မဲ့ နှင့် မယ့်
မင်္ဂလာပါခင်ဗျာ.....
ကျွန်တော့အနေနဲ့....ဒီကနေ့ အများဆုံးတွေ့နေရတဲ့ မြန်မာစာပေဆိုင်ရာ အသုံးမှားတစ်ခုအကြောင်းဆွေးနွေးလိုပါတယ်။
အဲဒါကတော့ မဲ့ နဲ့ မယ့် ပါ။ မဲ့ ဟာမြန်မာစာပေအသုံးအနှုန်းအနေနဲ့ အဓိက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့...
၁။ မရှိခြင်းအနက်...။
ဥပမာ.....
ကာရန်မဲ့ကဗျာ....(ကာရန်မပါတဲ့ ကာရန်မရှိတဲ့ ကဗျာ...)
ဘေးမဲ့တော.....(ဘေးအန္တရာယ်မရှိသော တော.....)
စားရမဲ့...သောက်ရမဲ့....(စားစရာမရှိ...သောက်စရာမရှိ....)
အရှက်မဲ့...(အရှက်မရှိ...)
ပညာမဲ့... (ပညာမရှိ)
အနှစ်မဲ့တဲ့ဘဝက အမှားယွင်းများစွာ........။
စသည်ဖြင့် နေ့စဉ်သုံးစကားတွေထဲမှာ မဲ့ ရဲ့အနက်ကို အလွယ်တကူ မြင်တွေ့ ဆင်ခြင်နိုင်ပါတယ်။
၂။ ဒုတိယအနက်အနေနဲ့ကတော့ မဲ့ ဟာ မျက်နှာအမူအယာပြ ကြိယာဖြစ်ပါတယ်။
မဲ့(သည်)။ (ပြုံးသည် ရဲ့ ဆန့်ကျင်ဘက်ပေါ့ဗျာ...ဒါလည်းအလွယ်တကူနားလည်နိုင်ပါတယ်...။)
မဲ့ပြုံး.....။
၃။ တတိယမြောက်အနက်အနေနဲ့.......အပေါ်က.... ၁ နဲ့ ၂ မှာ ဥပမာတွေ့ခဲ့ရတဲ့...မဲ့ ရဲ့....အငြင်းသဘော၊ အနှုတ်ဆောင်အနက်( Negative sense)၊ ဆန့်ကျင်ပြအနေအထား၊ Contradiction ဖြစ်နေတာတွေကို နားလည်ခံစားပြီးသကာလ မဲ့ ကို အဆိုနှစ်ခု ရှေ့နောက် မညီ Harmony မဖြစ် တဲ့အခါ သုံးစွဲတဲ့ (ဒါပေမဲ့ ၊သို့ပေမဲ့၊ ဆိုပေမဲ့၊ ပြောပေမဲ့၊ ရှင်းပြပေမဲ့၊ ...စတဲ့ ပေမဲ့ ဆိုတဲ့ )အပြောစကားလုံးမှာ သုံးပါတယ်။ ဒီ တတိယအသုံးကတော့ အငြင်းပွားဖွယ်ရှိနိုင်ပါတယ်။ တခါတလေ တချို့နေရာတွေမှာ ဒါပေမယ့်....လို့ရေးတာလည်းတွေ့ဖူးနေကြတာကိုး။ (နောက်နောင် ဖူး နဲ့ ဘူး အကြောင်းလည်း ဆွေးနွေးပါဦးမယ်။)
မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်း မှာပဲဖြစ်ဖြစ်
မြန်မာအဘိဓါန်မှာပဲဖြစ်ဖြစ် မဲ့ ကို နံပါတ်နှစ်အနက်ပဲပြပါတယ်။ ပြမှာပေါ့ ၁ နဲ့ ၃ က တခြားစာလုံးတွေနဲ့ပေါင်းသုံးတော့မှ အနက်ပေါ်လာတာကိုးခင်ဗျ။ ပညာ ဆိုတဲ့ စကားနဲ့ ရှိ နဲ့ပေါင်းတော့ ပညာရှိ....မဲ့ နဲ့ပေါင်းတော့ ပညာမဲ့ ...ဒါပေ နဲ့ ..မဲ့...နဲ့..ပေါင်းတော့မှ ဒါပေမဲ့......စသည် စသည်ဖြင့်ကိုး...။ အားလုံးအလွယ်တကူ နားလည်မြင်သာအောင် သဒ္ဒါကျမ်းဆန်ဆန်မတင်ပြပဲ....အများနားလည်တဲ့စကား၊ အများသဘောတူလက်ခံထားပြီးသားအသုံးအနှုန်း ရေးထုံးအခိုင်အမာရှိပြီးသား စကားလုံးတွေနဲ့ အနက်ကို ခွဲခြမ်းစိတ်ဖြာဆင်ချင်ယူသောနည်း ကိုသုံးပြီး ၁ နဲ့ ၃ ကိုတင်ပြထားတာပါ။
အဲဒီလိုပဲ တတယ်တမ်းကျတော့ မယ့် ဆိုတာလည်း သတ်ပုံကျမ်းတွေ အဘိဓါန်တွေမှာ တိုက်ရိုက်တော့မပါဘူးပေါ့ ။ သူက အသံပြောင်း ပုဒ်ပြောင်းလာတာဗျ။ ဘယ်ကလာလဲဆိုတော့ မယ် က လာတာပေါ့ဗျာ။ မယ် က အနာဂတ်ကိုညွှန်းတဲ့ အပြောစကား။(တခြားအဓိပ္ပါုယ်တွေလည်းရှိသေးတာပေါ့ဗျာ...ထားပါတော့။)
