Thursday, February 14, 2013

ကွန်ပျူတာသိပ္ပံ ဖြစ်နိုင်ခြေသီအိုရီ နှင့် ကျပမ်းဖြစ်စဉ်

မရေရာမှု၏အတိုင်းအတာ (သို့ မဟုတ်) ဖြစ်နိုင်ခြေ
၁၇ ရာစုမှာ သင်္ချာပညာရပ်ရဲ့ ကိုင်းခွဲတစ်ခုအဖြစ် စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀ ရာစုမှာ သူ့  ရဲ့အရေးပါမှု တဟုန်ထိုး တိုးတက်လာခဲ့တဲ့ ဖြစ်နိုင်ခြေသီအိုရီ (Probability Theory) ဟာ အခုခါမှာကွန်ပြူတာသိပ္ပံအပါအ၀င် တခြားပညာရပ်တွေမှာပါ အဓိက အခန်းကဏ္ဌက ပါဝင်လာပါတယ်။ ဘာလို့ လဲဆိုတော့ ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ရှိနေတဲ့  မသေချာ မရေရာမှုပြဿနာ (uncertainty problem) တွေနဲ့ ၊ ပြဿနာဖြေရှင်းပုံ နည်းလမ်းအဆင့်ဆင့် (algorithm) တွေမှာ ကျပမ်းဖြစ်စဉ် (randomization) တွေ ပါဝင်နေလို့ ဖြစ်ပြီး၊ အဲဒီ (uncertainty problem နဲ့  ramdomization တွေ) မှာ သုံးစွဲထားတဲ့၊ ဒါမှမဟုတ် အဲဒီက ရရှိလာမယ့် ကိန်းဂဏန်းတွေ ရလာဒ်တွေရဲ့ “တိကျသေချာမှု” သို့ မဟုတ် “မတိကျ မသေချာမှု” ကို စုံစမ်းစစ်ဆေးဖို့ ၊ တိုင်းတာ အကဲဖြတ်ဖို့ အတွက်  ဖြစ်နိုင်ခြေသီအိုရီကို ပဲ သုံးရမှာကိုး။
ဖြစ်နိုင်ခြေနှင့် အသုံးချနယ်ပယ်များ
ကျွန်တော်တို့ ကတော့ ‘ဖြစ်နိုင်ခြေ’ လို့  ပြောလိုက်တာနဲ့  ခေါင်းပန်းလှန်တာ၊ အန်စာတုံးလှိမ့်တာ နဲ့  ဖဲထုပ်ထဲက လိုချင်တဲ့ ဖဲချပ်ဆွဲထုတ်တာ လောက်ပဲ ပြေးမြင်မိပါတယ်။ “ခေါင်းပန်းလှန်မယ်ဟေ့ ခေါင်း ကျနိုင်ခြေ ဘယ်လောက် လဲ။ ပန်းကျနိုင်ခြေဘယ်လောက်လဲ။”  ဆိုတဲ့အခါ “ခေါင်းနဲ့ ပန်း နှစ်မျိုးတည်းရှိတာဆိုတော့ ဖြစ်နိုင်ခြေက တ၀က် တ၀က် စီ half  half, ဒါကြောင့် ခေါင်းကျနိုင်ခြေ ရော ပန်းကျနိုင်ခြေရော 0.5 (50%) စီပေါ့ကွ။” ဆိုတာလောက်နဲ့ ပဲ ပြီးသွားလေ့ရှိပါတယ်။ တကယ်တော့ ဒီထက် အများကြီးပိုတဲ့ တကယ့် အသုံးချနယ်ပယ်တွေရှိပါသေးတယ်။ ဥပမာပြောရရင် ကွန်ပြူတာသိပ္ပံပညာရပ်မှာဆို  ကွန်ပြူတာစနစ်ရဲ့ ဒီဇိုင်း (computer system design) ပိုင်းဆိုင်ရာကိစ္စရပ်တွေဖြစ်တဲ့
·        memory management (မှတ်ဉာဏ်စီမံခန့် ခွဲမှု)
·        branch prediction (ပရိုဂရမ်တွေ၊ algorithm တွေ၊ ဆော့ဖ်ဝဲ logic တွေ နဲ့  graph(computational graph theory) တွေမှာ နောက်တဆင့် ဘယ်သွားမယ် ဘာလုပ်မယ် ဘာဖြစ်မယ်ဆိုတာကို ခန့် မှန်းခြင်း)
·        packet routing (ကွန်ပြူတာကွန်ယက်တလျောက် အချက်အလက်တွေ ဘယ်လိုလမ်းကြောင်းကသွားတယ်) ဆိုတာ နဲ့ 
·        load balancing  (ကွန်ပြူတာ ဆာဗာ(server) တွေ အချင်းချင်း အလုပ်တွေကို ဘယ်လိုခွဲဝေလုပ်ကြတယ်)
စတဲ့ ကိစ္စရပ်တွေအားလုံးဟာ ဖြစ်နိုင်ခြေယူဆချက်နဲ့  သရုပ်ခွဲလေ့လာဆန်းစစ်မှု (probabilistic assumptions and analyses) တွေကို အခြေခံထားတာပါ။ ဒါ့အပြင် သီအိုရီကွန်ပြူတာသိပ္ပံ (theoretical computer science)၊ သတင်းအချက်အလက်သီအိုရီ (information theory)၊ ဂိမ်းသီအိုရီ (game theory) တုပအသိဉာဏ် (artificial intelligence) နဲ့  ကုဒ်စကားဝှက်စနစ် (cryptography) ပညာရပ် တွေမှာပါ ဒီ ဖြစ်နိုင်ခြေသီအိုရီဟာ အချက်အခြာနေရာက ပါဝင်နေပါတယ်။
