Tuesday, November 3, 2026

ချစ်ခင်မြတ်နိုးသော သီချင်းများ၊ ကြည်ညိုလေးစားသော တေးရေးအနုပညာရှင်များ (အပိုင်း-၁)

((အနုပညာရှင်များသည် ၎င်းတို့ကို ချစ်ခင်လေးသားသူတို့၏ စိတ်နှလုံး၌၊ အမြဲတစေ နုပျိုနေခြင်း၊ ကာလရှည်ကြာ မပြောင်းမလဲတည်ရှိနေခြင်းနှင့် အနုပညာရှင်တို့၏ အနုပညာအမည်ကို လေးစားတန်ဘိုးထားခြင်းတို့ကြောင့်၊ ဤ စာစုတွင်၊ အနုပညာရှင်တို့၏ အမည်ကို ရေးသားဖေါ်ပြရာ၌၊ ကို/ဦး/ဒေါ်/မ စသည်တို့ကို၊ အနုပညာအမည်၏ရှေ့တွင် ထည့်သွင်းသုံးစွဲခြင်းမပြုပဲ၊ မူရင်း အနုပညာအမည်ကိုသာသုံးစွဲပါမည်။)

အခုတလော လူမှုကွန်ယက်ပေါ်မှာ (ဆရာကြီး) စိုင်းခမ်းလိတ် ရဲ့ပုံရိပ်တွေ၊ ကိုနေဝင်း ရဲ့ ပုံရိပ်တွေ၊ (ဦး/ကို)ဂျေမောင်မောင် ရဲ့ ပုံရိပ်တွေ မကြာခန တွေ့မိလာပြီးတဲ့နောက်မှာ၊ အတွေးတစ ဝင်လာမိပါတယ်။ အဲတာကတော့ “ငါ့ဘဝအပေါ်မှာ ‘စိတ်ဝိဉာဉ် နှလုံးသား အဟာရ အကြွေး’ ဆပ်မကုန်အောင် တင်ရှိနေတဲ့ အနုပညာရှင်တွေကို၊ ငါဟာ ရုပ်ဝတ္ထုအရ ကျေးဇူး ဆပ်နိုင်စွမ်းမရှိသည့်တိုင်၊ ၎င်း အနုပညာရှင်ကြီးတွေရဲ့ ကောင်းမွန်တဲ့ မွန်မြတ်တဲ့ အဖိုးထိုက်တန်တဲ့၊ လေးစားမှု ချီးကျူးမှု မဖြစ်မနေရသင့်တဲ့ သူတို့ရဲ့ အနုပညာလက်ရာတွေအကြောင်းတွေကို၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူသိသိ မသိသိ၊ ငါ့တကိုယ်စာ ငါခံစားမိသလို ထုတ်ဖေါ်ပြောဆိုခြင်းဖြင့် ၎င်းအနုပညာရှင်တွေရဲ့ ကျေးဇူးတရားကို မှတ်တမ်းတင်သင့်တယ်” ဆိုတာပါပဲ။