အရေးစကားက မည်။ စာနဲ့ရေးတော့ သွားမည် လာမည် စားမည် သောက်မည် ပေါ့။ စကားနဲ့ပြောတော့ သွားမယ် လာမယ် စားမယ် သောက်မယ် ပေါ့။ ဟော အခုပုဒ်ပြောင်း အသံပြောင်းပုံ ကိုကြည့်ကြစို့ရဲ့ဗျား။ တချို့စကားလုံးတွေကို တချို့စကားလုံးတွေနဲ့ပေါင်းလိုက်ရင် တချို့စကားလုံးတွေရဲ့ အသံရော စာလုံးပေါင်းပါ ပြောင်းသွားတယ်ခင်ဗျ။.... အိမ်း...တော်တော်ရှင်းပါပေတယ်ကျေးဇူးရှင်ရယ်...လို့ ဆန္ဒမစောလိုက်ပါနဲ့ဦး။ ကျွန်တော် ဥပမာတင်ပြပါ့မယ်။
မောင်မောင် ဆိုတဲ့ နာမည်နဲ့ သည် ကို အား ....စတာတွေနဲ့ ပေါင်းပြီးဆိုကြည့်လိုက်ဗျာ။
မောင်မောင်သည်...................။
မောင်မောင့်ကို ပြောလိုက်ကွာ။
မောင်မောင့်အား ပြောကြားပါလေ။
စသည်ဖြင့် စသည်ဖြင့်ပေါ့ဗျာ။ ဒီလောက်ဆိုရှင်းပါတယ်။ မိတ်ဆွေတို့ဟာ အရိပ်ပြအကောင်ထင်တဲ့ ပညာရှိတွေပါ။
ခုကျွန်တော်တို့အနာဂတ်ကာလပြ (အရေး)ကြိယာတချို့ရေးကြည့်ရအောင်....။
ဥပမာ....
ခရီးသွားမည်။
အစာစားမည်။
အပင်စိုက်မည် ဆိုပါတော့ဗျာ..။ ဒါတွေကို စကားနဲ့ပြောတော့ ခရီးသွားမယ် ။ အစာစားမယ် ။ အပင်စိုက်မယ်..........ပေါ့။
ကဲ...နောက်တစ်ဆင့်တက်ပြီး ကျွန်တော်တို့ ကြိယာ နဲ့ နာမ် နေရာ ပြောင်းကြည့်ရအောင်။
သွားမည် + ခရီး = သွားမည့်ခရီး
စားမည် + အစာ = စားမည့်အစာ
စိုက်မည် + အပင် = စိုက်မည့်အပင်...........။ဒီနေရာမှာ အနာဂတ်ပြစကားလုံး မည် ရဲ့အသံရော စာလုံးပေါင်းပါ ပြောင်းလာတာ.မိတ်ဆွေတို့....သတိထားမိမှာပါ။
ကဲ အခု... အရေးစကားလုံး မည် ရဲ့နေရာမှာ အပြောစကားလုံး မယ်နဲ့အစားထိုးကြည့်လိုက်ဗျာ။
သွားမယ် + ခရီး = သွားမယ့်ခရီး
စားမယ် + အစာ = စားမယ့်အစာ
စိုက်မယ် + အပင် = စိုက်မယ့်အပင်...........................ဒီလိုပဲ ပြောင်းမလာသင့်ပေဘူးလားခင်ဗျာ။
ဟေ့ ဒို့က အဲဒိလိုမပေါင်းဘူးကွ။ မဲ့ ပဲ...မဲ့ ပဲ ဆိုရင်...ရေးထုံးသဒ္ဒါအခိုင်အမာရှိပြီးသား လူတိုင်းသိရှိနားလည်သဘောတူ လက်ခံထားပြီးသား ကျွန်တော် အထက်ကတင်ပြခဲ့တဲ့ နံပါတ်တစ်ဥပမာမှာပါတဲ့စကားလုံးတွေနဲ့ယှဉ်ထိုးပြီးစဉ်းစားကြပါစို့။
သွားမဲ့ခရီး (သွားခြင်းမရှိသောခရီး၊ မသွားသောခရီး.........(သို့) သွားမရှိသော အဘိုးအိုတစ်ဦး၏ ခရီး) ..........................
တော်တော်လေးတော့....တော်တော်ကြီးကို ဂွ ကျကုန်ပြီဗျို့။
ဒါကြောင့်....အချုပ်ဆိုရသော်(မြစ်ကြီးနား...က အဆိုးဆုံးလို့တော့ မလုပ်ပါနဲ့ဗျာ...).....မကြာမီပြုလုပ်ဆောင်ရွက်ဖို့ စိတ်ကူးရည်ရွယ်ချက်နဲ့အနာဂတ်ကာလ ကို အပြောစကားနဲ့ ညွှန်းတဲ့အခါ....မယ့်ကို သုံးစွဲသင့်ပါကြောင်း.....။
ဥပမာ.....
မနက်ဖန် ခရီးထွက်မယ်..ဆို။ သွားမယ့်ခရီး..ဖြောင့်ဖြူးပါစေ။
ကျွန်တော်....အခုတင်ပြမယ့်အကြောင်းအရာကတော့.........။
ပို့မယ့်ပို့...ကတို့(ကူးတို့)ထိရောက်အောင်ပို့။
စားမယ့်စားရင်တော့ ...အဝသာ စားဟေ့။
(ခြိမ့်ထက်)
No comments:
Post a Comment
Note: Only a member of this blog may post a comment.