Wednesday, September 30, 2020

Vicarious Liability သူတပါးအတွက် တာဝန်ရှိခြင်း

 Vicarious Liability သူတပါးအတွက် တာဝန်ရှိခြင်း

=====================
အလုပ်သမားအတွက် အလုပ်ရှင်၏တာဝန်ရှိမှု
============
Century Insurance v NI Road Transport Board [1942] AC 509 (HL) ဆိုတဲ့ ကေ့စ်မှာ
(လောင်စာ)ဆီတွေကို တနေရာက တနေရာကို သယ်ပို့ပေးဖို့၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနဲ့ လောင်စာဆီကုမ္ပဏီ စာချုပ်တယ်။ သယ်ယူပို့ဆောင်ရေးကုမ္ပဏီက သူ့ကားတွေအတွက် ပျက်စီးဆုံးရှုံးမှုဆိုင်ရာအာမခံ ထားထားတယ်။ အာမခံကုမ္ပဏီက သယ်ယူပို့ဆောင်ရေးကုမ္ပဏီကကားတွေပျက်စီးရင်၊ အဲ့ဒီကားတွေကြောင့် ဖြစ်တဲ့အခြားပျက်စီးမှုတွေအတွက် အလျော်ပေးရမယ်ပေါ့။
သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ဒရိုင်ဘာတရောက်ဟာ ဆီဘောက်ဆာကနေ ဆီသိုလှောင်ကန်ထဲကို ဆီထဲ့နေတုန်း အဲ့ဒီယာဉ်မောင်းက စီးကရက်ကို မီးညှိပီး မီးခြစ်ဆံကို မြေပေါ်ပစ်ချလိုက်တယ်။ ဆီကား မီးလောင်ပေါက်ကွဲတယ်။ အနီးအနားက ကား နဲ့ အဆောက်အအုံတချို့ပါပျက်စီးတယ်။
အဲဒီကားနဲ့ အဆောက်အအုံပျက်စီးမှုတွေအတွက် အာမခံကုမ္ပဏီက လျော်ကြေး £1,001 16s. 7d., ပေးတယ်။ (သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကားတွေကြောင့် ဖြစ်တဲ့အခြားပျက်စီးမှုတွေအတွက်လည်း အလျော်ပေးရမယ်ဆိုတဲ့ against liability to third parties ဆိုတဲ့ အချက်ကြောင့်)။
ဒါပေမယ့် အာမခံကုမ္ပဏီက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ တခြားတောင်းဆိုမှုတွေကို ငြင်းပယ်တယ်။ ရုံးအဆင့်ဆင့် အယူခံအဆင့်ဆင့် မှာ နှစ်ဖက် ကွဲလွဲနေတဲ့အချက်က
၁. "ယာဉ်မောင်းရဲ့ အလုပ်ရှင်ကဘယ်သူလဲ" (သယ်ယူပို့ဆောင်ရေးကုမ္ပဏီလား) (လောင်စာဆီကုမ္ပဏီလား)
၂. ယာဉ်မောင်းစီးကရက်သောက်တဲ့ကိစ္စဟာ၊ အလုပ်ရှင်ကို "သူတပါးအတွက်တာဝန်ရှိမှု" ကို ဖြစ်စေမဲ့၊ အလုပ်ရဲ့ဘောင်အတွင်းမှာကျရောက်လား ဆိုတာပဲဖြစ်တယ်။
နောက်ဆုံး အယူခံတရားရုံး House of Lords က ဆုံးဖြတ်တာက၊
၁. ယာဉ်မောင်းရဲ့ အလုပ်ရှင် (သယ်ယူပို့ဆောင်ရေးကုမ္ပဏီ) မှာ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့(Control Test မူသဘောတရားအရ) ယာဉ်မောင်းရဲ့ အပြုအမူ လုပ်ကိုင်ဆောင်ရွက်ချက်ကို တိုက်ရိုက် ထိန်းချုပ်သူဟာ ယာဉ်မောင်းရဲ့ အလုပ်ရှင်သာဖြစ်တယ်။
၂. အဲ့ဒီ ယာဉ်မောင်းရဲ့ လုပ်ရပ်ဟာ၊ အလုပ်လုပ်နေစဉ်အတွင်းဆောင်ရွက်မှုဖြစ်တယ်။ သူ့ရဲ့အလုပ်က ဆီ သယ်ဖို့ဖြစ်တယ်။ သူဟာ ဆီကို သယ်ယူ/လွှဲပြောင်း နေတာဖြစ်တယ်။ သူ့ဟာသူ ဘယ်လောက်ပဲ မိုက်မဲတဲ့ပေါ့ဆစွာ လုပ်လုပ် သူဟာ သူလုပ်ရမယ့် အလုပ်ကို လုပ်နေတာသာဖြစ်တယ်။ သူ့ရဲ့ ဆောင်ရွက်ချက်ဟာ အလုပ်ရဲ့ဘောင်အတွင်းမှာကျရောက်တယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အလုပ်ရှင်မှာ (အခုလို မီးလောင် ပေါက်ကွဲ ပျက်စီး ဆုံးရှုံးမှု အရပ်ရပ်အတွက်) တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။