စကားလုံးတွေရဲ့ အထားအသိုအစီအစဉ် နောက်ကွယ်မှာ၊ မိမိတို့ တစ်ဘဝလုံးစာ စုဆောင်းခဲ့တဲ့ ဉာဏ်ပညာ မေတ္တာတရား အသက် ဝိဉာဉ် ရှိရှိသမျှ အကုန်ထည့်သွင်းပေးခဲ့တဲ့၊ သံစဉ်တို့ရဲ့ တုန်ခါမှုတိုင်းမှာ နားဆင်သူရဲ့ နှလုံးသားကို ကြည်နူးချမ်းမြေ့စေ ပျော်ရွှင်စေ ကျေနပ်စွာကြေကွဲစေ လွမ်းဆွတ်စေ နူးညံ့စေတဲ့၊ တေးရေးဆရာတွေရဲ့ ဂုဏ်ကျေးဇူးဟာ၊ ကျွန်တော့်အတွက်တော့ တိုင်းဆလို့ မရနိုင်လောက်အောင် နက်ရှိုင်းလှပါတယ်။ လူတစ်ယောက်ရဲ့ ကျဉ်းမြောင်းတဲ့ကမ္ဘာသေးသေးလေးထဲကို၊ သံစဉ်နဲ့ စကားလုံးတွေသုံးစွဲပြီး မိုးစက်ရေအေး စီးဆင်းစေခဲ့သူ၊ လူအများစု နှုတ်ကထုတ်မပြောတတ်တဲ့ ခံစားချက်တွေကို၊ နှုတ်ကပဲ ဖွင့်ဟ သီဆိုဟစ်ကြွေးနိုင်တဲ့ သီချင်းတွေအဖြစ် အသက်သွင်းပေးခဲ့ကြသူတွေဟာ တေးရေးဆရာတွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာကို နားလည်ခဲ့ရခြင်း၊ အမုန်းတရားတွေကို အေးငြိမ်းကွယ်ပျောက်စေခဲ့ရခြင်းနဲ့ နုညံ့ခြင်း စာနာထောက်ထားခြင်းတည်းဟူသော အလှတရားတွေကို ၎င်းတေးရေးဆရာတွေ ရေးဖွဲ့ခဲ့တဲ့ သီချင်းတွေကတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူခဲ့ကြရခြင်းဖြစ်ပါတယ်။ သူတို့ သံစဉ်တွေရဲ့နူးညံ့မှု စကားလုံးများရဲ့သိမ်မွေ့နက်ရှိုင်းမှုတွေကြောင့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ခက်ထန်မာကျောခြင်း ကင်းဝေးပြီး ချစ်ခင်တတ်သူများ၊ ယဉ်ကျေးသိမ်မွေ့တတ်သူများ ဖြစ်လာခဲ့ကြရတာပါ။ သူတို့ရဲ့ ဖန်တီးမှုတွေကြောင့် ဒေါသ၊ အမုန်း၊ အတ္တတို့ထက် ချစ်ခြင်း၊ ငဲ့ညှာခြင်းနှင့် သိမ်မွေ့ခြင်း ကို မြတ်နိုးတတ်သူများ၊ အမှန်တကယ် "လူပီသသူများ" အဖြစ် ပုံစံသွင်းခံခဲ့ကြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးနဲ့ သံစဉ်တို့ရဲ့နောက်ကွယ်မှာ၊ တစ်ဘဝလုံးကို အရင်းအနှီးပြုပြီး၊ လူ့အဖွဲ့အစည်းရဲ့ စိတ်နှလုံးကို ကောင်းမြတ်အောင် မွမ်းမံပေးခဲ့ကြတဲ့ တေးရေးဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို အထူးပင် လေးစားတန်ဖိုးထားရင်း ထာဝရ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာပထမ ချီးမွန်းပူဇော်ဂုဏ်ပြုအပ်ပါတယ်။

“ကဲ… ဒါဆိုရင် … မင်းပြောတဲ့ မင်းချစ်ခင်လေးစားပါတယ်ဆိုတဲ့ အဲ့ဒီ အနုပညာရှင် တေးရေးတွေက ဘယ်သူတွေတုန်း?” လို့ မေးရင်၊ အဲ့ဒီမေးခွန်းဟာ ကျွန်တော် တစ်ကြိမ်တည်းနဲ့ ပြည့်စုံကုန်စင်အောင်ဖြေကြားနိုင်မဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး။ ပထမဆုံး ခေါင်းထဲကိုရောက်လာတာက  နန်းတော်ရှေ့ဆရာတင်၊ ဆရာငြိမ်း (မြို့မငြိမ်း) တို့ ကနေ၊ ဆရာကြီး စိုင်းခမ်းလိတ် နဲ့ မဇ္ဈိမလှိုင်း အဖွဲ့သားတွေဖြစ်တဲ့ ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင်၊ နိုင်မင်း၊ သားထွေး တို့ပါပဲ။ ဒါ့အပြင် ရေးဆိုတီး စွယ်စုံရထဲက ကိုင်ဇာ၊ လွှမ်းမိုး၊ ဖိုးချို၊ ထူးအိမ်သင်၊ ဂျေမောင်မောင်။ စောဘွဲ့မှူး၊ နိုင်မြန်မာ၊ ဆူး။ စလီဘဏ်း၊ နေထွဏ်းဦး။ မောင်မောင်ဇော်လတ်၊ အယ်ဖြူ။ ကော်ပီဖက်မှာ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ မင်းချစ်သူ၊ သုခမိန်လှိုင်။ ပြောမကုန်နိုင်လောက်အောင်ပါပဲ။

