Monday, March 10, 2025

ဓမ္မအလင်းထဲက အနန္တသင်္ချာရောင်စဉ်

 

“ဓမ္မအလင်းထဲက အနန္တသင်္ချာရောင်စဉ်”

Infinity_JPEG.jpg

 

မိတ်ဆက်နိဒါန်း

ဂျာမန်သင်္ချာပညာရှင် ဟူဂိုဝိုင်းလ်[1] က “သင်္ချာဆိုတာ အနန္တ သိပ္ပံပညာ[2]” လို့ ဆိုပါတယ်။ သင်္ချာပညာရပ်မှာ သုံးစွဲတဲ့ အနန္တ[3] ဆိုတဲ့သဘောတရားဟာ ဂရိတွေးခေါ်ပညာရှင် ဇီနို[4] ထံကနေ ဆင်းသက်လာတဲ့ သင်္ချာအယူအဆတစ်ခုဖြစ်ပြီး၊ အဲ့ဒီ သဘောတရားကြောင့် သူ့ရဲ့ “မြားအရွေ့ ဝိရောဓိ”တို့လို၊ “အာခိလိ နဲ့ လိပ် အပြေးပြိုင်ခြင်းပြဿနာ” တို့လို ကျော်ကြားထင်ရှားလှတဲ့ “ဇီနို၏ အမှန်ယောင်များ[5]” ဆိုတဲ့ ပြဿနာတွေကို ဆင့်ပွားဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီ အနန္တ သဘောတရားကို နားလည်နိုင်ဖို့ သင်္ချာပညာရှင်တွေဟာ ရာစုနှစ်တွေနဲ့ချီပြီး၊ ပုံစံအမျိုးမျိုး ရှုထောင့်အထွေထွေကနေ  သီအိုရီအမျိုးမျိုး ယူဆချက်အဖုံဖုံ နဲ့ ချဉ်းကပ်ရှင်းပြခဲ့ကြပါတယ်။ အနန္တသဘောတရားဟာ ကဲကုလသင်္ချာပညာရပ်ရဲ့ “ကန့်သတ်ချက်၊ ဆင့်ပွားဆင်းသက်ခြင်း၊ သမူဟပြုခြင်း[6]” တို့နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်[7] တွေကို ဖော်ပြဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး၊ ဒီ အနန္တ သဘောတရားတွေကို နားလည်ဖို့ကိစ္စဟာ သင်္ချာနဲ့ သိပ္ပံနယ်ပယ်အသီးသီးမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ကဲကုလနဲ့ ကိန်းသီအိုရီမှသည် စကြာဝဠာဗေဒနဲ့ ကွမ်တမ်မက္ကင်းနစ်ဆီအထိ၊ မဖြစ်မနေသုံးစွဲရမဲ့ အသေးငယ်ဆုံးကိန်း[8]နဲ့ အကြီးမားဆုံးကိန်း[9] နှစ်ခုစလုံးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အရာဟာ “အနန္တ” ပါပဲ။ တကယ်တော့ ဒီဆောင်းပါးဟာ အနန္တနဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆကို၊ သင်္ချာနဲ့ သိပ္ပံရဲ့ ရှုထောင့်ကမဟုတ်ပဲ၊ မြတ်ဗုဒ္ဓရဲ့တရားသဘောအရ အနန္တရဲ့သဘောတရားကိုရှာဖွေရင်း ၎င်းနဲ့ဆိုင်တဲ့သင်္ချာပြဿနာတွေကို နားလည်နိုင်ဖို့ ကြိုးစားကြည့်တာဖြစ်ပါတယ်။ “တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက်၊ အမြင်နီးသော်လည်းခရီးဝေး”ပြီး ရှုပ်ထွေးနက်နဲလှတဲ့ အနန္တသဘောတရားတွေကို ကျွန်တော့အနေနဲ့ လက်လှမ်းမှီနိုင်တဲ့ အနည်းငယ်မျှသော သုတ္တာန်ဒေသနာတော်အချို့ကိုလေ့လာရင်း၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် နားလည်သဘောပေါက်မိတဲ့အကြောင်း ဝေမျှတင်ပြလိုရင်းပဲဖြစ်ပါတယ်။

 

ဓမ္မထဲက အနန္တ

တကယ်တော့ အနန္တကိန်းဆိုတာ ခိုင်မာတိကျတဲ့ ကိန်းတစ်ခုဆိုတာထက် ရေတွက်နိုင်စွမ်းမရှိခြင်း အဆုံးမဲ့ခြင်း နဲ့ ပတ်သက်တဲ့ အယူအဆတစ်ခု၊  စိတ်ကူးတစ်ခု၊ သဘောတရားတစ်ခုသာဖြစ်ပါတယ်။ အနန္တဟာ လက်တွေ့လောကမှာ အရာဝတ္ထုတွေကို အတိအကျ ရေတွက်ဖို့ ဒါမှမဟုတ် တိုင်းတာဖို့မဖြစ်နိုင်တဲ့အခါမှာ အသုံးပြုနိုင်တဲ့ ကိန်းဂဏန်းသင်္ကေတတစ်ခုဖြစ်ပြီး ၎င်းကို သဘာဝကိန်း[10] သို့မဟုတ် ကိန်းစစ်[11]လို့ မသတ်မှတ်ပါဘူး။ အနန္တထက်ကိန်းထက် ပိုကြီးတဲ့ကိန်း မရှိသလို အနန္တကိန်းဟာ စုံကိန်းလည်းမဟုတ် မ'ကိန်းလည်း မဟုတ်ပါဘူး။ အနန္တလို့ ဆိုရာမှာ ကိန်းအားလုံးထက်ပိုကြီးတဲ့ အပေါင်းအနန္တကိန်းဆိုတာရှိသလို၊ ကိန်းစစ်အားလုံးထက် ပိုမိုသေးငယ်တဲ့ ‘အနှုတ်အနန္တကိန်း[12]’ ဆိုတာလဲ ရှိပါတယ်။