အနှစ်ချုပ်ကတော့၊ "Authorised acts in an unauthorised manner" "ခွင့်ပြုထားတဲ့အလုပ်ကို ခွင့်ပြုမထားတဲ့ပုံစံနဲ့ လုပ်ဆောင်ခြင်း" ဖြစ်စေကာမူ အလုပ်ရဲ့ဘောင်အတွင်းမှာကျရောက်တယ်၊ အလုပ်ရှင်မှာ တာဝန်ရှိတယ်၊ ဆိုတဲ့ မူသဘောတရားဖြစ်တယ်။
*********************
အဲ့ဒါနဲ့ မဖြစ်မနေ နှိုင်းယှဉ်လေ့လာရမဲ့ နောက်သဘောတရားကတော့ "acts beyond the scope of employment" "လုပ်ရမဲ့ အလုပ်တာဝန်ရဲ့ ဘောင်အပြင်ဖက် ရောက်နေတဲ့ ဆောင်ရွက်ချက်" သဘောတရားဖြစ်တယ်။
Beard v London Omnibus Co [1900] 2 QB 530 (CA)
ဆိုတဲ့ ကေ့စ်မှာ
ဘတ်စ်ကား လက်မှတ်ရောင်း (စပယ်ယာ)က၊ ဘတ်စ်ကားဂိတ်မှာ သူတို့ရဲ့ ကားက နောက်ထွက်မဲ့ ကားရဲ့ လမ်းကြောင်းကို ပိတ်နေတဲ့အတွက်၊ ဒရိုင်ဘာကလည်း အနားမှာ မရှိလို့၊ စပယ်ယာက(သဘောရိုးနဲ့၊ ကောင်းသောရည်ရွယ်ချက်နဲ့၊ အရေးတကြီးလိုအပ်နေလို့) ကားကို ရွှေ့ပေးဖို့ တက်မောင်းတဲ့အခါမှာ၊ အနားမှာရှိတဲ့ စက်ပြင်ဆရာတရောက်ကို ကားနဲ့ ထိခိုက်မိတယ်။
အဲ့ဒီကိစ္စဟာ အလုပ်ချိန်အတွင်းမှာ ဖြစ်သော်လည်း၊ လက်မှတ်ရောင်းဟာ သူလုပ်ရမဲ့ အလုပ် (လက်မှတ်ရောင်းခြင်း) ကို ကျော်လွန်ဆောင်ရွက်ပြီး ကားကို တက်မောင်းတာဖြစ်လို့၊ အလုပ်ရှင်မှာ (စက်ပြင်ဆရာရဲ့ ထိခိုက်နစ်နာမှုအတွက်) တာဝန်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
********************
နောက်ဆက်တွဲ သိထားရမဲ့အချက်တွေကတော့
၁. အမြဲတန်း အလုပ်ရှင်တစ်ရောက်တည်းပဲ တာဝန်ရှိတာတော့မဟုတ်ဘူး။ ပေါ့ဆသူ အလုပ်သမား (တွေ)မှာလည်း "တွဲလျက် တာဝန်ရှိမှု Joint Liability/ Several liability" ရှိတယ်။ အဲ့ဒီအခါမျိုးမှာ၊ အလုပ်ရှင်က (တရားလိုကို ပေးလိုက်ရတဲ့) လျော်ကြေး အားလုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ၊ အဲ့ဒီ ပေါ့ဆတဲ့ အလုပ်သမားဆီက၊ တရားစွဲဆို တောင်းခံ နိုင်တယ်။
၂. Jones v Manchester Corporation [1952] 2 QB 852 (CA) ကေ့စ်အရ
"Common Law System မှာ၊ အလုပ်ရှင်အနေနဲ့ ၀န်ထမ်းရဲ့ ပြုမူဆောင်ရွက်မှုအပေါ်မှာ အပြစ်တင်လို့မရဘူးဆိုရင်၊ အပြစ်တင်စရာအကြောင်းမရှိဘူးဆိုရင်တော့၊ အလုပ်ရှင်က အလုပ်သမားထံက လျော်ကြေးငွေကို မတောင်းဆိုနိုင်ဘူး။"
၃. Lister v Romford Ice & Cold Storage Co Ltd [1957] AC 555 (HL) ကေ့စ်အရ
အလုပ်သမားဖက်က၊ ထိုက်သင့်တဲ့ ဂရုပြုမှုနဲ့ ကျွမ်းကျင်မှု စိုက်ထုတ်လုပ်ဆောင်ရမဲ့ တာဝန်ပျက်ကွက်မှု ရှိရင်၊ အလုပ်ရှင်က အလုပ်သမားရဲ့ အဲ့ဒီလို "ထိုက်သင့်တဲ့ ဂရုပြုမှုနဲ့ ကျွမ်းကျင်မှု စိုက်ထုတ်လုပ်ဆောင်ရမဲ့ တာဝန်ရှိမှုကို" ဖောက်ဖျက်မှုအတွက်၊ သူ (အလုပ်ရှင်)က၊ တရားလိုကို ပေးလိုက်ရတဲ့ လျော်ကြေးအားလုံးကို၊ အလုပ်သမားဆီက (တရားစွဲဆိုပြီး) ပြန်တောင်းနိုင်တယ်။

