ကျွန်ုပ်တို့နှင့် ကဲကုလပ်စ် (Calculus) သင်္ချာ
လူ့အသိတရားရဲ့အသီးအပွင့်တစ်ခုအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့၊ နယ်ပယ်ပေါင်းစုံမှာ ထဲထဲဝင်ဝင် အသုံးချနေတဲ့၊ အဆင့်မြင့် Theory တွေ အတွေးအခေါ်တွေ အသစ်အသစ်သော ပညာရပ်တွေကို အကောင်းဆုံး ချဉ်းကပ်နားလည်နိုင်စေမယ့် ဒီ Calculus သင်္ချာပညာရပ်ကို ကျွန်တော်တို့ ဘယ်ပုံဘယ်နည်း စတင် ထိတွေ့သင်ယူခဲ့ကြပါသလဲ။
ဒီကနေ့ကျွန်တော်တို့ထိတွေ့သင်ယူခဲ့ကြတဲ၊့ သင်ယူနေကြတဲ့ Calculus ဟာ တကယ်တော့ သင်္ချာပညာရဲ့ လှပမှု နဲ့ သင်္ချာပညာရေးရဲ့ အကျည်းတန်မှုပြယုဒ်တစ်ခုဖြစ်နေပါတယ်။ မှန်ပါတယ်.. ကံမကောင်း အကြောင်းမလှစွာပဲ သင်္ချာပညာရေးမှာ ဘာတွေမှားယွင်းနေသလဲဆိုတာကို Calculus က အကောင်းဆုံးသက်သေခံနေသလိုပါပဲ။
အပြင်လောကနဲ့ဆက်စပ်မရတဲ့ပုစ္ဆာတွေ၊ ပုံစံသေဖြစ်နေတဲ့ သင်ခန်းစာတွေ၊ ရှုပ်ထွေးပြီးနားလည်ဖို့ ခက်ခဲတဲ့သက်သေပြချက်တွေ၊ ဘုမသိ ဘမသိအလွတ်မှတ်ထားရတဲ့ သင်္ကေတတွေ နဲ့ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ ပုံသေနည်းပေါင်းသောင်းခြောက်ထောင်ဟာ ကျွန်တော်တို့ ရဲ့ ကျိုးကြောင်းဆင်ခြင်တုံတရားနဲ့ ဆက်စပ်နားလည်သဘောပေါက်မှု ကိုအလဲထိုးအနိုင်ယူသွားပါတော့တယ်။
ဒါကြောင့်လဲ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ပညာအဆင့် ဖြစ်တဲ့ တက္ကသိုလ်၊ ကောလိပ် နဲ့ သက်မွေး အင်ဂျင်နီယာ သိပ္ပံတွေမှာ (ဒီ “အဆင့်မြင့်ပညာ” ဆိုတဲ့စကားလုံးသုံးရတာ ကျွန်တော်အနေနဲ့ လိပ်ပြာမလုံပါ။) မိမိရဲ့အထူးပြုဘာသာရပ်ပေါ်မူတည်ပြီး၊ အနည်းဆုံး ၂-နှစ် ကနေ၊ ၃-၄-၅ နှစ်ထိ သင်ယူခွင့်ရခဲ့ကြတဲ့ ဒီ Calculus သင်္ချာပညာရပ်ဟာ၊ ကျောင်းပြီးလို့ အလုပ်ထဲ(စာသင်တာကလွဲလို့)ရောက်တဲ့အချိန်ကစပြီး “မြုပ်လေချည့်ပေါ်မလာ”၊ “နေလာနှင်းပျောက်” ဖြစ်ပြီး “တချုံကွယ် တမယ်မေ့” ကာ “တစိမ်းပြင်ပြင်” ဘဝရောက်ရပါတော့တယ်။