ဒီလို ထူးဆန်းပြီး နားလည်ရခက်တဲ့ အဆုံးမဲ့အရေအတွက်ရှိသော အနန္တသဘောတရားကို၊ မြတ်ဗုဒ္ဓရဲ့တရားတော်တွေထဲမှာ တွေ့နိုင်ပါတယ် ။ ဗုဒ္ဓစာပေတွေမှာ ‘အနန္တလေးပါး[13]’ လို့ ရှိပါတယ်။ အဲ့တာတွေကတော့ အာကာသ အနန္တ၊ စက္ကဝါဠ အနန္တ၊ သတ္တဝါ အနန္တ နဲ့ ဘုရားရှင်ရဲ့ဉာဏ်တော် အနန္တ ဆိုပြီး ဖြစ်ပါတယ်။ ထိုအရာတွေကို ဤ၍ ဤမျှရှိပါသည်ဟု ဆို၍မရ၊ တိုင်း၍မရ ရေတွက်၍မရ ဂဏန်းချပြ၍မရ ပါဘူး။ အနန္တဟာ ဒီသဘောပါပဲ။ ဒါ့အပြင် အနန္တကို ဓမ္မနဲ့ယှဉ်ပြီး ဆက်လက်ဆင်ခြင်ကြည့်ကြပါစို့။ ကျွန်တော်တို့ဟာ “သံသရာတလျှောက် ချစ်သောသူတို့နှင့် လွဲခဲ့သောကြောင့်လည်းကောင်း မချစ်သောသူတို့နှင့် တွေ့ဆုံရသောကြောင့်လည်းကောင်း ကျခဲ့ရသော မျက်ရည်သည် သမုဒ္ဒရာရေထက်ပင် များလှသည်။[14]” ဆိုတဲ့အကြောင်း၊ “သံသရာတလျှောက် ကျခဲ့ရသောသွေးတို့သည် သမုဒ္ဒရာရေထက်ပင် များလှသည်။[15]” ဆိုတဲ့ အကြောင်း ဟောကြားတော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ဆင်ခြင်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ သွေးစက်အရေအတွက်ပေါင်း မျက်ရည်စက်အရေအတွက်ပေါင်း ဘယ်၍ ဘယ်မျှဟာ သမုဒ္ဒရာရေပမာဏလောက်ရှိပါတယ်လို့ ပြောနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ နောက်ဆုံး ပြောနိုင်စွမ်း ရှိစေဦးတော့ “သမုဒ္ဒရာရေထက်ပင် များလှသည်” လို့ မြတ်ဗုဒ္ဓက ဟောတော်မူတဲ့အတွက်၊ ဒါဟာ အနန္တကိန်းသဘောတရားဖြစ်တဲ့ ဘယ်ကိန်းက ဘယ်လောက်ပင်အကြီးဆုံးပါလို့ဆိုဆို သူ့ထဲကို နောက်ထပ် ‘တစ်’ ထပ်မံ ပေါင်းထည့်ပြီး၊ သူ့ထက်ကြီးသောကိန်းတစ်ခု ဖန်တီးကြေငြာနိုင်တဲ့၊ အဆုံးမဲ့အနန္တ သဘောတရားပင် မဟုတ်ပါလော။

            ထပ်မံ၍ ပွားများဆင်ခြင်ကြည့်ကြပါစို့။ မြတ်ဗုဒ္ဓက “ယောက်ျားသည် ဤဇမ္ဗူဒိပ်၌ မြက်၊ ထင်း၊ သစ်ခက် သစ်ရွက်ကို တစ်ပေါင်းတည်း စုစည်း၍ လက်လေးသစ်စီ လက်လေးသစ် စီဖြတ်၍ “ဤကား ငါ၏မိခင်၊ ဤကား ငါ့မိခင်၏မိခင်”ဟု သတ်မှတ်ပြီး ချထားရာ၏။ ထိုယောက်ျား၏ မိခင်၏ မိခင်ကား မကုန်ဆုံးနိုင်ရာ။ ဤဇမ္ဗူဒိပ်၌ မြက်၊ ထင်း၊ သစ်ခက် သစ်ရွက်သည်သာ ကုန်သွားရာ၏။[16]” လို့ ဟောကြားတော်မူတာကို နက်နဲစွာဆင်ခြင်မယ်ဆိုရင် သံသရာတစ်လျောက် ဘဝသစ် အဖန်ဖန်ဖြစ်ခဲ့ရတဲ့ အကြိမ်ပေါင်း “အနန္တ” ရဲ့ ရေတွက်နိုင်စွမ်းကင်းမဲ့ခြင်းသဘောတရားကို ရှင်းလင်းထင်ရှားစွာ မြင်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကို “သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် အမိ၊ အဖ၊ သား၊ သမီး၊ ညီ၊ အကို၊ နှမ၊ အမ မတော်စပ်ဖူးသူ တွေ့ရန် မလွယ်ကူပါ။[17]” ဆိုတဲ့ ဒေသနာတော်က ပိုမိုထင်ရှားစေပါတယ်။ အချိန်မျဉ်းကြောင်းပေါ်မှာ အတိတ် ပစ္စုပ္ပါန် အနာဂါတ်ကို နေရာချကြည့်တဲ့အခါ၊ “အစမရှိ ရှည်လွန်းသော” ဆိုတဲ့ သဘောတရားဟာ၊ တကယ်တော့ အတိတ်ကို ရည်ညွှန်းတဲ့ ‘အနုတ်အနန္တ’ သဘောတရားဖြစ်ကြောင်း အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။

Infinity_TimeLine.jpg

အနန္တအပေါင်းအနှုတ်

အနန္တဆိုတာ သဘာဝကိန်းလည်းမဟုတ် ကိန်းစစ်တစ်ခုလည်း မဟုတ်တဲ့အတွက် ပေါင်းခြင်း သို့မဟုတ် နုတ်ခြင်း တို့လို   “စံ'ဂဏန်းသင်္ချာလုပ်ဆောင်ချက်[18]” တွေမှာ အသုံးမပြုနိုင်ပါဘူး။ သင်္ချာပညာရပ်မှာ “ - ‘အနန္တ အနုတ် အနန္တ’” ဆိုတာဟာ “အဓိပ္ပါယ်သတ်မှတ်ထားခြင်းမရှိ[19]”တဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့အတွေးအခေါ်လွှမ်းမိုးတဲ့ အရှေ့တိုင်းဒဿနမှာ “ပုဏ္ဏဿ ပုဏ္ဏ မာဒါယ ပုဏ္ဏမေဝ အဝသိဿေ”။ “စကြဝဠာအာကာသ[20]မှ စကြဝဠာအာကာသကိုနုတ်ပယ်လိုက်လျှင်လည်း စကြဝဠာအာကာသသာလျှင် ကြွင်းကျန်ရမည်ဖြစ်သည်” ဆိုတဲ့ အတွေး အခေါ်[21] ရှိပါတယ်။