ဖြစ်နိုင်ခြေ၏ရှုပ်ထွေးမှု (သို့ မဟုတ်) မွန်တီဟောပြဿနာ
၁၉၉၀ စက်တင်ဘာ ၉-ရက် နေ့ ထုတ် အမေရိကန် မဂ္ဂဇင်း ‘Parade’ မှာ ပြန်စာတစ်ဆောင်ပါလာတယ်။ ပြန်စာရေးတဲ့သူက ကော်လံစားသတင်းသမား Marilyn vos Savant။ ပေးစာ မေးစာ ရေးတဲ့သူက Craig. F. Whitaker ဆိုတဲ့ ပုဂ္ဂိုလ်။ သူရေးထားတာ မေးထားတာက…
“မိတ်ဆွေဟာ game show တစ်ခုမှာ ၀င် နွှဲတယ်ဆိုပါတော့။ အဲဒီ game က ဒီလို။ (အခန်းသုံးခန်း) တံခါးသုံးခု ရှိတယ်။ အခန်းတခုထဲမှာက ကားတစီးရှိတယ်။ ကျန်တဲ့ အခန်းနှစ်ခန်းထဲမှာတော့ ဆိတ် တစ်ကောင်စီ ထည့်ထားတယ်။ အထဲမှာ ဘာရှိတုန်း မမြင်ရဘူး အခန်းတံခါးပိတ်ထားတယ်ပေါ့ဗျာ။ ၀င်ပြိုင်တဲ့သူက အဲဒီသုံးခန်းထဲက တခန်းကို ရွေးရမယ်။ ဘယ်သူမဆို ကား ရှိတဲ့ အခန်းကိုပဲ ရွေးမှာပေါ့။ ဆိုပါစို့  မိတ်ဆွေက အခန်းနံပါတ် တစ်ကို ရွေးလိုက်တယ်ဆိုပါတော့။ မိတ်ဆွေရွေးလိုက်တဲ့ အခန်းထဲမှာ ဘာရှိတုန်း ချက်ခြင်း တံခါးဖွင့် မပြသေးဘူးနော်။ အဲဒီမှာ ပွဲတင်ဆက်သူက တခြား ကျန်တဲ့ အခန်းနှစ်ခန်းထဲက ဆိတ်တကောင် ရှိနေတဲ့ အခန်းကို ဖွင့်ပြမယ်။ ထားပါတော့ နံပါတ်သုံးအခန်းပေါ့။ ပြီးရင် မိတ်ဆွေကို “ခင်ဗျား နံပါတ်နှစ်အခန်းကို ပြောင်း ယူမလား” လို့ မေးမယ်။ (မိတ်ဆွေက နဂိုက အခန်းနံပါတ် တစ် ကို ရွေးခဲ့တယ်နော်။) အဲဒီမှာ တကယ့်မေးခွန်းက “သူပြောသလို ကိုယ့်ရဲ့ နဂိုရွေးချယ်ထားမှု (အခန်းနံပါတ်တစ်)ကို စွန့် လွှတ်လိုက်ပြီး အခန်းနံပါတ် နှစ် ကို ပြောင်းယူလိုက်ရင် ကိုယ့်အတွက် (ပိုပြီး) အကျိုးရှိမလား” ဆိုတာပါပဲ။
တကယ်တော့ ဒီပြဿနာဟာ ၁၉၇၀ ကာလလောက်က
 Monty Hall နဲ့  Carol Merrill တို့ နှစ်ဦး ပူးပေါင်းတင်ဆက်ခဲ့တဲ့ အပေးအယူလုပ်ကြစို့  ‘Let’s Make A Deal’ ဆိုတဲ့ အလွန်နာမည်ကြီးခဲ့တဲ့ game show ထဲက အခြေအနေမျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မွန်တီဟောပြဿနာ (Monty Hall Problem) လို့  လူသိများပါတယ်။
အဲဒီ Craig. F. Whitaker ရဲ့ စာပါမေးခွန်းကို မေရီလင်း က ဘယ်လို ပြန်လိုက်သလဲဆိုတော့ “၀င်ရောက်ကစားသူဟာ သူရဲ့ နဂိုမူလ ရွေးချယ်ထားချက်ကို ပြောင်းလိုက်သင့်တယ်။ ဘာလို့ လဲဆိုတော့ ကား ဟာ  မရွေးပဲကျန်ခဲ့တဲ့ အခန်း(နံပါတ် နှစ် နဲ့  သုံး) တစ်ခုခုမှာ ရှိနေတာဆိုရင်  ဒီလို ပြောင်းလိုက်ခြင်းအားဖြင့် သူ့ ရဲ့ ကားရနိုင်ခြေဟာ နှစ်ဆ မြင့်တက်လာမယ်” ဆိုပြီး အကြောင်းပြ ပြန်ကြားလိုက်ပါတယ်။ ဘာပြောကောင်းလဲ။ သူမ (Marilyn) မှားကြောင်း စာပေါင်း တပုံတပင် အသင်္ချေ အနန္တ ရောက်ချလာပါလေရော။ ပြီးတဲ့နောက် သင်္ချာပညာရှင်တွေအပါအ၀င် ပညာရှင်အသီးသီး နဲ့  သာမန်လူတွေပါ ပါဝင်ပြီး အဲဒီပြဿနာနဲ့ ပတ်သက်လို့  သူမှန်တယ် ငါမှန်တယ် အကြောင်းအမျိုးမျိုးပြပြီး အခြေအတင် ငြင်းကြ ခုံကြ တာ လပေါင်းများစွာ ကြာထိပေါ့ဗျာ။ (တကယ်တော့ အများစုမှားခဲ့ကြပါတယ်။)