ကျွန်တော်ဟာ သာမန် သီချင်းချစ်သူတစ်ယောက်သာဖြစ်ပေမဲ့၊ သီချင်းတွေနဲ့ ပတ်သက်ရင်၊ အထူးကံကောင်းခဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို အမြဲခံယူပါတယ်။ ဘာလို့လဲ ဆိုတော့၊ ကျွန်တော့ရဲ့ ဘဝသက်တမ်းအတွင်းမှာ၊ အခု ဖေါ်ပြခဲ့တဲ့ အနုပညာရှင်တွေရဲ့ သိပ်ကို ခမ်းနားလွန်း ပြည့်စုံလွန်း ကောင်းမွန်လွန်း စစ်မှန်လွန်းတဲ့ ဖန်တီးမှုလက်ရာတွေကို၊ နားထောင်ခွင့် ခံစားခွင့်၊ (တစ်ကိုယ်တော် တိတ်တဆိတ်) ဆိုညည်းခွင့် ရခဲ့လို့ပါပဲ။

ဒါဆိုရင် မင်းက ဘယ်တေးရေးကို အကြိုက်ဆုံးလဲ? ဘယ်သီချင်းကို အကြိုက်ဆုံးလဲ? လို့များမေးရင် ယတိပြတ်ဖြေနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မသိစိတ်ထဲထိအောင် သံမှိုနှက်သလိုစွဲမြဲနေတဲ့ စကားလုံးတွေ သံစဉ်တွေဟာ တခါတရံမထင်မှတ်ပဲ ခေါင်းထဲကို အလိုလိုရောက်လာတဲ့အချိန်တွေရှိပါတယ်။ အဲ့လိုအချိန်တွေထဲက အနည်းငယ်မျှလောက်ကို မှတ်တမ်းပြုရရင်

ဆရာကြီး စိုင်းခမ်းလိတ် ရဲ့လက်ရာ၊ ဦးထီး (စိုင်းထီးဆိုင်) ရဲ့အဆိုနဲ့

“ဥပေက္ခာလောကသား၊ အပေးအယူ၊ တာဝေးအပြေးသမား၊ ဒီထက်ပိုပြီးမတတ်နိုင်ဘူး၊ ပျောက်ဆုံးနေသောနိဗ္ဗါန်ဘုံ၊ ပလက်ဖေါင်းမင်းသား” … စတာတွေ။

ဒါ့အပြင်၊ ဆရာစိုင်းခမ်းလိတ်ရဲ့ လက်ရာမွန်ပေါင်းများစွာထဲမှာ ကျွန်တော် နှစ်သက်မြတ်နိုးမိတဲ့ သီချင်းတစ်ပုဒ်က အမြဲတစေ မှတ်မှတ်ထင်ထင် ရှိနေပါတယ်။ အဲ့ဒီသီချင်းဟာ လူတွေလဲ သိပ်သတိမထားမိကြတဲ့၊ ကျွန်တော်ကိုယ်တိုင်လဲ ငယ်စဉ်တုန်းက ကြိုက်နှစ်သက်ရမှန်းမသိသေး နားမလည်သေးဘဲ အသက်အရွယ်ရလာမှ ခံစားနားလည်တတ်လာပြီး တော်တော်လေး နှစ်သက်မိတဲ့သီချင်း၊ အဲ့ဒီသီချင်းဟာ ကျွန်တော့်အတွက်တော့ ပန်းချီကားတချပ်လို၊ ပြဇာတ်တပုဒ်လို၊ သရော်စာတပုဒ်လို၊ လူမျိုးတမျိုးရဲ့ စိတ်နေစိတ်ထား စရိုက်သဘာဝဆိုင်ရာ သုတေသနစာတမ်းတစောင်လို၊ လူမှုရေး စီးပွားရေးဆိုင်ရာ ရသမြောက်အက်ဆေးတစ်ပုဒ်လို... ဖြစ်တဲ့ “တရုတ်တန်းဈေးက အဖြစ်အပျက်လေး”။

(ချစ်ခင်မြတ်နိုးသော သီချင်းများ၊ ကြည်ညိုလေးစားသော တေးရေးအနုပညာရှင်များ

အပိုင်း-၂ ဆက်ရန်)