ဒါ့အပြင်၊ ဆုံးစမထင်တဲ့ သံသရာ တစ်လျှောက်မှာ ‘ဂင်္ဂါဝါလု သဲစုမကသော ဘုရားရှင်တွေ ပွင့်ပေါ်တော်မူခဲ့ကြတဲ့အတွက်၊ ထိုဘုရားရှင်တွေအပါအဝင် ထိုဘုရားရှင်တို့ရဲ့ လမ်းညွှန်သွန်သင်ချက်တို့ကြောင့် အနန္တအရေအတွက်မျှသော သတ္တဝါတို့သည်လည်း ကျွတ်တန်းဝင်ခဲ့ကြမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သံသရာမှာ ကျင်လည်နေကြကုန်သော သတ္တဝါအနန္တအရေအတွက်ထဲက၊ အနန္တအရေအတွက်ဟာ နိဗ္ဗါန်သို့ရောက်နှင့်ခဲ့ကြပြီးဖြစ်ပေမဲ့၊ ကြွင်းကျန်ရစ်သော ကျွန်ုပ်တို့အပါအဝင် အခြားသော အနန္တအရေအတွက်ရှိတဲ့ သတ္တဝါတွေဟာ သံသရာမှာ ဆက်လက်ကျင်လည်နေကြရဆဲဖြစ်တဲ့အတွက် “အနန္တမှ အနန္တပယ်နှုတ်သော်ငြား အနန္တသာ ကြွင်းကျန်ပေတကား”  လို့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ပွားများဆင်ခြင်ရင်း ကောက်ချက်ဆွဲယူနိုင်ပါတယ်။ ဒီယူဆချက်ကို သင်္ချာပညာရပ်ကလည်း ထောက်ခံတယ်လို့ဆိုချင်ပါတယ်။ အနန္တအချင်းချင်း ပေါင်းခြင်း နဲ့ နှုတ်ခြင်းကို အတွေးအခေါ်သင်္ချာပညာရပ်ရဲ့ ရှုထောင့်ကနေ အောက်ပါအတိုင်း ချဲ့ထွင်ဆင်ခြင်နိုင်ပါတယ်။

·         စုံကိန်းများအားလုံးပါဝင်သော အစု {၀, ၂, ၄, ၆, ၈, ...} သည် အနန္တအစု

·         မ'ကိန်းများအားလုံးပါဝင်သော အစု {၁, ၃, ၅, ၇, ...}သည် အနန္တအစု

·         သဘာဝကိန်းများအားလုံးပါဝင်သော အစု{၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉,...} သည် အနန္တအစု

·         ကိန်းစစ်များအားလုံးပါဝင်သောအစု {,,,,,,,,,..., -, -, ..., , /, ., √, π(၂၂/), e, ...} သည် အနန္တအစု

တို့ ဖြစ်ကြပြီး…

သဘာဝကိန်းများအားလုံးပါဝင်သောအစုဟာ "ရေတွက်နိုင်သောအနန္တ[22]” ဖြစ်ပြီး၊ ကိန်းစစ်များအားလုံးပါဝင်သောအစုကတော့ “မရေတွက်နိုင်သောအနန္တ[23]” ဖြစ်ပါတယ်။ မြင်သာတဲ့အချက်ကတော့ “သဘာဝကိန်းများအားလုံးပါဝင်သောအစု” ထဲကနေ    “စုံကိန်းများအားလုံးပါဝင်သော အစု” ကိုနှုတ်လိုက်ရင်   “မ'ကိန်းများအားလုံးပါဝင်သောအစု” ရမယ်လို့ ဆင်ခြင်နိုင်ပါတယ်။ ထို့အတူပဲ “ကိန်းစစ်များအားလုံးပါဝင်သောအစု” ထဲက “သဘာဝကိန်းများအားလုံးပါဝင်သောအစု” နှုတ်ပယ်လိုက်ရင်လည်း၊ အနန္တအရေအတွက်ရှိတဲ့ အစုဝင်တွေ ကျန်နေဦးမှာ ဖြစ်တယ်လို့ တွေးထင်ဆင်ခြင်ကြည့်နိုင်ပါတယ်။ ဒါကြောင့်လည်း သင်္ချာပညာရှင် ‘ဂျော့ကင်တာ[24]’ က ‘အစုသီအိုရီ’နဲ့ ‘တစ်-တစ် ဆက်သွယ်ချက်[25]’ ကိုအသုံးပြုပြီး ‘စုံကိန်းများအားလုံး၏ အရေအတွက်၊ သို့မဟုတ် မ’ကိန်းများအားလုံး၏ အရေအတွက်သည်၊ သဘာကိန်းများအားလုံး၏ အရေအတွက်နှင့် ညီသည်’ ဆိုတဲ့ နားလည်ဖို့ခက်ခဲတဲ့ အစုသင်္ချာသဘောတရားကို အဆိုပြုတင်ပြခဲ့တာပဲဖြစ်ပါတယ်။

 

 

