Thursday, August 27, 2026

ကျမ်းရဲ့အစ၊ မာတိကာ က တဲ့လား?

တက္ကသိုလ်တစ်ခုမှာ၊ ဘွဲ့ယူစာတမ်း တစ်ခု ရေးသားစေတဲ့အခါ၊ ပထမဦးဆုံး အနေနဲ့၊ ကျောင်းသားကို ၎င်းရေးသားမဲ့ ဘွဲ့လွန်စာတမ်း ခေါင်းစဉ် (title)၊ လေ့လာမှု နည်းလမ်း (method) နဲ့ ရည်ညွန်းကိုးကား (references) အတိုချုပ်ကို စုစုပေါင်း စာ တစ်မျက်နှာစာ (A4 ဖြင့်) အဆိုပြု တင်သွင်းစေတာကို တွေ့ရတယ်။ သက်ဆိုင်ရာ ပါမောက္ခက စာတမ်းခေါင်းစဉ်ကို၊ လက်ခံ အတည်ပြုပြီးတဲ့အခါမှာ၊ ဒုတိယအဆင့်အနေနဲ့ ကျောင်းသားကို ၎င်းရေးသားမဲ့ ဘွဲ့လွန်စာတမ်းရဲ့ မာတိကာ (Table of Contents) ကို တင်ပြစေပါတယ်။ ၎င်း မာတိကာ (မည်သည့် ရေးသားချက်မှ မပါသော၊ ခေါင်းစဉ် သက်သက်) ကိုကြည့်ပြီး၊ သက်ဆိုင်ရာ ကျမ်းကြီးကြပ်သူပါမောက္ခက၊ “ဖြုတ် နှုတ် ပယ် ထပ်ဖြည့် “ စတာတွေကို ခိုင်းစေပြီး၊ ၎င်း အတည်ပြုပေးသော Table of Contents အတိုင်း၊ ကျောင်းသားကို ကျမ်းပြုစေတယ်။

၎င်းကဲ့သို့လုပ်ဆောင်ခြင်းဟာ အလွန်တရာ ဆိုးဝါးမှားယွင်းတယ်။ ဘာလို့လဲဆိုတော့၊ သုတေသနစာတမ်းတစ်ခုကို ပြုစုရာမှာ၊ မာတိကာ (Table of Contents) ကို ကြိုတင်ပုံသေချပြီး ထိုဘောင်အတွင်းမှသာ ရေးသားစေခြင်းဟာ၊ ကျမ်းတစ်စောင်မှာ မဖြစ်မနေပါဝင်ရမဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်မှု (Analysis) ရဲ့ အနှစ်သာရကို ဖျက်ဆီးရာရောက်လို့ ဖြစ်တယ်။

မာတိကာသက်သက်ကို ကြိုတင်ကန့်သတ်ခြင်း၏ အဓိကဆိုးကျိုး ၂-ချက်
*********************
(၁) သုတေသန၏ သဘောသဘာဝကို ဆန့်ကျင်ခြင်း။ ။ သုတေသနဆိုတာ ကြိုတင်သိရှိထားတဲ့ အဖြေကို ရေးသားခြင်းမဟုတ်ဘဲ၊ အချက်အလက်နှင့် ဥပဒေသတွေကို လေ့လာရင်း ပြောင်းလဲတိုးတက်လာသော တက်ကြွသည့်ဖြစ်စဉ် (Dynamic Process) ဖြစ်တယ်။ အလုပ်ကြမ်းမာတိကာ (Working Outline) ဟာ၊ လမ်းပြမြေပုံမျှသာဖြစ်ပြီး၊ ရှာဖွေတွေ့ရှိချက်တွေအပေါ် မူတည်ပြီး အချိန်မရွေး ပြောင်းလဲနိုင်ရမယ်။
(၂) ယုတ္တိဗေဒစီးဆင်းမှုကို ဖြတ်တောက်ခြင်း။ ။ စာတမ်းတွေဟာ IRAC (Issue, Rule, Application, Conclusion) ကဲ့သို့သော ကျိုးကြောင်းဆီလျော်မှု အဆင့်ဆင့်နဲ့ တည်ဆောက်ရတာမျိုးဖြစ်တယ်။ အသေးစိတ် အချက်အလက် ငြင်းခုံချက် ရေးသားထားချက်တွေကို မတွေ့ဘဲ ခေါင်းစဉ်တွေကိုပဲကြည့်ပြီး ဖြုတ်/ထည့် လုပ်ခြင်းဟာ၊ စာတမ်းရဲ့ ယုတ္တိဗေဒ စီးဆင်းမှု (Logical flow) ကို ကြီးမားစွာ ထိခိုက်စေတယ်။

