Monday, December 21, 2020

SS Lotus (France v Turkey) (1927)

 Lotus Case

 ၁၉၂၆ ဩဂုတ်လ ၂ ရက် ည မှာ၊ ပထမတန်း သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" (Monsieur Demons) ဦးဆောင်တဲ့ ပြင်သစ် စာပို့သင်္ဘော "SS Lotus" နဲ့၊ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" (Hassan Bey) ဦးဆောင်တဲ့ တူရကီရေနွေးငွေ့သင်္ဘော Boz-Kourt တို့ဟာ၊ လက်စ်ဘို့စ်ကျွန်း ဆစ်ဂရီအငူ ရဲ့ မြောက်ဖက် ရေမိုင် ၅-မိုင် ၆-မိုင်လောက်အကွာ (five to six nautical miles north of Cape Sigri on Lesbos) ပင်လယ်ပြင်မှာ သင်္ဘောအချင်းချင်း တိုက်မိခဲ့ကြတယ်။ Boz-Kourt သင်္ဘောက နှစ်ပိုင်းပြတ်ပီး နစ်မြုပ်သွားတယ်။ "SS Lotus" က လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ပေးတဲ့အတွက် Boz-Kourt သင်္ဘော Captain "Hassan Bey" အပါအဝင် သင်္ဘောသား (၁၀) ဦးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့  တူရကီနိုင်ငံသား ကျန်သင်္ဘောသား (၈) ဦးကတော့၊ သင်္ဘောနစ်မြုပ်မှုနဲ့အတူ ပျောက်ဆုံး (သေဆုံး) သွားခဲ့တယ်။

 နောက်တနေ့ "ကွန်စတန်တီနိုပယ်" (ယခု "အစ်စ်တန်ဘူလ်" မြို့) ဆိပ်ကမ်းကို SS Lotus ဆိုက်ရောက်တဲ့အချိန်မှာ ဒေသအာဏာပိုင်တွေက ဒီးမွန်စ် ရော ဘေး ကိုပါ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး နှစ်ဦးလုံးကို ဩဂုတ် ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။  ကွန်စတန်တီနိုပယ်မှာရှိတဲ့ ပြင်သစ်သံရုံးက အပြင်းအထန်ကန့်ကွက်နေနဲ့ကြားက တူရကီရဲ့ စတမ်ဘူးလ် (Stamboul) ရာဇဝတ်တရားရုံးက "ပေါ့ဆ လူသေစေမှု" နဲ့ 28 August 1926 နေ့မှာ ဒီးမွန်စ် နဲ့ ဘေး နှစ်ဦးစလုံးကို  စွဲချက်တင် စစ်ဆေးခဲ့တယ်။

 "တူရကီတရားရုံးမှာ စီရင်ပိုင်ခွင့်အာဏာမရှိဘူး"ဆိုတဲ့ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ရဲ့ ငြင်းချက်ကို တူရကီရဲ့ စတမ်ဘူးလ် တရားရုံးကပယ်ချခဲ့ပြီး၊ 15 September 1926 မှာ SS Lotus ရဲ့ သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ကို ထောင်ဒဏ် ရက် (၈၀) နဲ့၊ ဒဏ်ငွေအဖြစ် တူရကီပေါင် (၂၂) ပေါင် ပေးဆောင်စေဖို့ အမိန့်ချတဲ့တယ်။ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" ကို နဲနဲ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုတယ်။