ကျွန်တော်က အဲဒီလိုဆိုတဲ့အခါ၊ တကယ့်ကိုအနဲစုဖြစ်တဲ့၊ နဲနဲ ခပ်စွာစွာလူတဦးတလေကသာ “ဟာ…Calculus..ကတကယ်အသုံးဝင်တာပေါ့..ဒီလောက်နေ့စဉ်ဘဝတွေမှာ သုံးစွဲနေတာဗျာ၊ ခင်ဗျားကြိုက်တဲ့နေရာကြည့် Calculus နဲ့မလွတ်ဘူး၊ ခင်ဗျားအလုပ်ကို ကားမောင်းသွားတာကအစ၊ ဂွတခု ကျပ်တာကအစ၊ လေယာဉ်မောင်းတာ ပျံတာအလယ်၊ အာကာသယာဉ်လွှတ်တာအဆုံး၊ နေရာတိုင်းမှာ နေ့ တိုင်းသုံးနေတာပေါ့ဗျ” …လို့ဆိုကြတယ်။ အဲဒီလိုကြားရရင် ကျွန်တော်တော့ တော်တော်လေးကို စိတ်ပျက်မိတယ်ဗျာ။ ဒါဟာလူတိုင်းသိတာပေါ့။ ဘယ်သူကမှလည်း ဒီလို ကြီးကျယ်မြင့်မြတ်စွာ အသုံးဝင်မှုကို မငြင်းပယ်ပါဘူး။ Calculus အပါအဝင်၊ သင်္ချာ တို့ ရူပဗေဒ တို့ဟာ ဘယ်လောက်အထိ အရေးပါ အရာရောက် ကြောင်း ချွင်းချက်မရှိလက်ခံကြပါတယ်။
ဒါပေမယ့်၊ တကယ်တန်းက “ကျွန်တော်တို့ဟာ ဗျောသံကြားတရားနာ၊ လေဖမ်း ဝါးတန်းချည်၊ လေဖမ်း ဒန်းစီး ပြီး သူများပြောတာကြားဖူးတဲ့အတိုင်း၊ ပညာရှင်တွေပြောတဲ့အတိုင်း ဒီပညာရပ်တွေအသုံးဝင်ကြောင်း၊ လိုက်ပြောနေတာသာဖြစ်တယ်”၊ ဒီပညာရပ်ကို၊ ကိုယ်ကိုတိုင်ရှင်းရှင်းလင်းလင်း သိမြင် နားလည် သဘောပေါက်ပြီး၊ ကိုယ်ကိုတိုင် လက်တွေ့အသုံးချနေတာ၊ အသုံးချနိုင်တာမှ မဟုတ်ပဲဗျာ။ ဒါကို ပွင့်လင်းရိုးသားစွာဝန်မခံပဲ အဲဒီလို “ငါ့စကား နွားရ” စကားနိုင်လုပြောနေကြရုံသက်သက်နဲ့တော့၊ ကျွန်တော်တို့ဟာ ဘာကိုမှ မတည်ထွင်နိုင်၊ မဖန်တီးနိုင်၊ မဆန်းသစ်နိုင်၊ မတွေးခေါ်နိုင်တဲ့ “ဘွဲ့ရ” အဆင့်က နေ တက်မှာမဟုတ်တော့ဘူး။ ကျွန်တော်တို့တကယ် ပညာမတတ်ပဲနဲ့ ဗုန်းဗုန်းလဲနေတဲ့ ကျွန်တော်တို့နိုင်ငံ ကို ဘယ်လို ဆွဲထူနိုင်မှာလဲဗျာ။ ထားပါလေ၊ ဒါတွေပြောရင်တော့ သိတဲ့အတိုင်း ဒေါတွေပါလာတော့မှာကိုး။
ဒါကြောင့် အခုလိုဖြစ်ပျက်နေရတဲ့ အခြေအနေကို ကိုယ်ညာဏ်မီသလောက် စေ့ငုဆင်ခြင်ကြည့်တဲ့အခါ၊ [ကိုယ်ကရိုးရိုးပဲတွေးတတ်တော့] အဖြေကလဲရိုးရိုးပဲထွက်တယ်ဗျာ။ ကျွန်တော်တို့ဟာ အစမကောင်းခဲ့လို့ အနှောင်းမသေချာ တော့တာပါပဲ။