စာတမ်းတစ်ခု ရေးသားပြုစုသင့်သော အဆင့်များ
***********************
နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်တွေရဲ့ သုတေသနနည်းစနစ် (Research Methodology) အရ စာတမ်းတစ်ခု ရေးသားပြုစုရာမှာ အောက်ပါအတိုင်း ဆောင်ရွက်လေ့ရှိတယ်။
1. Research Proposal (အဆိုပြုလွှာ)။ ။ သုတေသနမေးခွန်း (Research Question)၊ ယူဆချက် (Hypothesis) နဲ့ နည်းစနစ် (Methodology) ကိုသာ အဓိက အတည်ပြုတယ်။
2. Working Outline (အလုပ်ကြမ်း မာတိကာ)။ ။ ကျောင်းသားက ကနဦး လေ့လာထားမှုအပေါ် အခြေခံ ပြုစုပြီး၊ ၎င်းက အမြဲတမ်း ပြင်ဆင်ပြောင်းလဲနိုင်တဲ့ အကြမ်းထည် (Tentative Draft) သာ ဖြစ်တယ်။
3. Iterative Drafting (အပြန်အလှန် ရေးသားပြင်ဆင်ခြင်း)။ ။ ကျောင်းသားက အခန်းအလိုက် (သို့) အပိုင်းလိုက် ရေးသားတင်ပြပြီး၊ ပါမောက္ခက အချက်အလက်တွေ နဲ့ သုံးသပ်ချက်တွေ (Arguments) က၊ ခိုင်လုံမှု ရှိ/မရှိကိုသာ ထောက်ပြဝေဖန်ပေးရတယ်။
4. Finalizing ToC (မာတိကာ အချောသတ်ခြင်း)။ ။ စာတမ်းတစ်ခုလုံး ရေးသားပြီးစီးမှသာ အပြီးသတ် မာတိကာကို တည်ဆောက်ရတယ်။

ဒါကြောင့် အတွင်းအနှစ်သာရကို မသိဘဲ မာတိကာ ခေါင်းစဉ်သက်သက်ဖြင့် "ဖြုတ်၊ နှုတ်၊ ပယ်၊ ထပ်ဖြည့်" လုပ်စေသူဟာ "သုတေသနကို လမ်းညွှန်သူ (Research Facilitator)" အဖြစ်ကနေ၊ "စာစီစာကုံး တည်းဖြတ်သူ (Copy Editor)" အဆင့်သို့ လျှောကျသွားပြီဖြစ်တယ်။ တကယ်တော့ ဒီလုပ်ရပ်ဟာ ပညာရပ်ဆိုင်ရာ အာဏာရှင်ဆန်မှု (Academic Authoritarianism) ဖြစ်ပြီး၊ ကျောင်းသားရဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း (Intellectual Autonomy) ကို ချုပ်ချယ်လိုက်ခြင်း ဖြစ်တယ်။

