယ်။
သိပ္ပံပညာ
ရေရှည်တည်တံ့စွာ တိုးတက်စေဖို့အတွက်၊ နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ ကိုယ်ကျိုးစီးပွားအတွက် အလျင်စလို လုပ်ဆောင်ခြင်းထက်၊ ပူးပေါင်းပါဝင်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကို
ဦးစားပေး လုပ်ဆောင်ကြရမှာဖြစ်တယ်။
ဒီနေရာမှာ
အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ပြဿနာက၊
AI သည် ခက်ခဲသော ပုစ္ဆာများကို ဖြေရှင်းနိုင်စွမ်း ရှိ၊ မရှိ ဆိုသည့်အချက် မဟုတ်ဘူး။ တကယ်တော့ ၎င်း
AI က၊ လူတွေထက်ကို ပိုပြီး
ပြဿနာတွေကို ဖြေရှင်းလာနိုင်ပါတယ်။
ဒါပေမဲ့ အဓိက မေးခွန်းထုတ်ဖို့က၊ ၎င်းအဖြေများ
ထုတ်ယူရာမှာ အသုံးပြုတဲ့၊ ‘အလျင်စလို လုပ်ဆောင်မှုနဲ့ လျှို့ဝှက်ထားမှု’ တို့က သင်္ချာပညာရပ်ရဲ့ ရာစုနှစ်ပေါင်းများစွာ အမှတ်လက္ခဏာဖြစ်ခဲ့တဲ့
'ပူးပေါင်းဆောင်ရွက်ခြင်းနဲ့
သင်ကြားပြသနိုင်ခြင်း'
ဆိုတဲ့ လုပ်ငန်းစဉ်တွေကို တိတ်တဆိတ် တိုက်စား ဖျက်ဆီးပစ်နေသလား ဆိုတဲ့အချက်ပဲ ဖြစ်တယ်။
ရင်းမြစ် - Choi, W. (2026). Fields Medalist Warns AI's Math Rush Undermines Discipline's Process. The Chosun Daily.
Tuesday, September 1, 2026
Doctrinal and Non-doctrinal Legal Research
Thursday, August 27, 2026
ကျမ်းရဲ့အစ၊ မာတိကာ က တဲ့လား?
တက္ကသိုလ်တစ်ခုမှာ၊ ဘွဲ့ယူစာတမ်း တစ်ခု ရေးသားစေတဲ့အခါ၊ ပထမဦးဆုံး အနေနဲ့၊ ကျောင်းသားကို ၎င်းရေးသားမဲ့ ဘွဲ့လွန်စာတမ်း ခေါင်းစဉ် (title)၊ လေ့လာမှု နည်းလမ်း (method) နဲ့ ရည်ညွန်းကိုးကား (references) အတိုချုပ်ကို စုစုပေါင်း စာ တစ်မျက်နှာစာ (A4 ဖြင့်) အဆိုပြု တင်သွင်းစေတာကို တွေ့ရတယ်။ သက်ဆိုင်ရာ ပါမောက္ခက စာတမ်းခေါင်းစဉ်ကို၊ လက်ခံ အတည်ပြုပြီးတဲ့အခါမှာ၊ ဒုတိယအဆင့်အနေနဲ့ ကျောင်းသားကို ၎င်းရေးသားမဲ့ ဘွဲ့လွန်စာတမ်းရဲ့ မာတိကာ (Table of Contents) ကို တင်ပြစေပါတယ်။ ၎င်း မာတိကာ (မည်သည့် ရေးသားချက်မှ မပါသော၊ ခေါင်းစဉ် သက်သက်) ကိုကြည့်ပြီး၊ သက်ဆိုင်ရာ ကျမ်းကြီးကြပ်သူပါမောက္ခက၊ “ဖြုတ် နှုတ် ပယ် ထပ်ဖြည့် “ စတာတွေကို ခိုင်းစေပြီး၊ ၎င်း အတည်ပြုပေးသော Table of Contents အတိုင်း၊ ကျောင်းသားကို ကျမ်းပြုစေတယ်။
