Friday, December 25, 2020

Nottebohm Case (1955 ICJ)

 Nottebohm Case (1955 ICJ) (Liechtenstein v Guatemala)

=============
မစ္စတာ ဖရက်ဒရစ် နော့တီဘုမ်း (Mr. Friedrich Nottebohm) ဟာ ၁၈၈၁ ခု September 16 ရက်မှာ ဂျာမဏီ (Germany) နိုင်ငံ ဟမ်းဘဂ် (Hamburg) မြို့မှာ မွေးဖွားခဲ့တဲ့ ဂျာမဏီနိုင်ငံသား တစ်ဉီးဖြစ်ပါတယ်။ သူ ဟာ ၁၉၀၅ ခုနှစ်ကစပြီး ဂွါတီမာလာ (Guatemala)နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ဂွါတီမာလာနိုင်ငံမှာပဲ အခြေချနေထိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားပြီးစအချိန် ၁၉၃၉ ခုနှစ်အောက်တိုဘာ သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်းမှာ သူဟာ လက်ချင်စတိုင်း (Liechtenstein) နိုင်ငံရဲ့ ပြုနိုင်ငံသား(Naturalize Citizen) အဖြစ် ရယူခဲ့တယ်။ ၁၉၄၀ မှာ ဂွါတီမာလာနိုင်ငံကို ပြန်သွားပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ အစပိုင်းမှာ ကြားနေခဲ့တဲ့ ဂွါတီမာလာနိုင်ငံက December 11, 1941 မှာ မဟာမိတ်တပ်ဖွဲ့တွေထဲကို ပူးပေါင်းပါဝင်ခဲ့ပြီး ဂျာမဏီကို စစ်ကြေငြာခဲ့တယ်။ အဲ့ဒီ ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးဆက်အနေနဲ့၊ ၁၉၄၃ မှာ ဂွါတီမာလာ က၊ Nottebohm ကို ရန်သူနိုင်ငံခြားသား အဖြစ်သတ်မှတ်ပြီး (သူဟာ ဂျာမဏီနိုင်ငံသားဖြစ်လို့) သူ့ကိုဖမ်းဆီးပြီး အမေရိကန်စစ်စခန်းကို လွှဲပြောင်းပေးခဲ့တယ်။ Mr. Nottebohm ဟာ အဲ့ဒီကနေ အမေရိကန်နိုင်ငံကို ပို့ဆောင်ခြင်းခံရပြီး ၁၉၄၆ အထိ အမေရိကန်မှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်။
ဂွါတီမာလာအစိုးရက ဂွါတီမာလာမှာရှိတဲ့ သူပိုင်ဆိုင်တဲ့ အရာတွေအားလုံး (all moveable & immoveable properties) ကို သိမ်းယူခဲ့တယ်။ အမေရိကန်အစိုးရကလည်း အမေရိကန်မှာရှိတဲ့ Nottebohm ပိုင် ကုမဏီကို သိမ်းယူခဲ့တယ်။
Mr. Nottebohm အထိမ်းသိမ်းခံရာက သူ လွတ်မြောက်တဲ့အချိန် ၁၉၄၆ မှာ သူ ဟာ ဂွါတီမာလာနိုင်ငံကိုပြန်သွားခဲ့ပေမဲ့ ဂွါတီမာလာနိုင်ငံက သူ့ကို ပြည်ဝင်ခွင့် မပေးခဲ့ဘူး။ အဲ့ဒါကြောင့် သူဟာ Liechtenstein နိုင်ငံကို သွားခဲ့ရတယ်။ အဲ့ဒီမှာပဲ Mr. Nottebohm ဟာ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့တယ်။
• 1950 မှာ အမေရိကန်အစိုးရက၊ အမေရိကန်မှာသိမ်းယူထားတဲ့ သူ့ကုမဏီရဲ့ တန်ဘိုးတဝက်ကို Nottebohm မိသားစုထံကို ပြန်ပြီးပေးခဲ့တယ်။
၁၉၅၁ ဒီဇင်ဘာ ၁၇ ရက် မှာ Liechtenstein အစိုးရက သူ့ရဲ့နိုင်ငံသားတစ်ဦးဖြစ်တဲ့ Mr. Nottebohm ရဲ့ကိုယ်စား၊ ဂွါတီမာလာအစိုးရကို
"Mr. Nottebohm ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့မညီပဲ မတရားသိမ်းဆည်းခဲ့တာတွေကို ပြန်ပေးဖို့၊ မတရားသိမ်းဆည်းခဲ့တာတွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့၊ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့မှု နဲ့ မတရား ပြည်နှင်ဒဏ်ပေးခဲ့မှု တွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့"
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆို လျော်ကြေးတောင်းခံခဲ့တယ်။