တကယ်ဖြစ်သင့်တာက ပညာရပ်တစ်ခုကိုသင်တော့မယ်ဆိုရင် ၊ အဲဒီ ပညာရပ် ရဲ့ သမိုင်း နောက်ခံအခြေအနေ၊ ဘယ်လို လိုအပ်မှုရှိခဲ့လို့ ဘယ်လိုအခြေအနေတွေကတောင်းဆိုခဲ့လို့ ဒီပညာရပ်ကိုတည်ထွင် ကြံဆခဲ့ကြတယ်၊ မူလဘူတ ကနဦး တည်ထွင်ကြံဆခဲ့ဲကြသူတွေရဲ့ လုပ်ပုံ ကိုင်ပုံ ဆောင်ရွက်ပုံ တွေးခေါ်ပုံ နဲ့ ချဉ်းကပ်ခဲ့ပုံ တွေကို စတင်မိတ်ဆက်သင်ကြားသင့်ပါတယ်။ ပြီးတော့ အရေးအကြီးဆုံးက ဒီလိုပညာရပ်အသစ်တခုကို စတင်သင်ကြားတဲ့အခါ ၊ အားလုံး သိပြီးသား ရှိပြီးသား ရင်းနှီးကျွမ်းဝင်ပြီးသား နားလည်သဘောပေါက်ဖို့လွယ်ကူတဲ့၊ လက်တွေ့နဲ့ဆက်စပ်နားလည် မြင်သာနိုင်မယ့် အရာတွေနဲ့ ယှဉ်တွဲ ပြတဲ့နည်းနဲ့ စတင်သင်ကြားသင့်ပါတယ်။ ဒါမှသာ ပညာရပ်ကို ကျိုးကြောင်းဆက်စပ်နားလည်ပြီး ကောင်းစွာ သဘောပေါက်နိုင်တော့ပေမပေါ့။
ဒါကြောင့် အုပ်တချပ်ပဲဖြစ်ဖြစ်၊ သဲတပွင့်ပဲဖြစ်ဖြစ်၊ နှမ်းတလုံးပဲဖြစ်ဖြစ်၊ “စရည်းအိုးခွက်၊ ကြီးစွာလျက်လည်း၊ တစက်ကျများ၊ ပြည့်သောလားသို့” ဆိုတဲ့ ထုံးနှလုံးမူပြီး၊ ဒီဆောင်းပါးမှာ Calculus ရယ်လို့ မဖြစ်သေးခင်ကတည်းက၊ Calculus ရယ်လို့ဖြစ်လာမယ့်၊ မူလကနဦး တွေးခေါ်ဆောင်ရွက်ချက်တွေကို တတ်နိုင်သလောက်တင်ပြလိုက်ရပါကြောင်း။
=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/
Calculus ၏ နောက်ခံသဘောတရား
Calculus ၏ နောက်ခံသဘောတရားများ
လက်တင်စကား ကဲကုလပ်စ်(Calculus) ရဲ့ အဓိပ္ပါယ်က [ရေတွက်ရာတွင်သုံးသော]ကျောက်ခဲကလေး လို့ အဓိပ္ပါယ်ရပါတယ်။ ဘီစီ ၃ ရာစု လောက်ကတည်းက ဂရိတွေးခေါ်ပညာရှင်ကြီး ပလေတိုး[Plato] ရဲ့တပည့်တွေဖြစ်ကြတဲ့၊ နက္ခတ္တဗေဒ နဲ့ သင်္ချာပညာရှင် ယူဒိုးဆုစ် Eudoxus of Cnidus (410 or 408 BC – 355 or 347 BC :) တို့၊ အရစ်စတိုတယ် Aristotle (384 BC – 322 BC : အလက်ဇန်းဒါးသည်ဂရိတ် [Alexander the Great]ရဲ့ဆရာ ) တို့ဟာ မျဉ်းကွေးတွေကြောင့် ဖြစ်လာတဲ့ ဧရိယာ(Area under curve)အပေါ်မှာ စိတ်ဝင်စားခဲ့ကြတယ်။ အဲဒီလို ဧရိယာမျိုးတွေရှာတဲ့နေရာမှာ၊ ထောင့်မှန်စတုဂံပုံတွေကို အဲဒီဧရိယာအတွင်းမှာ ဆွဲသားတဲ့နည်းနဲ့ခန့် မှန်းတွက်ချက်ခဲ့ကြတယ်။