Friday, August 14, 2026
Guilty, the AI Said (အပြစ်ရှိကြောင်း အေအိုင် က ဆုံးဖြတ်သည်)
၂၀၂၆၊ မတ် ၂၈ ရက်နေ့မှာ၊ ဂျပန်နိုင်ငံ NHK ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ "有罪、とAIは告げた" (Guilty, the AI Said) ရုပ်ရှင်ကားဟာ၊ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ရှေ့မှောက်ကို၊ အလွန်လေးနက်သိမ်မွေ့တဲ့ မေးခွန်းတစ်ခုချပြလာခဲ့တယ်။ ဉာဏ်ရည်တု (AI) နည်းပညာတွေဟာ လူ့ဘဝရဲ့ နယ်ပယ်အသီးသီးကို၊ နက်ရှိုင်းစွာ ဝင်ရောက်လာနေချိန်မှာ ဒီဇာတ်ကားက လူသားတို့ရဲ့၊ တရားစီရင်ရေးမဏ္ဍိုင်အတွင်းကို AI က ဘယ်လိုနေရာယူလာနိုင်သလဲဆိုတာ ထိတ်လန့်ဖွယ်ဖွယ် စဉ်းစားဖွယ် ပုံဖော်ပြထားတယ်။
လူသားတို့၏
တရားစီရင်ရေးနှင့်
စက်ယန္တရား၏ ယုတ္တိ
************************
ဥပဒေဆိုဆိုတာ
လူ့အဖွဲ့အစည်းကို တရားမျှတစွာ
ထိန်းသိမ်းရန် ဖန်တီးထားတဲ့ စည်းမျဉ်းဖြစ်ပေမဲ့၊ ၎င်းကို
အကောင်အထည်ဖော်ရာမှာ 'လူသားတို့ရဲ့ ကရုဏာစိတ်'
(Human Empathy) နဲ့
တရားစီရင်မှုတစ်ခုအတွက် 'အခြေအနေအရပ်ရပ်ကို ချိန်ဆခြင်း' (Judicial
Discretion) တို့က
အမြဲတမ်း အဓိကကျတဲ့ နေရာက ပါဝင်ခဲ့တယ်။
- အကြွင်းမဲ့ တရားမျှတမှုနှင့် လူ့ဘဝ၏ ရှုပ်ထွေးမှု။ ။ AI ဆိုတာ၊ ရှိပြီးသား အချက်အလက်
ဒေတာတွေကို အခြေခံပြီး၊ ပုံသေ တွက်ချက်နိုင်ပေမဲ့၊
ပြစ်မှုကျူးလွန်ရခြင်းရဲ့
နောက်ကွယ်မှာရှိတဲ့၊ ဖေါ်ပြတိုင်းတာဖို့
ခက်ခဲ နက်နဲလှတဲ့
လူ့ဘဝဒုက္ခတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ပြင်းထန်တဲ့ခံစားချက်တွေကို နားလည်နိုင်စွမ်း
မရှိဘူး။
- တရားစီရင်ရေး၏ ဝိညာဉ်။ ။ ဒီရုပ်ရှင်က ဥပဒေဆိုတာ စာသားသက်သက်မဟုတ်ဘဲ လူသားချင်းစာနာ နားလည်မှုကို
အခြေခံတဲ့ တရားမျှတမှုတစ်ရပ်
ဖြစ်ကြောင်းကို ပေါ်လွင်စေတယ်။ တရားခွင်တစ်ခုမှာ တရားသူကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်ဟာ၊ တရားသေ ဥပဒေ အချက်အလက်တွေထက်၊
ချစ်ခြင်းမေတ္တာ နဲ့ ကျိုးကြောင်းဆင်ခြင်မှုတို့
အပေါ် ပေါင်းစပ်အခြေခံသင့်ကြောင်း
ဒီဇာတ်ကားက သတိပေးထားတယ်။
ကြားနေမှု၏
