Friday, December 25, 2020

Nottebohm Case (1955 ICJ)

 Nottebohm Case (1955 ICJ) (Liechtenstein v Guatemala)

=============
မစ္စတာ ဖရက်ဒရစ် နော့တီဘုမ်း (Mr. Friedrich Nottebohm) ဟာ ၁၈၈၁ ခု September 16 ရက်မှာ ဂျာမဏီ (Germany) နိုင်ငံ ဟမ်းဘဂ် (Hamburg) မြို့မှာ မွေးဖွားခဲ့တဲ့ ဂျာမဏီနိုင်ငံသား တစ်ဉီးဖြစ်ပါတယ်။ သူ ဟာ ၁၉၀၅ ခုနှစ်ကစပြီး ဂွါတီမာလာ (Guatemala)နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ဂွါတီမာလာနိုင်ငံမှာပဲ အခြေချနေထိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားပြီးစအချိန် ၁၉၃၉ ခုနှစ်အောက်တိုဘာ သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်းမှာ သူဟာ လက်ချင်စတိုင်း (Liechtenstein) နိုင်ငံရဲ့ ပြုနိုင်ငံသား(Naturalize Citizen) အဖြစ် ရယူခဲ့တယ်။ ၁၉၄၀ မှာ ဂွါတီမာလာနိုင်ငံကို ပြန်သွားပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ အစပိုင်းမှာ ကြားနေခဲ့တဲ့ ဂွါတီမာလာနိုင်ငံက December 11, 1941 မှာ မဟာမိတ်တပ်ဖွဲ့တွေထဲကို ပူးပေါင်းပါဝင်ခဲ့ပြီး ဂျာမဏီကို စစ်ကြေငြာခဲ့တယ်။ အဲ့ဒီ ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးဆက်အနေနဲ့၊ ၁၉၄၃ မှာ ဂွါတီမာလာ က၊ Nottebohm ကို ရန်သူနိုင်ငံခြားသား အဖြစ်သတ်မှတ်ပြီး (သူဟာ ဂျာမဏီနိုင်ငံသားဖြစ်လို့) သူ့ကိုဖမ်းဆီးပြီး အမေရိကန်စစ်စခန်းကို လွှဲပြောင်းပေးခဲ့တယ်။ Mr. Nottebohm ဟာ အဲ့ဒီကနေ အမေရိကန်နိုင်ငံကို ပို့ဆောင်ခြင်းခံရပြီး ၁၉၄၆ အထိ အမေရိကန်မှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်။
ဂွါတီမာလာအစိုးရက ဂွါတီမာလာမှာရှိတဲ့ သူပိုင်ဆိုင်တဲ့ အရာတွေအားလုံး (all moveable & immoveable properties) ကို သိမ်းယူခဲ့တယ်။ အမေရိကန်အစိုးရကလည်း အမေရိကန်မှာရှိတဲ့ Nottebohm ပိုင် ကုမဏီကို သိမ်းယူခဲ့တယ်။
Mr. Nottebohm အထိမ်းသိမ်းခံရာက သူ လွတ်မြောက်တဲ့အချိန် ၁၉၄၆ မှာ သူ ဟာ ဂွါတီမာလာနိုင်ငံကိုပြန်သွားခဲ့ပေမဲ့ ဂွါတီမာလာနိုင်ငံက သူ့ကို ပြည်ဝင်ခွင့် မပေးခဲ့ဘူး။ အဲ့ဒါကြောင့် သူဟာ Liechtenstein နိုင်ငံကို သွားခဲ့ရတယ်။ အဲ့ဒီမှာပဲ Mr. Nottebohm ဟာ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့တယ်။
• 1950 မှာ အမေရိကန်အစိုးရက၊ အမေရိကန်မှာသိမ်းယူထားတဲ့ သူ့ကုမဏီရဲ့ တန်ဘိုးတဝက်ကို Nottebohm မိသားစုထံကို ပြန်ပြီးပေးခဲ့တယ်။
၁၉၅၁ ဒီဇင်ဘာ ၁၇ ရက် မှာ Liechtenstein အစိုးရက သူ့ရဲ့နိုင်ငံသားတစ်ဦးဖြစ်တဲ့ Mr. Nottebohm ရဲ့ကိုယ်စား၊ ဂွါတီမာလာအစိုးရကို
"Mr. Nottebohm ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့မညီပဲ မတရားသိမ်းဆည်းခဲ့တာတွေကို ပြန်ပေးဖို့၊ မတရားသိမ်းဆည်းခဲ့တာတွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့၊ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့မှု နဲ့ မတရား ပြည်နှင်ဒဏ်ပေးခဲ့မှု တွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့"
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆို လျော်ကြေးတောင်းခံခဲ့တယ်။
ဒီ Nottembohm Case အတွက် ICJ ဟာ စီရင်ချက် ဆုံးဖြတ်ချက် နှစ်ကြိမ်ချမှတ်ခဲ့ပါတယ်။