ဒီ Nottembohm Case အတွက် ICJ ဟာ စီရင်ချက် ဆုံးဖြတ်ချက် နှစ်ကြိမ်ချမှတ်ခဲ့ပါတယ်။
1953 NOVEMBER 18th မှာ ချမှတ်တဲ့ ICJ ရဲ့ ပထမ စီရင်ချက်ကတော့ ဂွါတီမာလာနိုင်ငံကတင်သွင်းတဲ့ ICJ ရဲ့ စီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ ကန့်ကွက်လွှာကို ကြားနာဆုံးဖြတ်တာဖြစ်ပြီး "ICJ မှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းနဲ့ ၊ သက်ဆိုင်ရာ နှစ်နိုင်ငံကို လိုအပ်တဲ့ အထောက်အထား (ဆိုလွှာ/ ခြေလွှာ) တွေ တင်သွင်းရမဲ့ နေ့ရက်နဲ့ ပတ်သက်တဲ့ အမိန့်" ကို ချမှတ်တာဖြစ်တယ်။
၁၉၅၅ ဧပြီ ၆ ရက်မှာ ချမှတ်တဲ့ ICJ ရဲ့ ဒုတိယစီရင်ချက်ကတော့ Mr. Nottembohm နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အတိုချုပ်ရရင်တော့၊ အဲ့ဒီအမှုမှာ ICJ ဆုံးဖြတ်ခဲ့တာက
• အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဟာ၊ သူ့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး၊ လိုအပ်ချက်တွေကို ပြည်တွင်းဥပဒေအဖြစ် (လွတ်လပ်စွာ)ပြဌာန်းခွင့်ရှိတယ်။
• Liechtenstein နိုင်ငံက Mr. Nottebohm ကို ပြုနိုင်ငံသား (naturalize citizen) ပေးလိုက်ခြင်းဟာ၊ စစ်ပွဲကာလအတွင်းမှာ စစ်ဖြစ်နေတဲ့ ရန်ဖက်နိုင်ငံ(ဂျာမဏီ)သား အဖြစ်ကရှောင်လွှဲဖို့၊ ကြားနေနိုင်ငံသား ဖြစ်အောင် လုပ်ပေးလိုက်ခြင်းသာဖြစ်တယ်။
• Mr. Nottebohm ဟာ Liechtenstein နိုင်ငံသားတစ်ရောက်ဖြစ်ဖို့အတွက်၊ Liechtenstein နဲ့ Mr. Nottebohm ရဲ့ကြားမှာ စစ်မှန်တဲ့ ဆက်နွယ်မှု (genuine link)မရှိဘူး။"
• ဒီလိုအခြေအနေမျိုးမှာ ဂွါတီမာလာနိုင်ငံဟာ Mr. Nottebohm ကို Liechtenstein နိုင်ငံသားတစ်ရောက်အဖြစ် အသိအမှတ်ပြုပေးဖို့ တာဝန်မရှိဘူး။
• အကျိုးဆက်အနေနဲ့ Liechtenstein နိုင်ငံဟာ Mr. Nottebohm ကို သူ့နိုင်ငံသားတစ်ရောက်အဖြစ် အကာအကွယ်ပေးလို့ မရဘူး။ ဒါကြောင့် Liechtenstein နိုင်ငံရဲ့ တောင်းဆိုမှု (တရားစွဲဆိုမှု) ကို တင်သွင်းခွင့်မပြုနိုင်ဘူး။
ဆိုပြီး၊ ICJ က Liechtenstein အစိုးရရဲ့ တရားစွဲဆိုမှုကို ပလပ်ခဲ့တယ်။
အနှစ်ချုပ်ကတော့ ဒီကေ့စ်မှာ
"နိုင်ငံနဲ့ နိုင်ငံသားကြားမှာ စစ်မှန်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆက်နွယ်မှု ရှိရမယ်" ဆိုတဲ့ ဥပဒေသ
Principle of Effective Nationality (or) The Nottebohm Principle ကို ICJ က ဖော်ထုတ်ပြီး အတည်ပြုခဲ့တာဖြစ်တယ်။
အဲ့ဒီ Principle of Effective Nationality ဆိုတဲ့ သဘောတရားကို ကျင့်သုံးဖော်ထုတ်ခဲ့တဲ့ ICJ ရဲ့ ဒီစီရင်ချက်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ မူသဘောတရားတွေနဲ့ လူ့အခွင့်အရေးရဲ့ ရှုထောင့်ကနေ စဉ်းစားစရာ ဝေဖန်စရာ သုံးသပ်စရာ စောဒက တက်စရာတွေ အများအပြားရှိနေပါတယ်။ အဲ့တာတွေကတော့ ပုဂ္ဂလဓိဌာန်ဖြစ်နေလို့ ဒီပို့စ်မှာ ချန်လှပ်လိုက်ရင်း၊ "တရားမျှတမှုအတွက် အဆိုးရွားဆုံးသော ရန်သူနံပါတ်တစ်ကတော့ တရားမျှတမှု့ ကင်းမဲ့တဲ့ ဥပဒေတွေ စီရင်ထုံးတွေ ကိုယ်တိုင်ပဲဖြစ်တယ်" လို့ ကောက်ချက်ဆွဲရင်း နိဂုံးချုပ်လိုက်ပါတယ်။

