Sunday, September 13, 2026

အေအိုင်၊ သင်္ချာပညာ ပျက်စီးခြင်း၏အစလော?

သင်္ချာလောကရဲ့ 'ထောင်စုနှစ် ဆုကြေးပုစ္ဆာကြီး' (Millennium Prize Problems) ၇-ရပ် အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ထင်ရှားလှတဲ့နာဗီယာ-စတုတ် ညီမျှခြင်းများ (Navier-Stokes equations)’ နဲ့ သက်ဆိုင်တဲ့ အခြေအနေတစ်ခုအတွက်၊ ကွန်ပျူတာစွမ်းအင် အမေရိကန်ဒေါ်လာ ၁၅ သန်းဖိုးခန့် အသုံးပြုတွက်ချက်ပြီး အဖြေကို တွေ့ရှိပြီဖြစ်ကြောင်း OpenAI က ကြေညာခဲ့တယ်။ [[အဆိုပါ အဖြေကို ရဖို့ AI အေးဂျင့်ပေါင်း တစ်သောင်းခန့်ကို ၈၈ နာရီနီးပါးကြာ မောင်းနှင်ခဲ့ရတယ်လို့ ဆိုတယ်။]]

ဒီကြေညာချက်မှာ ချက်ချင်းဆိုသလိုပဲ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့တယ်။ နယူးယောက် တက္ကသိုလ်က သင်္ချာပညာရှင်တွေဖြစ်တဲ့ ‘ထရစ်စတန် ဘက်မတ်စတာ (Tristan Buckmaster)’ နဲ့လီဗန့် အယ်လ်ပိုဂီ (Levent Alpöge)’ တို့က၊ ၎င်းတို့အနေနဲ့ အဆိုပါ ပုစ္ဆာအတွက် အလားအလာကောင်းသော ဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခုကို တွေ့ရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ၎င်းတို့ရဲ့ သုတေသန တိုးတက်မှုကို သိရှိသွားသည်နဲ့ တစ်ပြိုင်နက်၊ အဆိုပါ တွေ့ရှိမှုအဖြေကို အပိုင်စီးဖို့ OpenAI က ခြေလှမ်းပြင်ခဲ့တာဖြစ်တယ်လို့၊ ‘ဘက်မတ်စတာ’ က လူသိရှင်ကြား စွပ်စွဲထားတယ်။


တစ်ချိန်တည်းမှာပဲ…

နည်းပညာကုမ္ပဏီတွေက ဒီလို တွေ့ရှိမှုတွေအတွက် အောင်ပွဲခံနေပေမဲ့၊ UCLA တက္ကသိုလ်က၊ ထင်ရှားကျော်ကြားတဲ့ သင်္ချာပညာရှင် ‘ထယ်ရင့်စ် တောင်း’ (Terence Tao) က, OpenAI နဲ့ ၎င်းတို့ရဲ့ ချဉ်းကပ်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ နည်းပညာကုမ္ပဏီတွေရဲ့ အလောတကြီးနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကြေညာချက်တွေဟာ "သင်္ချာပညာရှင်တွေရဲ့ စားပွဲပေါ်ကို အသားတုံးကြီးတွေ အစိမ်းလိုက် ပစ်တင်ပေးပြီး ထွက်သွားခြင်း" နဲ့ တူတယ်လို့  ‘တောင်း’ က ခိုင်းနှိုင်းခဲ့တယ်။

ဒါ့အပြင် သူက အဖြေရှာမရသေးသော ပုစ္ဆာတွေ (open problems) ကို အလိုအလျောက်စနစ်တွေနဲ့ ဖြေရှင်းနေခြင်းကို 'ရှေးဟောင်းသုတေသန တူးဖော်ရေးနေရာတစ်ခုကို စက်ယန္တရားကြီးများသုံး၍ တူးဆွနေခြင်း' နဲ့ ခိုင်းနှိုင်းထားတယ်။ ဒီလုပ်ရပ်ဟာ အနာဂတ် သုတေသီတွေကို လေ့ကျင့်သင်ကြားပေးရာမှာ သင်္ချာဆိုင်ရာ တွေ့ရှိမှုတွေရဲ့ ရေရှည်တန်ဖိုးကို ဖြစ်ပေါ်စေသော နောက်ခံအကြောင်းတရားများကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်တယ်။

 

