Saturday, December 11, 2010

မြန်မာ့မဟာဂီတ နှင့် ရှမ်းခေါင်းဆောင်တို့၏ အခန်းကဏ္ဍ

မန္တလေးမှာ ထီးနန်းပျက်သုဉ်းသွားတော့ နန်းတော်သုံး သဘင်သည်တွေအားလုံး အရှင်မဲ့ သခင်မဲ့ ဖြစ်ကျန်ရစ်ပြီး ပေးမယ့် ကမ်းမယ့် ကျွေးမွေးမယ့်သူမရှိ၊ ဘယ်သူကမှ တီးလှည့်ပါ ဆိုလှည့်ပါ ကလှည့်ပါ လို့ မငှားရမ်းနိုင်လို့ စားရမဲ့ သောက်ရမဲ့ ဖြစ်ကုန်ကြတယ်။

နန်းတွင်းမှာကပြတဲ့ ယိုးဒယားအီနောင်ဇာတ်၊ ရာမဇာတ်ကြီးတွေက ဇာတ်ဖွဲ့ ဝင်တွေဆိုတာ သာဆိုးတာပေါ့။ တဇာတ်ကို (၄၅)ည ကပြရတာမျိုး ဘယ်ဆင်းရဲသားက ပွဲသွင်းပြီးကြည့်နေနိုင်မှာလဲ။ အဲဒါကြောင့် ဇာတ်သမားတွေ (၁၀၀) ကျော်လောက် အားလုံး ဒုက္ခရောက်တဲ့အခါ ပခန်းမင်းကြီးကတော်က တတ်နိုင်သလောက် ပေးကမ်းထောက်ပံ့နေရသတဲ့။

အဲဒီသတင်းတွေကို သီပေါကကြားတဲ့အခါ သီပေါကိုခေါ်ပြီး စော်ဘွားက ဆက်လက်စောင့်ရှောက်တယ်။ ဒါကြောင့် ယိုးဒယားဆရာမောင် (ရာမ)၊ ဆရာပေါ်၊ ယိုးဒယား ဦးစိန်အုပ် တို့ သီပေါရောက်ကုန်ကြတယ်လေ။

သီပေါစော်ဘွားက ရာမ အီနောင် ဇာတ်အဖွဲ့သားတွေကိုသာမက မဟာဂီတဘက်က အတီး အဆို သမားတွေကိုလည်း ခေါ်ပြီးကျွေးမွေးပေးကမ်းတယ်။ သီပေါမှာ အမြဲနေနိုင်သူကို အမြဲတမ်းအလုပ်ပေး ထောက်ပံ့တယ်။ မနေနိုင်သူတွေကို သွားချေ ပြန်ချေ နေစေပြီး ထောက်ပံ့ပါတယ်။ ပြီးတော့ ဟော်ထဲမှာ တီးကြ၊ ဆိုကြ၊ ပွဲလမ်းသဘင်တွေ ကကြပြကြပေါ့။

စော်ဘွားက အတီးအဆိုကို တော်ရုံဝါသနာ ပါတာမဟုတ်ဘူး။ ထမင်းစားနေရင်း အတီးအဆိုသံမကြားရရင် ထမင်းမမြိန်ဘူးတဲ့။ ဒါကြောင့် စော်ဘွားပွဲတော် တည်ချိန်မှာ အငြိမ့်တော် အမြဲတမ်း တက်ရတယ်။ စော်ဘွားကြီး စောကြာခိုင်ရော၊ သူ့သားစော်ဘွား စောချယ် ရော ကိုယ်တိုင် တီးရုံ ဆိုရုံ ရေးစပ်ကြရုံ မကဘူး၊ တီးတတ် ဆိုတတ်သူတွေကို စော်ဘွားကတော်အဖြစ်နဲ့ ထားတာတွေလည်း မနည်းဘူး။

ဗြိတိသျှအစိုးရလက်ထက်မှာ သီပေါစော်ဘွားစောချယ်ကို တစ်နေ့တော့ ဗြိတိသျှအစိုးရက ဆာ ဘွဲ့ ပေးပါတယ်။ ဒါကြောင့် ဆာစောချယ် လို့ပဲခေါ်ကြတယ်။
(အမေလူထုဒေါ်အမာ ၏ မြန်မာ့မဟာဂီတ မှ ကောက်နှုတ်ချက်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.