အဲဒီအဖြစ်အပျက်ဟာ ဖြစ်နိုင်ခြေသီအိုရီနဲ့ ပတ်သက်ပြီး အချက်တစ်ချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြခဲ့တယ်။ အဲဒါကတော့ “တချို့ ပြဿနာတွေကို  ကျွန်တော်တို့ ရဲ့ သာမန် ပင်ကိုသိစိတ်နဲ့  စဉ်းစားဆုံးဖြတ်ရာမှာ တခါတရံ တက်တက်စင်လွဲမှားတဲ့ ကောက်ချက်တွေ ထွက်လာတတ်တယ်” ဆိုတာပါပဲ။
ဖြစ်နိုင်ခြေနှင့် စမ်းသပ်ချက်
ဖြစ်နိုင်ခြေဆိုတာ တကယ်တော့ လက်တွေ့ စမ်းသပ်မှုတွေ နဲ့  ပြင်ပလောကရဲ့ ပကတိအခြေအနေတွေကို အခြေခံပြီး၊ အဲဒါမျိုး အလားတူ တခြားဆက်စပ်ကိစ္စ ရပ်တွေအတွက် အနာဂတ် ဟောကိန်းထုတ်တဲ့ သဘောမျိုးကိုး။ မနက်ဖန် မိုး ရွာ မရွာ ခန့် မှန်းတာတို့ ၊ စတော့ stock ဈေးကွက် အခြေအနေ ခန့် မှန်းတာတို့ လိုမျိုးပေါ့။ ဒါပေမယ့် ခက်တာက စမ်းသပ်မှုတွေ တိုင်းတာမှုတွေဟာ ဘယ်လောက် တိကျအောင်လုပ်လုပ် အနည်းနဲ့ အများ ကွာဟချက် ရှိနိုင်တယ်ဆိုတာပါပဲ။ တလောကပဲ ဥရောပ နြူကလိယတ်စ်သုတေသနဌာန (CERN) က  “အမှုန်တိုက်စက်ကြီး  LHC (Large Hydron Collider) ကနေ အလင်းထက်မြန်အောင်သွားနိုင်တဲ့ အမှုန်တွေ ထုတ်လွှတ်နိုင်ပြီ” ဆိုပြီး ၀မ်းသာအားရ ကြေငြာလိုက်တုန်းက တကမ္ဘာလုံးက ပညာရှင်တွေကြားမှာ ပွက်လောရိုက်ခဲ့တာ မှတ်မိဦးမှာပါ။ အဲဒါလည်း တိုင်းတာနည်းနည်းလွဲလို့ ဆိုပြီး နောက်တော့မဟုတ်ပြန်ဘူး။ ဒါတောင် မိတ်ဆွေတို့  သိတဲ့အတိုင်း CERN ဆိုတာ ကမ္ဘာ့အကြီးမားဆုံး အထင်ရှားဆုံး သိပ္ပံပညာရှင်အဖွဲ့ အစည်းကြီးနော်။ ဒါကြောင့် စမ်းသပ်မှုနဲ့ ပတ်သက်လို့ အနှစ်ချုပ်ရရင်
-စမ်းသပ်ချက်ဆိုတာ စမ်းသပ်ချက်ပဲ။ လက်တွေ့ တကယ်ဖြစ်တာမဟုတ်ဘူး။
-စမ်းသပ်ချက်တွေမှာ အားနည်းချက်တွေရှိတယ်။ အမှားတွေရှိမယ်။
-စမ်းသပ်ချက်တွေဟာ စမ်းသပ်တဲ့အခါ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို ပြတာသာဖြစ်တယ်။ တကယ့် လက်တွေ့ မှာ ဖြစ်နိုင်ခြေဘယ်လောက်ရှိတယ်ဆိုတာကို ပြတာမဟုတ်ဘူး။
-မှားယွင်းတဲ့ စမ်းသပ်ချက်ရလာဒ်တွေကြောင့် မှားယွင်းတဲ့ သုံးသပ်မှုတွေကို ဖြစ်စေတယ်။
ဆိုတာပါပဲ။ အမှားအယွင်းကို ထည့်သွင်းစဉ်းစားမထားတဲ့ စမ်းသပ်မှုတွေကို အခြေခံတွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေ ဆိုတာမှာလည်း အမှားတွေ ရှိနိုင်တာပေါ့။
ဘေးစ်သီအိုရမ် (Bayes’ Theorem)
သောမတ်စ် ဘေးစ် Thomas Bayes (1702-1761) ဟာ ခုလက်ရှိ ဘေးစ်သီအိုရမ်လို့  သိထားကြတဲ့ ဖြစ်နိုင်ခြေပြဿနာရဲ့ အထူးအခြေအနေတစ်ရပ် ဖြေရှင်းပုံကို တွက်ချက် သက်သေပြခဲ့ပါတယ်။ သူ့ သီအိုရီရဲ့ အနှစ်သာရကို သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းတွေကို မသုံးပဲ အားလုံးနားလည်လွယ်အောင် ပြောရရင်
·        စမ်းသပ်မှုကရလာတဲ့ ဖြစ်နိုင်ခြေ နဲ့  အဲဒီစမ်းသပ်မှုရဲ့ တိုင်းတာမှုအမှား တန်ဘိုးတွေကို သိမယ်ဆိုရင် တကယ့် အစစ်အမှန် ဖြစ်နိုင်ခြေတန်ဘိုးကို တွက်ချက်လို့ ရတယ်။ …လို့ မှတ်ယူနိုင်ပါတယ်။