ဥပမာ အောက်မှာ ပြထားတဲ့ ပုံရဲ့ မီးခိုးရောင်ချယ်ထားတဲ့အပိုင်းရဲ့ ဧရိယာ ရှာချင်တယ်ဆိုပါတော့
အဲဒီရှာချင်တဲ့ အပိုင်းထဲမှာ ဟောဒီလို ထောင့်မှန်စတုဂံပုံတွေဆွဲထည့်လိုက်တယ်။ အားလုံးသိကြတဲ့အတိုင်း ထောင့်မှန်စတုဂံတွေရဲ့ ဧရိယာကိုတော့ အလွယ်တကူရှာလို့ရတာကိုး။
ပြီးတော့မှ အဲဒီ ထောင့်မှန်စတုတစ်ခုချင်းရဲ့ ဧရိယာတွေကို ပေါင်းလိုက်တဲ့အခါ၊ သူရှာချင်နေတဲ့ မီးခိုးရောင် ဧရိယာရဲ့ ခန့်မှန်းတန်ဘိုးရလာတယ်။ အောက်မှာ ပြထားသလို ထောင့်မှန်စတုဂံငယ်ငယ်လေးတွေသုံးပြီး ရှာလေလေ၊ရလာတဲ့ ခန့်မှန်းဧရိယာတန်ဘိုးနဲ့ တကယ့်အမှန်ဧရိယာတန်ဘိုးက၊ ပိုပြီးနီးစပ်လာလေလေပေါ့။
Eudoxus က ဒီနည်းကို “Method of Exhaustion” လို့ ခေါ်ဝေါ်ခဲ့တယ်။
[[တကယ်တော့ ဒီသဘောတရားနဲ့ အနှစ်သာရဟာ မိတ်ဆွေတို့ ရဲ့ Calculus သင်ယူမှုခရီးစဉ်တလျောက်မှာ ကြုံတွေ့ခဲ့ရတဲ့၊ ထင်ရှားတဲ့ ဂျာမန်သင်္ချာပညာရှင် ရီးမန်း (Georg Friedrich Bernhard Riemann : September 17, 1826 – July 20, 1866)[ယာပုံ] ရဲ့ ရီးမန်းပေါင်းခြင်း(Riemann Sum)ရဲ့ အနှစ်သာရ နဲ့ သဘောတရားခြင်း အတူတူပဲပေါ့ဗျာ။]]
ယူကလစ်(Euclid)ဟာ ဒီ (Method of Exhaustion)နည်းကိုသုံးပြီး သူရဲ့ အဆိုပြုချက်(Proposition) ခြောက်ခု ကို သက်သေပြခဲ့သလို၊ အာခိမိဒီးစ်(Archimedes) ကလည်း ဒီနည်းကိုပဲ သုံးပြီး စက်ဝိုင်းတစ်ခုရဲ့ ဧရိယာရှာတဲ့အခါမှာ အဲဒီစက်ဝိုင်းအတွင်းထဲမှာ ဗဟုဂံ(Polygon)တွေကို အနားအရေအတွက် တိုးတိုးပြီး ဆွဲကြည့်တဲ့နည်းနဲ့ စက်ဝိုင်းရဲ့ ဧရိယာကိုရှာနိုင်ကြောင်း သက်သေပြခဲ့တယ်။

ဒါကြောင့် တကယ်တော့ ဒီ Calculus ရဲ့ အနှစ်သာရ နဲ့နောက်ခံအကြောင်းရင်းက