အယောင်ဆောင်ခြင်းနှင့်
Black-Box ပြဿနာ
************************
နည်းပညာပိုင်းဆိုင်ရာနဲ့
နက်ရှိုင်းစွာမရင်းနှီးသူအများစုက၊ AI ဟာ
အီမိုးရှင်း စိတ်ခံစားချက်မပါတဲ့အတွက် ဘက်လိုက်မှုကင်းတယ်၊
ယုတ္တိတန်တယ်လို့၊ လွယ်လွယ်ယူဆတတ်ကြတယ်။ တကယ်တမ်းက၊ အေအိုင်တွေဟာ လူသားတို့
ရေးဆွဲခဲ့တဲ့၊ စုဆောင်းသိမ်းဆည်းထားတဲ့၊
ထည့်သွင်းပေးထားတဲ့၊ လေ့ကျင့်ပေးထားတဲ့၊ အချက်အလက် ဒေတာ နဲ့ ဘက်လိုက်မှုတွေကို အမွေဆက်ခံထားခြင်းသာ ဖြစ်တယ်။
- Black-Box
ပြဿနာ။ ။ ဒီစကားလုံးက နည်းပညာသမားတွေ နားလည်မဲ့စကားလုံးပါ။
"Guilty, the AI Said" ရုပ်ရှင်က
AI ရဲ့ ဆုံးဖြတ်ချက်တွေကို လူသားတို့က မေးခွန်းထုတ်စရာမလိုဘဲ
လိုက်နာရမဲ့ အခြေအနေရောက်လာတဲ့အခါ ဖြစ်လာမဲ့အန္တရာယ်ကို ထင်ဟပ်ပြထားတယ်။ ဆုံးဖြတ်ချက်တစ်ခုရဲ့ နောက်ကွယ်မှာ ဘယ် အယ်လဂိုရီသမ်
(Algorithm) နဲ့၊
စစ်ဆေးဆုံးဖြတ်ခဲ့တယ်ဆိုတာကို
ရှင်းလင်းစွာ မသိ မမြင်နိုင်ခြင်းက တရားမျှတမှုကို ပွင့်လင်းမြင်သာမှု မရှိတော့စေရန် ဖန်တီးပေးသလိုဖြစ်နေတယ်။
- အချက်အလက် ဘက်လိုက်မှု။ ။ AI ဟာ အပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံတဲ့
တရားသူကြီးမျိုးမဟုတ်ဘဲ၊ အတိတ်က
လူသားတို့ရဲ့ အမှားများတွေကိုပါ ပြန်လည် ပဲ့တင်ထပ်ထုတ်လုပ်ပေးနေတဲ့
မှန်တစ်ချပ်သာ ဖြစ်နေနိုင်ကြောင်း
နည်းပညာပိုင်းအရ
အလေးအနက် ထောက်ပြထားတယ်။ (ဆိုလိုတာက… အေအိုင်စနစ်ထဲကို
ထဲ့ပေးထားတဲ့၊ အတိတ်က လူသားတွေရဲ့ မှားယွင်းချွတ်ချော်ခဲ့တဲ့ စီရင်ထုံးဟောင်းတွေ၊
ဥပဒေ စည်းမျဉ်းအဟောင်းကိုပဲ အေအိုင်စနစ်တွေက၊ ပြန်ပြီးအသုံးပြုနေတာမျိုး…။)
မည်သူ့တွင်
တာဝန်ရှိသနည်း
နှင့် လူသားဖြစ်တည်မှု၏ တန်ဖိုး
**********************
ဒဿနိကဗေဒအရ
အဓိက အမေးထုတ်စရာက "အမှားတစ်ခုအတွက် မည်သူ့ကို တာဝန်ခံခိုင်းမည်နည်း"
ဆိုတဲ့ အချက်ဖြစ်တယ်။
- ကိုယ်ကျင့်တရားနှင့် အသိတရား ကင်းမဲ့ခြင်း။ ။ တကယ်လို့ AI က အပြစ်ရှိကြောင်း မှားယွင်းစွာ ဆုံးဖြတ်ခဲ့ရင်၊ အဲ့ဒီဆုံးဖြတ်ချက်ရဲ့
နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးကို
ဘယ်သူက သယ်ဆောင်မလဲ။ စက်ပစ္စည်းတစ်ခုမှာ