res ipsa loquitur

 res ipsa loquitur (the thing speaks for itself )

============================

"ရေ့စ်    အစ်(ပ်)ဆ    လော့ကွစ်တာ" ဆိုတာ အင်္ဂလိပ် common law စနစ်ရဲ့ တရားမနစ်နာမှုဥပဒေမှာ လက်ခံကျင့်သုံးတဲ့

"တစုံတခု ဟာ သူ့အလိုလို သက်သေထင်ရှားပြီးဖြစ်၍ နောက်ထပ် အထွေအထူး သက်သေတင်ပြနေဖို့ မလိုတော့ဘူး" 

ရှင်းအောင်ပြောရရင်

"တချို့အဖြစ်အပျက်တွေဟာ၊ ပေါ့ဆမှုကို သက်သေထူဖို့ လုံလောက်တယ်" ဆိုတဲ့  မူ သဘောတရား ဖြစ်ပါတယ်။

ဒီ "res ipsa loquitur" doctrine/principle ကို စတင်သုံးစွဲခဲ့တဲ့ ကေ့စ် က 

Byrne v Boadle (2 Hurl. & Colt. 722, 159 Eng. Rep. 299, 1863) ကေ့စ် ဖြစ်ပါတယ်။ 

အဲ့ဒီကေ့စ်မှာ

ဂျုံထဲ့ထားတဲ့ စည် ၂-လုံး ထပ်ခိုးပေါ်ကနေ တရားလို ခေါင်းပေါ်ပြုတ်ကျတယ်။ တရားလို ထိခိုက်ဒဏ်ရာရသွားတယ်။ အဲ့ဒီလို ကျတာ၊ တရားလို ထိခိုက်ဒဏ်ရာရတာကို မြင်တဲ့ မျက်မြင်သက်သေ နှစ်ရောက်ရှိတယ်။ ဒါပေမယ့် အဲ့ဒီစည် ၂-လုံး ဘာကြောင့်ကျတယ်၊ ဘယ်သူ့ကြောင့်ကျတယ်ဆိုတာတော့ ဘယ်သူမှ မသိဘူး မမြင်ဘူး။ ဆိုလိုတာက တရားပြိုင် ပေါ့ဆကြောင်း သက်သေပြရန်တာဝန်ကျရောက်တဲ့ တရားလိုက ခိုင်မာတဲ့ သက်သေမပြနိုင်ဘူး။

အဲ့ဒီလို အခြေအနေမျိုးမှာ (တရားရုံးက ဆုံးဖြတ်တာက)

တရားလိုဟာ "တိုက်ရိုက်သက်သေခံချက်" တင်ပြနေဖို့မလိုဘူး။

ဘာလို့လဲဆိုတော့ တရားပြိုင်ဟာ သူ့ရဲ့ ဂရုစိုက်ရမဲ့တာဝန်ကို ပျက်ကွက်လို့သာ ဒီစည်ပိုင်းတွေ ပြုတ်ကျရတာဖြစ်တယ်။  ဒီလို စည်ပိုင်းတွေ ပြုတ်ကျခြင်းဟာ တရားပြိုင်ပေါ့ဆကြောင်း သက်သေထူဖို့ လုံလောက်တယ်"....  လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။

အဲ့ဒီ မူသဘောတရားကို လက်ခံကျင့်သုံးခဲ့တဲ့ တခြားထင်ရှားတဲ့ ကေ့စ်တွေကတော့

Scott v London & St Katherine Docks Co (1865) 3 H&C 596

Austin v Great Western Railway [1867] 2.Q.B.442

Stansbie v Troman [1948] 2 KB 48

Bolton v Stone [1951] AC 850, [1951] 1 All ER 1078 ....   စတာတွေပဲဖြစ်ပါတယ်။

*** အထူးမှတ်သားရန်အချက်ကတော့ ဒီ "res ipsa loquitur" Principle/Doctrine ကို မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိတဲ့ ကိစ္စ မျိုးတွေမှာ အသုံးမပြုနိုင်ဘူး ဆိုတာပဲ ဖြစ်တယ်။ 

Barkway v South Wales Transport [1950] AC 185 (HL) ကေ့စ်ကို လေ့လာပါ။

သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

 သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

======================

Principle of "volenti non fit injuria"

=================

Dann v Hamilton [1939] 1 KB 509

Morris v Murray [1991] 2 QB 6

===================

"volenti non fit injuria" ဆိုတဲ့ တရားမနစ်နာမှုဆိုင်ရာ ဥပဒေဆိုရိုးအတွက်၊ "သဘောတူညီချက်အရ ထိခိုက်နစ်နာခြင်းဖြစ်လျှင် အပြစ်မရှိ" ဆိုတဲ့ ဘာသာပြန်ဆိုချက်ဟာ၊ ဒီဆိုရိုးရဲ့ မူလ အနှစ်သာရကို ထင်ဟပ်နိုင်ခြင်းမရှိမလို၊ နားလည်မှုလွဲမှားစေနိုင်တဲ့ ဘာသာပြန်ဆိုချက်ဖြစ်ပါတယ်။

တကယ် ဖြစ်သင့်တဲ့ဘာသာပြန်ဆိုချက်က 

အင်္ဂလိပ်လိုဆိုရင်

"there can be no injury to one who consents" (သို့မဟုတ်)

"no injury is done to one who consents" ဖြစ်ပြီး၊ 

မြန်မာဆိုဆိုရင်တော့ အနီးစပ်ဆုံး

"သဘောတူလို့လုပ်ရင်၊ (အဲ့ဒီသဘောတူတဲ့လူမှာ)နစ်နာမှုမရှိနိုင်ဘူး" 

"သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး"လို့ပဲ ဖြစ်သင့်ပါတယ်။

နစ်နာမှုမရှိတဲ့အတွက် အပြစ်ရှိတယ် မရှိဘူးဆိုတဲ့ ဆုံးဖြတ်တဲ့အဆင့်ကို မရောက်ဘူး။

အဲ့ဒီအဆင့်ကို မရောက်တဲ့အတွက် အပြစ်ရှိတယ် မရှိဘူးလို့ ပြောဆိုခြင်းဟာ မှားယွင်းပါတယ်။