အနန္တ ဖြစ်နိုင်ခြေ

၁၉၁၃ ခုနှစ်မှာ ပြင်သစ်သင်္ချာပညာရှင် အီမလီ ဘိုရဲလ်[26] ဟာ၊ "စာရင်းအင်းမက္ကင်းနစ်နှင့် နောက်ပြန်မဆုတ်နိုင်ခြင်း[27]" ဆိုတဲ့ ဆောင်းပါးနဲ့၊ ၁၉၁၄ ခုနှစ်ထုတ် "Le Hasard”(အခွင့်အလမ်း၊ ဖြစ်နိုင်ခြေ) ဆိုတဲ့စာအုပ်မှာ၊ ‘အတွေးစမ်းသပ်ချက်[28]’တစ်ခုကို မိတ်ဆက်ခဲ့ပြီး၊ ၎င်းကို "အနန္တမျောက်သီအိုရီ" သို့မဟုတ် အလားတူနာမည်မျိုးတွေနဲ့ ထင်ရှားစေခဲ့ပါတယ်။ "အနန္တမျောက်သီအိုရီ" က “မျောက်တစ်ကောင်ဟာ လက်နှိပ်စက်တစ်လုံးရဲ့ ခလုတ်တွေကို အကြိမ်ပေါင်း မရေမရေတွက်နိုင်အောင် (တစ်နည်း၊ အနန္တအကြိမ်အရေအတွက်) ကျပန်း ရိုက်မယ်ဆိုရင်၊ နောက်ဆုံးမှာ မျောက်ဟာ ရှိတ်စပီးယားရဲ့ လက်ရာတွေအားလုံးကို ရိုက်ထုတ်နိုင်လိမ့်မယ်" လို့ ဆိုပါတယ်။ ဒါဟာ အနန္တကိန်းပါဝင်နေတဲ့ ဖြစ်နိုင်ခြေကို စဉ်းစားတဲ့နယ်ပယ်မှာ အလွန်ထင်ရှားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီအဆိုအရဆိုရင် ခလုတ်ပေါင်း ၅၀ ပါတဲ့ လက်နှိပ်စက်တစ်လုံးမှာ “banana” ဆိုတဲ့ စာလုံးခြောက်လုံးပါ စကားလုံးတစ်လုံး ရိုက်ထုတ်နိုင်ဖို့ ဖြစ်နိုင်ခြေဟာ

(1/50) × (1/50) × (1/50) × (1/50) × (1/50) × (1/50) = (1/50)6 = 1/15,625,000,000

၁၅-ဘီလီယံပုံတစ်ပုံသာ ဖြစ်ပေမဲ့ သုညတော့ မဟုတ်ပါဘူး။ ဒါဟာ စာလုံးခြောက်လုံးပါ စကားလုံးတစ်လုံး ရိုက်ထုတ်နိုင်ဖို့အတွက်ပဲ ဖြစ်ပြီး၊ စာလုံးအရေအတွက်အစီအစဉ်ပေါင်း သိန်းနဲ့ချီပြီးပါဝင်တဲ့ ရှိတ်စပီးယားရဲ့ ဝတ္ထုတွေ ပေါ်ထွက်လာဖို့ ဆိုရင်၊ 1/50 အပေါ်ကထပ်ကိန်းဟာ သိန်းနဲ့ချီရှိနေမှာဖြစ်ပြီး၊ ဒီပမာဏဟာ ဘယ်လောက်ထိ များပြားမယ် သို့မဟုတ် နည်းပါးမယ်ဆိုတာ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ဥပမာပေးရရင် တကယ်တော့ ကျွန်တော်တို့ သိမြင်လေ့လာနိုင်တဲ့ စကြာဝဠာကြီးအတွင်းက စုစုပေါင်းပရိုတွန်အရေအတွက်ပင်လျှင် ခန့်မှန်းခြေအားဖြင့် 1080 ခန့်သာရှိနိုင်တယ်လို့ဆိုပါတယ်။ ဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေမှာ တွေ့ရတဲ့ “‘တစ် အသင်္ချေယျ’ ဟာ တစ်နောက်မှာ သုံးညအလုံးပေါင်း ၁၄၀ ရှိတယ်[29]” လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနန္တမျောက်သီအိုရီဟာ ပါဝင်နိုင်တဲ့ကိန်းဂဏန်းပမာဏဟာ ဘယ်လောက်ပင် ကြီးမားလွန်းနေပါစေ သင်္ချာနည်းအရ ခန့်မှန်းတွက်ချက်ကြည့်မယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။

 

Infinite_Monkey.jpg

 

သင်္ချာနည်းနဲ့လဲ ခန့်မှန်းတွက်ချက်လို့မရ၊ လူ့ အသိဉာဏ်နဲ့ စဉ်းစားဆင်ခြင်လို့ပင် မရနိုင်တဲ့ “အနန္တပါဝင်နေတဲ့ ဖြစ်နိုင်ခြေသဘောတရား” ကို “လူအဖြစ်ကို၊ စင်စစ်မလွဲ၊ ရမည်ခဲ” ဆိုတဲ့ လူ့ဘဝရဖို့ အလွန်ပင် ခက်ခဲလှကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော်တွေမှာ တွေ့နိုင်ပါတယ်။ လူ့ဘဝ လူအဖြစ်ကို ရနိုင်ဖို့ဆိုတာ၊ လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာပြည်ကကျလာတဲ့ အပ်တစ်စင်းတို့ အချင်းချင်းထိတိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ပိုမို ခက်ခဲတယ်လို့ အဆိုရှိပါတယ်။ ဒါ့အပြင် “မဟာသမုဒ္ဒရာ တစ်ဖက်စွန်းစီမှာ ရှိနေတဲ့၊ အပေါက်တစ်ခုတည်းသာပါတဲ့ တံပိုး နဲ့ အနှစ်တစ်ရာမှသာ တစ်ခါ ရေပေါ်သို့ တက်လာတဲ့ လိပ်ကန်း[30]” တို့ကို ပုံဆောင်ဥပမာပေး ဟောကြားတော်မူထားတဲ့ မြတ်ဗုဒ္ဓရဲ့ “ကာဏကစ္ဆပေါပမသုတ်” မှာ လူ့ဘဝရနိုင်ခြေနဲ့ပတ်သက်ပြီး တွေ့မြင်နာကြားနိုင်ပါတယ်။ ဒီဒေသနာတော်ကို ဆင်ခြင်ပြီး လူအဖြစ်ကို ရဖို့ဆိုတာ “ဖြစ်နိုင်ခြေ အပေါင်းအနန္တအပုံထဲက၊ အမှန်တစ်ကယ်ဖြစ်နိုင်ခြေ အနုတ်အနန္တ” လို့ပင် ဆိုချင်ပါတော့တယ်။ ဒါဟာ “အနန္တမျောက် သီအိုရီလာ” ဖြစ်နိုင်ခြေထက်ကို နည်းပါးမှာ ဧကန်စင်စစ်ပါ။ ဒီဘဝမှာ လူဖြစ်ခွင့်ရပေမဲ့ နောက်ဘဝမှာ လူ ဖြစ်မယ် မဖြစ်ဘူးဆိုတာလည်း မသေချာပါဘူး။ ဒီအကြောင်းကို ‘ဒဏ္ဍသုတ်’ မှာ “လေထဲသို့ပစ်လွှတ်လိုက်သော တုတ်တစ်ချောင်းသည် မြေဆီသို့ ကျချင်သလို ပြန်ကျသကဲ့သို့ သတ္တဝါတို့သည်လည်း ဘဝတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲ ဖြစ်နေကြသည်။[31]” လို့ မြတ်ဘုရားက ဟောတော်မူပါတယ်။

