Friday, October 9, 2020

ပေါ့ဆမှု တာဝန်မကင်းသောပေါ့ဆမှု သူတပါးအတွက်တာဝန်ရှိမှု

 ပေါ့ဆမှု၊ တာဝန်မကင်းသောပေါ့ဆမှု၊ သူတပါးအတွက်တာဝန်ရှိမှု နှင့်

ရှုပ်ထွေးသောဖြစ်စဉ်တစ်ခု
=============
Ted ဟာ Ace Medical Supplies ကုမ္ပဏီရဲ့ ယာဉ်မောင်းအဖြစ် အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးတယ်။ သူဟာ မကြာသေးခင်ကပဲ ကုန်ပစ္စည်းတင်မော်တော်ယာဉ်အကြီးစား (HGV - Heavy Goods Vehicle)မောင်းနှင်ခွင့်လိုင်စင် ရခဲ့ပြီးဖြစ်ပေမယ့်၊ သူကို့ အသေးစားဗင်ကားများလေးတွေကို မောင်းဖို့အတွက်ပဲ အလုပ်ခန့်ခဲ့တာဖြစ်တယ်။
တရက်မှာ ရထားတိုက်မှုတခုဖြစ်ပြီး သွေး အရေးတကြီးလိုအပ်နေလို့ အမြန်ပို့ပေးဖို့အကြောင်း Ace Medical Supplies ကုမ္ပဏီကို ဖုန်းခေါ်ပြီး သွေးမှာယူမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ကုန်ပစ္စည်းသယ်တဲ့မော်တော်ယာဉ်အကြီးစားတွေကို ပုံမှန်မောင်းနေကျ HGV ယာဉ်မောင်း Greg ကလည်း ဖျားနာနေတယ်။ အဲ့ဒါကြောင့် ဖောက်သည်ကို ပြိုင်ဖက်ကုမ္ပဏီတွေဆီကို ရောက်သွားမှာစိုးရိမ်တဲ့ မန်နေဂျာ Angie က Ted ကို ကုန်ပစ္စည်းသယ်တဲ့ မော်တော်ယာဉ်ကို မောင်းပြီး ပစ္စည်းပို့ပေးဖို့ တောင်းဆိုခဲ့တယ်။ Ted က အဲ့ဒီကားကိုမောင်းသွားပြီး ပစ္စည်းသွားပို့တဲ့အခါမှာ၊ လမ်းအကွေ့တနေရာမှာ အမှောင်ထဲကနေ လမ်းဖြတ်ကူးလာတဲ့ Maya ကို အရှိန်မထိမ်းနိုင်ပဲ ဝင်တိုက်မိခဲ့တယ်။
အဓိက ငြင်းချက်အနေနဲ့ "Maya ဟာ သူမရဲ့ထိခိုက်နစ်နာမှုအတွက်၊ Ted ကို သူ့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရပါတယ်ဆိုပြီး တရားစွဲဆိုလျော်ကြေးတောင်းခံနိုင်သလား" ဆိုတာကို စဉ်းစားမှာဖြစ်ပါတယ်။
အဲ့ဒီကိစ္စကို တရားမနစ်နာမှု ဥပဒေကြောင်းအရ ဝေဖန်သုံးသပ်ကြည့်တဲ့အခါ
၁. "Donoghue v Stevenson [1932 UK HL 100]" ကေ့စ်မှာ ဆုံးဖြတ်ခဲ့တဲ့ "neighbour principle" အရ Ted မှာ Maya ကို မထိခိုက်စေဖို့ တာဝန်ရှိပါတယ်။
ဒါဟာ ယာဉ်မောင်းတိုင်းဟာ လမ်းအသုံးပြုသူတိုင်းအတွက် တာဝန်ရှိတာဖြစ်တယ်။
၂. ဒါဆိုရင် Ted ဟာ အဲ့ဒီ တာဝန်ကို ချိုးဖောက်ခဲ့သလား ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။
"Nettleship v Weston [1971] 2 QB 691" နဲ့