အသိတရား
(Conscience) ဆိုတာမျိုးမရှိသလို
နောင်တဆိုတာမျိုးလည်း မရှိပါဘူး။ တကယ်တော့
တရားမျှတမှုဆိုတာမျိုးက ရလဒ်တစ်ခုတည်းမဟုတ်ဘဲ၊
ထိုရလဒ်ကို ရှာဖွေရာမှာ ပေါ်ပေါက်လာတဲ့ လူသားတို့ရဲ့
ကျင့်ဝတ်ဆိုင်ရာ ရုန်းကန်မှုများနဲ့
တာဝန်ယူမှုတို့ပဲ့
ဖြစ်တယ်။
- လူသားလွတ်လပ်ခွင့်
(Human Agency)။ ။ လူသားတွေအနေနဲ့
မိမိရဲ့ ကံကြမ္မာကို စက်ပစ္စည်းများက ချုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဟာ၊
လူသားရဲ့ လွတ်လပ်စွာ
ဆုံးဖြတ်ပိုင်ခွင့်ကို
စွန့်လွှတ်လိုက်ခြင်းပင်ဖြစ်တယ်။
နိဂုံး
နိဂုံးချုပ်အနေနဲ့
ဒီ ရုပ်ရှင်ဟာ အနာဂတ်ကမ္ဘာရဲ့ “ဥပဒေ၊
တရားစီရင်ရေး နဲ့ တရားမျှတမှု” ဆိုင်ရာ ကိစ္စရပ်တွေအတွက် ကြိုတင်သတိပေးချက်တစ်ခု
ဖြစ်တယ်။ ဒီ "Guilty, the AI
Said" ရုပ်ရှင်ဟာ နည်းပညာရဲ့
အရှိန်အဟုန်နဲ့ စွမ်းရည်ကို
အံ့ဩရင်း၊ လူသားတို့ရဲ့၊ ဖြစ်တည်မှု အနှစ်သာရနဲ့ လူ့ဘဝတန်ဖိုးကို
ပြန်လည်ရှာဖွေတွေ့ရှိစေမဲ့
ရသမြောက် ရုပ်ရှင်လက်ရာကောင်း တစ်ခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ နည်းပညာဟာ
ကျွန်တော်တို့ရဲ့ လက်ထောက်ကောင်းတစ်ဦး
ဖြစ်နိုင်ပေမဲ့၊ လူသားတို့ရဲ့
ကံကြမ္မာနဲ့ တရားမျှတမှုကို
ဆုံးဖြတ်ပေးမဲ့ အရာတစ်ခုတော့
ဘယ်လိုမှ ဖြစ်မလာသင့်ဘူး။
Thursday, August 6, 2026
ကျမ်းပြုသူနှင့် ကျမ်းကြီးကြပ်သူ တို့၏ အခန်းကဏ္ဍများ
ကျမ်းပြု သူတစ်ဦးဟာ၊ ကျမ်းကြီးကြပ်သူ (Supervisor) ရဲ့ အလိုကျ၊ ကျမ်းကြီးကြပ်သူ သိပြီးသား ဘောင်အတွင်းကသာ ရေးသားပြုစုရတဲ့ စာတမ်းမျိုး၊ ကျမ်းမျိုး၊ သုတေသနမျိုးဟာ "သုတေသန" ဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရဖြစ်တဲ့ "အသစ်ရှာဖွေတွေ့ရှိခြင်း (Originality and Novelty)" ကို သတ်ပစ်လိုက်သလို ဖြစ်သွားစေတယ်။
သုတေသန၏ အနှစ်သာရနှင့် "အသစ်ရှာဖွေတွေ့ရှိမှု"
(Originality)
အဆင့်မြင့်
ဘွဲ့လွန်ကျမ်းတွေ (အထူးသဖြင့် PhD Dissertation နှင့် Master's Thesis) တို့ရဲ့
အဓိက ရည်ရွယ်ချက်က၊ လူသားတို့ရဲ့ လက်ရှိ သိမြင်နားလည်ထားသော ပညာရပ်နယ်ပယ်
(Knowledge boundary) ကို နောက်ထပ် ခြေတစ်လှမ်း တိုးချဲ့ပေးရန် ဖြစ်တယ်။