ဒါကြောင့် ကောက်ချက်ဆွဲရရင်၊ မြတ်ဗုဒ္ဓရဲ့ သဂါထာဝဂ္ဂသံယုတ်လာ၊ ရနိုင်ခဲသော ဒုလ္လဘတရား ၅-ပါး ထဲက၊ ‘မနုဿတ္တဘာဝ ဒုလ္လဘ - လူ့ဘဝ လူ့အဖြစ်ကို ရခဲခြင်း’ ကို ဟောတော်မူတဲ့၊ ကာဏကစ္ဆပေါပမသုတ်လာ “တံပိုးနဲ့လိပ်ကန်း” ဥပမာနဲ့၊ ဒဏ္ဍသုတ်လာ တရားတော်တွေကို လေးလေးနက်နက် ဆင့်ပွားစဉ်းစား ဆင်ခြင်ခြင်းဖြင့်၊ ကျပန်းဖြစ်စဉ်တွေ အနန္တအခြေအနေတွေပါဝင်တဲ့ သင်္ချာပညာရပ်ဆိုင်ရာ ဖြစ်နိုင်ခြေသဘောတရားကို၊ အလွယ်တကူ နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။

 

အနန္တအချိုး

            သင်္ချာပညာရပ်မှာ အနန္တကို အနန္တနဲ့ စားတဲ့ကိစ္စ၊ အနန္တကိန်းချင်းအချိုးချတဲ့ ကိစ္စ ဟာလည်း အဓိပ္ပါယ်သတ်မှတ်ထားခြင်းမရှိတဲ့၊ ပညာရှင်တွေကြားမှာ အမျိုးမျိုး ဝိဝါဒကွဲနေကြဆဲဖြစ်တဲ့ သဘောတရားဖြစ်ပါတယ်။ ဘယ်လိုပင် ကွဲပြားနေပါစေ၊ ဒီ သဘောတရားကို မြတ်ဗုဒ္ဓ ရဲ့ဒေသနာတော်တွေအရ စဉ်းစားရင် နားလည်မြင်ယောင်နိုင်စွမ်းရှိမယ်လို့ ဆိုခြင်ပါတယ်။ အင်္ဂုတ္တရနိကာယ်၊ ဧကဓမ္မပါဠိတော်မှာ ဘုရားရှင်က “ကုန်း၌ဖြစ်သောသတ္တဝါသည် နည်း၏။ ရေ၌ ဖြစ်သောသတ္တဝါသည်သာ များ၏။ လူ့ပြည်၌ဖြစ်သောသတ္တဝါသည် နည်း၏။ လူ့ပြည်မှတစ်ပါးသော အပါယ်ဘုံ၌ဖြစ်သောသတ္တဝါတို့သည်သာ များ၏။[32]” လို့ ဟောတော်မူပါတယ်။

            တစ်ဖန် လူ့ဘဝ ရခဲလှပုံကို ဥပမာပြု ဟောတော်မူခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ “နခသိခသုတ်” ကို ဆင်ခြင်ကြည့်ကြပါစို့။ “အခါတစ်ပါးသော် မြတ်ဗုဒ္ဓက လက်သည်းပေါ်မှာ မြေမှုန်လေးများတင်ပြီး ရဟန်းတော်များကို မေးတော်မူခဲ့ဖူးသည်။" ချစ်သားရဟန်းတို့၊ ဟောဒီ ငါ့ဘုရား လက်ပေါ်မှာ ရှိတဲ့ မြေမှုန်လေးနဲ့ ဒီမဟာပထဝီ မြေကြီးမှ မြေမှုန်တို့ ဘယ်အရာက များပါသလဲ"ဟု မေးတော်မူသောအခါ…"ရှင်တော်ဘုရားလက်တော်မှ မြေမှုန်ကလေးက မပြောပလောက်ဖွယ် အနည်းငယ်မျှသာ၊ မဟာပထဝီ မြေကြီးကသာ အဆ ရာထောင်မက သာလွန်များလှပါတယ်" ဟု ရဟန်းတော်များက ပြန်လည်လျှောက်ထားသောအခါ "ချစ်သားတို့၊ အဲဒီလိုပဲ အပါယ်လေးဘုံ ရောက်ကြတဲ့ သတ္တဝါတွေက မဟာပထဝီ မြေကြီးလောက် များတယ်။ တစ်ချို့တစ်လေ လူ့ပြည်ရောက်တဲ့သူတွေဟာ ဟောဒီ ငါဘုရားလက်သည်းခွန်ပေါ်မှာ ရှိတဲ့ မြေမှုန်လေးလောက် အင်မတန် နည်းပါတယ်[33]"ဟု ဟောတော်မူပါတယ်။

ဒီ “နခသိခသုတ်”(မြေမှုန်ဥပမာ)ကို၊ အဿုသုတ် (မျက်ရည်သမုဒ္ဒရာ)၊ တိံသမတ္တသုတ် (သွေးစက်သမုဒ္ဒရာ)၊ တိဏကဋ္ဌသုတ်(မိခင်၏ မိခင်အားရေတွက်ခြင်း) စတဲ့ ဒေသနာတော်တို့နဲ့ ဆက်စပ်ဆင်ခြင်စဉ်းစားကြည့်တဲ့အခါ၊ “ထိုအနည်းငယ်မျှသော လူဖြစ်လာသူ အရေအတွက်သည်ပင်လျှင် သံသရာတစ်လျောက်ပေါင်းလိုက်မယ်ဆိုရင် အနန္တအရေအတွက် ရှိပေလိမ့်မည်” ဟု ကောက်ယူမိပါတယ်။ အလွန်များပြားလွန်းလှသောပမာဏဖြစ်တဲ့ ရေ၌ဖြစ်သောသတ္တဝါအရေအတွက်၊ အပါယ်ဘုံ၌ဖြစ်သောသတ္တဝါအရေအတွက်၊ မဟာပထဝီမြေထုရှိ မြေမှုန်အရေအတွက် စတာတွေနဲ့ နှိုင်းယှဉ်ရင် အလွန့်အလွန် နည်းပါးပါတယ်ဆိုတဲ့အရေအတွက်ကလည်း၊ အနန္တရှိနိုင်ကြောင်း၊ ဒါဟာ အနန္တအပုံထဲ အနန္တအပုံ၊ အနန္တအပိုင်း ထဲက အနန္တအပိုင်း၊ ပိုင်းခြေအနန္တ ပိုင်းဝေအနန္တ သဘောတရားတွေဖြစ်တယ်လို့ လေးနက်စွာ ဖြန့်ထွက် ဆင်ခြင်မိပါတယ်။