ဒါ့အပြင် တရားမနစ်နာမှုဥပဒေရှုဒေါင့်ရဲ့ ဘောင်ထဲကသုံးစွဲမယ်ဆိုရင် ရာဇဝတ်မှုမဟုတ်တဲ့အတွက် "အပြစ်ရှိတယ်" ဆိုတဲ့စကားထက် "တာဝန်ရှိတယ်" ဆိုတဲ့ စကားလုံးကိုပဲ သုံးနှုံးသင့်ပါတယ်။

*********************

Dann v Hamilton[1937 D No 1828]; [1939] 1 KB 509 High Court

ဆိုတဲ့ case ကတော့ ဥပဒေကျောင်းသားတိုင်း(လိုလို) ကြားခဲ့ဖူးပြီးဖြစ်မှာပါ။

တရားလိုက အရက်မူးနေတဲ့တရားပြိုင်မောင်းတဲ့ကားနဲ့ လမ်းကြုံလိုက်တယ်။ ကားတိုက်မှုဖြစ်တယ်။ တရားပြိုင် သေဆုံးတယ်။ တရားလို ထိခိုက် ဒဏ်ရာရတယ်။ အဲဒါကြောင့် နစ်နာကြေးရလိုမှု တရားစွဲတယ်။ တရားပြိုင် က "သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး" ဆိုတဲ့ မူသဘောတရားနဲ့ထုချေတယ်။ 

တရားသူကြီးက 

"အဲ့ဒီမူသဘောတရားကို အလွန်ထူးခြားသော ဖြစ်ရပ်အတွက်သာ လက်ခံနိုင်မယ်။ ဒီကိစ္စက အဲ့ဒီလိုသိပ်ထူးခြားတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒါကြောင့် 'volenti non fit injuria' ကိုလက်မခံဘူး။ တရားလိုကို လျော်ကြေးပေးစေ"

လို့ ဆုံးဖြတ်ခဲ့တယ်။

(မှတ်ချက်။ တကယ်တော့ အလွန်ထူးခြားတယ် မထူးခြားဘူး ဆိုတာ ဘယ်လိုတိုင်းတာတယ်ဆိုတာ မရှင်းလင်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။)

******************

ဖြစ်ရပ်ခြင်း ဆင်တူပြီး၊ ကွဲလွဲစွာဆုံးဖြတ်ခဲ့တဲ့

Morris v Murray [1991] 2 QB 6

ဆိုတဲ့ case မှာတော့

တရားပြိုင်Murray နဲ့ တရားလိုMorris အရက်အတူသောက်ကြတယ်။ 

တရားပြိုင်မှာ လေယာဉ်ပျံအပေါ့စားလေးတစ်စင်းရှိတယ်။ တရားဝင် လေယာဉ်မောင်းလိုင်စင်လည်းရှိတယ်။

အတော်လေး မူးလာတဲ့အချိန်မှာ တရားပြိုင်က လေယာဉ်အပျော်လျှောက်စီးဖို့ တရားပြိုင်ကို ခေါ်တယ်။ တရားပြိုင်ကလည်း သဘောတူတယ်။

အဲ့ဒီလိုနဲ့ Murray က Pilot အဖြစ်နဲ့မောင်းပြီး နှစ်ရောက်သား လေယာဉ်စီးကြတယ်။ 

ရာသီဥတုကဆိုး၊ မြင်ကွင်းမရှင်းလင်း၊ လေကထန်၊ ဆိုတော့ လေယာဉ်ပျက်ကျတယ်။ တရားပြိုင်Murray သေဆုံးတယ်။ Morris က အကြီးအကျယ်ထိခိုက်ဒဏ်ရာရတယ်။

ဒါကြောင့် Morris က

ကွယ်လွန်သူ Murray ရဲ့ "အမွေထိန်းလက်မှတ်ရသူ" ထံကနေ လျော်ကြေး/နစ်နာကြေး ရလိုမှု တရားစွဲဆိုခဲ့တယ်။

အဲ့ဒီအခါမှာ တရားပြိုင်က ဒီအမှုမှာ တရားပြိုင်ရဲ့တာဝန်မရှိကြောင်းကို

1. "volenti non fit injuria" ဆိုတဲ့ Principle နဲ့ 

2. "contributory negligence" (တရားလိုကိုယ်တိုင်ပူးပေါင်းပါဝင်အားဖြည့်ထားတဲ့ပေါ့ဆမှု၊ တရားလိုရဲ့တာဝန်မကင်းတဲ့ပေါ့ဆမှု) 

အဖြစ် ထုချေတယ်။

"volenti non fit injuria" ဆိုတဲ့ Principle အရ

"တရားလို Morris ဟာ၊ တရားပြိုင်Murray မောင်းတဲ့လေယာဉ်ကို၊ အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူစွာ လက်ခံ စီးနင်းခဲ့တာဖြစ်တယ်။

အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူပြီး ပြုလုပ်ခဲ့ရင် ထိခိုက်နစ်နာမှု မမည်ဘူး။ အဲ့ဒါကြောင့် တရားပြိုင်Murray မှာ လျော်ကြေးပေးဖို့ တာဝန်မရှိဘူး" 