- တကယ်လို့ ကျောင်းသားတစ်ဦးဟာ၊
ကျမ်းကြီးကြပ်သူ သိပြီးသား အဖြေကိုသာ ပြန်လည်သက်သေပြနေရမယ်၊ သို့မဟုတ်
ကြီးကြပ်သူရဲ့ အယူအဆကိုသာ ပဲ့တင်ထပ်နေရမယ်ဆိုရင်၊ ၎င်းဟာ သုတေသန မဟုတ်တော့ဘဲ
"လေ့ကျင့်ခန်း (Academic Exercise)" တစ်ခုသာ ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့်
လူသူလေးစားသော နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာတော့၊ ထိပ်တန်း
ပါမောက္ခကြီးများက မိမိ မသိသေးသော၊ မျှော်လင့်မထားသော ရလဒ်အသစ်များကို
ရှာဖွေနိုင်တဲ့ ကျောင်းသားမျိုးကိုသာ လိုလားကြတယ်။
၂။ အသိပညာ အကူးအပြောင်း အမှတ် (The Point of Knowledge
Transition)
သုတေသနနယ်ပယ်တစ်ခုမှာ
"အကြောင်းအရာကို အသိဆုံးက ၎င်းကျမ်းကို ပြုစုမဲ့သူသာ ဖြစ်သင့်တယ်"
ဆိုတဲ့ အချက်ဟာ သုတေသနလောကရဲ့ ရွှေစည်းမျဉ်း (Golden Rule) ဖြစ်တယ်။
- သုတေသနခရီးစဉ်၏ တစ်နေရာ (ဥပမာ - ဒုတိယနှစ်
သို့မဟုတ် တတိယနှစ်) မှာ၊ ကျောင်းသားဟာ မိမိ၏ သီးသန့် သုတေသနခေါင်းစဉ် (Niche
topic) နှင့် ပတ်သက်၍ မိမိ၏ ကျမ်းကြီးကြပ်သူထက် ပိုမို
သိရှိနားလည်သွားရမည် ဟု ပါမောက္ခကြီးများက လက်ခံထားကြတယ်။ ထိုသို့
ကျောင်းသားက ဆရာ့ထက် ပိုသိလာသည့် အချိန်ရောက်မှသာလျှင် ထိုကျမ်းသည်
အောင်မြင်သော ကျမ်းတစ်စောင် ဖြစ်လာမည့် လမ်းစပေါ်သို့ ရောက်ရှိခြင်း ဖြစ်တယ်။
“ငါစစ်အုံးမယ် ငါကြည့်အုံးမယ်… ပေါက်ကရတွေဖြစ်ကုန်မယ်…
ငါခိုင်းတဲ့အတိုင်းလုပ်” လို့ဆိုသူတွေဟာ၊ သူတို့ကိုယ်တိုင်က “ဝါလုံးခေါင်းထဲ
လ သာ” ဘဝင်မြင့်နေသူတွေဖြစ်ပြီး၊ သုတေသနပြုသူ ကျောင်းသားကို အထင်သေးနေသူတွေဖြစ်တယ်။
၃။ ကျမ်းကြီးကြပ်သူ၏ အခန်းကဏ္ဍ (The True Role of a
Supervisor)
တကယ်တော့ ကျမ်းကြီးကြပ်သူဟာ
အလုံးစုံ ထိန်းချုပ်သူ (Micromanager) သို့မဟုတ် အဖြေကို ပုံစံချပေးသူ (Dictator)
မဖြစ်ရဘူး။ ၎င်းဟာ
- နည်းစနစ်ပိုင်းဆိုင်ရာ လမ်းပြသူ
(Methodological Guide) - သုတေသန
နည်းစနစ် မှန်ကန်စေရန်၊ ယုတ္တိဗေဒ ခိုင်လုံစေရန်နှင့် ပညာရပ်ဆိုင်ရာ
စံညွှန်းများနှင့် ကိုက်ညီစေရန်သာ ထိန်းကျောင်းပေးရမှာ ဖြစ်တယ်။
- အပြုသဘောဆောင် ဝေဖန်သူ (Devil's