၁။ ရှုပ်ထွေးပြီး ရှင်းရခက်တဲ့၊ ပုံစံ(Model)စံနစ်တကျ တည်ဆောက်ပြီးသားမရှိသေးတဲ့ ကြီးမားတဲ့အရာတစ်ခုကို၊ ပိုမိုရှင်းလင်းပြီး ကိုင်တွယ်ရလွယ်ကူတဲ့(နားလည်ဖို့လွယ်ကူတဲ့) ၊ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပုံစံ(Model) အပိုင်းကလေးတွေအဖြစ်ခွဲထုတ်လိုက်ခြင်း( Differentiation သဘောတရား) နဲ့
၂။ အဲဒီ ရှင်းလင်းတဲ့ပုံစံရပြီးသား အရာလေးတွေ အားလုံးကို (ပြန်လည်)ပေါင်းစည်းလိုက်ခြင်း ဖြင့် ကိုယ် လိုချင်တဲ့ ရှုပ်ထွေးတဲ့ Model ကို ပြန်လည်တည်ဆောက်ရယူခြင်းဆိုတဲ့ Integration သဘောတရားပဲပေါ့ဗျာ။
ကဲ..ဟုတ်ပါပြီဗျာ…ခု မိတ်ဆွေတို့တွေ့ခဲ့ရတဲ့ Eudoxus ရဲ့ Method of Exhaustion မှာ သိပ်ကိုသိသာထင်ရှားတဲ့အချက်ကတော့ ကိုယ်ခွဲထုတ်စိပ်ပိုင်းလိုက်တဲ့ “ထောင့်မှန်စတုဂံတွေက ပိုပြီး ငယ်လာလေလေ ခန့်မှန်းဧရိယာတန်ဘိုးက ပိုပြီးနီးစပ်လာလေ” ဆိုတာပဲ။ ဒါဆို ကျွန်တော်တို့ ဘယ်လောက်သေးငယ်တဲ့ အထိ ခွဲကြ စိပ်ကြ မလဲ။ ငယ်လေကောင်းလေပဲ…ဘာလို့လဲဆိုတော့.ကျွန်တော် တို့ခွဲစိပ် တာ ငယ်လာတာနဲ့အမျှ …ခန့်မှန်းဧရိယာတန်ဘိုးနဲ့ တကယ့်ဧရိယာတန်ဘိုးဟာ ခွဲမရတော့လောက်အောင်(ကွာခြားမှုမရှိတော့လောက်အောင်)ကို တူညီလာလေပေါ့။ ဒါဟာ Calculus မှာ အလွန်အရေးပါတဲ့ Inifinitesimal(ကိန်းအားလုံးထက်သေးငယ်သော၊ အလွန်အမင်းသေးငယ်သော) ဆိုတဲ့ သဘောတရားပဲပေါ့။ အလွန့်အလွန်ကိုငယ်တယ်။ သုညနဲ့တောင်(သာမန်ဆို)ခွဲမရဘူး။ ဒါပေမဲ့ သုညတော့မဟုတ်ဘူး။ အိုကေ..ဒါဟာ..မိတ်ဆွေတို့ Differential Calculus မှာ တွေ့နေတဲ့ “Limit” ရဲ့သဘောတရားပဲပေါ့။ “ကိန်းရှင်တစ်ခု သည် သုညသို့ချဉ်း ကပ်လာသော်…. lim(x approaches to 0) ” လို့မိတ်ဆွေတို့ ပြောပြောနေတဲ့ အရာရဲ့ နောက်ခံ အနှစ်သာရပဲပေါ့။
အိုကေဗျာ…ဒါဆိုကျွန်တော်တို့ အရှိန်လေးရနေတုန်း ရှေ့ဆက်ပြီး တစ်ဆင့်လောက်ထပ်အားထုတ် လိုက်ကြဦးစို့ရဲ့။ အားလုံးသိကြတဲ့အတိုင်း…..