 

အနန္တထဲက အနန္တများ

ဗုဒ္ဓဘာသာဝင်တို့ “အရပ် ၁၀ မျက်နှာ မေတ္တာပွားနည်း[34]” နဲ့ မေတ္တာပို့ကြရာမှာ

·                     အရပ်ရှစ်မျက်နှာမှာရှိကြတဲ့ အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့ ကိုလည်းကောင်း၊

·                     အောက်အရပ်၌ရှိသော အပါယ်ဘုံသား အနန္တသတ္တဝါတို့ ကိုလည်းကောင်း၊

·                     အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြာဝဠာ အနန္တနတ်ဗြဟ္မာတို့ ကိုလည်းကောင်း 

ရည်စူးပြီးပို့ကြပါတယ်။ ဒီမေတ္တာပို့ကို လေးနက်စွာဆင်ခြင်တဲ့အခါ၊ “လူအပါအဝင် သက်ရှိသတ္တဝါတို့သည် အနန္တအရေအတွက်ရှိကြပေလိမ့်မည်၊ အပါယ်ဘုံသားတို့သည်လည်း အနန္တအရေအတွက်ရှိကြပေလိမ့်မည်၊ ထို့အတူ နတ်ဗြဟ္မာတို့သည်လည်း အနန္တအရေအတွက်ရှိကြပေလိမ့်မည်” လို့ ကောက်ယူနိုင်ပါတယ်။ ဒီအနန္တအရေအတွက် အသီးသီးရှိကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါ တို့သည် ၃၁-ဘုံမှာ ကျင်လည်ကြပါတယ်။ ဒီလို အနန္တအရေအတွက် အသီးသီးရှိကြပြီး ‘ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ဘုံ ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ[35]’ မှာရှိကြတဲ့၊ ၃၁-ဘုံသားတွေဟာ ဘုံအမျိုးမျိုး ဘဝအထွေထွေ ပြောင်းလဲကျင်လည်ကြတဲ့အခါ၊ ဘယ်ဘုံမှာမှ ‘ပြည့်လျှံသွားတယ်’ ဆိုတာမျိုးမရှိသလို ‘ကုန်ခမ်းသွားတယ်’လို့လည်းမရှိပါဘူး။ ဒါဟာ အနန္တထဲကို နောက်ထပ် အနန္တပေါင်းများစွာ၊ အကြိမ်ပေါင်းအနန္တ ထပ်မံ ပေါင်းထဲ့နိုင်ခြင်း၊ နှုတ်ပယ်နိုင်ခြင်းဆိုတဲ့ သဘောပင်မဟုတ်ပါလော။ ဒီသဘောကို သင်္ချာပညာရပ်မှာလည်း အထင်အရှားတွေ့နိုင်ပါတယ်။

အနန္တတွေထဲမှာအကြီးဆုံးဖြစ်တဲ့ “အကြွင်းမဲ့အနန္တ[36]”ဆိုတဲ့ သဘောတရားဟာ၊ ခေတ်သစ်သင်္ချာပညာရပ်ရဲ့ မရှိမဖြစ် အစုသီအိုရီ နဲ့ အနန္တကိန်း ရဲ့ ပဲ့ကိုင်ဖခင်ကြီး ‘ဂျော့ကင်တာ’ အဆိုပြုထားတဲ့၊ အနန္တအယူအဆအပေါ်မှာ ထပ်မံတိုးတက်ချဲ့ထွင်ထားမှုတစ်ခုဖြစ်ပါတယ်။ ဒီ အကြွင်းမဲ့အနန္တကို “အကန့်အသတ်ရှိသော သို့မဟုတ် အကန့်အသတ်ကိုအပြောင်းအလဲပြုနိုင်သော၊  စိတ်ကူးကြံစည်၍ရနိုင်သော သို့မဟုတ် စိတ်ကူးကြံစည်၍မရနိုင်သော၊ မည်သည့်ကိန်းဂဏန်း ပမာဏထက်မဆို ပိုကြီးသော ဂဏန်း” အဖြစ် ယူဆနိုင်ပါတယ်။ တကယ်တော့ အခုလို အနန္တအရွယ်အစားအမျိုးမျိုး ဆိုတဲ့ အယူအဆဟာ  သဘောတရားရေးရာအလွန်ဆန်ပြီး၊ နဂိုကတည်းက နားလည်ရခက်နေတဲ့ အနန္တသဘောတရားအပေါ်မှာ “ဗူးလေးရာ ဖရုံဆင့်” သလိုပါပဲ။ ဒါပေမဲ့လဲ  ဒါဟာ အဆင့်မြင့်သင်္ချာပညာရပ်တွေဖြစ်တဲ့ အစုသီအိုရီနဲ့ သင်္ချာယုတ္တိဗေဒ ဘာသာရပ်တွေမှာ အဓိကလေ့လာတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။ ဒီသဘောတရားတွေဟာ သင်္ချာပညာရှင်တွေသုံးစွဲလေ့ရှိတဲ့ "ကန့်သတ်မဲ့အစု[37]" တွေရဲ့ အနက်ကြွယ်ဝမှုနဲ့ အဓိပ္ပါယ်ရှုပ်ထွေးမှု၊ သဘောတရားနဲ့ လက်တွေ့ ဆက်နွယ်မှုတွေကို နားလည်ဖို့ ကူညီပေးပါတယ်။