ဆရာကောင်းတစ်ဦးဆိုတာ "မည်သည့်ခေါင်းစဉ်တွေ ပါအောင် ရေးရမယ်" လို့ ပုံစံခွက်ချပေးသူ မဖြစ်သင့်ဘဲ၊ "ကျောင်းသားရဲ့ သုတေသနမေးခွန်းကို ဖြေရှင်းနိုင်ရန် မည်သည့် အချက်အလက်များ လိုအပ်နိုင်သနည်း" ဆိုတဲ့ တွေးခေါ်မှုပိုင်းကိုသာ ဖေးမကူညီပေးရမှာ ဖြစ်တယ်။ အကြောင်းအရာအသေးစိတ်ကို မဖတ်ဘဲ၊ မာတိကာခေါင်းစဉ်ကိုသာ စတင်ပြင်ဆင်ခြင်းဟာ စာအုပ်တစ်အုပ်ရဲ့ အဖုံးပေါ်က ခေါင်းစဉ်ကိုပဲကြည့်ပြီး အကဲဖြတ်ခြင်းလိုမျိုးပဲ ပညာမဲ့ရာကျလှပါတယ်။


အမှန်တကယ်က
သုတေသနရဲ့ ပြောင်းလဲနေတဲ့သဘာဝ (Dynamic Nature of Research) အရ စာတမ်းပါ အကြောင်းအရာတွေကို အသေးစိတ် ဝင်ရောက်လေ့လာတဲ့အခါမှသာ၊ မမျှော်လင့်ထားတဲ့ Gaps, အယူအဆ ကွဲလွဲမှုများ နဲ့၊ အခြေအတင် ငြင်းခုံချက် (Debates) တွေကို တွေ့ရလေ့ရှိတာမျိုးဖြစ်တယ်။ မာတိကာကို ကြိုတင်အသေသတ်မှတ်ထားရင် အဲ့ဒီလိုအရေးပါတဲ့ တွေ့ရှိချက်အသစ်တွေကို ကျမ်းမှာ ထည့်သွင်းဆွေးနွေးဖို့ အကန့်အသတ်ဖြစ်သွားနိုင်တယ်။

မဖြစ်မနေ မာတိကာ အရင် ကြိုတင်ရမယ်ဆိုရင်တောင်၊ ကနဦးတင်ပြထားတဲ့ မာတိကာကို အပြီးသတ် (Final) လို့ မယူဆဘဲ၊ သုတေသနရဲ့ ပထမအဆင့် လမ်းပြမြေပုံ (Tentative Roadmap) အဖြစ်သာ သတ်မှတ်ပေးသင့်တယ်။ အကြောင်းအရာတွေကို အသေးစိတ် ရေးသားတဲ့အခါ ယုတ္တိစီးဆင်းမှု (Logical Flow) နဲ့ IRAC (Issue, Rule, Application, Conclusion) စံနှုန်းများ ပိုမိုခိုင်လုံစေဖို့၊ မာတိကာကို လိုအပ်သလို အကဲဖြတ် ပြင်ဆင်ခွင့်ပြုရမယ်။

မာတိကာ ခေါင်းစဉ်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်ခြင်းထက် အခန်းတစ်ခန်းချင်းစီ (Chapter by Chapter) ရဲ့ အသေးစိတ် ရေးသားချက် (Drafts) ကို တင်ပြတဲ့အခါမှသာ၊ ထိုအခန်းရဲ့ ခေါင်းစဉ်ဟာ မိမိပြုစုနေတဲ့ ကျမ်းနဲ့ သင့်လျော်မှု ရှိ/မရှိကို ဆရာနဲ့တပည့် အပြန်အလှန် ဆွေးနွေးဆုံးဖြတ်သင့်တယ်။ ကျမ်းတစ်ခုလုံး အချောသတ်ပြီးတဲ့အခါမှသာ၊ မာတိကာ အချောသတ် ထွက်လာခြင်းဟာ၊ အမှန်တကယ် ယုတ္တိတန်သော ဖြစ်ရပ် မဟုတ်ပါလား?။

No comments:

Post a Comment

Note: Only a member of this blog may post a comment.