+Arithmetic (ဂဏန်းသင်္ချာ) ဆိုတာ ကိန်း (number) တွေကို ပေါင်း၊ နှုတ်၊ မြှေက်၊ စား လုပ်တဲ့ပညာရပ်။
+Algebra(အက္ခရာသင်္ချာ)ဆိုတာ အဲဒီကိန်း(number)တွေ အချင်းချင်းရဲ့ တခုနဲ့ တခုဆက်သွယ်ချက်(Pattern) ကိုရှာတာ၊
[ဥပမာဗျာ.. ကမ္ဘာကျော် ပိုက်သာဂိုးရပ်စ် ရဲ့ ထောင့်မှန်တြိဂံတစ်ခုရဲ့ အနားတွေအချင်းချင်းဆက်သွယ်ချက်ကို ပြတဲ့ a2 + b2 = c2 ဆိုတဲ့ ညီမျှချင်း(Equation)လို ဟာမျိုးပေါ့။]
ကဲ…ဒါဆိုကဲကုလပ်စ်(Calculus)ကဘာလဲ? ကဲကုလပ်စ်ကဘာလဲဆိုတော့…
+“ကဲကုလပ်စ် ဟာ (အဲဒီလို) ညီမျှခြင်းတွေ အချင်းချင်းရဲ့ ဆက်သွယ်ချက်ကိုရှာတာ” ပဲဗျာ။
[မိတ်ဆွေတို့ Calculus မှာ သုံးနေတဲ့ Function ဆိုတာ တကယ်တော့ Equation တွေပဲဆိုတာမမေ့ပါနဲ့။ function of x ဆို တာ တကယ်တော့ equation for y ပဲပေါ့ ။ x ဝင်ရိုးတစ်လျောက်ပြောင်းလဲလာတဲ့ x ရဲ့ တန်ဘိုးတွေကို function လုပ်လိုက်ရင် (တနည်း) x တန်ဘိုးကို ပေးထားတဲ့ equation ထဲမှာ အစားထိုး ထည့်သွင်းတွက်ချက်လိုက်ရင် y တန်ဘိုးတွေ ရလာတာပဲ မဟုတ်လား။ အဲဒါကြောင့် Calculus ဆိုတာ function တွေအချင်းချင်းရဲ့ ဆက်သွယ်ချက်ကို ရှာတာ ဆိုရင်လည်း မမှားဘူး။ ဤကား စကားချပ်။]
ဥပမာဗျာ
+စက်ဝိုင်းတခုရဲ့ ပတ်လည်အဝန်း (circumference) ကိုရှာတဲ့ equation နဲ့ ဧရိယာကိုရှာတဲ့ equation
+စက်လုံးတစ်ခုရဲ့မျက်နှာပြင် ဧရိယာ ကိုရှာတဲ့ equation နဲ့ စက်လုံးရဲ့ထုထည် ကိုရှာတဲ့ equation
တွေဟာ နီးနီးစပ်စပ် တစ်ခုနဲ့တခု အပြန်အလှန် ဆက်သွယ်နေကြတယ် မထင်ရပေဘူးလား။ အောက်မှာ ကြည့်ဗျာ….

ကဲ..ထင်နေရုံနဲ့တော့မပြီးသေးဘူးဗျို့…လက်တွေ့ဥပမာလေးစလိုက်ကြစို့။
ဆိုပါတော့…ကျွန်တော်တို့ဟာ စက်ဝိုင်းတခုရဲ့ ပတ်လည်အနား ကိုရှာ တဲ့ ညီမျှခြင်း (Equation) ဖြစ်တဲ့၊ “ 2 * pi * r “ တော့သိတယ်။ ဒါပေမယ့် ရှာချင်တာက ဧရိယာ၊ (ပုံသေနည်းမသိဘူးပဲထားပါတော့ဗျာ။) ဘယ်လိုလုပ်ကြမလဲ။
ကဲ ..ကျွန်တော်တို့အပေါ်မှာဆွေးနွေးခဲ့တဲ့ ကဲကုလပ်စ် ရဲ့ အနှစ်သာရကိုမမေ့ဘူးဆိုရင်… ခွဲကြ..စိပ်ကြ..ပိုင်းကြ..ဖြတ်ကြ..စို့ဗျာ။ (တနည်းပြောရရင် “ရှိတ်” တာပေါ့။)