နောက်ဆက်တွဲ။ ဂွါတီမာလာအစိုးရဟာ Mr. Nottebohm ကွယ်လွန်ပြီး၊ ၁၉၆၂ ခုနှစ်ရောက်မှ သူ့ပိုင်ဆိုင်မှုတွေမြောက်များစွာထဲက ကော်ဖီစိုက်ခင်း ၁၆-ခင်းကို သူ့မိသားစုကို ပြန်ပေးခဲ့တယ်။

Monday, December 21, 2020

SS Lotus (France v Turkey) (1927)

 Lotus Case

 ၁၉၂၆ ဩဂုတ်လ ၂ ရက် ည မှာ၊ ပထမတန်း သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" (Monsieur Demons) ဦးဆောင်တဲ့ ပြင်သစ် စာပို့သင်္ဘော "SS Lotus" နဲ့၊ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" (Hassan Bey) ဦးဆောင်တဲ့ တူရကီရေနွေးငွေ့သင်္ဘော Boz-Kourt တို့ဟာ၊ လက်စ်ဘို့စ်ကျွန်း ဆစ်ဂရီအငူ ရဲ့ မြောက်ဖက် ရေမိုင် ၅-မိုင် ၆-မိုင်လောက်အကွာ (five to six nautical miles north of Cape Sigri on Lesbos) ပင်လယ်ပြင်မှာ သင်္ဘောအချင်းချင်း တိုက်မိခဲ့ကြတယ်။ Boz-Kourt သင်္ဘောက နှစ်ပိုင်းပြတ်ပီး နစ်မြုပ်သွားတယ်။ "SS Lotus" က လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ပေးတဲ့အတွက် Boz-Kourt သင်္ဘော Captain "Hassan Bey" အပါအဝင် သင်္ဘောသား (၁၀) ဦးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့  တူရကီနိုင်ငံသား ကျန်သင်္ဘောသား (၈) ဦးကတော့၊ သင်္ဘောနစ်မြုပ်မှုနဲ့အတူ ပျောက်ဆုံး (သေဆုံး) သွားခဲ့တယ်။

 နောက်တနေ့ "ကွန်စတန်တီနိုပယ်" (ယခု "အစ်စ်တန်ဘူလ်" မြို့) ဆိပ်ကမ်းကို SS Lotus ဆိုက်ရောက်တဲ့အချိန်မှာ ဒေသအာဏာပိုင်တွေက ဒီးမွန်စ် ရော ဘေး ကိုပါ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး နှစ်ဦးလုံးကို ဩဂုတ် ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။  ကွန်စတန်တီနိုပယ်မှာရှိတဲ့ ပြင်သစ်သံရုံးက အပြင်းအထန်ကန့်ကွက်နေနဲ့ကြားက တူရကီရဲ့ စတမ်ဘူးလ် (Stamboul) ရာဇဝတ်တရားရုံးက "ပေါ့ဆ လူသေစေမှု" နဲ့ 28 August 1926 နေ့မှာ ဒီးမွန်စ် နဲ့ ဘေး နှစ်ဦးစလုံးကို  စွဲချက်တင် စစ်ဆေးခဲ့တယ်။

 "တူရကီတရားရုံးမှာ စီရင်ပိုင်ခွင့်အာဏာမရှိဘူး"ဆိုတဲ့ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ရဲ့ ငြင်းချက်ကို တူရကီရဲ့ စတမ်ဘူးလ် တရားရုံးကပယ်ချခဲ့ပြီး၊ 15 September 1926 မှာ SS Lotus ရဲ့ သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ကို ထောင်ဒဏ် ရက် (၈၀) နဲ့၊ ဒဏ်ငွေအဖြစ် တူရကီပေါင် (၂၂) ပေါင် ပေးဆောင်စေဖို့ အမိန့်ချတဲ့တယ်။ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" ကို နဲနဲ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုတယ်။

 လူ ၈-ရောက် သေတာကို ရက် (၈၀) ပဲထောင်ဒဏ်ချလို့ ဆိုပြီး အဲ့ဒီ စီရင်ချက်ကို မကျေနပ်တဲ့ တူရကီ "တရားစွဲအရာရှိ prosecutor" က အထက်ရုံးကို အယူခံတက်တယ်။ အယူခံမှုကို ကြားနာနေဆဲကာလမှာ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားရတာဖြစ်လို့ "ဒီးမွန်းစ်" ကို အာမခံနဲ့ လွှတ်ထားပေးတယ်။ ပြင်သစ်နဲ့ တူရကီ တို့ဟာ သံတမန်ရေးရာအရ အကြီးအကြယ် အငြင်းအခုန်ဖြစ်၊ အပြန်အလှန် သတိပေးစာ ကန့်ကွက်စာ တွေပို့ကြနဲ့၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ အငြင်းပွားမှုကို "ခုံသမာဓိနည်း Arbitration" နဲ့ ဖြေရှင်းဖို့ သဘောတူညီမှု ရရှိကြပြီး၊ ဒီအငြင်းပွားမှုကို The Permanent Court of International Justice (PCIJ) က စီရင်ဆုံးဖြတ်ပေးဖို့  ဂျီနီဗာ (Geneva) မှာ 21 October 1926 မှာ လက်မှတ်ရေးထိုး သဘောတူညီမှုရယူခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ PCIJ ရဲ့ ကေ့စ်တွေထဲမှာ အများဆုံး ဆွေးနွေးခြင်းခံရပြီး၊ အနည်းဆုံးပဲ နားလည်ကြတဲ့၊ ဥပဒေပညာရှင်ကြီးတွေကြား အမြင်အမျိုးမျိုး ကွဲပြားကြတဲ့ "SS Lotus" ဆိုတဲ့ ကေ့စ် ပေါ်ပေါက်လာခဲ့တယ်။