 လူ ၈-ရောက် သေတာကို ရက် (၈၀) ပဲထောင်ဒဏ်ချလို့ ဆိုပြီး အဲ့ဒီ စီရင်ချက်ကို မကျေနပ်တဲ့ တူရကီ "တရားစွဲအရာရှိ prosecutor" က အထက်ရုံးကို အယူခံတက်တယ်။ အယူခံမှုကို ကြားနာနေဆဲကာလမှာ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားရတာဖြစ်လို့ "ဒီးမွန်းစ်" ကို အာမခံနဲ့ လွှတ်ထားပေးတယ်။ ပြင်သစ်နဲ့ တူရကီ တို့ဟာ သံတမန်ရေးရာအရ အကြီးအကြယ် အငြင်းအခုန်ဖြစ်၊ အပြန်အလှန် သတိပေးစာ ကန့်ကွက်စာ တွေပို့ကြနဲ့၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ အငြင်းပွားမှုကို "ခုံသမာဓိနည်း Arbitration" နဲ့ ဖြေရှင်းဖို့ သဘောတူညီမှု ရရှိကြပြီး၊ ဒီအငြင်းပွားမှုကို The Permanent Court of International Justice (PCIJ) က စီရင်ဆုံးဖြတ်ပေးဖို့  ဂျီနီဗာ (Geneva) မှာ 21 October 1926 မှာ လက်မှတ်ရေးထိုး သဘောတူညီမှုရယူခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ PCIJ ရဲ့ ကေ့စ်တွေထဲမှာ အများဆုံး ဆွေးနွေးခြင်းခံရပြီး၊ အနည်းဆုံးပဲ နားလည်ကြတဲ့၊ ဥပဒေပညာရှင်ကြီးတွေကြား အမြင်အမျိုးမျိုး ကွဲပြားကြတဲ့ "SS Lotus" ဆိုတဲ့ ကေ့စ် ပေါ်ပေါက်လာခဲ့တယ်။


ပြင်သစ်က၊ ၁၉၂၃ လော်ဆိန်း ကွန်ဗင်းရှင်း (the Convention of Lausanne of July 24th, 1923) ရဲ့ Article 15 ပါ "တူရကီ နှင့် စာချုပ်ဝင် အခြား နိုင်ငံများကြား ဖြစ်ပွားသော တရားစီရင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များကို၊ နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများနှင့် အညီ ဆုံးဖြတ်ရမည်" ဆိုတဲ့ ပြဌာန်းချက်ကို ထောက်ပြခဲ့တယ်။