ဆိုပါတော့…အောက်မှာတွေ့ရတဲ့ပုံက၊ ဧရိယာရှာမယ့် စက်ဝိုင်းပုံစာရွက်လေးပေါ့။ မိတ်ဆွေဟာ..သူ့ရဲ့(၎င်း Circle ပုံ စက္ကူပြား) ပတ်လည်အနားတစ်လျောက် (ကတ်ကျေးနဲ့)၊ အပ်ချည်ကြိုးလောက်ကိုသေးတဲ့ သေးသေးမျှင်မျှင်လေး ၊ ဝိုက်ပြီး စက်ဝိုင်းပုံ ကွင်း ကလေးတွေ ရလာအောင် ညှပ်(ဖြတ်) ဗျာ။ [တကယ်လုပ်ကြည့်ဖို့မလိုပါဘူး၊ အောက်မှာပြထားတဲ့ ပုံတွေကြည့်လိုက်ရင် ကို ပဲ ရှင်းပါတယ်။] သေးလေ ကောင်းလေ ဆိုတာလဲ မမေ့နဲ့ပေါ့ဗျာ။
အဲ ဒီ ပထမဆုံး ရလာတဲ့ အကြီးဆုံး ကွင်းရဲ့ radius ဟာ r ပေါ့၊ ဒါဆိုသူ့ရဲ့ circumference က “ 2 * pi * r ” ပေါ့။ ဒီလိုနဲ့၊ တဖြည်းဖြည်းကွင်းတွေကငယ်လာလေလေ၊ circumference က ကျုံ့(Shrink)လာလေလေ၊
အဲဒီ circumference က ဘယ်လောက် ကျုံ့လာသလဲဆိုရင် ၊ အပ်ချည်တမျှင်စာချင်း လျော့လျော့ လျော့လျော့ လာ တဲ့ radius နဲ့ အချိုးကြ ကျုံ့လာတာပေါ့ဗျာ။ “ 2 * pi * r ” ဆိုတဲ့ပုံစံက ဘယ် radius တန်ဘိုးအတွက်မဆို မှန်နေတာကိုး။
[အင်း…မိတ်ဆွေတို့များသတိထားမိသလားမသိဘူး၊ ဒါဟာတကယ်တော့ circumference ကို radius နဲ့ “ရှိတ်” နေတာပဲ မဟုတ်လားဗျာ။]
တဖြည်းဖြည်း ကွင်းလေးတွေက သေးလာလိုက်တာ နောက်ဆုံး အစက်ကလေးတစက်စာလောက်ထိ ကို ငယ်လာမှာပေါ့။ အဲဒီအခြေအနေမှာ radius က zero, circumference က zero ဖြစ်တဲ့အခြေအနေ၊ ထပ်ပြီး ခွဲစိပ်လို့(ကွင်းလုပ်လို့)မရတော့တဲ့ အခြေအနေပေါ့။

ကဲ…ဒီတခါ..အဲဒီကွင်းကလေးတွေအားလုံးကို ဖြန့်လိုက်ဗျာ။ အတိုအရှည်မတူတဲ့ ကြိုး ကလေးတွေရလာမှာပေါ့။ အဲဒီကြိုးကလေးတွေကို (အတို အရှည် ပေါ်မူတည်ပြီး ၊ ကြီးစဉ်ငယ်လိုက် ပဲဖြစ်ဖြစ်၊ ငယ်စဉ်ကြီးလိုက်ပဲဖြစ်ဖြစ်) အောက်မှာပြထားသလို စီလိုက်ဗျာ။ ဒါဆိုရင် ရှင်းပြီထင်ပါတယ်။ [ဒါဟာ ပေါင်းစည်းခြင်း- Integration လုပ်နေတာပေါ့။ ]
အပ်ချည်ကြိုးလောက်ကိုသေးငယ်တဲ့၊ ဒေါင်လိုက်ထောင်ထားတဲ့ မျဉ်းတွေရဲ့ x ဝင်ရိုးတလျောက် စုစုပေါင်း ပေါင်းလာဒ်ဟာ ကျွန်တော်တို့ရဲ့ ဧရိယာရှာချင်တဲ့၊ မူလစက်ဝိုင်းရဲ့ radius ပဲမဟုတ်လား။
တြိဂံ ရဲ့ အမြင့်(y-ဝင်ရိုးတစ်လျောက် အမြင့်ဆုံးတန်ဘိုးဖြစ်တဲ့၊ အကြီးဆုံးကွင်းရဲ့အလျား) ဟာ “2 * pi * r ” ပဲမဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့ဟာ တြိဂံတစ်ခုရဲ့ ဧရိယာဟာ [half * base * height] ဆိုတာ သိထားပြီးသားဖြစ်လေတော့၊
တြိဂံရဲ့ဧရိယာဟာ pi, r, square ပေါ့။ ဒါဟာ တကယ်တော့ ကျွန်တော်တို့ရှာနေတဲ့၊ စက်ဝိုင်းရဲ့ ဧရိယာပဲ မဟုတ်ပါလားခင်ဗျာ။