အနှစ်ချုပ်ကတော့ “ဘေးစ်သီအိုရမ်ကြောင့် တိုင်းတာမှုအမှားတွေကို ပြင်နိုင်တယ်။ ဒါ့အပြင် တိုင်းတာမှုကရတဲ့ ဖြစ်နိုင်ခြေ နဲ့  တကယ့်လက်တွေ့ ဖြစ်နိုင်ခြေကို ဆက်စပ်နိုင်တယ်။ ထပ်မံရရှိလာတဲ့ အချက်အလက် ဒါမှမဟုတ် ဖြစ်နိုင်ခြေတစ်ခုဟာ   တခြားမသိသေးတဲ့ ဖြစ်နိုင်ခြေအပေါ် ဘယ်လို ဘယ်လောက် အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ ရှာဖွေနိုင်တယ်။” ဆိုတာပါပဲ။ ဒီလို ဖြစ်နိုင်ခြေတခုဟာ တခြားဖြစ်နိုင်ခြေတခုပေါ် မူတည်နေရာကို အခြေအနေအရ ဖြစ်နိုင်ခြေ (conditional probability) လို့  ခေါ်ပါတယ်။ တကယ်တော့ ဘေးစ်သီအိုရမ်ဟာ အဲဒီ အခြေအနေအရ ဖြစ်နိုင်ခြေကို အထူးပြုလေ့လာတာပါ။ ခု ဆက်ပြီး ဘေးစ်သီအိုရမ်ကို ပိုမိုသဘောပေါက်နားလည်စေဖို့  အောက်ပါဥပမာကို လေ့လာကြည့်ကြပါစို့ ။
ဘေးစ်သီအိုရမ်အား အသုံးချခြင်း
လက်တွေ့ စမ်းသပ်ချက်တွေနဲ့ တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီး အောက်ပါအချက်အလက်တွေ ရှိထားတယ်ဆိုပါတော့။
၁။ လူအားလုံးရဲ့ ၁% မှာ ကင်ဆာရောဂါရှိတယ်။ (၉၉% မှာ မရှိဘူးပေါ့။)
၂။ ရောဂါရဲ့ ၈၀% ကိုသာ စမ်းသပ်တွေ့ ရှိရတယ်။ ဆိုလိုတာကဗျာ ရောဂါရှိတဲ့လူ ၁၀၀ ကို ဆေးစစ်လိုက်ရင် လူ ၈၀ ပဲ ရောဂါရှိကြောင်း အဖြေပြတယ်။ ကျန်တဲ့ ၂၀ က (ရောဂါရှိလျက်နဲ့ ) ဆေးစစ်တော့ မပေါ်ဘူး ဆိုပါတော့။ ဒီလို ရောဂါရှိလျက်နဲ့  မရှိဘူးပြောတာမျိုးကို  false negative လို့ ခေါ်ပါတယ်။
၃။ ဆေးစစ်တဲ့အခါ ရောဂါမရှိတဲ့လူ ၉.၆% ကို ကျတော့ ရောဂါရှိကြောင်း ပြနေတယ်။ ရောဂါမရှိပဲနဲ့  ရှိတယ်ပြောတာကြတော့ false positive ခေါ်တာပေါ့။ ကျန်တဲ့ ၉၀.၄% ကတော့ ရောဂါမရှိလို့  မရှိဘူးပဲ မှန်မှန်ကန်ကန် ဖေါ်ပြတယ် ပေါ့ဗျာ။
ကဲ… ဒီလို အခြေအနေမျိုးမှာ
လူတယောက်ကို ဆေးစစ်လိုက်တဲ့အခါ ရောဂါရှိကြောင်းပြနေတယ်ဆိုပါစို့ ။
သူ့ ရဲ့ တကယ်ရောဂါရှိနိုင်ခြေကို ကျွန်တော်တို့ ဘယ်လိုတွက်ကြမလဲ။ ဘယ်လောက်လို့  ထင်ပါသလဲ။ ၈၀% လား။ ၉၉% လား။ ၁% လား။ အဲဒီလို ခန့်  မှန်းနေမယ့်အစား ရိုးရိုး ရှင်းရှင်းပဲ စ’ တွက်ကြည့်ကြပါစို့ ။
[ဘာကိုမှ ကြိုတင်ပြီး ယူဆမထားပါနဲ့ ။ အဲဒီလူမှာ တကယ်ရောဂါရှိမရှိ မသိဘူး။ ဆေးစစ်တဲ့ ရလာဒ်ကလည်း true positive (ရှိလို့  ရှိတယ်ပြောတာ) ဒါမှမဟုတ် false positive (မရှိပဲရှိတယ်ပြောတာ) အားလုံးဖြစ်နိုင်တယ်။]
A.   true positive ဖြစ်နိုင်ခြေ  = ရောဂါရှိနိုင်ခြေ * ရောဂါကို စစ်ဆေးတွေ့ ရှိနိုင်ခြေ = 1% * 80% = 0.008 (အချက် ၁ နှင့်  ၂ အရ။)
B.   false positive ဖြစ်နိုင်ခြေ  = ရောဂါမရှိနိုင်ခြေ *  မရှိပဲ တွေ့ နိုင်ခြေ = 99% * 9.6% = 0.09504 (အချက် ၁ နှင့် ၃ အရ။)
Note: P(A,B) = P(A)*P(B) [ If A and B are independent ]
အခုတခါ ကျွန်တော်တို့  မူလမေးခွန်းကိုပြန်ကောက်ကြပါဦးစို့ ။ “ဆေးစစ်လိုက်လို့  positive result ပြတယ်ဆိုရင် အမှန်တကယ် ရောဂါရှိနိုင်ခြေ ဘယ်လောက်လဲ” ဆိုတာ ဖြေရမှာ။ ဖြစ်နိုင်ခြေဆိုတာ တကယ်တော့ ကိုလိုချင်တဲ့ အဖြစ်အပျက်နဲ့  အားလုံးသောဖြစ်နိုင်ခြေ တို့ ရဲ့ အချိုးဖြစ်ပြီး ရှင်းအောင် သင်္ချာနည်းနဲ့  ရေးပြရရင် probability = desired event / all possibilities ပါပဲ။
ရောဂါရှိနေရင် ရှိတယ်လို့  ဆေးစစ်ချက်(true positive) ထွက်ဖို့ က 0.008 (ဒါက လိုချင်တဲ့ desired event)[A အရ။]
