အကျွန်ုပ်သည်ကား “အရေအတွက် အတိုင်းအတာများကို ပြသော ပညာ”[Mathematics] နှိုက် တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူတစ်ဦးမဟုတ်။ အနှီပညာရပ်နှင့်ပတ်သက်၍လည်း “ကျမ်းကြီးကို သင်သောတိုက်”[College] မှ သက်သေခံစာချွန် [Certificate] ရရှိခဲ့သူလည်းမဟုတ်။ ကျွန်ုပ်၏ အသက်မွေးမှုမှာလည်း သိုးဆောင်းအလိုအရ ဆောဖ့်ဝဲ[Software] ဟု ခေါ်ဆိုအပ်သော အပျော့ထည် များ ကြံစည်ရေးသားခြင်းသာ ဖြစ်ပေ၏။
ထိုသို့ဆိုလျှင် အဆွေတို့မှ
“ဟယ်….ဘောက်မဲ့ကြောင့် ဤ အရေအတွက် အတိုင်းအတာများကို ပြသော ပညာ ရပ်နှင့်ပတ်သက်သည့် စာပိုင်းစ[Article]များ ရေးခြိမ့်ဘိသနည်း”
ဟု မေးလှာပါအံ့။ ကျွန်ုပ်ဖြေပါမည်။ အကြောင်းကားဤသို့ တည်း။
မိမိ၏အသက်ကိုမွေးမြူစောင့်ရှောက်ရန်နှင့်၊ ပူဆာသော ဝမ်း အား “ကြောင်း” ရန် ကျွန်ုပ်သည် ယခု စလုံး(Singapore) တည်းဟူသော ရေပတ်လည်ဝန်းရံလျက်ရှိသည့် ကုန်းမြေကလေး တစ်ခုနှိုက် ရောက်ရှိနေဘိ၏။ ကျွန်ုပ်မှာ နားအေးပါးအေး ငြိမ်းငြိမ်းချမ်းချမ်း လွတ်လွတ်လပ်လပ် နေထိုင်လိုသောသူတစ်ဦးဖြစ်ရကား...ဆရာမွေးခြင်း၊ တပည့်မွေးခြင်း၊ အုပ်စုဂိုဏ်းဂနဖွဲ့ခြင်း၊ ရုတ်ရုတ်ရက်ရက်ရှိလှသော အရပ်များသို့ အကြောင်းမဲ့ သွားရောက်ခြင်း၊ လူအများနှင့် အခြေအတင် ငြင်းခုံခြင်း၊ ဓိဌဓမ္မမှန်ကန်သည်ဟု ယုံကြည်သော်လည်း အငြင်းပွားဖွယ်ဖြစ်မည့်ကိစ္စရပ်များအား အခြားသူများနှင့်ဆွေးနွေးခြင်း၊ စသော မလိုလားအပ်သည့် အကျိူးဆက်များရှိတတ်သည့် အရာမှန်သမျှအား အထူးသတိထား ရှောင်ကျဉ်လျက် လည်းကောင်း၊
ရံဖန်ရံခါ စာရေးတံချခြင်း[Lottery]လက်မှတ်ကလေးများဝယ်ယူ၍ စိတ်ကူးယဉ်ခြင်း၊
ရံဖန်ရံခါ ဂျုံရေ[Beer] မှီဝဲခြင်း၊
မကြာမကြာ ကျွန်ုပ်၏ သောဠသပြည်[India] သား “ကုန်ရောင်းဘော် ဝယ်ဘက် အစု”[Company] မိတ်ဆွေတဦးနှင့်အတူ “ပြန်တီအရက်”[Brandy] ၊ “ဇင်ဖြူအရက်”[Gin] ၊ “သိုးဆောင်းဗျစ်ရည်နီအရက်”[Whiskey] စသည်တို့အား သောက်သုံးခြင်း၊
သီတင်းတပတ်လျှင် တကြိမ်ခန့်၊ အိုမင်းမစွမ်းပြီဖြစ်ရှာသော ရွှေနိုင်ငံတော်ကြီးရှိ ကျွန်ုပ်၏ မွေးမိခင်ထံသို့ “ဤမှာနှိုက် ကျန်းမာလိမ္မာစွာနေထိုင်လျက်ရှိပါသည့်အကြောင်း” နှင့် “ထိုမှာနှိုက် စိတ်အေးချမ်းသာ အပူအပင်ကင်းစွာ နေထိုင်ပါမည့်အကြောင်း” တို့အား လက်ကိုင် “ဒိဗ္ဗသောတဓါတ်ခွက်”[Phone] ကိုအသုံးပြု၍ ပုံတော်သလို အသိပေးပြောကြားခြင်း၊
သောက်စားပျော်ပါး မှုများအား ခြိုးခြံဖြစ်သည့် အချို့သော လ တို့နှိုက် “ငွေကို သုံးသကဲ့သို့ လက်မှတ်ရေး၍ သုံးသော စက္ကူ” [Currency] များလဲလှယ်၍ ပို့ပေးခြင်း၊ စသောအမှုတို့ကိုပြု လျက်လည်းကောင်း၊ ပျော်ပျော်ကြီး သုံးနှစ်သုံးမိုးတိုင် နေထိုင်ခဲ့ပေသတည်း။
ထိုသို့နေထိုင်လျက်ရှိရာတွင် ကျွန်ုပ်မှာ မဟာကံထူးရှင်ဖြစ်၍ပေလောမဆိုနိုင်…..