ဒီနေရာမှာထပ်ပြောချင်တာက၊ Calculus သင်ဖူးသူတိုင်း မှတ်မိလေ့ရှိတဲ့[ဒီတခုတည်းပဲ မှတ်မိကြတော့တာပါ။]
Differential Calculus ရဲ့ ဇာတ်လိုက်ကျော်ကြီး ဖြစ်တဲ့ “Power Rule” ရဲ့ “ပါဝါရှေ့ချ…..ပါဝါတစ်ထပ်လျော့” ဆိုတဲ့ နည်း အတိုင်း(Circle and Sphere Fun Facts မှာ ပြထားတဲ့ ပုံသေနည်းတွေကိုသုံးပြီး)
+စက်ဝိုင်းရဲ့ ဧရိယာကို Differentiate လုပ်ကြည့်လိုက်ဗျာ။ စက်ဝိုင်းရဲ့ Circumference ရလာတယ်မဟုတ်လား။
+စက်လုံးရဲ့ထုထည် ကို Differentiate လုပ်ကြည့်လိုက်ဗျာ။ စက်လုံး ရဲ့မျက်နှာပြင် ဧရိယာ ရမလာဘူးလား။
……
……
နိဂုံးချုပ်ပါရစေ။
ဒီ Blog မှာ ရှိတဲ့၊ ဒီ Post ကို ဖတ်ကြတဲ့မိတ်ဆွေတို့ဟာ၊ အရိပ်ပြအကောင်ထင်မယ့် သူတွေပါ။ ဒီလောက်ဆိုရင် Calculus ရဲ့ ဒေါက်တိုင်ကြီး နှစ်တိုင်ဖြစ်တဲ့ Differentiation နဲ့ Integration ရဲ့၊ နောက်ခံသဘောတရား၊ အနှစ်သာရ နဲ့ သူတို့နှစ်ခုရဲ့ အပြန်အလှန် ဆက်စပ်ပုံကို ရိပ်စားမိလောက်ပြီ လို့ မျှော်လင့်ပါတယ်ခင်ဗျား။ကျွန်တော့ရဲ့ သင်္ချာပညာအဆင့်အတန်း နဲ့ပတ်သက်လို့ကျွနု်ပ်၏အကြောင်းမှာလည်း ဝန်ခံပြီးပါပြီ။ ဒါကြောင့် ဒီ ဆောင်းပါးရဲ့ ရည်ရွယ်ချက်က “အထီး အမ” ခွဲပြရုံမျှသာဖြစ်ပါတယ်။ တကယ်ကျွမ်းကျွမ်းကျင်ကျင် စီးနင်းတတ်ဖို့ကတော့၊ တကယ် ကျွမ်းကျင်သူပညာရှင်တွေဖြစ်ကြတဲ့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်း၊ ဆရာလွဏ်းမောင် တို့လို သင်္ချာပညာရှင်တွေ၊ ဆရာကြီးဒေါက်တာတင်အောင်၊ ဆရာဘိုးလှိုင် စတဲ့ ရူပဗေဒပညာရှင်တွေ ရဲ့ အသေးစိပ်သင်ကြားချက်၊ ပို့ချချက်၊ ဆောင်းပါး၊ စာအုပ်စာတမ်း စတာတွေကို မလွတ်တမ်း ရှာဖွေ စုဆောင်း လေ့လာ ဖတ်ရှုကြပါလို့ လေးစားစွာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
စကားမစပ်ပြောချင်တာကတော့၊ စက်လုံးရဲ့ထုထည် ကိုစိတ်ကူးနဲ့ Differentiate ကြည့်တဲ့အခါ၊ မျက်စေ့ထဲမြင်ရောင်ရမှာက၊ ဂေါ်ဖီထုပ်မှာရှိတဲ့၊ ဂေါ်ဖီရွက်တွေကို၊ တလွှာချင်း တလွှာချင်း၊ တရွက်ချင်း တရွက်ချင်း၊ ဂေါ်ဖီထုပ်ဆိုတဲ့အလုံးကြီး၊ ထုထည်ကြီး ပျောက်သွားတဲ့အထိ၊ ခွာကြည့် နေသလိုမျိုးပေါ့။
(ခြိမ့်ထက်)
References:
Elementary Calculus (An Infinitesimal Approach) 2nd Edition by H.Jerome
Keisler, University of Wisconsin
http://en.wikipedia.org/wiki/Calculus