Advocate) - ကျောင်းသားရဲ့
တွေ့ရှိချက်တွေကို လွယ်လွယ်နဲ့ လက်မခံဘဲ၊ ကျောင်းသားဘက်က ခိုင်လုံသော
အထောက်အထားဖြင့် ခုခံချေပနိုင်စွမ်း ရှိစေရန် အခက်ခဲဆုံး မေးခွန်းများ မေးကာ မှတ်ကျောက်တင်ဆန်းစစ်ပေးသူ
(Sounding board) ဖြစ်ရပါမယ်။
အဖြစ်သင့်ဆုံး Student-Supervisor ဆက်သွယ်မှု ပုံစံ
အဆင့်မြင့် ပညာရေးစနစ်တွေမှာ
အအောင်မြင်ဆုံးလို့ သတ်မှတ်ထားတဲ့ ဆက်သွယ်မှုပုံစံက "တပည့်မှသည်
လုပ်ဖော်ကိုင်ဖက်သို့ ကူးပြောင်းခြင်း မော်ဒယ် (Apprenticeship to Colleagueship
Model)" ဖြစ်တယ်။ ၎င်းပုံစံမှာ အောက်ပါ အဆင့် (၃) ဆင့် ပါဝင်တယ်။
- လမ်းညွှန်မှု အများဆုံးကာလ
(Scaffolding Stage) - သုတေသန
စတင်ချိန်မှာ ကျမ်းကြီးကြပ်သူက စာတမ်းရဲ့ ရည်ရွယ်ချက်၊ သုတေသန မေးခွန်းများ
ရွေးချယ်မှုနှင့် သုတေသန ပုံစံ (Research Design) တို့ကို အဓိက
ကူညီလမ်းညွှန်ပေးရမှာဖြစ်တယ်။
- လွတ်လပ်စွာ စူးစမ်းခွင့်ပေးသောကာလ
(Independence Stage) - အချက်အလက်
ကောက်ယူခြင်း၊ စမ်းသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများ ပြုလုပ်ရာမှာ ကျောင်းသားအား အပြည့်အဝ လွတ်လပ်ခွင့်
ပေးထားရပါမယ်။ မှားယွင်းမှုများ ရှိလာပါကလည်း ကျောင်းသားကိုယ်တိုင်
သင်ခန်းစာယူ ပြင်ဆင်နိုင်ရန် အခွင့်အရေး ပေးရပါမယ်။
- တန်းတူ ဆွေးနွေးခြင်းကာလ
(Peer-to-Peer Stage) -
တွေ့ရှိချက်များကို သုံးသပ်ရာတွင် ဆရာနှင့် တပည့် ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ၊
ပညာရှင် နှစ်ဦး (Scholars) အနေဖြင့် စားပွဲဝိုင်းတွင် အပြန်အလှန်
ငြင်းခုံဆွေးနွေးကြသော ဆက်ဆံရေးမျိုး ဖြစ်လာရပါမယ်။
အချုပ်အားဖြင့်ဆိုရရင်၊
အကောင်းဆုံးသော ကျမ်းကြီးကြပ်သူဆိုတာ "မိမိထက် တော်သော၊ မိမိ
မသိသေးသည်များကို ရှာဖွေဖော်ထုတ်နိုင်သော ပညာရှင်အသစ်တစ်ဦးကို
မွေးထုတ်ပေးနိုင်သူ" သာလျှင် ဖြစ်တယ်။
(ဒီစာစုနဲ့
ကျွန်တော့ရဲ့ မဟာဥပဒေဘွဲ့ ကျမ်းကြီးကြပ်သူ တီချယ်စန္ဒာဝင်း [(Daw Sandar Win, Senior Lecturer (Retired), INTI International University, Malaysia)] ရဲ့ ဂုဏ်ကျေးဇူးကို
အလေးအမြတ်မှတ်တမ်းပြုပါတယ်။)