ပြင်သစ်က၊ ၁၉၂၃ လော်ဆိန်း ကွန်ဗင်းရှင်း (the Convention of Lausanne of July 24th, 1923) ရဲ့ Article 15 ပါ "တူရကီ နှင့် စာချုပ်ဝင် အခြား နိုင်ငံများကြား ဖြစ်ပွားသော တရားစီရင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များကို၊ နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများနှင့် အညီ ဆုံးဖြတ်ရမည်" ဆိုတဲ့ ပြဌာန်းချက်ကို ထောက်ပြခဲ့တယ်။

ပြင်သစ် ဆိုလိုချင်တာက အဲ့ ဒီလို "နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများ" က၊ အခုလို အမှုမျိုးအပေါ်မှာ တူရကီရဲ့ ပြည်တွင်းဥပဒေကို ကျင့်သုံးပြီး "ရာဇဝတ် တရားစီရင်မှု" ပြုလုပ်တာကို တားမြစ်ထားတယ် လို့ အဆိုပြုတာဖြစ်တယ်။
တူရကီ အစိုးရဖက်က မြင်တာက ဒီလို စီရင်မှုမျိုးဟာ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် အာတီကယ် ၁၅ က တူရကီရဲ့အခုလို ပြည်တွင်းစီရင်ပိုင်ခွင့်ကို ခွင့်ပြုတယ် လို့ မြင်တယ်။
ဒါကြောင့် ဒီ SS Lotus Case မှာ PCIJ အဓိက ဆုံးဖြတ်ရမဲ့အချက်က
"တူရကီဟာ နိုင်ငံတကာ ဥပဒေမူသဘောတရားတွေနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့သလား။
အဲ့ဒီလို ဆန့်ကျင်ဆောင်ရွက်ခဲ့တယ်ဆိုရင် ဘယ် မူသဘောတရားကို ဆန့်ကျင်ဆောင်ရွက်ခဲ့တာလဲ။"
ဆိုတဲ့ အချက်ကို စဉ်းစား ဆုံးဖြတ်ရမှာဖြစ်တယ်။
(တူရကီနိုင်ငံဟာ ပြင်သစ်နိုင်ငံသား မစ္စတာ ဒီမွန်းကို တူရကီဥပဒေအရ ရာဇဝတ်ကြောင်းနဲ့ အရေးယူ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကို ဆိုလိုတာ ရည်ညွှန်းတာ ဖြစ်တယ်။)
ဒီ Lotus Case ကို ကြားနာတဲ့ PCIJ ရဲ့ တရားသူကြီး ၁၂ ပါးထဲမှာ၊ တရားသူကြီး ၆-ပါးက တူရကီဖက်ကို အသာပေးဖြေဆိုပြီး ကျန်တဲ့တရားသူကြီး ၆-ပါးက ပြင်သစ်ဖက်ကို အသာပေးဖြေဆိုကြတယ်။ တစ်ဖက်ကို ၆-မဲစီနဲ့ မဲအရေအတွက် တူညီနေတဲ့အတွက် တရားသူကြီးဥက္ကဌ Max Huber ရဲ့ အဆုံးအဖြတ်နဲ့ တူရကီကို အနိုင်ပေးခဲ့တယ်။
တူရကီဖက်ကို အသာပေးတဲ့ တရားသူကြီးတွေက
- နိုင်ငံတွေရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်နိုင်တယ်လို့ ယူဆလို့ မရနိုင်ဘူး။
- နိုင်ငံတစ်နိုင်ငံရဲ့ စီရင်ပိုင်ခွင့် အပြင်ဖက်မှာ နိုင်ငံခြားသားတစ်ရောက် ကျူးလွန်တဲ့ ရာဇဝတ်မှုကို စစ်ဆေးစီရင်တဲ့၊ ရာဇဝတ်စီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကိစ္စနဲ့ ပတ်သက်ပြီး၊ နိုင်ငံတစ်နိုင်ငံအပေါ် အတိအလင်း ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်း မရှိဘူး။
- (ဆိုလိုတာက) တူရကီရဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းမျိုး မရှိဘူး။
- ဒါကြောင့် တူရကီဟာ နိုင်ငံတကာ ဥပဒေကို မချိုးဖောက်ဘူး။
ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီ ဆုံးဖြတ်ချက်ကြောင့် "နိုင်ငံတကာ ဥပဒေမှာ အတိအလင်း ပိတ်ပင်တားမြစ်ထားတာ မရှိဘူးဆိုရင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ သူ့စိတ်ကြိုက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်" ဆိုတဲ့ The Lotus Principle or Lotus Approach ဆိုတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ အတွေးအခေါ် အယူအဆတစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။
အနှစ်ချုပ်ကတော့ "နိုင်ငံတကာဥပဒေမှာ တားမြစ်ထားတာမရှိရင် လုပ်ပိုင်ခွင့်ရှိတယ်" ဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။
အဲ့ဒီ Lotus Case ရဲ့ စီရင်ချက်အတွေးအခေါ်နဲ့ ပတ်သက်ပြီး ဥပဒေပညာရှင် တွေကြားမှာ အမြင်အမျိုးမျိုးကွဲပြားမှုတွေ ဖြစ်ခဲ့ပါတယ်။
ဥပမာ ဥပဒေပညာရှင် "အီယန် ဘရောင်းလီ Ian Brownlie" က
"အားလုံးကိုခြုံကြည့်ရင် တရားရုံးရဲ့ (Lotus Case) စီရင်ချက်ဟာ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ မူတွေကို ချဉ်းကပ်တဲ့နေရာမှာ အကူအညီမဖြစ်ဘူး အကျိုးမရှိဘူး။ စီရင်ဆုံးဖြတ်ချက်တွေကလည်း မရေမရာနဲ့ ယေဘုယျဆန်တဲ့ သွင်ပြင်လက္ခဏာတွေပဲရှိတယ်။" ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေပညာရှင် Hersch Lauterpacht ကတော့ " (Lotus Case) ဆုံးဖြတ်ချက်ဟာ တရားစီရင်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ ရတနာသိုက် / အဖိုးတန်ပစ္စည်း တစ်ခု" လို့ ဆိုခဲ့ပါတယ်။
တခြား မတူကွဲပြားတဲ့ အမြင်အမျိုးမျိုး သုံးသပ်ချက်အထွေထွေ တွေလည်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ကျမ်းလေးအံ့စိုး၍ ချန်လှပ်ခဲ့ပါကြောင်း။

