Thursday, August 6, 2026

ကျမ်းပြုသူနှင့် ကျမ်းကြီးကြပ်သူ တို့၏ အခန်းကဏ္ဍများ

ကျမ်းပြု သူတစ်ဦးဟာ၊ ကျမ်းကြီးကြပ်သူ (Supervisor) ရဲ့ အလိုကျ၊ ကျမ်းကြီးကြပ်သူ သိပြီးသား ဘောင်အတွင်းကသာ ရေးသားပြုစုရတဲ့ စာတမ်းမျိုး၊ ကျမ်းမျိုး၊ သုတေသနမျိုးဟာ  "သုတေသန" ဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရဖြစ်တဲ့ "အသစ်ရှာဖွေတွေ့ရှိခြင်း (Originality and Novelty)" ကို သတ်ပစ်လိုက်သလို ဖြစ်သွားစေတယ်။

သုတေသန၏ အနှစ်သာရနှင့် "အသစ်ရှာဖွေတွေ့ရှိမှု" (Originality)

အဆင့်မြင့် ဘွဲ့လွန်ကျမ်းတွေ (အထူးသဖြင့် PhD Dissertation နှင့် Master's Thesis) တို့ရဲ့ အဓိက ရည်ရွယ်ချက်က၊ လူသားတို့ရဲ့ လက်ရှိ သိမြင်နားလည်ထားသော ပညာရပ်နယ်ပယ် (Knowledge boundary) ကို နောက်ထပ် ခြေတစ်လှမ်း တိုးချဲ့ပေးရန် ဖြစ်တယ်။

  •  တကယ်လို့ ကျောင်းသားတစ်ဦးဟာ၊ ကျမ်းကြီးကြပ်သူ သိပြီးသား အဖြေကိုသာ ပြန်လည်သက်သေပြနေရမယ်၊ သို့မဟုတ် ကြီးကြပ်သူရဲ့ အယူအဆကိုသာ ပဲ့တင်ထပ်နေရမယ်ဆိုရင်၊ ၎င်းဟာ သုတေသန မဟုတ်တော့ဘဲ "လေ့ကျင့်ခန်း (Academic Exercise)" တစ်ခုသာ ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် လူသူလေးစားသော နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာတော့၊ ထိပ်တန်း ပါမောက္ခကြီးများက မိမိ မသိသေးသော၊ မျှော်လင့်မထားသော ရလဒ်အသစ်များကို ရှာဖွေနိုင်တဲ့ ကျောင်းသားမျိုးကိုသာ လိုလားကြတယ်။

၂။ အသိပညာ အကူးအပြောင်း အမှတ် (The Point of Knowledge Transition)

သုတေသနနယ်ပယ်တစ်ခုမှာ "အကြောင်းအရာကို အသိဆုံးက ၎င်းကျမ်းကို ပြုစုမဲ့သူသာ ဖြစ်သင့်တယ်" ဆိုတဲ့ အချက်ဟာ သုတေသနလောကရဲ့ ရွှေစည်းမျဉ်း (Golden Rule) ဖြစ်တယ်။

  • သုတေသနခရီးစဉ်၏ တစ်နေရာ (ဥပမာ - ဒုတိယနှစ် သို့မဟုတ် တတိယနှစ်) မှာ၊ ကျောင်းသားဟာ  မိမိ၏ သီးသန့် သုတေသနခေါင်းစဉ် (Niche topic) နှင့် ပတ်သက်၍ မိမိ၏ ကျမ်းကြီးကြပ်သူထက် ပိုမို သိရှိနားလည်သွားရမည် ဟု ပါမောက္ခကြီးများက လက်ခံထားကြတယ်။ ထိုသို့ ကျောင်းသားက ဆရာ့ထက် ပိုသိလာသည့် အချိန်ရောက်မှသာလျှင် ထိုကျမ်းသည် အောင်မြင်သော ကျမ်းတစ်စောင် ဖြစ်လာမည့် လမ်းစပေါ်သို့ ရောက်ရှိခြင်း ဖြစ်တယ်။ “ငါစစ်အုံးမယ် ငါကြည့်အုံးမယ်… ပေါက်ကရတွေဖြစ်ကုန်မယ်… ငါခိုင်းတဲ့အတိုင်းလုပ်” လို့ဆိုသူတွေဟာ၊ သူတို့ကိုယ်တိုင်က “ဝါလုံးခေါင်းထဲ လ သာ” ဘဝင်မြင့်နေသူတွေဖြစ်ပြီး၊ သုတေသနပြုသူ ကျောင်းသားကို အထင်သေးနေသူတွေဖြစ်တယ်။

၃။ ကျမ်းကြီးကြပ်သူ၏ အခန်းကဏ္ဍ (The True Role of a Supervisor)

