Friday, November 5, 2010
သင်္ချာ ငိုချင်း
သင်္ချာငိုချင်း(အပိုင်း-၁)။ ကြေကွဲဂီတ
ဂီတပညာရှင်တဦး အိပ်မက်ဆိုးက လန့် နိုးလာတယ်။ သူရဲ့အိပ်မက်ထဲမှာ သူဟာ ဂီတကိုမသင်မနေရပြဌာန်းထားတဲ့ လူ့ အဖွဲ့ အစည်းတခုကို ရောက်နေတာ တွေ့ လိုက်ရလို့ ပဲ။
 "ဂီတသံတွေနဲ့  ပြည့်နှက်နေတဲ့ ဟောဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ရဲ့ကျောင်းသားတွေကို ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာဖို့  ကူညီတာပါ"
လို့  ပြောကြပါသတဲ့။ ပညာသင်ပေးသူတွေ၊ ကျောင်းတွေ နဲ့ အတူ နိုင်ငံတော်ကပါ  ဒီအရေးကြီးလှတဲ့ စီမံကိန်းမှာ ဦးဆောင်ပါဝင်ပါတယ်။ လေ့လာမှုတွေလုပ်ကြ၊ ကော်မတီတွေဖွဲ့ ကြ၊ ဆုံးဖြတ်ချက်တွေ ချကြတယ်။ တကယ့်လက်တွေ့ လောကမှာ၊ အပြင်မှာ လုပ်ကိုင်ဆောင်ရွက်နေကြ တဲ့ ဘယ်ဂီတပညာရှင်၊ ဘယ်ဂီတစာဆိုရဲ့ အကြံဥာဏ် နဲ့  ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှ မပါပဲနဲ့ ပေါ့။
မူလတန်း အလယ်တန်း အဆင့်လောက်မှာတော့ ဒီ မျက်စေ့နောက်စရာ ပဲပင်ပေါက်(ဂီတသင်္ကေတ)တွေကို နားလည်သုံးစွဲတတ်အောင် စည်းမျဉ်း စည်းကမ်း တိတိကျကျနဲ့  လေ့ကျင့်ပေးဖို့ ပဲဖြစ်တယ်။
"ဂီတသင်တန်းဆိုတာဗျာ..ကျွန်တော်တို့ က သင်္ကေတစာရွက်တွေထုတ်၊ ဆရာက သင်ပုန်းမှာ သင်္ကေတ တချို့ ရေးပြ၊ ကျွန်တော်တို့ ကလိုက်ကူး၊ ပြီးရင် တခြား ကီး(Key)ကို ပြောင်းရင်ပြောင်းကြည့်မယ်။ ကျွန်တော်တို့ ဟာ ကိုယ်ရေးတဲ့ နုတ်စ်(Notes-သင်္ကေတ)တွေကို အမှားအယွင်းမရှိအောင် အထူးဂရုစိုက်ရတယ်ဗျ။ တခါကဆိုရင် Chromatic scale(အသံတစ်ခုနှင့်တခု အသံဝက်သာကွာဝေးသော အသံအစုအဝေး)နဲ့ ပတ်သက်ပြီး ကျွန်တော်ရေးတဲ့ Notes တွေ အားလုံးမှန်ပေမယ့် ဆရာက ဂုဏ်ထူးမပေးဘူးဗျာ။ ဘာလို့  တုန်းဆိုတော့၊ တချို့  Notes ရဲ့ ခေါင်း(Head) လေး တွေမှာ ကျွန်တော်တပ်ထားတဲ့ အမြီး(stem) က အပေါ်အောက် လွဲနေလို့ "
မကြာခင်မှာပဲ ပညာရေးဂုရုကြီးတွေ သတိထားမိလာတာကတော့ ဒီလိုဟာမျိုး(Notes ရေးခြင်း ဖတ်ခြင်း) ကို  အလွန်ငယ်ရွယ်တဲ့ ကလေးတွေကိုတောင် လေ့ကျင့်သင်ကြားပေးလို့ ရတယ် ဆိုတာပဲ။ ဒါကြောင့်ပဲ တကယ် လို့  တတိယတန်းကလေးတစ်ယောက်ဟာ ပဉ္စမသံ စ လယ် ဆုံး (circle of fifths) ကိုတောင် ကောင်းကောင်း မှတ်သားမထားနိုင်ရင် ဒါဟာ ရှက်စရာလို့ ယူဆကြတယ်။
"ကျုပ်သားအတွက် အိမ်မှာလာသင်ပေးမယ့် ဂီတနည်းပြတစ်ယောက်လောက် ငှားဦးမှပါဗျာ။ သူ့ ရဲ့ ဂီတအိမ်စာတွေကို သူကိုယ်တိုင် မလုပ်တတ်ဘူး။  ဒါတွေဟာ ပျင်းစရာကောင်းသတဲ့။ ပြူတင်းပေါက်ကနေ အပြင်ငေးရင်း ရောက်တတ်ရာရာသံစဉ်တွေ  ညည်းရင်း သောက်သုံးမကျတဲ့ သီချင်းတွေ ဆို..ဆို..နေတော့တာပဲဗျို့ "