ရောဂါ ရှိရှိ မရှိရှိ ရှိပါတယ်ပြောမှာ(all possible outcomes for positive results)က = ရှိလို့ တွေ့ တာ(true positive) + မရှိပဲတွေ့ တာ (false positive) =
0.008 + 0.09504 = 0.10304[A နှင့် B အရ။ ]
ဒါကြောင့်ကျွန်တော်တို့  လိုချင်တဲ့ အဖြေဟာ 0.008/0.10304 = 0.0776 (~7.8%) ဒီအဖြေဟာ ကျွန်တော်တို့  သာမန်အားဖြင့် ထင်မထားတဲ့ ရလာဒ်ဖြစ်နေပါတယ်။ ဆိုလိုတာက ပေးထားချက်တွေအတိုင်းသာဆိုရင် “လူတရောက်ဟာ ဆေးစစ်လိုက်လို့  ကင်ဆာရောဂါရှိပါတယ်လို့  ဆေးစစ်ချက် အဖြေထွက်လာစေဦးတော့ သူ့ ရဲ့ အမှန်တကယ် ရောဂါရှိနိုင်ခြေဟာ ၇.၈% လောက် ပဲရှိတယ်” ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ရုတ်တရက်ဆိုရင်တော့ လက်ခံဖို့ ခက်ခဲပေမယ့် သေချာစဉ်းစားကြည့်ရင် ဖြစ်နိုင်ပါတယ်။ ဒီလိုဗျာ
-လူ ၁၀၀ ယူလိုက်။ ၁ရောက်ပဲ ရောဂါရှိမယ်။
-ဒါပေမယ့် အဲဒီ ၁၀၀ ထဲက ၁၀ ရောက် (၉.၆% ကို အနီးဆုံးယူလိုက်တာ) ကို ရောဂါမရှိပဲနဲ့  ရောဂါရှိတယ်လို့  ဆေးစစ်ချက်ကပြောမယ်။
-တကယ်ရှိတာ နဲ့  ရှိတယ်လို့  အပြောခံရတာ ပေါင်းရင် ၁၁ ရောက်
-ဒါကြောင့် တကယ်ရှိတာနဲ့  ရှိတယ်လို့  အပြောခံရနိုင်သူပေါင်းကို အချိုးချရင် ၁/၁၁ ~ 0.09 ခန့် မှန်းခြေ 9% ။ ဒါကြောင့် ဘေးစ်သီအိုရမ်အရ တွက်တာနဲ့  သိပ်မကွာကြောင်း တွေ့ ရပါတယ်။
ဘေးစ်ယုံကြည်မှုဆက်သွယ်ချက်(BBN - Bayesian Belief Network)
ဘေးစ်ဆက်သွယ်ချက်ကွန်ယက်(Bayesian Network) ဟာ သောမတ်စ် ဘေးစ်ရဲ့ အခြေအနေအရဖြစ်နိုင်ခြေသီအိုရီကို အခြေခံပြီး အဖြစ်အပျက်တခုမှာ ပါဝင်နေတဲ့ ကိန်းရှင်တွေ (variables) ရဲ့ အချင်းချင်း ဆက်သွယ်ချက် နဲ့  မှီခိုချက်ကို DAG (Directed Acyclic Graph) နဲ့  ဖေါ်ပြထားတဲ့ ဖြစ်နိုင်ခြေပုံစံတစ်ခုပါပဲ။ သူ့ ကို ဘာလို့  ယုံကြည်မှုဆက်သွယ်ချက်လို့ ခေါ်တာတုန်းဆိုတော့၊ ဥပမာ လူတရောက်မှာ အဆုတ်ကင်ဆာရောဂါ ရှိနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ဟာ၊ သူဟာ ဆေးလိပ်သောက်တဲ့လူတရောက်လို့  အချက်အလက် အသစ်တခုထပ်ပြီး သိလိုက်ရပြီးတဲ့အခါ ပိုပြီးခိုင်မာလာနိုင်တယ်။ ဆေးလိပ်သောက်ကြောင်း မသိရသေးခင်တွက်ချက်တဲ့ ကင်ဆာဖြစ်နိုင်ခြေ နဲ့  သိပြီးတဲ့အခါ တွက်တဲ့ကင်ဆာဖြစ်နိုင်ခြေ ဟာလည်း ဘယ်လိုမှ မတူနိုင်ဘူး။ တူနေရင်လည်း အဓိပ္ပါယ်မရှိတော့ဘူးလေ။ ဒါကြောင့် အချက်အလက်အသစ်ကြောင့် အသစ်ဖြစ်လာတဲ့ ဖြစ်နိုင်ခြေ ဟာ အရင်ရှိပြီးသား ယုံကြည်ချက်အပေါ်မှာ ဘယ်လို အကျိုး သက်ရောက်မှု ရှိတယ်ဆိုတာကို ဖေါ်ပြဖို့ ရည်ရွယ်လို့  ယုံကြည်မှုဆက်သွယ်ချက်ကွန်ယက်(Belief Network) လို့ ခေါ်တာပါ။
BBN ဥပမာနှင့် ရှင်းလင်းချက်


Fig.  Bayesian Belief Network (BBN)
·                    DAG မှာ ပါတဲ့ ဘဲဥပုံ node တခုဟာ variable တခုကို ကိုယ်စားပြုပြီး၊ node နှစ်ခုကို ဆက်သွယ်ထားတဲ့ edge (arrow) က မှီခိုမှုဆက်သွယ်ချက် (dependence) ကို ကိုယ်စားပြုတယ်။
·                    မျှားရဲ့ ဦးတည်ရာဟာ အကျိုးသက်ရောက်မှုဦးတည်ရာဖြစ်တယ်။ ဆိုလိုတာက ပုံမှာပြထားတဲ့အတိုင်းဆိုရင် အဆုတ်ကင်ဆာဖြစ်ခြင်းအပေါ်မှာ ဆေးလိပ်သောက်ခြင်းက တိုက်ရိုက် လွှမ်းမိုးအကျိုးသက်ရောက်မှု ရှိတယ်လို့  ဆိုလိုတာပါ။
