ဌ သည် ဌ [ထဝမ်းဘဲ-ဟုအသံထွက်] အက္ခရာ တစ်လုံးတည်းဖြစ်သည်။
ဋ္ဌ သည် ဋ [တ တလင်းဂျိတ်- (တချို့က တသန်လျင်းဂျိတ် - ဟုအသံထွက်] နှင့် ဌ တို့ထပ်ဆင့်ထားသော ဗျည်းတွဲဖြစ်သည်။
ဌာန၊ ဌာန်၊ ဌာပနာ၊ ပါဌ်ဆင့်၊ သူဌေး စသည်ကိုရေးသောအခါ လည်ရစ်မပါသော ဌ သက်သက်ဖြင့် ရေးရသည်။
ဥက္ကဋ္ဌ၊ အဋ္ဌမ၊ သေဋ္ဌေး၊ ပြဋ္ဌာန်း၊ ကမ္မဋ္ဌာန်း စသည်ကိုရေးရင် ဋ နှင့် ဌ ဆင့်ထားသော လည်ရစ်ပါသည့် ဋ္ဌ နှင့် ရေးရသည်။
*********************************
ဖူး
ထိုင်းနိုင်ငံ ရောက်ဖူးတယ်…။[ဖူး အသံထွက်]
ဂေလမ်း (Geylang) သွားဖူးတယ်….…။[ ဘူး အသံထွက်]
အဲဒီအသီး စားဖူးတယ်….…။[ ဘူး အသံထွက်]
“လေလွင့်သူ” စာအုပ် ဖတ်ဖူးတယ်.. …။[ဖူး အသံထွက်]
“စုန်ရေ” ရုပ်ရှင် ကြည့်ဖူးတယ်.. ။[ ဘူး အသံထွက်]
“ဗိုလ်အောင်ဆန်း” သီချင်း နားထောင်ဖူးတယ်….။[ ဘူး အသံထွက်]
စသည်ဖြင့် အတိတ်က အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ပြဆိုသော ကြိယာအဖြစ် မူလကြိယာ [ရောက်-သွား-စား-ဖတ်-ကြည့်-နားထောင် စသည်] တို့နှင့် တွဲသုံးသည်။
ဘူး
ခိုင်ခိုင်မာမာ သေသေချာချာ ငြင်းပယ်သော စကား ။ မဟုတ်ကြောင်း မမှန်ကြောင်း မလုပ်ကိုင် မဆောင်ရွက် [ခဲ့]ကြောင်း ပြဆိုလိုသောအခါ မ + မူလကြိယာ တို့နှင့် တွဲသုံးသည်။
အဲဒီနိုင်ငံ မရောက်ဘူး ။[ဖူး အသံထွက်]----ယတိပြတ်အငြင်း
အဲဒီနိုင်ငံ မရောက်ဖူးဘူး။ -----------------ရောက်ခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။
အဲဒီနေရာ မသွားဘူး။[ ဘူး အသံထွက်]---ယတိပြတ်အငြင်း
အဲဒီနေရာကို မသွားဖူးပါဘူး။ ------------သွားခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။
အဲဒီအသီး မစားဘူး။[ ဘူး အသံထွက်]----ယတိပြတ်အငြင်း
အဲဒီအသီး မစားဖူးဘူး။------------စားခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။
အဲဒီစာအုပ် မဖတ်ဘူး။[ဖူး အသံထွက်]----ယတိပြတ်အငြင်း
အဲဒီစာအုပ် မဖတ်ဖူးဘူး။------------ဖတ်ရှုခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။
အဲဒီရုပ်ရှင် မကြည့်ဘူး။[ ဘူး အသံထွက်]
အဲဒီသီချင်း နားမထောင်ဘူး။[ ဘူး အသံထွက်]
စသည်များအတွက်လည်း အလားတူ ယူဆကြပါကုန်.....။
(ရည်ညွှန်းကိုးကား)
ပညာရေးဝန်ကြီးဌာန-မြန်မာစာအဖွဲ့ ၏ "မြန်မာစာ မြန်မာစကား"
No comments:
Post a Comment
Note: Only a member of this blog may post a comment.