Sunday, November 7, 2010

ရေသေမြစ်

ရေသေမြစ်

ခါးသက်သက် ပျားတစက်အတွက်
အသွားမျက်မျက် ဒါးထက်ထက်
လမ်းကြောင်းပျက်တစပြင်ပေါ်က…။
“အနာဂတ်သားကောင်း” တဲ့
နောက်ဆုံးစာလုံးပေါင်းရဲ့နှစ်စက်
ဖြိုဖျက်ခံရတာ ကြာပြီလေ။

လက်ပန်းကျသူရဲကောင်း

စိတ်ထောင်းကိုယ်ကြေပညာရှင်
ဒါဏ်ရာရ သူတော်စင်တစ်ပါး….(တို့က)
“သတ်ပုံ” မမှားစေရအောင် ကျိုးစားဆဲ..
လူအ တော်တော်များများကတော့
ဆန်တွေနင်းကန်စား
၀ ဖြိုး နေလိုက်ကြပုံများ
ကမ္ဘာမြေကြီးမှ အားမနာ..။

ထားပါလေ…
ကိုယ်တိုင်မိုးမှောင်ကျ
ကိုယ့်လက်တွေအဖြတ်ခံရတော့မှ
“ဒုက္ခ” လို့ညည်း
လောကကြီးမတရားဘူးလို့
သွေးတမ်း ရူးတဲ့အခါ…။

“ညီနောင်တို့ရဲ့ဂုဏ်သိက္ခာ
သားမြေးတို့ရဲ့ အနာဂတ်အတွက်

သင်ဘာများဆောင်ရွက်ခဲ့ပါသလဲ”…..လို့
သမိုင်းစာရွက်မှန်
ပြန်လှန်စစ်ဆေး
မေးခွန်းတခုမေးတဲ့ အခါ…။
“ဝါဒဖြန့်တရားများကြောင့်
မှားမှန်းမသိခဲ့ပါ” လို့များဖြေရင်…
ပေးထားတဲ့ဦးနှောက်
ပုံသေနည်းကျက်ဖို့လောက်သာ မဟုတ်ဘူးဆိုတာကို..
ပြာ..ဖြစ်ခံခဲ့တဲ့ နှင်းဆီ
ရဲရဲနီ လိပ်ပြာတွေက…
သက်ပြင်းအသာယာ ချ
သက်သေထွက်ဆိုကြလိမ့်မယ်..။

အဲဒီအခါမှာ….
ကမ္ဘာမြေကြီးဟာ..
သွက်သွက်ခါ လှုပ်ရမ်း
တော်လဲသံ ခပ်ကြမ်းကြမ်းနဲ့
“ခရမ်းပြာ ဖန်ဆင်းရှင်တွေ…ငြိမ်းချမ်းပါစေ…”
“ပန်းနုရောင် သီအိုရီအတွက်
ဆွေခုနစ်ဆက် မျက်မမြင်
အသက်ရှင်လျက် ပျက်စီးစေ”…လို့ကျိန်စာဆိုရင်း
သင့်အား ထမ်းပိုးမှုကို
ငြင်းဆိုပေလိမ့်မယ်။
(ခြိမ့်ထက်-၁၉၉၈)

No comments:

Post a Comment

Note: Only a member of this blog may post a comment.