·                    လွှမ်းမိုးခံရတဲ့ node ကို child node, လွှမ်းမိုးတဲ့ node ကို parent node လို့  ခေါ်တယ်။
·                    ဒီလို node တခုဟာ တခြား node တခုအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို conditional probability table နဲ့  ဖေါ်ပြတယ်။
·                    Node တစ်ခုရဲ့ အခြေအနေဖြစ်နိုင်ချေတွေကိုတော့ state လို့ ခေါ်တယ်။ ဥပမာ ဆေးလိပ်သောက်တယ်ဆိုရင် အကြီးအကျယ်သောက်တာလား အသင့်အတင့်သောက်တာလား အနည်းအကျဉ်းပဲသောက်တာလား စသည်ဖြင့်ပေါ့။
မွန်တီကာလိုပုံဆောင်စမ်းသပ်ချက်(MCS - Monte Carlo Simulation)
MCS ကို မွန်တီကာလိုနည်း(Monte Carlo method)၊  မွန်တီကာလိုစမ်းသပ်ချက် (Monte Carlo experiment)၊ ဖြစ်နိုင်ခြေစမ်းသပ်ချက် (Probability Simulation) စသည်ဖြင့် အမျိုးမျိုး ရည်ညွှန်းခေါ်ဝေါ်လေ့ရှိပါတယ်။ တကယ်တော့ ‘မွန်တီကာလို Monte Carlo’ ဆိုတဲ့ စကားလုံးက မော်ရိုကိုနိုင်ငံမှာရှိတဲ့ ကာစီနိုတခုရဲ့ နာမည်ဖြစ်ပြီး၊ ၁၉၄၀ တုန်းက ဗွန်နွိုင်းမဲန်း (John Von Neumann)၊ အူလမ်(Stanislaw Ulam) နဲ့  နစ်ကိုးလပ်စ် (Nicholas Metropolis) တို့ သုံးယောက် အမေရိကန်အစိုးရရဲ့ အနုမြူဗုံးပရောဂျက် (Manhattan Project) မှာ ပါဝင်လုပ်ဆောင်နေတဲ့ကာလတုန်းက အူလမ် က သူတို့ ရဲ့ စမ်းသပ်ချက်တစ်ခုအတွက် ဒီ Monte Carlo Simulation ဆိုတဲ့ နာမည်ကို ပေးခဲ့တာပါ။ MCS နည်းစနစ်ဆိုတာ ကျပမ်းဖြစ်စဉ် ကျပမ်းတန်ဘိုးတွေကို ထပ်တလဲလဲ အသုံးပြုပြီး တွက်ချက်ပုံနည်းစနစ် (algorithm) တခုရဲ့ ရလာဒ်တွေကို လေ့လာတဲ့ ပညာရပ်တစ်ခုပေါ့။ ဒါကြောင့် MCS ကို လက်နဲ့ (manual) လုပ်ဆောင်ဖို့ ဆိုတာ အလွန့် အလွန် ခက်ခဲပါတယ်။ တချို့  စမ်းသပ်ချက်တွေဆို အကြိမ်ရေ သိန်း သန်း ချီပြီး စမ်းရတာကိုး။ ဒါကြောင့် ကွန်ပြူတာအပေါ်မှာ program (algorithm) တစ်ခုတည်ဆောက်ပြီး လုပ်ဆောင်ရပါတယ်။ ခုလို စွမ်းအားမြင့် PC တွေ မပေါ်ခင်တုန်းကဆို mainframe တွေပေါ်သာမှာ စမ်းရ run ရတဲ့  အခြေအနေမျိုးပေါ့။
MCS နှင့် Estimation
MCS ကို အသုံးချတဲ့ နယ်ပယ်ပေါင်းများစွာရှိပါတယ်။ အဲဒီထဲကမှ ပရောဂျက်တခုရဲ့ အချိန်တို့  ကုန်ကျစရိတ်တို့  နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ခန့် မှန်း တွက်ချက်ထားတဲ့ ကိန်းဂဏန်းတန်ဘိုးတွေရဲ့ စွန့် စားရမှု risk, ယုံကြည်စိတ်ချရမှုအတိုင်းအတာ reliability နဲ့  မသေချာမရေရာမှု uncertainty စတာတွေနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေတန်ဘိုးတွေကို အနီးစပ်ဆုံး ဘယ်လိုတွက်ယူမလဲဆိုတာကိုသာ လေ့လာမှာဖြစ်ပါတယ်။ MCS ကနေ အဓိက ရနိုင်တဲ့ အချက်ကတော့ “ကိုယ် တည်ဆောက်အသုံးပြုထားတဲ့ model က ရတဲ့ ခန့် မှန်းတန်ဘိုး နဲ့  အချက်အလက်တွေအပေါ် အခြေခံပြီး၊ အဲဒီတန်ဘိုးတွေဟာ တကယ့်ပြင်ပ လက်တွေ့  လောကမှာ ရလာမယ့်ရလာဒ် (outcome) နဲ့  ဘယ်လောက်အတိုင်းအတာအထိ တူညီနိုင်ခြေရှိသလဲဆိုတာကို ပြောပြနိုင်ခြင်းပဲဖြစ်ပါတယ်။”