Friday, October 16, 2020

ဉာဏ်ရည်တုပညာ ပြဿနာ

 ဉာဏ်ရည်တုပညာ ပြဿနာ

================
Q. Are there agent functions that cannot be implemented by any agent program?
မေး. ဘယ်လိုအေးဂျင့်ပရိုဂရမ်မျိုးမှအကောင်အထည်ဖေါ်လို့မရတဲ့ အေးဂျင့်ဖန်ရှင်တွေရှိပါသလား။
A. Yes; the agent function might specify that the agent print true when the percept is a Turing machine program that halts, and false otherwise.
(Note: in dynamic environments, for machines of less than infinite speed, the rational agent function may not be implementable; e.g., the agent function that always plays a winning move, if any, in a game of chess.)
ဘယ်လိုအေးဂျင့်ပရိုဂရမ်မျိုးကမှ အကောင်အထည်ဖေါ်လို့မရတဲ့ အေးဂျင့်ဖန်ရှင်တွေရှိပါတယ်။ ဆိုပါစို့ အေးဂျင့်ဖန်ရှင်တစ်ခုဟာ ကျူးရင်စက် (Turing Machine)မှာ run တဲ့ program ရပ်တန့်ပြီးဆုံးသွားတာကို အာရုံခံသိရှိလိုက်တဲ့အချိန်မှာ True လို့ output အနေနဲ့ ပြရမယ်။ ဒါမှမဟုတ်ရင် False လို့ ပြရမယ်ဆိုပါစို့။ အဲဒီလို အေးဂျင့်ဖန်ရှင်မျိုးကို ဘယ်အေးဂျင့်ပရိုဂရမ်ကမှ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်စွမ်းမရှိဘူး။
(ဤအချက်ကို နားလည်သဘောပေါက်နိုင်ရန်၊ ကွန်ပြူတာသိပ္ပံပညာရပ်ရှိ "တွက်ချက်ခြင်းဆိုင်ရာ ရှုပ်ထွေးခက်ခဲမှုများ "computational complexity" သင်္ခန်းစာတွင်ပါဝင်သော၊ "Halting Problem သည် NP-Hard ဖြစ်ကြောင်း" ကို နားလည်ပြီးဖြစ်ရပါမည်။ ယင်းအချက်များကို ညာဏ်ရည်တုပညာရပ်အတွက်လိုအပ်သော သင်္ချာပညာအခြေခံများ အခန်းတွင် ဆွေးနွေးပါမည်။)
(မှတ်ချက်။ ပြောင်းလဲလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင် (Dynamic Environment) တွေမှာဆိုရင်၊ အနန္တကိန်းထက်ငယ်တဲ့ အမြန်နှုန်းရှိတဲ့စက်အတွက်၊ စစ်တုရင်ကစားပွဲမှာ အမြဲတမ်းနိုင်မယ့် ရွှေ့ကွက်မျိုးနဲ့ကစားဖို့ (တကယ်လို့ အဲဒီလို အမြဲတမ်းနိုင်မယ့်စကားကွက်မျိုးရှိခဲ့ရင်တောင်) ဘယ်လို ကြောင်းကျိုးညီညွတ်မှန်ကန်တဲ့ အေးဂျင့်ဖန်ရှင်မျိုးကိုမှ အကောင်အထည်ဖေါ်ရေးသားနိုင်မှာ မဟုတ်ဘူး။)

