Friday, August 14, 2026

Guilty, the AI Said (အပြစ်ရှိကြောင်း အေအိုင် က ဆုံးဖြတ်သည်)

၂၀၂၆၊ မတ် ၂၈ ရက်နေ့မှာ၊ ဂျပန်နိုင်ငံ NHK ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ "有罪、とAIは告げた" (Guilty, the AI Said) ရုပ်ရှင်ကားဟာ၊ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ရှေ့မှောက်ကို၊ အလွန်လေးနက်သိမ်မွေ့တဲ့ မေးခွန်းတစ်ခုချပြလာခဲ့တယ်။ ဉာဏ်ရည်တု (AI) နည်းပညာတွေဟာ လူ့ဘဝရဲ့ နယ်ပယ်အသီးသီးကို၊ နက်ရှိုင်းစွာ ဝင်ရောက်လာနေချိန်မှာ ဒီဇာတ်ကားက လူသားတို့ရဲ့၊ တရားစီရင်ရေးမဏ္ဍိုင်အတွင်းကို AI က ဘယ်လိုနေရာယူလာနိုင်သလဲဆိုတာ ထိတ်လန့်ဖွယ်ဖွယ် စဉ်းစားဖွယ် ပုံဖော်ပြထားတယ်။

 

လူသားတို့၏ တရားစီရင်ရေးနှင့် စက်ယန္တရား၏ ယုတ္တိ

************************

ဥပဒေဆိုဆိုတာ လူ့အဖွဲ့အစည်းကို တရားမျှတစွာ ထိန်းသိမ်းရန် ဖန်တီးထားတဲ့ စည်းမျဉ်းဖြစ်ပေမဲ့၊ ၎င်းကို အကောင်အထည်ဖော်ရာမှာ 'လူသားတို့ရဲ့ ကရုဏာစိတ်' (Human Empathy) နဲ့ တရားစီရင်မှုတစ်ခုအတွက် 'အခြေအနေအရပ်ရပ်ကို ချိန်ဆခြင်း' (Judicial Discretion) တို့က အမြဲတမ်း အဓိကကျတဲ့ နေရာက ပါဝင်ခဲ့တယ်။

  • အကြွင်းမဲ့ တရားမျှတမှုနှင့် လူ့ဘဝ၏ ရှုပ်ထွေးမှု။         AI ဆိုတာ၊ ရှိပြီးသား အချက်အလက် ဒေတာတွေကို အခြေခံပြီး၊ ပုံသေ တွက်ချက်နိုင်ပေမဲ့၊ ပြစ်မှုကျူးလွန်ရခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့၊ ဖေါ်ပြတိုင်းတာဖို့ ခက်ခဲ နက်နဲလှတဲ့ လူ့ဘဝဒုက္ခတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့  ပြင်းထန်တဲ့ခံစားချက်တွေကို နားလည်နိုင်စွမ်း မရှိဘူး။
  • တရားစီရင်ရေး၏ ဝိညာဉ်။      ။ ဒီရုပ်ရှင်က ဥပဒေဆိုတာ စာသားသက်သက်မဟုတ်ဘဲ လူသားချင်းစာနာ နားလည်မှုကို အခြေခံတဲ့ တရားမျှတမှုတစ်ရပ် ဖြစ်ကြောင်းကို ပေါ်လွင်စေတယ်။ တရားခွင်တစ်ခုမှာ တရားသူကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်ဟာ၊ တရားသေ ဥပဒေ အချက်အလက်တွေထက်၊ ချစ်ခြင်းမေတ္တာ နဲ့ ကျိုးကြောင်းဆင်ခြင်မှုတို့ အပေါ် ပေါင်းစပ်အခြေခံသင့်ကြောင်း ဒီဇာတ်ကားက သတိပေးထားတယ်။

ကြားနေမှု၏ အယောင်ဆောင်ခြင်းနှင့် Black-Box ပြဿနာ

************************

နည်းပညာပိုင်းဆိုင်ရာနဲ့ နက်ရှိုင်းစွာမရင်းနှီးသူအများစုက၊ AI ဟာ အီမိုးရှင်း စိတ်ခံစားချက်မပါတဲ့အတွက် ဘက်လိုက်မှုကင်းတယ်၊ ယုတ္တိတန်တယ်လို့၊ လွယ်လွယ်ယူဆတတ်ကြတယ်။ တကယ်တမ်းက၊ အေအိုင်တွေဟာ လူသားတို့ ရေးဆွဲခဲ့တဲ့၊ စုဆောင်းသိမ်းဆည်းထားတဲ့၊ ထည့်သွင်းပေးထားတဲ့၊ လေ့ကျင့်ပေးထားတဲ့၊ အချက်အလက် ဒေတာ နဲ့ ဘက်လိုက်မှုတွေကို အမွေဆက်ခံထားခြင်းသာ ဖြစ်တယ်။