ပြင်သစ် ဆိုလိုချင်တာက အဲ့ ဒီလို "နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများ" က၊ အခုလို အမှုမျိုးအပေါ်မှာ တူရကီရဲ့ ပြည်တွင်းဥပဒေကို ကျင့်သုံးပြီး "ရာဇဝတ် တရားစီရင်မှု" ပြုလုပ်တာကို တားမြစ်ထားတယ် လို့ အဆိုပြုတာဖြစ်တယ်။
တူရကီ အစိုးရဖက်က မြင်တာက ဒီလို စီရင်မှုမျိုးဟာ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် အာတီကယ် ၁၅ က တူရကီရဲ့အခုလို ပြည်တွင်းစီရင်ပိုင်ခွင့်ကို ခွင့်ပြုတယ် လို့ မြင်တယ်။
ဒါကြောင့် ဒီ SS Lotus Case မှာ PCIJ အဓိက ဆုံးဖြတ်ရမဲ့အချက်က
"တူရကီဟာ နိုင်ငံတကာ ဥပဒေမူသဘောတရားတွေနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့သလား။
အဲ့ဒီလို ဆန့်ကျင်ဆောင်ရွက်ခဲ့တယ်ဆိုရင် ဘယ် မူသဘောတရားကို ဆန့်ကျင်ဆောင်ရွက်ခဲ့တာလဲ။"
ဆိုတဲ့ အချက်ကို စဉ်းစား ဆုံးဖြတ်ရမှာဖြစ်တယ်။
(တူရကီနိုင်ငံဟာ ပြင်သစ်နိုင်ငံသား မစ္စတာ ဒီမွန်းကို တူရကီဥပဒေအရ ရာဇဝတ်ကြောင်းနဲ့ အရေးယူ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကို ဆိုလိုတာ ရည်ညွှန်းတာ ဖြစ်တယ်။)
ဒီ Lotus Case ကို ကြားနာတဲ့ PCIJ ရဲ့ တရားသူကြီး ၁၂ ပါးထဲမှာ၊ တရားသူကြီး ၆-ပါးက တူရကီဖက်ကို အသာပေးဖြေဆိုပြီး ကျန်တဲ့တရားသူကြီး ၆-ပါးက ပြင်သစ်ဖက်ကို အသာပေးဖြေဆိုကြတယ်။ တစ်ဖက်ကို ၆-မဲစီနဲ့ မဲအရေအတွက် တူညီနေတဲ့အတွက် တရားသူကြီးဥက္ကဌ Max Huber ရဲ့ အဆုံးအဖြတ်နဲ့ တူရကီကို အနိုင်ပေးခဲ့တယ်။
တူရကီဖက်ကို အသာပေးတဲ့ တရားသူကြီးတွေက
- နိုင်ငံတွေရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်နိုင်တယ်လို့ ယူဆလို့ မရနိုင်ဘူး။
- နိုင်ငံတစ်နိုင်ငံရဲ့ စီရင်ပိုင်ခွင့် အပြင်ဖက်မှာ နိုင်ငံခြားသားတစ်ရောက် ကျူးလွန်တဲ့ ရာဇဝတ်မှုကို စစ်ဆေးစီရင်တဲ့၊ ရာဇဝတ်စီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကိစ္စနဲ့ ပတ်သက်ပြီး၊ နိုင်ငံတစ်နိုင်ငံအပေါ် အတိအလင်း ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်း မရှိဘူး။
- (ဆိုလိုတာက) တူရကီရဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းမျိုး မရှိဘူး။
- ဒါကြောင့် တူရကီဟာ နိုင်ငံတကာ ဥပဒေကို မချိုးဖောက်ဘူး။
ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီ ဆုံးဖြတ်ချက်ကြောင့် "နိုင်ငံတကာ ဥပဒေမှာ အတိအလင်း ပိတ်ပင်တားမြစ်ထားတာ မရှိဘူးဆိုရင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ သူ့စိတ်ကြိုက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်" ဆိုတဲ့ The Lotus Principle or Lotus Approach ဆိုတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ အတွေးအခေါ် အယူအဆတစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။
အနှစ်ချုပ်ကတော့ "နိုင်ငံတကာဥပဒေမှာ တားမြစ်ထားတာမရှိရင် လုပ်ပိုင်ခွင့်ရှိတယ်" ဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။
အဲ့ဒီ Lotus Case ရဲ့ စီရင်ချက်အတွေးအခေါ်နဲ့ ပတ်သက်ပြီး ဥပဒေပညာရှင် တွေကြားမှာ အမြင်အမျိုးမျိုးကွဲပြားမှုတွေ ဖြစ်ခဲ့ပါတယ်။
ဥပမာ ဥပဒေပညာရှင် "အီယန် ဘရောင်းလီ Ian Brownlie" က
"အားလုံးကိုခြုံကြည့်ရင် တရားရုံးရဲ့ (Lotus Case) စီရင်ချက်ဟာ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ မူတွေကို ချဉ်းကပ်တဲ့နေရာမှာ အကူအညီမဖြစ်ဘူး အကျိုးမရှိဘူး။ စီရင်ဆုံးဖြတ်ချက်တွေကလည်း မရေမရာနဲ့ ယေဘုယျဆန်တဲ့ သွင်ပြင်လက္ခဏာတွေပဲရှိတယ်။" ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေပညာရှင် Hersch Lauterpacht ကတော့ " (Lotus Case) ဆုံးဖြတ်ချက်ဟာ တရားစီရင်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ ရတနာသိုက် / အဖိုးတန်ပစ္စည်း တစ်ခု" လို့ ဆိုခဲ့ပါတယ်။
တခြား မတူကွဲပြားတဲ့ အမြင်အမျိုးမျိုး သုံးသပ်ချက်အထွေထွေ တွေလည်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ကျမ်းလေးအံ့စိုး၍ ချန်လှပ်ခဲ့ပါကြောင်း။

No comments:

Post a Comment

Note: Only a member of this blog may post a comment.