အသုံးချပုံ အကြမ်းဖျဉ်းအဆင့်များ
MCS နည်းစနစ်ကို software cost estimation မှာသုံးဖို့ အတွက်   
0.   ဆောဖ့်ဝဲ နဲ့ ပတ်သက်တဲ့ preliminary analysis, request for proposal, initial iapabilities document, analysis of alternatives, software cost estimation စတဲ့ documentation တွေ ကို အသုံးချပြီး BBN တစ်ခု တည်ဆောက်ပြီးပြီလို့  ယူဆထားပါတယ်။ [ဘယ်လိုတည်ဆောက်တယ်ဆိုတာ ရှုပ်ထွေးရှည်လျားလို့  ဒီဆောင်းပါးမှာ မဖော်ပြနိုင်ခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။]
1.   ခန့် မှန်းတန်ဘိုးတခုခြင်းစီရဲ့ အနည်းဆုံးဖြစ်နိုင်ခြေ နဲ့  အများဆုံးဖြစ်နိုင်ခြေ တန်ဘိုးတွေကို ရှာဖွေလိုက်ပါ။ [ခန့် မှန်းလိုက်ပေါ့ဗျာ။]
2.   အဲဒီ minimum နဲ့  maximum  rangeအတွင်းမှာရှိတဲ့ ကျပမ်းတန်ဘိုးတွေကို သုံးပြီး  မိတ်ဆွေတည်ဆောက်ထားတဲ့ computer algorithm ကို (ဥပမာ) အကြိမ် တစ်ရာ run လိုက်။ မတူညီတဲ့ result အခုတရာ ရလာမှာပေါ့။  [တူတာတွေလည်း ပါနိုင်ပါတယ်။ ကျပမ်းတန်ဘိုး အပေါ်အခြေခံထားတာကိုး။]
3.   အဲဒီ result အခုတရာထဲက ကိုယ် အရင် ခန့် မှန်းထားတဲ့ တန်ဘိုးနဲ့  အနီးစပ်ဆုံးတူညီတဲ့ result ဘယ်နှစ်ခုပါသလဲ ကြည့်ရှုစစ်ဆေးလိုက်။ ၁၀ ခုပါရင် ကိုယ့်ရဲ့ estimate မှန်ကန်နိုင်ခြေက ၁၀% နှုန်းပေါ့။ တခုမှ မပါရင် 0% ပေါ့။
ဥပမာ
ကျွန်တော်တို့ ရဲ့ ပရောဂျက်က အပိုင်းသုံးပိုင်းရှိပြီး တစ်ပိုင်းချင်းစီအတွက် ကျွမ်းကျင်သူရဲ့အကဲဖြတ်ချက် (expert judgement) အရ ရရှိထားတဲ့ ခန့် မှန်းတန်ဘိုးတွေကို အောက်ပါဇယားအတိုင်း ဖေါ်ပြထားတယ်ဆိုပါစို့ ။
Table 1: Basic Forecasting Model
Task
Estimated Time Taken
Task 1
5 p-m
Task 2
4 p-m
Task 3
5 p-m
Total
14 p-m
Note: p-m = person month (လူတရောက် တလ လုပ်ရသော အလုပ်ယူနစ်)
ဒီ အခြေခံခန့် မှန်းချက်အရဆိုရင် ကျွန်တော်တို့ ရဲ့ ပရောဂျက်ဟာ လူတစ်ရောက်လုပ်ရင် ၁၄ လ [လူ၁၄ရောက်လုပ်ရင်၁လ] ကြာမယ်ဆိုပါတော့။ ဒီခန့် မှန်းချက်ဟာ ကောင်းမွန်တဲ့ ခန့် မှန်းချက်တခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် “အခု ခန့် မှန်းထားတဲ့ ကာလအတွင်း ဒီပရောဂျက် အချိန်မီ ပြီးစီးနိုင်ခြေ ဘယ်လောက်ရှိသလဲ၊ ဒီခန့် မှန်းချက်တွေကို ဘယ်လောက်ထိ ယုံကြည်စိတ်ချလို့ ရသလဲ” ဆိုတာ မဖေါ်ပြနိုင်ပါဘူး။ ဒါကြာင့် MCS နည်းစနစ်ကို အသုံးပြုပြီး အဲဒီ estimate ရဲ့ risk, reliability, uncertainty ကို ဆက်လက် ရှာဖွေဖေါ်ထုတ်ပါမယ်။ ဒီလိုလုပ်ဖို့ အတွက် အဆင့်တစ်အရ အနည်းဆုံး နဲ့  အများဆုံး ဖြစ်နိုင်ခြေတန်ဘိုးတွေကို အောက်ပါအတိုင်းခန့် မှန်းသတ်လိုက်ပါတယ်။
Table 2: Forecasting Model using Range Estimates
Task No
Minimum
Most Likely
Maximum
Task 1
4 p-m
5 p-m
7 p-m
Task 2
3 p-m
4 p-m
6 p-m
Task 3
4 p-m
4 p-m
6 p-m
Total
11 p-m
14 p-m
19 p-m