ဆိုပြီး တရားပြိုင်က ချေပခဲ့တယ်။

တရားရုံးကလည်း အဲ့ဒီအချက် "နှစ်ချက်" ကိုပဲ ငြင်းချက်အဖြစ်ကြားနာခဲ့တယ်။

အမှုစစ်တရားသူကြီးက

Dann v. Hamilton [1939] 1 K.B. 509 နဲ့

Nettleship v. Weston 1971 2 Q.B. 692 

စီရင်ထုံးတွေကို ကိုးကားပြီး တရားပြိုင်ရဲ့ထုချေချက် "volenti non fit injuria" ကို ပယ်ချခဲ့တယ်။

contributory negligence အနေနဲ့လည်း 20% ပဲ ပါဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တရားပြိုင်က တရားလိုအတွက် နစ်နာကြေး ပေါင် £130,000 ပေးဆောင်ဖို့ 

Judge Rice, Deputy Judge of the Queen's Bench Division က အမိန့်ချခဲ့တယ်။

***********

အဲ့ဒီ စီရင်ချက်ကို မကျေနပ်လို့ 

တရားပြိုင်Murrayဖက်က 

THE SUPREME COURT OF JUDICATURE, COURT OF APPEAL (CIVIL DIVISION)ကို အယူခံတက်တယ်။

အယူခံရုံးက နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကြားနာပြီးတဲ့နောက်

တရားပြိုင်Murray ရဲ့ အယူခံကို လက်ခံပြီး အောက်ရုံးဆုံးဖြတ်ချက်ကို ပယ်လိုက်တယ်။ "volenti non fit injuria" မူသဘောတရားကို လက်ခံပြီး တရားပြိုင်မှာ တာဝန်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။

**************

ဒါကြောင့် အမှုဖြစ်အကြောင်းခြင်းရာ အသေးစိတ်ကိုမသိရင် ပေးမထားရင် အခုလို ဆင်တူဖြစ်ရပ် မျိုးတွေမှာ တရားပြိုင်မှာ တာဝန်ရှိတယ် မရှိဘူး ယတိပြတ် ဖြေဆိုဖို့ ဆုံးဖြတ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ထုတ်လုပ်သူ၊ လက်လီပြန်လည်ရောင်းချသူ၊ သုံးစွဲသူ နှင့် တာဝန်ရှိမှု

 ထုတ်လုပ်သူ၊ လက်လီပြန်လည်ရောင်းချသူ၊ သုံးစွဲသူ နှင့် တာဝန်ရှိမှု

========================

တရားမ နစ်နာမှု ဥပဒေ

=============

Grant (Appellant) v. Australian Knitting Mills (Respondents)[1935]

======================================

• ဩစတေးလျားနိုင်ငံ။ 

၁၉၃၁ ခုနှစ် ဇွန်လမှာ အသက်၃၈ နှစ်အရွယ် ဒေါက်တာ Grant (လူဆရာဝန် 🙂) က John Martin & Co. ဆိုတဲ့ လက်လီအရောင်းဆိုင်ကနေ သိုးမွေး အတွင်းခံဘောင်းဘီ နဲ့ အင်္ကျီလက်ပြတ် နှစ်စုံ ဝယ်ခဲ့တယ်။

• Underwear ဆိုတာတော့ မဝတ်ခင် အရင် လျှော်သင့်ပေမယ့် ဒေါက်တာ Grant က မလျှော်ပဲ ဝတ်လိုက်တယ်။

• ဝတ်ပြီး ကိုးနာရီအတွင်းမှာပဲ သူဟာ အရေပြားယားယံမှုကို စတင်ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒေါက်တာ Grant က ယားတဲ့နေရာကို calamine lotion လိမ်းပြီး အဲ့ဒီ အတွင်းခံကိုပဲ တစ်ပတ်လုံး ဆက်ဝတ်ခဲ့တယ်။

(မှတ်ချက်။ အဲ့ဒီခေတ် အဲ့ဒီကာကလ အဲ့ဒီနိုင်ငံမှာတော့ တပတ်ကို တခါပဲ အတွင်းခံလဲတာက သာမန်လူတွေရဲ့ သာမန်ထုံးစံတစ်ခုပဲ ဖြစ်တယ်လို့ဆိုတယ် 🙂)

• တစ်ပတ်နေတော့ ဒေါက်တာ Grant က ပထမအတွင်းခံကို လျှော်ပြီး ဒုတိယအတွင်းခံကို စတင် ဝတ်ဆင်ခဲ့တယ်။

• အဲ့ဒီအချိန်မှာ သူ့ရဲ့ အရေပြားယားယံခြင်းက ပိုမိုဆိုးရွားလာပြီး ပြင်းထန်တဲ့ အရေပြားရောင်ရမ်းခြင်းဖြစ်လာခဲ့တယ်။

• အဲ့ဒါကြောင့် ဒေါက်တာ Grant က John Martin & Co ကို 

ရောင်းသူက ဝယ်သူ (စားသုံးသူ) ကို ပေးရမဲ့ 

"ကုန်ပစ္စည်းအရည်အသွေး အာမခံချက်ဆိုင်ရာ ပဋိညာဉ်" ကိုဖောက်ဖျက်တယ်ဆိုပြီး တရားစွဲခဲ့တယ်။

(မှတ်ချက်။ တရားမနစ်နာမှုနဲ့ပတ်သက်တဲ့ ကမ္ဘာကျော်အမှု Donoghue v Stevenson ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ British House of Lords က ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမှုအကြောင်း သီးသန့် ဆွေးနွေးပါမယ်။)