မိမိကိုယ်မိမိ “စက်မှုသိပ္ပံအတတ်တို့နှိုက် လွန်ကဲစွာကျွမ်းကျင်လိမ္မာသူ”(Engineer) အဖြစ် တမူး၊ တရွေး၊ တပဲ၊ တပြား သားမှမလျော့သော၊
မိမိတို့သည် ဇိနတိုင်းသား(Chinese)၊ စလုံး(Singaporean)၊ ယပက်လက်(Thai)၊ ဖဦးထုပ်(Filipino)၊ ဗထက်ချိုင့်(Vietnamese)၊ ဘကုန်း(Bangla)၊ မ(Malay) စသော၊ “က” မှ “အ” အထိရှိသည့် လူမျိုးတစ်ရာ့တစ်ပါးတို့ထက် လွန်စွာမှပင် “ပြေး” သော လူမျိုးများဖြစ်ပေထကြောင်း နှုတ်တက်ရွရွ ရွတ်ဆိုနေကြကုန်သော၊
အဖြူကောင်(European) များပင်လျှင် “အရှိန်”နှင့် ရိုက်စား နေကြခြင်းဖြစ်ပြီး “သံ” တစ်ချောင်းကိုသော်မျှ ဖြောင့်တန်းအောင် မရိုက်တတ်ပါပဲလျက်၊ ၎င်း၏ အမှုထမ်းသက်သည်ပင်လျှင် မိမိ ခွင့်ယူခဲ့သော ရက်များခန့်သာရှိသေးလင့်ကစား၊ မိမိကဲ့သို့ ဝါရင့်ဂုရုတဦးအား ဆရာလာလုပ်၍ ၎င်း အဖြူကောင်များအား “ဆော်လဗန်တေ” ချင်ကြောင်း စသည်ဖြင့် မြည်တွန်တောက်တီး နေထဘိသော၊
အကယ်၍သာ မိမိတို့၏ ပညာ နှင့် လုပ်အားကိုသိမ်းရုတ်၍ ဤကျွန်းငယ်ကလေးမှ စွန့် ခွာသွားပါက ဤ စလုံးသည် ကျီးနှင့်ဖုတ်ဖုတ်၊ သုဿာန်တစပြင်သို့ ကျန်ရစ်လိမ့်မည်ဖြစ်ပေကြောင်း ဆီမန်း မန်း နေထဘိသော၊ လွန်စွာမှပင် အရေးပါလှသည့်[VIP-Very Important Person](၎င်း တို့အဆို)
ရွှေနိုင်ငံတော်သား မဟာပညာကျော်များနှင့် ကံကောင်းထောက်မစွာ သိကျွမ်းခွင့်ရခဲ့ပေသည်။
(ဆက်ပါဦးမည်..)
(ခြိမ့်ထက်)
ဝန်ခံချက်။ ။ ဤ စာပါ အင်္ဂလိပ်ဘာသာပြန်စကားလုံးများမှာ.....
မြန်မာစာပေပညာရှင် ဆရာကြီး မင်းသုဝဏ်
(၁၉၀၉ ဖေဖေါ်ဝါရီ ၁၀ ရက် ဗုဒ္ဓဟူး -၂၀၀၄ သြဂုတ် ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀)
၏ "လိန်း-မက္ခရာ စေတနာ" ဆောင်းပါး (The WAVES မဂ္ဂဇင်း၊ 5/08 September, 2008) တွင် တွေ့ရှိရသော Mr.Lane နှင့် မက္ခရာမင်းသားကြီးတို့၏ “ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓါန်” မှ ဘာသာပြန်ဆိုပုံများကို နှစ်သက်မြတ်နိုး၍ ယူငင်သုံးစွဲထားခြင်းဖြစ်ပါသည်။
သို့သော် Article, Engineer နှင့် Whiskey ဟူသော စကားလုံး သုံးလုံးအတွက်မူ၊ မက္ခရာမင်းသားကြီးစတိုင်ဖမ်း၍ ကျွန်ုပ်ထင်သလို “ကျိတ်” လိုက်ခြင်းသာဖြစ်ပေကြောင်း။
ခြိမ့်ထက်ရဲ့ဝန်ခံချက်ထည့်ရေးတတ်တဲ့၊ အကိုးအကားနဲ့ credit ပေးတတ်တဲ့ စိတ်ဓါတ်ကို လေးစားသဘောကျပါတယ်။ စာကောင်းများဆက်လက်ရေးနိုင်ပါစေ။
ReplyDelete