Salvage Reward သင်္ဘောကယ်တင်ခ

 Salvage Reward သင်္ဘောကယ်တင်ခ တောင်းခံရာတွင်

ဥပဒေပါတာဝန်ကို ထမ်းဆောင်ခြင်းသည် မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်ခြင်း ဟုတ်-မဟုတ်
မည်သို့သော ဆေင်ရွက်ခြင်းသည် ကယ်တင်ခ တောင်းခံပိုင်ခွင့်ရှိခြင်း
=================
ရေကြောင်းသွားလာရေးသင်္ဘောတွေနဲ့ပတ်သက်ပြီး၊ ကယ်တင်ခတောင်းခံနိုင်ဖို့ဆိုရင် အနဲဆုံး အောာက်ပါ အချက် လေးချက်နဲ့ ကိုက်ညီရပါမယ်။
(၁) ကယ်တင်တဲ့အရာဟာ ရေကြောင်းသွားလာရေးဆိုင်ရာပစ္စည်းတစ်ခု ဖြစ်ရမယ်။ "must be maritime property" (ဖောင်၊ မီးပြသင်္ဘော၊ ဘော်ယာ မဖြစ်ရ)
(၂) ကယ်တင်မဲ့အရာဟာ တကယ်ကို အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ရမယ် (must be in real danger)
(၃) ကယ်တင်ခြင်းလုပ်ငန်းကို မိမိ သဘော ဆန္ဒအလျောက် ဆောင်ရွက်တာ ဖြစ်ရမယ်( must be voluntary)
(၄) ကယ်တင်ခြင်းလုပ်ငန်းဟာ အောင်မြင်ရမယ်( must be successful)
***********
ရေယာဉ်တစ်စီးဟာ ဒုက္ခအခက်အခဲရှိနေတဲ့ တခြားရေယာဉ်တွေကို အကူအညီပေးဖို့ကို
the Merchant Shipping (Safety and Load Line Conventions) Act 1932 ရဲ့ ပုဒ်မ ၂၆ မှာ အတိအလင်းပြဌာန်းထားပါတယ်။
ဒီအခါမှာ စဉ်းစားစရာ ရှိလာတာက အဲ့ဒီလို ဥပဒေပါတာ၀န်ကို ထမ်းဆောင်ခြင်းဟာ "မိမိ သဘော ဆန္ဒအလျောက် ဆောင်ရွက်ခြင်း" ဖြစ် မဖြစ် ဆိုတာပါပဲ။
ဒါပေမဲ့ အဲ့ဒီဥပဒေရဲ့ ပုဒ်မ ၂၆(၇) မှာပဲ
"ဤ ပုဒ်မပါမည်သည့်အချက်ကမျှ ၁၉၁၁ ရေကြောင်းဆိုင်ရာပြဌာန်းချက်အက် ဥပဒေပုဒ်မ ၆ ပါ ပြဌာန်းချက်များအပေါ် အကျိုးသက်ရောက်မှု မရှိစေရ။ ၎င်းပြင် ဤ ပုဒ်မပါ ပြဌာန်းချက်များကိုလိုက်နာခြင်းသည် သူ၏ ကယ်တင်ခြင်းအခွင့်အရေး သို့မဟုတ် အခြားလူတစ်ဦး၏ ကယ်တင်ခြင်းအခွင့်အရေးကို မထိခိုက်စေရ။"
လို့ အတိအလင်း ဖော်ပြထားတဲ့အတွက်
ဥပဒေပါတာ၀န်တရပ်ကို ထမ်းဆောင်ခြင်းဖြစ်ပေမဲ့လည်း ကယ်တင်ခ တောင်းခံနိုင်ပါတယ်။ တရားပြိုင်ဖက်က "မိမိ သဘော ဆန္ဒအလျောက် ဆောင်ရွက်ခြင်း" မဟုတ်ဘူးဆိုပြီး ကန့်ကွက်ပိုင်ခွင့် မရှိပါဘူး။
***********
သင်္ဘောတွေကို ကယ်တင်ရေးနဲ့ပတ်သက်ပြီး နောက်ထပ် စဉ်းစားစရာအချက်က
ဘယ်လို ဘယ်လောက်အထိ၊ ဘယ်လို ပုံစံမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးမှ သင်္ဘောကို ကယ်တင်ရာရောက်သလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
The Tower Bridge [1936 P 30] ကေ့စ်မှာ
တရားပြိုင်ရဲ့ သင်္ဘောဟာ ရေခဲပင်လယ်ပြင်မှာ အန္တရာယ်ကြုံနေတဲ့အတွက် အရေးပေါ်အကူအညီပေးဖို့ SOS (Save Our Solus) messgae လွှင့်လိုက်တယ်။ အဲ့ဒီအခါမှာ တရားလိုရဲ့သင်္ဘောက တရားပြိုင်ရဲ့ သင်္ဘောကို ကူညီဖို့သွားတဲ့အခါ ၆-မိုင်အနီးအနားထိအောင် ရောက်လာပြီဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ တရားပြိုင်ရဲ့ သင်္ဘောဟာ အကူအညီတောင်းစဉ်ကလောက် အခြေအနေမဆိုးတော့ဘူး၊ အန္တရာယ်မများတော့ဘူးဆိုတာ သိလိုက်ရတယ်။ အဲ့ဒါကြောင့် တရားလိုဟာ တရားပြိုင်တောင်းဆိုသလို အဆင်သင့်စောင့်နေပေးဖို့ နဲ့ နောက်ဆိပ်ကမ်းကပ်တဲ့အထိ ကြည့်ပေးဖို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့လဲ တရားပြိုင်ကို အန္တရာယ်ကင်းတဲ့ ရေလမ်းကြောင်းကနေ မောင်းနှင်နိုင်ဖို့ကို ရေဒီယိုဆက်သွယ်ရေးစက်နဲ့ တရားလိုက အကြံဥာဏ်ပေးခဲ့တယ်။
တကယ်တော့ တရားလိုဟာ the Merchant Shipping (Safety and Load Line Conventions) Act 1932 ရဲ့ ပုဒ်မ ၂၆ မှာ ပြဌာန်းထားတဲ့ "ဒုက္ခရောက်နေတဲ့ ရေယာဉ်တွေရဲ့ အကူအညီတောင်းခံမှုကို ဆောင်ရွက်ပေးဖို့တာ၀န်"ကို လိုက်နာဆောင်ရွက်ခြင်းသာဖြစ်ပေမယ့်၊ အဲ့ဒီလိုဆောင်ရွက်ခြင်းဟာ သူ့ရဲ့ ကယ်တင်ခ တောင်းခံပိုင်ခွင့်ကို မတားဆိးနိုင်ဘူး၊ တရားလိုရဲ့အကူအညီဟာ တရားပြိုင်ဆီကနေ "သင်္ဘာကိုကင်တယ်ခ" ရထိုက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။
ဒီကေ့စ်ကိုကြည့်ရင် သင်္ဘောတစ်စင်းကို အန္တရာယ်ကင်းအောင် ခုတ်မောင်းသွားလာနိုင်ဖို့ အဝေးကနေ (ရေဒီယိုဆက်သွယ်ရေးစက်နဲ့) အကြံပေးခြင်းကလည်း၊ ကယ်တင်ခ တောင်းခံပိုင်ခွင့် ရှိတယ်ဆိုတာကို သိရှိနိုင်ပါတယ်။
(REF: Simon Baughen, Shipping Law, Sixth Edition, Routledge, 2015, p.289)