ဒါ့အပြင် Australian Knitting Mills စက်ရုံထုတ် အတွင်းခံတွေမှာ "ဆာလ်ဖာဒိုင်အောက်ဆိုဒ်" (သို့) "ဆာလဖိုက်" လို့ ခေါ်လေ့ရှိတဲ့ ဆာလဖာဒြပ်ပေါင်းတွေ အများကြီး ပါနေတယ်။ အဲ့ဒါကြောင့် ဒေါက်တာ Grant က Australian Knitting Mills စက်ရုံကိုလည်း ၎င်းထုတ်လုပ်တဲ့အဝတ်အထည်တွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ဂရုစိုက်မှုမပေးဘူးဆိုပြီး Australian Knitting Mills ကိုပါ တရားပြိုင်အဖြစ် ထည့်သွင်း စွဲဆိုခဲ့တယ်။ 

**************

Case 1: 

Grant 

v. 

John Martin & Co and Australian Knitting Mills Limited [1933]

ဒီအမှုကို တောင်ပိုင်းဩစတေးလျားပြည်နယ် တရားရုံးချုပ် (Supreme Court of South Australia) က၊ 

တရားသူကြီး Sir George John Robert Murray က 

ဒေါက်တာ Grant ရဲ့ နစ်နာမှုအတွက်

လက်လီအရောင်းဆိုင် John Martin & Co မှာ တာဝန်ရှိသလို

ထုတ်လုပ်သူ Australian Knitting Mills လည်း တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး

ဒေါက်တာ Grant အတွက် နစ်နာကြေး (လျော်ကြေး) ပေါင်-၂,၄၅၀ ပေးစေခဲ့တယ်။

*******************************

အဲ့ဒီဆုံးဖြတ်ကို မကျေနပ်လို့  Australian Knitting Mills နဲ့ John Martin & Co က

ဩစတေးလျား ဗဟိုတရားရုံးချုပ် (High Court of Australia) ကို အယူခံတက်တယ်။ 

Case 2:

Australian Knitting Mills Limited and Another(Appellants) 

v. 

Grant (Respondent)

[1933, HCA 35]

ဗဟိုတရားရုံးချုပ်ရဲ့ တရားသူကြီး အများစုက အယူခံမှုကို လက်ခံခဲ့ပြီး 

Australian Knitting Mills နဲ့ John Martin & Co ကို အနိုင်ပေးလိုက်တယ်။

ဩစတေးလျား ဗဟိုတရားရုံးချုပ် မှာ ဒေါက်တာ Grant ရှုံးသွားတယ်။

*******************

အဲ့ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဒေါက်တာ Grant က

ဓနသဟာယ နိုင်ငံတွေရဲ့ အမြင့်ဆုံး အယူခံတရားရုံးဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Privy Council  ကို အယူခံတက်တယ်။

Case 3:

Grant (Appellant)

v.

Australian Knitting Mills (Respondents)[1935] UKPC 62 (on appeal from Australia)

Privy Council က ဒေါက်တာ Grant ရဲ့ အယူခံဝင်မှုကို လက်ခံအတည်ပြုပြီး၊ 

သြစတြေးလျ ဗဟိုတရားရုံးချုပ်ရဲ့ စီရင်ချက်ကို ပယ်ချလိုက်ပြီး၊

သြစတြေးလျ တောင်ပိုင်းတရားရုံးချုပ် ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း၊