အခုအနေအထားအတိုင်းဆိုရင် Range estimate အရ ဒီပရောဂျက်ဟာ အနည်းဆုံး  11p-m ၊ အများဆုံး 19p-m ကြာနိုင်တယ်။ အဖြစ်နိုင်ဆုံးကတော့ 14p-m ဆိုပြီး ပိုပြီး ပြည့်ပြည့်စုံစုံ ပြောနိုင်တဲ့အဆင့်ကို ရောက်လာပါပြီ။ ဒီအဆင့်ပြီးတဲ့ အခါ MCS ရဲ့ အဆင့်နှစ်ကိုရောက်လာပြီပေါ့။ အဆင့်နှစ်မှာ ကျွန်တော်တို့ ဟာ ဖြစ်နိုင်ခြေနဲ့  စာရင်းအင်းဆိုင်ရာ သင်္ချာပညာရပ်တစ်ချို့ ကို အသုံးချပါမယ်။
-တကယ်လို့  minimum နဲ့  maximum value နှစ်ခုတည်းရှိရင် Uniform Distribution ကို သုံးနိုင်ပါတယ်။
-minimum, maximum နဲ့  most likely value တွေရှိရင်  Triangular Distribution ဒါမှမဟုတ် PERT Distribution ကို သုံးပြီး ကျပမ်းတန်ဘိုးတွေ ရှာဖွေနိုင်ပါတယ်။
အောက်ကဇယားမှာ PERT Distribution ကို သုံးပြီး ရရှိလာတဲ့ MCS ရလာဒ်တွေကို ဖေါ်ပြထားပါတယ်။
Table 3: Results of a Monte Carlo Simulation
Time
Number of Times
(Out of 500)
Percent of Total
(Rounded)
12 p-m
1
0%
13 p-m
31
6%
14 p-m
171
34%
15 p-m
394
79%
16 p-m
482
96%
17 p-m
499
100%
18 p-m
500
100%
ဒါကိုကြည့်ရင် ကျွန်တော်တို့  မူလက ရရှိထားတဲ့ အဖြစ်နိုင်ဆုံးတန်ဘိုး 14p-m အတွင်း ဒီပရောဂျက်ပြီးစီးဖို့  ဖြစ်နိုင်ခြေဟာ ၃၄% ပဲရှိတာကို တွေ့ ရမှာပါ။ ဒီအချက်က မူလ ခန့်  မှန်းချက်ဟာ ၃ ပုံ ၁ ပုံပဲ မှန်နိုင်တယ်လို့  အဓိပ္ပါယ်သက်ရောက်နေပါတယ်။ ဒါဆိုရင် မိတ်ဆွေဖက်ကလည်း မေးစရာရှိလာမှာပါ။ “အဲဒီ MCS နည်းကရော ဘယ်ရောက်အထိ ယုံကြည်စိတ်ချလို့ ရသလဲ” လို့ ပေါ့။ မိတ်ဆွေမြင်တဲ့ အတိုင်း MCS ဟာ expert judgement (မူလခန့် မှန်းချက်) ကို အမှီပြုပြီး တွက်ချက်တာဖြစ်တဲ့အတွက် မူရင်း estimate ကောင်းရင်ကောင်းသလိုပေါ့။ GIGO သဘောတရားအရ “အမှိုက်ထည့်လိုက်ရင် အမှိုက်၊ ရွှေထည့်လိုက်ရင်တော့ ရွှေ” ထွက်လာမှာပါပဲ။
နိဂုံးအမှာ
“ဘာတွေမှန်းလည်းမသိပါဘူးကွာ ကွန်ပြူတာနဲ့ ဆိုင်တာများလားလို့ ။ သင်္ချာလိုလို သမိုင်းလိုလို အတွေးအခေါ်လိုလို ရှုပ်နေတာပဲ” လို့ မိတ်ဆွေတို့ ထင်မယ်ဆိုရင်လည်း ကျွန်တော်မှာသာ လုံးဝတာဝန်ရှိပါတယ် ။ ဒီဆောင်းပါးရဲ့ တကယ့်ရည်ရွယ်ချက်က conditional probability,  Bayesian Belief Network နဲ့  Monte Carlo Simulation နည်းစနစ်တွေကို ဆောဖ်ဝဲထုတ်လုပ်မှု ကုန်ကျစရိတ် ခန့် မှန်းတွက်ချက်တဲ့ နေရာမှာ ဘယ်လို အသုံးချတယ်ဆိုတာကို တင်ပြဖို့ ပါ။ ဒါပေမယ့်လည်း ဘယ်ပညာရပ်မဆို အသုံးချအဆင့်ကိုရောက်ဖို့ အတွက်  အခြေခံအဆင့်တွေကို ကျော်ဖြတ်သင့်တယ် မဟုတ်ပါလား။  ဒါကြောင့် ဒီဆောင်းပါးမှာ နှီးနွယ်ဆက်စပ်ရာ အခြေခံမိတ်ဆက်တွေကိုသာ အရင်ဆုံး ဦးစားပေးတင်ပြခဲ့တာပါ။ ကျယ်ပြန့် တဲ့ အကြောင်းအရာတွေလည်းဖြစ်လေတော့ အကျဉ်းချုပ်လောက်ပဲ တင်ပြနိုင်ခဲ့တဲ့အတွက် ဒီဆောင်းပါးတစ်ပုဒ်တည်းနဲ့ တော့ ရည်ရွယ်ရာကို ရောက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် စိတ်ဝင်စားမှုရှိတယ်ဆိုရင် မိတ်ဆွေတို့  ကိုယ်တိုင် ဆက်လက်လေ့လာဖြစ်အောင် လမ်းကြမ်းလေးတစ်ခု ညွှန်ပြတဲ့ သဘောလို့ သာ မှတ်ယူကြပါလို့ ပန်ကြားလိုပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။