အခုတဖန် ဆက်ပြီး ဂျာမန်သင်္ချာပညာရှင် ‘ဒေးဗစ် ဟိလ်ဘတ်’[38] ရဲ့ အနန္တနဲ့ပတ်သက်တဲ့ ‘အတွေးစိတ်ကူးစမ်းသပ်ချက်[39]’တစ်ခုဖြစ်တဲ့ “ဟိလ်ဘတ် ဟိုတယ်[40]” ဆိုတာကို လေ့လာကြည့်ပါစို့။ “ရေတွက်ရအနန္တတည်းခိုသူတွေကို လက်ခံနိုင်တဲ့ ဟိုတယ်တစ်ခုဟာ၊ သူ့ရဲ့ ဟိုတယ်အခန်းတွေပြည့်နေသည့်တိုင်၊ နောက်ထပ် ရောက်လာတဲ့ ရေတွက်ရအနန္တ အရေအတွက်ရှိတဲ့ ဧည့်သည်တွေကိုလဲ ထပ်မံလက်ခံနိုင်တယ်။” ဆိုတဲ့ အဆိုပဲဖြစ်ပါတယ်။

ထပ်မံချဲ့ထွင်ထားတဲ့အဆိုအရ “လူပေါင်းအနန္တကို တင်ဆောင်နိုင်တဲ့ ဘတ်စ်ကားအရေအတွက်အနန္တနဲ့ ရောက်လာတဲ့ ဧည့်သည်မှန်သမျှကို၊ လူပြည့်နေတဲ့ ဟိလ်ဘတ် ဟိုတယ် က ထပ်မံလက်ခံနိုင်တယ်” လို့ဆိုပါတယ်။ ဒီ စိတ်ကူးကွန့်မြူးချက်အတွက် ပုံစံတကျသက်သေပြတာမျိုးမဟုတ်ပေမဲ့လည်း အထက်မှာဆွေးနွေးခဲ့တဲ့ စုံကိန်း, မကိန်း, သဘာဝကိန်းတွေကို အသုံးပြုပြီး အတွေးပွားဆင်ခြင်နိုင်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ဧည့်သည်အသစ်တစ်ယောက်အတွက်၊ ရှိနှင့်ပြီးသားဧည့်သည်တွေကို နောက်တစ်ခန်းဆီကို အသီးသီး ရွှေ့စေတဲ့နည်းဖြစ်ပါတယ်။

 

Hilbert Hotel.jpg

 

 

ဒီ “ဟိလ်ဘတ် ဟိုတယ်” ကို မြတ်ဗုဒ္ဓရဲ့ဓမ္မအလင်းရောင်အောက်မှာ ‘ဘုံ’တစ်ခုအဖြစ် ယူဆဆင်ခြင်ကြည့်ရင်၊ အထက်မှာတင်ပြခဲ့သလို ၃၁-ဘုံထဲက ဘယ်ဘုံမှာမှ ‘ပြည့်လျှံသွားခြင်းမရှိ’တဲ့ ဒီအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်နိုင်ပါတယ်။ ဒါကြောင့် သင်္ချာနည်းနဲ့ သက်သေမပြနိုင်သော်ငြား၊ “အနန္တထဲကို နောက်ထပ်အနန္တကိန်း အနန္တအကြိမ် ထပ်မံပေါင်းထည့်နိုင်တယ်၊ ဒါကြောင့် အနန္တကို  အနန္တအကြိမ်အရေအတွက် ခွဲစိပ်ပိုင်းဖြတ်နိုင်တယ်၊ ဒါကြောင့် ‘အနန္တကို အနန္တနဲ့စားရင် အနန္တရမယ်’” လို့တောင် အတွေးစိတ်ကူး ကွန့်မြူးမိပါတယ်။  ဒါဟာ “စကြာဝဠာအနန္တ ထဲက သတ္တဝါအနန္တ” သဘောပင် မဟုတ်ပါလော။

ဒါ့အပြင် ‘သတ္တဝါအနန္တ’ နဲ့ပတ်သက်လို့ ဆက်စပ်ဆင်ခြင်သင့်တဲ့အချက်ကတော့ "အလုံးစုံသော ဩကာသလောက, သတ္တလောက ဟူသမျှသည် သင်္ခါရလောက၌ အကျုံးဝင်၏။[41]" လို့ ဒေသနာတော်တွေက ဆိုတဲ့အချက်ဖြစ်ပါတယ်။ သင်္ချာစကားနဲ့ ဆိုရရင် အနန္တဖြစ်သော သတ္တလောကသည်ပင်လျှင် သင်္ခါရလောက၏ အစုဝင်ဖြစ်နေသည်မဟုတ်ပါလော။ ဒါကြောင့် အနှစ်ချုပ်ဆက်စပ်ကြည့်တဲ့အခါ “အနန္တစကြာဝဠာထဲက အနန္တသတ္တဝါတွေ” ဟာ တကယ်တော့ “အနန္တကြီးထဲက အနန္တငယ်တွေ” ဖြစ်မယ်ဆိုတဲ့ သဘောတရားတစ်ခု ထင်ရှားခိုင်မာစွာ ပေါ်ပေါက်လာပါတော့တယ်။ အနှစ်ချုပ်ရရင် မြတ်ဗုဒ္ဓရဲ့ ဓမ္မသဘောတွေကိုဆင်ခြင်ခြင်းအားဖြင့်၊ ရှုပ်ထွေးနက်နဲတဲ့ ‘အနန္တ ဒီဂရီအဆင့်ဆင့် အနန္တအရွယ်အစားအမျိုးမျိုး ပါနေဝင်သော အစုသင်္ချာသဘောတရား’ ကို အလွယ်တကူ ချဉ်းကပ်နိုင်မယ်လို့ ဆိုချင်ပါတယ်။