ထုတ်လုပ်သူ  Australia Knitting Mills နဲ့ 

လက်လီအရောင်းဆိုင် James Martin & Co နှစ်ခုလုံးဟာ

အယူခံသူ တရားလို ဒေါက်တာ Grant ရဲ့ နစ်နာမှုအပေါ်မှာ တာဝန်ရှိကြောင်း

ဆုံးဖြတ်ခဲ့ပါတယ်။

ဆွဲသင်္ဘော၊ ဆွဲခံသင်္ဘော နှင့် တာဝန်ရှိမှု

 ဆွဲသင်္ဘော၊ ဆွဲခံသင်္ဘော နှင့် တာဝန်ရှိမှု

tug, tow and liability
Doctrine of Principal and Agent (in Tort Law)
============================
ဥပဒေကျောင်းသားအများစု အမှတ်မှားနေကြတဲ့ အချက်တစ်ချက်ဖြစ်တဲ့
သင်္ဘောဆွဲယူရေးလုပ်ငန်းစဉ်မှာ အဆွဲခံ သင်္ဘော tow က Principal
ဆွဲတဲ့ သင်္ဘော tug က agent
ဒါကြောင့် တရားမနစ်နာမှုဥပဒေရဲ့ မူသဘောတရားဖြစ်တဲ့ principle/agent ဆက်သွယ်မှု သူတပါးအတွက်တာဝန်ရှိမှု မူသဘောတရားအရ
သင်္ဘောဆွဲနေချိန်အတွင်း (whilst towing) မှာ agent ရဲ့ ပြုလုပ်မှုအတွက် principal မှာပဲ တာဝန်ရှိတယ်။
[သင်္ဘောပျက်တို့ ဖောင် တို့ကို ဆွဲတာမဟုတ်ရင်] ဆွဲသင်္ဘော tug မှာ ဘာတာဝန်မှ မရှိဘူး...
ဆိုပြီး အမှတ်မှားနေကြပါတယ်။
အောက်ပါအမှုကို လေ့လာကြည့်ပါ။
• ကနေဒါနိုင်ငံ ဗင်ကူဗါးဆိပ်ကမ်း။ June 22, 2007, 10:14 a.m. အချိန်။ Star Hansa ဆိုတဲ့ သင်္ဘောက ဘေးအန္တရာယ်ကင်းကင်းနဲ့ သူ့အတွက်သတ်မှတ်ထားတဲ့ ဆိပ်ကမ်းကနေရာကို ကပ်နေတဲ့အချိန်မှာ၊ (အနားမှာရှိတဲ့) ဆွဲသင်္ဘော Tiger Shark 2 က၊ Star Hansa ရဲ့ ပန်ကာကို တိုက်မိသွားတယ်။
• ဆွဲသင်္ဘော Tiger Shark 2 က အဲ့ဒီအချိန်မှာ တခြား ဆွဲသင်္ဘော နှစ်စီးနဲ့အတူ “ Dubai Fortune” ဆိုတဲ့ သင်္ဘောကို ဆိပ်ကမ်းမှာကပ်နိုင်ဖို့ (ဂိတ်ထိုးနိုင်ဖို့) ကူညီပေးနေတဲ့အချိန်။ Dubai Fortune က compulsory pilot တစ်ရောက်ရဲ့ အုပ်ချုပ် ကွပ်ကဲမှုအောက်မှာ ရှိနေတယ်။ (compulsory pilotage အကြောင်းကို နောက်နောင် ကြုံကြိုက်တဲ့အခါ သီးသန့်ဆွေးနွေးပါမယ်။)
• အဲဒီတိုက်မိမှုအတွက် Star Hansa သင်္ဘောပိုင်ရှင် က Dubai Fortune ပိုင်ရှင်နဲ့ ဆွဲသင်္ဘောသုံးစီးရဲ့ ပိုင်ရှင်ဆီကနေ ဒေါ်လာ ၂.၇ သန်း ကို အတိုးနဲ့တကွ နစ်နာကြေးရလိုမှု တရားစွဲခဲ့တယ်။
• တရားလို Star Hansa သင်္ဘောပိုင်ရှင်ကို ဆွဲသင်္ဘောသုံးစီးရဲ့ ပိုင်ရှင်က (သင်္ဘော တန်ချိန်ပေါ်မူတည်ပြီး ကန့်သတ်ပေးထားတဲ့ လျော်ကြေးမူသဘောအရ) ဒေါ်လာ ၅-သိန်း အလျော်ပေးပြီး ဆွဲသင်္ဘောသုံးစီးအပေါ် စွဲဆိုထားမှုကို ရပ်ဆိုင်း (ကြေအေး) လိုက်ကြတယ်။
• ဒါပေမဲ့ အဲ့ဒီသဘောတူညီမှုက ဘယ်အပေါ်မှာ အခြေခံထားပြီး ကြေအေးခဲ့တာလဲဆိုတော့
Tiger Shark 2 ဆွဲသင်္ဘာမာလိန်မှူး master ရဲ့ ပေါ့ဆမှုအတွက် Dubai Fortune ပိုင်ရှင်ကို principal တစ်ရောက်အနေနဲ့ "သူတပါးအတွက် တာဝန်ရှိမှု" ရှိတယ်ဆိုတဲ့ အချက်နဲ့ Star Hansa သင်္ဘောပိုင်ရှင် က Dubai Fortune ကို ဆက်လက် တရားစွဲမယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။
• ဒီအမှုမှာ Dubai Fortune ရဲ့ ပိုင်းလော့မှာ ပေါ့ဆမှု မရှိတဲ့အတွက် Dubai Fortune (ပိုင်ရှင်) ရဲ့ တာဝန်ရှိမှုကို "ကန့်သတ်ခွင့်" (to limit the liability) ရှိတယ်ဆိုတဲ့အချက်ကို တရားပြိုင် Dubai Fortune က တင်ပြခဲ့တယ်။
အဲဒီမှာ ပေါ်ပေါက်လာတဲ့ တရားရုံးငြင်းချက်က
 Tiger Shark 2 ဆွဲသင်္ဘာမာလိန်မှူးmaster ရဲ့ ပေါ့ဆမှုအတွက် Dubai Fortune မှာ "သူတပါးအတွက် တာဝန်ရှိမှု" "vicarious liability" ရှိသလား
 အဲ့ဒီလို ရှိတယ်ဆိုရင် ပေးရမဲ့ လျော်ကြေးကို ကန့်သတ်တဲ့အခါမှာ Dubai Fortune သင်္ဘောရဲ့ တန်ချိန်ကို မူတည်ပြီး လျော်ကြေးတွက်မလား၊ Tiger Shark 2 သင်္ဘောရဲ့ တန်ချိန်ကို မူတည်ပြီး လျော်ကြေးတွက်မလား
ဆိုတဲ့ ငြင်းချက်နှစ်ရပ်ကို တရားရုံးက ကြားနာခဲ့တယ်။
အတိုချုပ်ပြောရရင် အမှုစစ်တရားသူကြီးက
- Dubai Fortune မှာ "သူတပါးအတွက် တာဝန်ရှိမှု" "vicarious liability" မရှိဘူး။
- အဲ့ဒါကြောင့် ကန့်သတ်မှုပြဿနာ (ဘယ် သင်္ဘောရဲ့ တန်ချိန်ပေါ် မူတည်ပြီး လျော်ကြေးတွက်မလဲ ဆိုတာ) စဉ်းစားမရာ မလိုတော့ဘူး။
ဆိုပြီးဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီဆုံးဖြတ်ချက်ကို တရားလိုStar Hansa က အယူခံတက်တယ်။
အယူခရုံးကလည်း အောက်ရုံးနဲ့ တစ်သဘောတည်း ဆုံးဖြတ်ပြီး အောက်ရုံးအမိန့်ကို အတည်ပြုပြီး အယူခံကို ပယ်ခဲ့တယ်။
အဲ့ဒါကြောင့် ဒီ အမှုကို ကြည့်ရင် whilst towing အချိန်အတွင်းမှာဖြစ်လို့
Principal ဖြစ်တဲ့ ဆွဲခံသင်္ဘော Dubai Fortune က၊
သူ့ရဲ့ agent ဖြစ်တဲ့ ဆွဲသင်္ဘော Tiger Shark 2 ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ
တာဝန်ရှိတယ်ဆိုတာ
အမြဲတန်းမမှန်ဘူး
အကြောင်းခြင်းရာအပေါ်မှာ မူတည်ဆိုတာကို ဒီ case က သက်သေပြနေပါတယ်။
REF:
Grieg Shipping A/S v. Fortune Marine Ltd. (The Dubai Fortune), 2012 FC 1110, 2013 FCA 218
FC = Federal Court
FCA = Federal Court Of Appeal