Friday, October 9, 2020

ပေါ့ဆမှု တာဝန်မကင်းသောပေါ့ဆမှု သူတပါးအတွက်တာဝန်ရှိမှု

 ပေါ့ဆမှု၊ တာဝန်မကင်းသောပေါ့ဆမှု၊ သူတပါးအတွက်တာဝန်ရှိမှု နှင့်

ရှုပ်ထွေးသောဖြစ်စဉ်တစ်ခု
=============
Ted ဟာ Ace Medical Supplies ကုမ္ပဏီရဲ့ ယာဉ်မောင်းအဖြစ် အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးတယ်။ သူဟာ မကြာသေးခင်ကပဲ ကုန်ပစ္စည်းတင်မော်တော်ယာဉ်အကြီးစား (HGV - Heavy Goods Vehicle)မောင်းနှင်ခွင့်လိုင်စင် ရခဲ့ပြီးဖြစ်ပေမယ့်၊ သူကို့ အသေးစားဗင်ကားများလေးတွေကို မောင်းဖို့အတွက်ပဲ အလုပ်ခန့်ခဲ့တာဖြစ်တယ်။
တရက်မှာ ရထားတိုက်မှုတခုဖြစ်ပြီး သွေး အရေးတကြီးလိုအပ်နေလို့ အမြန်ပို့ပေးဖို့အကြောင်း Ace Medical Supplies ကုမ္ပဏီကို ဖုန်းခေါ်ပြီး သွေးမှာယူမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ကုန်ပစ္စည်းသယ်တဲ့မော်တော်ယာဉ်အကြီးစားတွေကို ပုံမှန်မောင်းနေကျ HGV ယာဉ်မောင်း Greg ကလည်း ဖျားနာနေတယ်။ အဲ့ဒါကြောင့် ဖောက်သည်ကို ပြိုင်ဖက်ကုမ္ပဏီတွေဆီကို ရောက်သွားမှာစိုးရိမ်တဲ့ မန်နေဂျာ Angie က Ted ကို ကုန်ပစ္စည်းသယ်တဲ့ မော်တော်ယာဉ်ကို မောင်းပြီး ပစ္စည်းပို့ပေးဖို့ တောင်းဆိုခဲ့တယ်။ Ted က အဲ့ဒီကားကိုမောင်းသွားပြီး ပစ္စည်းသွားပို့တဲ့အခါမှာ၊ လမ်းအကွေ့တနေရာမှာ အမှောင်ထဲကနေ လမ်းဖြတ်ကူးလာတဲ့ Maya ကို အရှိန်မထိမ်းနိုင်ပဲ ဝင်တိုက်မိခဲ့တယ်။
အဓိက ငြင်းချက်အနေနဲ့ "Maya ဟာ သူမရဲ့ထိခိုက်နစ်နာမှုအတွက်၊ Ted ကို သူ့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရပါတယ်ဆိုပြီး တရားစွဲဆိုလျော်ကြေးတောင်းခံနိုင်သလား" ဆိုတာကို စဉ်းစားမှာဖြစ်ပါတယ်။
အဲ့ဒီကိစ္စကို တရားမနစ်နာမှု ဥပဒေကြောင်းအရ ဝေဖန်သုံးသပ်ကြည့်တဲ့အခါ
၁. "Donoghue v Stevenson [1932 UK HL 100]" ကေ့စ်မှာ ဆုံးဖြတ်ခဲ့တဲ့ "neighbour principle" အရ Ted မှာ Maya ကို မထိခိုက်စေဖို့ တာဝန်ရှိပါတယ်။
ဒါဟာ ယာဉ်မောင်းတိုင်းဟာ လမ်းအသုံးပြုသူတိုင်းအတွက် တာဝန်ရှိတာဖြစ်တယ်။
၂. ဒါဆိုရင် Ted ဟာ အဲ့ဒီ တာဝန်ကို ချိုးဖောက်ခဲ့သလား ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။
"Nettleship v Weston [1971] 2 QB 691" နဲ့