"Wilsher v Essex Area Health Authority [1988] AC 1074" ကေ့စ်တွေအရ၊ Ted ဟာ အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးပေမဲ့လဲ၊ HGV လိုင်စင်ရပြီးသားဖြစ်လို့ သူဟာ အရည်အချင်းပြည့်ဝတဲ့ HGV ဒရိုင်ဘာတစ်ရောက်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် သာမန်အားဖြင့်တော့ သူဟာပေါ့ဆခဲ့တယ်လို့ ယူဆနိုင်မှာ ဖြစ်ပါတယ်။
"Res ipsa loquitur" မူသဘောတရားအရ၊ "Maya ကိုတိုက်မိခြင်းဟာ Ted ရဲ့ ပေါ့ဆခြင်းအတွက် သက်သေပဲ" လို့ ကောက်ယူနိုင်မဲ့ အခြေအနေတွေ ရှိ-မရှိ၊ အရေးတကြီးအလျင်လိုနေမှု၊ ယာဉ်မောင်းတဲ့အမြန်နှုန်း၊ လမ်းရဲ့အခြေအနေ၊ ရာသီဥတု... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့ဖို့ လိုပါတယ်။
၃. ဒါကြောင့် Ted ဟာ သူ့ရဲ့ ဂရုစိုက်ရမဲ့တာဝန်ကို ချိုးဖောက်ခဲ့လို့ Maya မှာ ထိခိုက်နစ်နာမှု ဖြစ်ရတာလား ဆိုရင် "ဟုတ်တယ်" လို့ပဲ ဖြေရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ မပြည့်စုံသေးပါဘူး။
Ted ဟာ ပေါ့ဆခဲ့တယ်သူရင်၊ သူ့ကို ခိုင်းလိုက်တဲ့ မန်နေဂျာ Angie မှာလည်း "အလုပ်ရှင် အလုပ်သမား ဆက်သွယ်ချက်အရ" သူတပါးအတွက်တာဝန် (Vicarious Liability) ရှိပါတယ်။
ဒါ့အပြင် အသေးစားဗင်ကားလေးတွေကိုမောင်းဖို့အတွက်ပဲ အလုပ်ခန့်ခဲ့တဲ့ Ted အနေနဲ့ အခုကို HGVကိုမောင်းခြင်းဟာ "အလုပ်ရဲ့ ဘောင်အတွင်း ကျရောက်မှု ရှိ - မရှိ" ဆိုတာကိုလည်း စဉ်းစားရပါမယ်။ ဒီကိစ္စဟာ အတော်လေး အငြင်းပွားမဲ့ အပိုင်းဖြစ်ပါတယ်။ (အလုပ်ရဲ့ဘောင်အတွင်းကျရောက်ရင် အလုပ်ရှင်မှာ တာဝန်ရှိတဲ့အတွက် ဖြစ်တယ်။)
ဒါ့အပြင် အမှောင်ထဲမှာ (ပေါ့ဆစွာ) လမ်းဖြတ်ကူးလာတဲ့ Maya မှာလည်း "contributory negligence" (တာဝန်မကင်းသောပေါ့ဆမှု။ နစ်နာမှုအတွက် တရားလိုမှာလည်း တစိတ်တပိုင်း ပေါ့ဆတာဝန်ရှိမှု) ရှိနေနိုင်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့်တော့ အခုလို ကေ့စ်မျိုးကို "yes/no ယတိပြတ်ဖြေလိုက်ရင်၊ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ အတိအကျဖြေလိုက်ရင် ပြည့်စုံမှန်ကန်တဲ့အဖြေ ရမှာမဟုတ်ဘူး၊ ဘက်ပေါင်းစုံက ပြည့်စုံအောင် စဉ်းစားမှသာ အနီးစပ်ဆုံးမှန်နိုင်မဲ့အဖြေကို ရမှာ" ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
REF: Carol Brennan, Concentrate Tort Law, 2017, Oxford University Press, p.74-75

No comments:

Post a Comment

Note: Only a member of this blog may post a comment.