တကယ်တော့ ကျမ်းကြီးကြပ်သူဟာ အလုံးစုံ ထိန်းချုပ်သူ (Micromanager) သို့မဟုတ် အဖြေကို ပုံစံချပေးသူ (Dictator) မဖြစ်ရဘူး။ ၎င်းဟာ

  • နည်းစနစ်ပိုင်းဆိုင်ရာ လမ်းပြသူ (Methodological Guide) - သုတေသန နည်းစနစ် မှန်ကန်စေရန်၊ ယုတ္တိဗေဒ ခိုင်လုံစေရန်နှင့် ပညာရပ်ဆိုင်ရာ စံညွှန်းများနှင့် ကိုက်ညီစေရန်သာ ထိန်းကျောင်းပေးရမှာ ဖြစ်တယ်။
  • အပြုသဘောဆောင် ဝေဖန်သူ (Devil's Advocate) - ကျောင်းသားရဲ့ တွေ့ရှိချက်တွေကို လွယ်လွယ်နဲ့ လက်မခံဘဲ၊ ကျောင်းသားဘက်က ခိုင်လုံသော အထောက်အထားဖြင့် ခုခံချေပနိုင်စွမ်း ရှိစေရန် အခက်ခဲဆုံး မေးခွန်းများ မေးကာ မှတ်ကျောက်တင်ဆန်းစစ်ပေးသူ (Sounding board) ဖြစ်ရပါမယ်။

အဖြစ်သင့်ဆုံး Student-Supervisor ဆက်သွယ်မှု ပုံစံ

အဆင့်မြင့် ပညာရေးစနစ်တွေမှာ အအောင်မြင်ဆုံးလို့ သတ်မှတ်ထားတဲ့ ဆက်သွယ်မှုပုံစံက "တပည့်မှသည် လုပ်ဖော်ကိုင်ဖက်သို့ ကူးပြောင်းခြင်း မော်ဒယ် (Apprenticeship to Colleagueship Model)" ဖြစ်တယ်။ ၎င်းပုံစံမှာ အောက်ပါ အဆင့် (၃) ဆင့် ပါဝင်တယ်။

  1. လမ်းညွှန်မှု အများဆုံးကာလ (Scaffolding Stage) - သုတေသန စတင်ချိန်မှာ ကျမ်းကြီးကြပ်သူက စာတမ်းရဲ့ ရည်ရွယ်ချက်၊ သုတေသန မေးခွန်းများ ရွေးချယ်မှုနှင့် သုတေသန ပုံစံ (Research Design) တို့ကို အဓိက ကူညီလမ်းညွှန်ပေးရမှာဖြစ်တယ်။
  2. လွတ်လပ်စွာ စူးစမ်းခွင့်ပေးသောကာလ (Independence Stage) - အချက်အလက် ကောက်ယူခြင်း၊ စမ်းသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများ ပြုလုပ်ရာမှာ  ကျောင်းသားအား အပြည့်အဝ လွတ်လပ်ခွင့် ပေးထားရပါမယ်။ မှားယွင်းမှုများ ရှိလာပါကလည်း ကျောင်းသားကိုယ်တိုင် သင်ခန်းစာယူ ပြင်ဆင်နိုင်ရန် အခွင့်အရေး ပေးရပါမယ်။
  3. တန်းတူ ဆွေးနွေးခြင်းကာလ (Peer-to-Peer Stage) - တွေ့ရှိချက်များကို သုံးသပ်ရာတွင် ဆရာနှင့် တပည့် ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ၊ ပညာရှင် နှစ်ဦး (Scholars) အနေဖြင့် စားပွဲဝိုင်းတွင် အပြန်အလှန် ငြင်းခုံဆွေးနွေးကြသော ဆက်ဆံရေးမျိုး ဖြစ်လာရပါမယ်။

အချုပ်အားဖြင့်ဆိုရရင်၊ အကောင်းဆုံးသော ကျမ်းကြီးကြပ်သူဆိုတာ "မိမိထက် တော်သော၊ မိမိ မသိသေးသည်များကို ရှာဖွေဖော်ထုတ်နိုင်သော ပညာရှင်အသစ်တစ်ဦးကို မွေးထုတ်ပေးနိုင်သူ" သာလျှင် ဖြစ်တယ်။

(ဒီစာစုနဲ့ ကျွန်တော့ရဲ့ မဟာဥပဒေဘွဲ့ ကျမ်းကြီးကြပ်သူ တီချယ်စန္ဒာဝင်း [(Daw Sandar Win, Senior Lecturer (Retired), INTI International University, Malaysia)] ရဲ့ ဂုဏ်ကျေးဇူးကို အလေးအမြတ်မှတ်တမ်းပြုပါတယ်။)

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.