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ

 ယဉ်ကျေးမှုဆိုင်ရာ နေရာများ ပစ္စည်းများအား တိုက်ခိုက်ခြင်း

============================

လူသားဝါဒနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ

စည်းမျဉ်းအမှတ် -၃၈ အရ

ယဉ်ကျေးမှုဆိုင်ရာ နေရာဒေသနှင့် ပစ္စည်းများအား တိုက်ခိုက်ခြင်းမပြုရ။

[REF: Customary International Humanitarian Law, Rule-38]

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥပဒေအရ

ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုနှင့် ဆိုင်သော အဆောက်အအုံများ သမိုင်းဝင် နေရာများအား ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည်။

[REF: ICC Statute, Article 8(2)(b)(ix) and (e)(iv) ]



ဓါးစာခံဖမ်းဆီးခြင်း

========

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများတွင်လည်းကောင်း၊ 

အပြည်ပြည်ဆိုင်ရာမဟုတ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင်လည်းကောင်း၊

ဂျီနီဗာသဘောတူညီချက် ၄-ခုလုံးတွင်ပါရှိသော ဘုံတူညီသည့် အပိုဒ်-၃ အရ ဓါးစာခံ ဖမ်းဆီးခြင်းကို ပိတ်ပင်တားမြစ်သည်။

[REF: Geneva Conventions, common Article 3]

လူသားဝါဒနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ 

စည်းမျဉ်းအမှတ် - ၉၆ အရ 

ဓါးစာခံ ဖမ်းဆီးခြင်းကို ပိတ်ပင်တားမြစ်သည်။

[REF: Customary International Humanitarian Law, Rule-96]

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများတွင်ဖြစ်စေ၊  

အပြည်ပြည်ဆိုင်ရာမဟုတ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် ဖြစ်စေ၊

ဓါးစာခံ ဖမ်းဆီးခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥပဒေ အပိုဒ် ၈ (၂) (က) (၈) နှင့် ၈ (၂) (ဂ) (၃)

[REF: ICC Statute, Article 8(2)(a)(viii) and (c)(iii)]




လူမျိုးတုံးသတ်ဖြတ်မှု (Genocide)

====================

၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သော ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်၊ အပိုဒ် ၂ အရလည်းကောင်း၊

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး နှင့်ပတ်သက်သော ရောမသဘောတူစာချုပ်၊ အပိုဒ် ၆ အရလည်းကောင်း၊

အောက်ပါအချက် တစ်ချက်ချက်ကို ကျူးလွန်လျင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည်။

(က) လူမျိုးစုအုပ်စုတစ်ခုအား ပစ်မှတ်ထား သတ်ဖြတ်ခြင်း

(ခ) လူမျိုးစုတစ်ခု၏ အုပ်စုဝင်များအား ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို ဆိုးဝါးပြင်းထန်စွာ ထိခိုက်စေခြင်း

(ဂ) လူအုပ်စုတစ်ခု၏ ဘဝအသက်ရှင်နေထိုင်မှုဆိုင်ရာ ရုပ်ဝတ္ထုများကို အလုံးစုံသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ တမင် ထိပါးဖျက်ဆီးခြင်း

(ဃ) လူမျိုးစုအုပ်စုတစ်ခုအတွင်း ကလေးမွေးဖွားမှုကို တားဆီးရန်ရည်ရွယ်လျက် ကန့်သတ်ချက်များချမှတ်၍ လိုက်နာစေခြင်း

(င) ကလေးသူငယ်များအား အုပ်စုတစ်စုမှ အခြားတစ်စုသို့ အတင်းအကျပ် ပြောင်းရွှေ့ခြင်း

REF:

1. 1948 Convention on the Prevention and Punishment of the Crime of Genocide (the Genocide Convention), Article II

2. Rome Statute of the International Criminal Court, Article 6

(a) Killing members of the group;

(b) Causing serious bodily or mental harm to members of the group;

(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction

in whole or in part;

(d) Imposing measures intended to prevent births within the group;

(e) Forcibly transferring children of the group to another group.