1953 NOVEMBER 18th မှာ ချမှတ်တဲ့ ICJ ရဲ့ ပထမ စီရင်ချက်ကတော့ ဂွါတီမာလာနိုင်ငံကတင်သွင်းတဲ့ ICJ ရဲ့ စီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ ကန့်ကွက်လွှာကို ကြားနာဆုံးဖြတ်တာဖြစ်ပြီး "ICJ မှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းနဲ့ ၊ သက်ဆိုင်ရာ နှစ်နိုင်ငံကို လိုအပ်တဲ့ အထောက်အထား (ဆိုလွှာ/ ခြေလွှာ) တွေ တင်သွင်းရမဲ့ နေ့ရက်နဲ့ ပတ်သက်တဲ့ အမိန့်" ကို ချမှတ်တာဖြစ်တယ်။
၁၉၅၅ ဧပြီ ၆ ရက်မှာ ချမှတ်တဲ့ ICJ ရဲ့ ဒုတိယစီရင်ချက်ကတော့ Mr. Nottembohm နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အတိုချုပ်ရရင်တော့၊ အဲ့ဒီအမှုမှာ ICJ ဆုံးဖြတ်ခဲ့တာက
• အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဟာ၊ သူ့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး၊ လိုအပ်ချက်တွေကို ပြည်တွင်းဥပဒေအဖြစ် (လွတ်လပ်စွာ)ပြဌာန်းခွင့်ရှိတယ်။
• Liechtenstein နိုင်ငံက Mr. Nottebohm ကို ပြုနိုင်ငံသား (naturalize citizen) ပေးလိုက်ခြင်းဟာ၊ စစ်ပွဲကာလအတွင်းမှာ စစ်ဖြစ်နေတဲ့ ရန်ဖက်နိုင်ငံ(ဂျာမဏီ)သား အဖြစ်ကရှောင်လွှဲဖို့၊ ကြားနေနိုင်ငံသား ဖြစ်အောင် လုပ်ပေးလိုက်ခြင်းသာဖြစ်တယ်။
• Mr. Nottebohm ဟာ Liechtenstein နိုင်ငံသားတစ်ရောက်ဖြစ်ဖို့အတွက်၊ Liechtenstein နဲ့ Mr. Nottebohm ရဲ့ကြားမှာ စစ်မှန်တဲ့ ဆက်နွယ်မှု (genuine link)မရှိဘူး။"
• ဒီလိုအခြေအနေမျိုးမှာ ဂွါတီမာလာနိုင်ငံဟာ Mr. Nottebohm ကို Liechtenstein နိုင်ငံသားတစ်ရောက်အဖြစ် အသိအမှတ်ပြုပေးဖို့ တာဝန်မရှိဘူး။
• အကျိုးဆက်အနေနဲ့ Liechtenstein နိုင်ငံဟာ Mr. Nottebohm ကို သူ့နိုင်ငံသားတစ်ရောက်အဖြစ် အကာအကွယ်ပေးလို့ မရဘူး။ ဒါကြောင့် Liechtenstein နိုင်ငံရဲ့ တောင်းဆိုမှု (တရားစွဲဆိုမှု) ကို တင်သွင်းခွင့်မပြုနိုင်ဘူး။
ဆိုပြီး၊ ICJ က Liechtenstein အစိုးရရဲ့ တရားစွဲဆိုမှုကို ပလပ်ခဲ့တယ်။
အနှစ်ချုပ်ကတော့ ဒီကေ့စ်မှာ
"နိုင်ငံနဲ့ နိုင်ငံသားကြားမှာ စစ်မှန်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆက်နွယ်မှု ရှိရမယ်" ဆိုတဲ့ ဥပဒေသ
Principle of Effective Nationality (or) The Nottebohm Principle ကို ICJ က ဖော်ထုတ်ပြီး အတည်ပြုခဲ့တာဖြစ်တယ်။
အဲ့ဒီ Principle of Effective Nationality ဆိုတဲ့ သဘောတရားကို ကျင့်သုံးဖော်ထုတ်ခဲ့တဲ့ ICJ ရဲ့ ဒီစီရင်ချက်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ မူသဘောတရားတွေနဲ့ လူ့အခွင့်အရေးရဲ့ ရှုထောင့်ကနေ စဉ်းစားစရာ ဝေဖန်စရာ သုံးသပ်စရာ စောဒက တက်စရာတွေ အများအပြားရှိနေပါတယ်။ အဲ့တာတွေကတော့ ပုဂ္ဂလဓိဌာန်ဖြစ်နေလို့ ဒီပို့စ်မှာ ချန်လှပ်လိုက်ရင်း၊ "တရားမျှတမှုအတွက် အဆိုးရွားဆုံးသော ရန်သူနံပါတ်တစ်ကတော့ တရားမျှတမှု့ ကင်းမဲ့တဲ့ ဥပဒေတွေ စီရင်ထုံးတွေ ကိုယ်တိုင်ပဲဖြစ်တယ်" လို့ ကောက်ချက်ဆွဲရင်း နိဂုံးချုပ်လိုက်ပါတယ်။

နောက်ဆက်တွဲ။ ဂွါတီမာလာအစိုးရဟာ Mr. Nottebohm ကွယ်လွန်ပြီး၊ ၁၉၆၂ ခုနှစ်ရောက်မှ သူ့ပိုင်ဆိုင်မှုတွေမြောက်များစွာထဲက ကော်ဖီစိုက်ခင်း ၁၆-ခင်းကို သူ့မိသားစုကို ပြန်ပေးခဲ့တယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.