  • Black-Box ပြဿနာ။   ။ ဒီစကားလုံးက နည်းပညာသမားတွေ နားလည်မဲ့စကားလုံးပါ။ "Guilty, the AI Said" ရုပ်ရှင်က AI ရဲ့ ဆုံးဖြတ်ချက်တွေကို လူသားတို့က မေးခွန်းထုတ်စရာမလိုဘဲ လိုက်နာရမဲ့ အခြေအနေရောက်လာတဲ့အခါ ဖြစ်လာမဲ့အန္တရာယ်ကို ထင်ဟပ်ပြထားတယ်။ ဆုံးဖြတ်ချက်တစ်ခုရဲ့ နောက်ကွယ်မှာ ဘယ် အယ်လဂိုရီသမ် (Algorithm) နဲ့၊ စစ်ဆေးဆုံးဖြတ်ခဲ့တယ်ဆိုတာကို ရှင်းလင်းစွာ မသိ မမြင်နိုင်ခြင်းက တရားမျှတမှုကို ပွင့်လင်းမြင်သာမှု မရှိတော့စေရန် ဖန်တီးပေးသလိုဖြစ်နေတယ်။
  • အချက်အလက် ဘက်လိုက်မှု။              AI ဟာ အပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံတဲ့ တရားသူကြီးမျိုးမဟုတ်ဘဲ၊ အတိတ်က လူသားတို့ရဲ့ အမှားများတွေကိုပါ ပြန်လည် ပဲ့တင်ထပ်ထုတ်လုပ်ပေးနေတဲ့ မှန်တစ်ချပ်သာ ဖြစ်နေနိုင်ကြောင်း နည်းပညာပိုင်းအရ အလေးအနက် ထောက်ပြထားတယ်။ (ဆိုလိုတာက… အေအိုင်စနစ်ထဲကို ထဲ့ပေးထားတဲ့၊ အတိတ်က လူသားတွေရဲ့ မှားယွင်းချွတ်ချော်ခဲ့တဲ့ စီရင်ထုံးဟောင်းတွေ၊ ဥပဒေ စည်းမျဉ်းအဟောင်းကိုပဲ အေအိုင်စနစ်တွေက၊ ပြန်ပြီးအသုံးပြုနေတာမျိုး…။)

 



မည်သူ့တွင် တာဝန်ရှိသနည်း နှင့် လူသားဖြစ်တည်မှု၏ တန်ဖိုး

**********************

ဒဿနိကဗေဒအရ အဓိက အမေးထုတ်စရာက "အမှားတစ်ခုအတွက် မည်သူ့ကို တာဝန်ခံခိုင်းမည်နည်း" ဆိုတဲ့ အချက်ဖြစ်တယ်။

  • ကိုယ်ကျင့်တရားနှင့် အသိတရား ကင်းမဲ့ခြင်း။               ။ တကယ်လို့ AI က အပြစ်ရှိကြောင်း မှားယွင်းစွာ ဆုံးဖြတ်ခဲ့ရင်၊ အဲ့ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးကို ဘယ်သူက သယ်ဆောင်မလဲ။ စက်ပစ္စည်းတစ်ခုမှာ အသိတရား (Conscience) ဆိုတာမျိုးမရှိသလို နောင်တဆိုတာမျိုးလည်း မရှိပါဘူး။ တကယ်တော့ တရားမျှတမှုဆိုတာမျိုးက  ရလဒ်တစ်ခုတည်းမဟုတ်ဘဲ၊ ထိုရလဒ်ကို ရှာဖွေရာမှာ ပေါ်ပေါက်လာတဲ့ လူသားတို့ရဲ့ ကျင့်ဝတ်ဆိုင်ရာ ရုန်းကန်မှုများနဲ့ တာဝန်ယူမှုတို့ပဲ့ ဖြစ်တယ်။
  • လူသားလွတ်လပ်ခွင့် (Human Agency)                     ။ လူသားတွေအနေနဲ့ မိမိရဲ့ ကံကြမ္မာကို စက်ပစ္စည်းများက ချုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဟာ၊ လူသားရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို စွန့်လွှတ်လိုက်ခြင်းပင်ဖြစ်တယ်။

နိဂုံး

နိဂုံးချုပ်အနေနဲ့ ဒီ ရုပ်ရှင်ဟာ အနာဂတ်ကမ္ဘာရဲ့ဥပဒေ၊ တရားစီရင်ရေး နဲ့ တရားမျှတမှု” ဆိုင်ရာ ကိစ္စရပ်တွေအတွက် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်တယ်။ ဒီ "Guilty, the AI Said" ရုပ်ရှင်ဟာ နည်းပညာရဲ့ အရှိန်အဟုန်နဲ့ စွမ်းရည်ကို အံ့ဩရင်း၊ လူသားတို့ရဲ့၊ ဖြစ်တည်မှု အနှစ်သာရနဲ့ လူ့ဘဝတန်ဖိုးကို ပြန်လည်ရှာဖွေတွေ့ရှိစေမဲ့ ရသမြောက် ရုပ်ရှင်လက်ရာကောင်း တစ်ခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ နည်းပညာဟာ ကျွန်တော်တို့ရဲ့ လက်ထောက်ကောင်းတစ်ဦး ဖြစ်နိုင်ပေမဲ့၊ လူသားတို့ရဲ့ ကံကြမ္မာနဲ့ တရားမျှတမှုကို ဆုံးဖြတ်ပေးမဲ့ အရာတစ်ခုတော့ ဘယ်လိုမှ ဖြစ်မလာသင့်ဘူး။

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.