"Wilsher v Essex Area Health Authority [1988] AC 1074" ကေ့စ်တွေအရ၊ Ted ဟာ အလုပ်ဝင်တာ နှစ်ရက်ပဲရှိသေးပေမဲ့လဲ၊ HGV လိုင်စင်ရပြီးသားဖြစ်လို့ သူဟာ အရည်အချင်းပြည့်ဝတဲ့ HGV ဒရိုင်ဘာတစ်ရောက်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် သာမန်အားဖြင့်တော့ သူဟာပေါ့ဆခဲ့တယ်လို့ ယူဆနိုင်မှာ ဖြစ်ပါတယ်။
"Res ipsa loquitur" မူသဘောတရားအရ၊ "Maya ကိုတိုက်မိခြင်းဟာ Ted ရဲ့ ပေါ့ဆခြင်းအတွက် သက်သေပဲ" လို့ ကောက်ယူနိုင်မဲ့ အခြေအနေတွေ ရှိ-မရှိ၊ အရေးတကြီးအလျင်လိုနေမှု၊ ယာဉ်မောင်းတဲ့အမြန်နှုန်း၊ လမ်းရဲ့အခြေအနေ၊ ရာသီဥတု... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့ဖို့ လိုပါတယ်။
၃. ဒါကြောင့် Ted ဟာ သူ့ရဲ့ ဂရုစိုက်ရမဲ့တာဝန်ကို ချိုးဖောက်ခဲ့လို့ Maya မှာ ထိခိုက်နစ်နာမှု ဖြစ်ရတာလား ဆိုရင် "ဟုတ်တယ်" လို့ပဲ ဖြေရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ မပြည့်စုံသေးပါဘူး။
Ted ဟာ ပေါ့ဆခဲ့တယ်သူရင်၊ သူ့ကို ခိုင်းလိုက်တဲ့ မန်နေဂျာ Angie မှာလည်း "အလုပ်ရှင် အလုပ်သမား ဆက်သွယ်ချက်အရ" သူတပါးအတွက်တာဝန် (Vicarious Liability) ရှိပါတယ်။
ဒါ့အပြင် အသေးစားဗင်ကားလေးတွေကိုမောင်းဖို့အတွက်ပဲ အလုပ်ခန့်ခဲ့တဲ့ Ted အနေနဲ့ အခုကို HGVကိုမောင်းခြင်းဟာ "အလုပ်ရဲ့ ဘောင်အတွင်း ကျရောက်မှု ရှိ - မရှိ" ဆိုတာကိုလည်း စဉ်းစားရပါမယ်။ ဒီကိစ္စဟာ အတော်လေး အငြင်းပွားမဲ့ အပိုင်းဖြစ်ပါတယ်။ (အလုပ်ရဲ့ဘောင်အတွင်းကျရောက်ရင် အလုပ်ရှင်မှာ တာဝန်ရှိတဲ့အတွက် ဖြစ်တယ်။)
ဒါ့အပြင် အမှောင်ထဲမှာ (ပေါ့ဆစွာ) လမ်းဖြတ်ကူးလာတဲ့ Maya မှာလည်း "contributory negligence" (တာဝန်မကင်းသောပေါ့ဆမှု။ နစ်နာမှုအတွက် တရားလိုမှာလည်း တစိတ်တပိုင်း ပေါ့ဆတာဝန်ရှိမှု) ရှိနေနိုင်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့်တော့ အခုလို ကေ့စ်မျိုးကို "yes/no ယတိပြတ်ဖြေလိုက်ရင်၊ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ အတိအကျဖြေလိုက်ရင် ပြည့်စုံမှန်ကန်တဲ့အဖြေ ရမှာမဟုတ်ဘူး၊ ဘက်ပေါင်းစုံက ပြည့်စုံအောင် စဉ်းစားမှသာ အနီးစပ်ဆုံးမှန်နိုင်မဲ့အဖြေကို ရမှာ" ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
REF: Carol Brennan, Concentrate Tort Law, 2017, Oxford University Press, p.74-75