ဂုဏ်သတင်းအတွက် အပြင်းအထန် ယှဉ်ပြိုင်နေကြတဲ့ ဒီလုပ်ရပ်ဟာ သိပ္ပံပညာရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ အခြေခံသီအိုရီများ တည်ဆောက်ခြင်း၊ မျိုးဆက်သစ်များကို သင်ကြားပေးခြင်းနဲ့ အဖြေတစ်ခုဟာ အဘယ်ကြောင့် မှန်ကန်နေရသည်ကို ရှင်းလင်းပြသခြင်း ဆိုတဲ့ လူသားသင်္ချာပညာရှင်တွေရဲ့ လုပ်ငန်းစဉ်တွေကို ကျော်လွန်ပစ်လိုက်ခြင်းပင်ဖြစ်တယ်လို့ သူက ထောက်ပြတယ်။

သင်္ချာပညာရပ်ရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက်၊ တချို့သော သင်္ချာပုစ္ဆာ အမျိုးအစားတွေကို အလိုအလျောက် ဖြေရှင်းပေးသော စနစ်များ (automated solvers) နဲ့ ဖြေရှင်းခွင့်မပြုဘဲ 'ကန့်သတ်နယ်မြေ' အဖြစ် သတ်မှတ်ဖို့ ပြတ်သားတဲ့ခြေလှမ်းတစ်ရပ်ကိုတောင်း’က အကြံပြုခဲ့တယ်။

သင်္ချာပညာဆိုတာ လူသားတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအပေါ်မှာ အခြေခံ တည်ဆောက်ထားခြင်းဖြစ်တဲ့အတွက်၊ လူသားတို့ရဲ့ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်စွမ်း (intuition) ကို လုံးဝ ဥပေက္ခာပြုလိုက်ခြင်းဟာ အခုမှစတင်လေ့လာမဲ့ သုတေသီတွေကို ဖယ်ကြဉ်ရာရောက်နိုင်တဲ့ အန္တရာယ်ရှိသလို၊ သင်္ချာပညာကို သင်ကြားပေးတဲ့ပုံစံနဲ့ မှန်ကန်ကြောင်း သက်သေပြတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။

သင်္ချာပညာရဲ့ အန္တိမတန်ဖိုးက၊ အဖြေထုတ်ပေးရုံ သက်သက်မဟုတ်ဘဲ ရှုပ်ထွေးခက်ခဲသော ပြဿနာများကို ဖြေရှင်းနိုင်ရန် စိတ်ကို လေ့ကျင့်ပေးခြင်းသာ ဖြစ်တယ်။ အဲ့ဒီလိုအခြေအနေမှာ AI လက်ထဲကို အလုံးစုံ ထိုးအပ်လိုက်ခြင်းဟာ၊  AI ကို ဖန်တီးပေးခဲ့တဲ့ ဒီပညာရပ်နယ်ပယ်ကိုပင် ပြန်လည် ညစ်ညမ်းသွားစေနိုင်တယ်။

သိပ္ပံပညာ ရေရှည်တည်တံ့စွာ တိုးတက်စေဖို့အတွက်၊ နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ ကိုယ်ကျိုးစီးပွားအတွက် အလျင်စလို လုပ်ဆောင်ခြင်းထက်၊ ပူးပေါင်းပါဝင်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကို ဦးစားပေး လုပ်ဆောင်ကြရမှာဖြစ်တယ်။

ဒီနေရာမှာ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ပြဿနာက၊ AI သည် ခက်ခဲသော ပုစ္ဆာများကို ဖြေရှင်းနိုင်စွမ်း ရှိ၊ မရှိ ဆိုသည့်အချက် မဟုတ်ဘူး။ တကယ်တော့  ၎င်း AI က၊ လူတွေထက်ကို ပိုပြီး ပြဿနာတွေကို ဖြေရှင်းလာနိုင်ပါတယ်။ ဒါပေမဲ့ အဓိက မေးခွန်းထုတ်ဖို့က၊ ၎င်းအဖြေများ ထုတ်ယူရာမှာ အသုံးပြုတဲ့၊အလျင်စလို လုပ်ဆောင်မှုနဲ့ လျှို့ဝှက်ထားမှု’ တို့က သင်္ချာပညာရပ်ရဲ့ ရာစုနှစ်ပေါင်းများစွာ အမှတ်လက္ခဏာဖြစ်ခဲ့တဲ့ 'ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ သင်ကြားပြသနိုင်ခြင်း' ဆိုတဲ့ လုပ်ငန်းစဉ်တွေကို တိတ်တဆိတ် တိုက်စား ဖျက်ဆီးပစ်နေသလား ဆိုတဲ့အချက်ပဲ ဖြစ်တယ်။

 

ရင်းမြစ် - Choi, W. (2026). Fields Medalist Warns AI's Math Rush Undermines Discipline's Process. The Chosun Daily. 

No comments:

Post a Comment

Note: Only a member of this blog may post a comment.