နိဂုံးအမှာ

တကယ်တော့ သာမန်လူတွေရဲ့ နေ့စဉ်ဘဝမှာ အနန္တကိန်းတွေကို လက်တွေ့အသုံးချမှု အလွန်ပဲနည်းပါးလှပေမဲ့၊ ကျွန်တော်တို့လို သင်္ချာပညာရပ်မှာပျော်မွေ့သူတွေအနေနဲ့ကတော့ “အနန္တ” ဟာ အမြဲတစေ “ထိတွေ့ရင်းနှီး၊ ပွန်းတီးကျွမ်းဝင်” စွာ အသုံးပြုနေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင်္ချာပညာရပ်မှာပျော်မွေ့သူတွေဟာ၊ သင်္ချာသမားဖြစ်ခြင်းဆိုတဲ့အချက်ကို အကျိုးရှိစွာအသုံးချတဲ့အနေနဲ့၊ အနန္တကိန်းသင်္ကေတ တစ်ခုကို တွေ့တိုင်းတွေ့တိုင်း၊ “သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် ဆင်းရဲဒုက္ခရောက်နေသူကို မြင်တိုင်း မိမိကိုယ်တိုင်လည်းထိုသို့ ဆင်းရဲခဲ့ဖူးသည်ဟုသိ၍ သင်္ခါရတရားတို့ကို ငြီးငွေ့သင့်ကြောင်း[42]” နဲ့ “သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် ချမ်းသာသောသူကို မြင်တိုင်း မိမိကိုယ်တိုင်လည်းထိုသို့ ချမ်းသာခဲ့ဖူးသည်ဟု သိ၍ ထိုသံသရာမှ လွတ်မြောက်အောင် အားထုတ်သင့်ကြောင်း[43]” ဟောကြားတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို မမေ့မလျော့ မပေါ့မဆ နှလုံးသွင်းဆင်ခြင်ခြင်းဖြင့်၊ ကျွန်ုပ်တို့သင်္ချာမြတ်နိုးသူများသည် “ဓမ္မအလင်းထဲက အနန္တသင်္ချာရောင်စဉ်” တို့အား ခွဲခြမ်းစိတ်ဖြာရင်း၊ သံသရာမှလွတ်မြောက်ကြောင်းကိစ္စတို့အပေါ်၌ ဆတက်တံပိုး ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်း လေးနက်တည်ကြည်စွာ ဆန္ဒပြုလိုက်ပါတယ်။

                                                                                   

ကျော်ခိုင်စိုး(၂၀၂၃၊ အောက်တိုဘာ)



[1] Hermann Klaus Hugo Weyl (9 November 1885 – 8 December 1955)

[2] Mathematics is the science of the infinite.

[3] Infinity, သင်္ကေတ - ∞

[4] Zeno of Elea (born c. 495 BCE — died c. 430 BCE)

[5] Zeno’s  paradoxes

[6] limits, derivatives, and integrals

[7] function

[8] infinitesimal

[9] infinity

[10] Natural number (1, 2, 3, 4, 5, 6, 7, 8, 9, ..., etc)

[11] Real number (-2, 0, 1, 1/2, 2.5, √3, π(22/7), e, ..., etc)

[12] Minus infinity

[13] အာကာသစက္ကဝါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။ အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ ဝိဇ္ဇတိ။

[14] ၁၅. အနမတဂ္ဂသံယုတ်၊ သန ၁၅.: အဿုသုတ်

[15] သန ၁၅.၁၃: တိံသမတ္တသုတ်

[16] . အနမတကဂ္ဂသံယုတ်၊ တိဏကဋ္ဌသုတ်

[17] သန ၁၅.၁၄-၁၉: မာတုသုတ်

[18] Standard mathematical operation

[19] undefined

[20] space

[21] ဝလုံး-နှင့်-သုည။ မောင်အံ့ (မဟာဝိဇ္ဖာ၊ ဘုံဘေ) (မြန်မာသံတော်ဆင့်၊ ဖေဖဝါရီ ၂၀ ၂၀၁၆, ဧပြီ ၂၀၁၆)

[22] countably infinite

[23] uncountably infinite

[24] Georg Ferdinand Ludwig Philipp Cantor (3 March [O.S. 19 February] 1845 – 6 January 1918)

[25] One-to-one function/one-to-one relation/ one-to-one correspondence

[26] Félix Édouard Justin Émile Borel (7 January 1871 – 3 February 1956)

[27] Mécanique Statistique et Irréversibilité

[28] Thought experiment

[29] ဝလုံး-နှင့်-သုည။ မောင်အံ့ (မဟာဝိဇ္ဖာ၊ ဘုံဘေ) (မြန်မာသံတော်ဆင့်၊ ဖေဖဝါရီ ၂၀ ၂၀၁၆, ဧပြီ ၂၀၁၆)

[30] သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ ဆဌသုတ်၊ -ပထမ ဆိဂ္ဂဠယုဂသုတ်။ ၁၁၁၇ လိပ်ကန်းနဲ့ တံပိုး ဥပမာ။ ကာဏကစ္ဆပေါပမသုတ်။

[31] သန ၁၅.: ဒဏ္ဍသုတ်                                 

[32] အင်္ဂုတ္တရနိကာယ်၊ ဧကဓမ္မပါဠိ (စတုတ္ထဝဂ်) ပထမ သုတ္ထာဒိ၊ ၃၂၂-၃၃၅ ပထမသုတ်မှ စုဒ္ဒသမသုတ်အထိ

[33] သံယုတ္တနိကာယ်၂ဝ၊ နခသိခသုတ်၊ မြေမှုန်ဥပမာ

[34] ညောင်ကန်အေးဆရာတော်၊ မေတ္တာပွားပုံ နည်းမျိုးစုံ၊ ဧပြီ-၁၉၈၅။ (ပဋိသမ္ဘိဒါမဂ် ပါဋ္ဌိတော်လာ ဒိသာဖရဏ မေတ္တာပွားနည်း)

[35] ပညာအလင်းပြစာတည်းအဖွဲ့၊ ၃၁-ဘုံအကြောင်းသိကောင်းစရာ၊ ၂၀၁၃

[36] Absolute Infinite, သင်္ကေတ- Ω

[37] Infinite set

[38] David Hilbert (23 January 1862 – 14 February 1943)

[39] Thought experiment

[40]Hilbert's paradox of the Grand Hotel (Infinite Hotel Paradox or  Hilbert's Hotel)

[41] လယ်တီပဏ္ဍိတဦးမောင်ကြီး (ဘာသာပြန်) ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာ အလင်းပြကျမ်း (၂၀၀၁, တတိယအကြိမ်) မုံရွေးစာအုပ်တိုက်။ စာ-၁၁၉

[42] သန ၁၅.၁၁: ဒုဂ္ဂတသုတ်

[43] သန ၁၅.၁၂: သုခိတသုတ်


Note:    ၂၀၂၃ "ဆွေခိုင်ဆု" သင်္ချာစာပေပြိုင်ပွဲ ဂုဏ်ပြုဆုရဆောင်းပါး

copyright©ဆွေခိုင်ဆု

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.