အတန်းကြီးလာလေ ဖိအားဟာ များလေလေ ဖြစ်လာပါတယ်။ ကျောင်းသားတွေဟာ စံသတ်မှတ်ထားတဲ့စစ်ဆေးမှုတွေ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ အတွက် ပြင်ဆင်ရပါတော့တယ်။ များမြောင်လှတဲ့ ဂီတသင်ခန်းစာတွေ( Scales, Modes, Meter, Harmony, Counterpoint, ….) ကိုမဖြစ်မနေ ယူရပါတော့တယ်။
"သူတို့ အတွက်လေ့လာစရာတွေကတော့ တပုံကြီးပေါ့။ ဒါပေမယ့် နောက်တော့ သူတို့ ကောလိပ်ရောက်တဲ့အခါ အခု အထက်တန်းဆင့်မှာ လေ့လာခဲ့ရတာတွေက အကယ်အကျိုးရှိတယ်ဆိုတာ သူတို့ လက်ခံလာကြမှာပါ"
တကယ်တန်းကျတော့ သိပ်မများလှတဲ့အရေအတွက်လောက်သာ ဂီတကို ထဲထဲဝင်ဝင် ဆက်လုပ်ဖြစ်ကြမှာ ဖြစ်တဲ့အတွက် ဘယ်အစက်ကလေးက ဘာအသံကို ကိုယ်စားပြုတယ်ဆိုတာ အနဲစုလောက်သာ သိခွင့်ရကြ မှာပါ။
"အမှန်အတိုင်းပြောရရင်၊ အများစုသောကျောင်းသားတွေဟာ ဂီတမှာ မထူးချွန်ကြဘူး။ အတန်းထဲမှာထိုင်ရင်း စိတ်ပျက်ငြီးငွေ့ နေကြတယ်။ ကျွမ်းကျင်မှုကလည်း ဩချရလောက်ပေရဲ့ဗျာ။ အိမ်စာတွေဆိုတာ လည်းအနိုင်နိုင်။ အများစုက ဂီတဟာ ဒီနေ့ ကမ္ဘာမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိပ်ဂရုမစိုက်နိုင်ကြတော့ဘူးဗျ။ တတ်နိုင်သမျှ အနည်းဆုံးသောသင်ခန်းစာလောက်နဲ့ ပဲ တော်ရိ ရော်ရိသွားနေကြတာပါပဲ"
(ဂန္ထ၀င်  ဂီတစာဆို
မိုးဇတ်
[Wolfgang Amadeus Mozart] ၏
ရုပ်ပုံလွှာ)
 ချွေးသံရွှဲရွှဲနဲ့  လန့် နိုးလာခဲ့တဲ့ ဂီတပညာရှင်က ဒီအဖြစ်အပျက်တွေဟာ ချောက်အိပ်မက်သာဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ သိလိုက်ရတဲ့အချိန်မှာ ဟောဒီလို ဥဒါန်းကျူးလိုက်တယ်။
"အိမ်း….ဘယ်လိုလူ့ အဖွဲ့ အစည်းကမှ ဒီလောက်လှပပြီး အဓိပ္ပါယ်ပြည့် ၀တဲ့ အနုပညာ တရပ်ကို  ပေါ့ပျက် အသိမဲ့  သေးသိမ်အောင် မလုပ်ဆောင်စေရဘူး။ ဘယ်လို လူ့ ယဉ်ကျေး မှုမျိုးကမှ ဒီလို သဘာဝဆန်တဲ့၊ လူ သားရဲ့ မိမိခံစားမှုကို ကျေကျေနပ်နပ်ဖေါ်ထုတ်တင်ပြခွင့်ပေးထားတဲ့ အနုပညာ ရဲ့သဘာဝ လွတ်လပ်မှုကို …ကလေးငယ်တွေဆီက ၊ ရက်ရက်စက်စက်လုယူသွားတာမျိုး မဖြစ် စေရဘူး"
တချိန်တည်းမှာပဲ မြို့ ရဲ့ တခြားဖက်က ပန်းချီဆရာတယောက်ဟာ အလားတူအိပ်မက်ဆိုးမျိုးက လန့် နိုးလာပြန် တယ်။
(ခြိမ့်ထက်)
Mathematical Association of America မှ သင်္ချာနှင့် သင်္ချာပညာသင်ကြားရေးဆိုင်ရာ သုတေသနပညာရှင် Paul Lockhart ၏ A Mathematician’s Lament ကို ဆီလျော်အောင်ဘာသာပြန်သည်။ မူရင်းလေ့လာလိုသူများ http://www.maa.org/devlin/LockhartsLament.pdf  တွင်ရှု။
No comments:
Post a Comment
Note: Only a member of this blog may post a comment.