Wednesday, September 30, 2020

သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

 သဘောတူညီမှု၊ တရားမနစ်နာမှု၊ တာဝန်ရှိမှု နှင့် မတူညီသော စီရင်ထုံးနှစ်ခု

======================

Principle of "volenti non fit injuria"

=================

Dann v Hamilton [1939] 1 KB 509

Morris v Murray [1991] 2 QB 6

===================

"volenti non fit injuria" ဆိုတဲ့ တရားမနစ်နာမှုဆိုင်ရာ ဥပဒေဆိုရိုးအတွက်၊ "သဘောတူညီချက်အရ ထိခိုက်နစ်နာခြင်းဖြစ်လျှင် အပြစ်မရှိ" ဆိုတဲ့ ဘာသာပြန်ဆိုချက်ဟာ၊ ဒီဆိုရိုးရဲ့ မူလ အနှစ်သာရကို ထင်ဟပ်နိုင်ခြင်းမရှိမလို၊ နားလည်မှုလွဲမှားစေနိုင်တဲ့ ဘာသာပြန်ဆိုချက်ဖြစ်ပါတယ်။

တကယ် ဖြစ်သင့်တဲ့ဘာသာပြန်ဆိုချက်က 

အင်္ဂလိပ်လိုဆိုရင်

"there can be no injury to one who consents" (သို့မဟုတ်)

"no injury is done to one who consents" ဖြစ်ပြီး၊ 

မြန်မာဆိုဆိုရင်တော့ အနီးစပ်ဆုံး

"သဘောတူလို့လုပ်ရင်၊ (အဲ့ဒီသဘောတူတဲ့လူမှာ)နစ်နာမှုမရှိနိုင်ဘူး" 

"သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး"လို့ပဲ ဖြစ်သင့်ပါတယ်။

နစ်နာမှုမရှိတဲ့အတွက် အပြစ်ရှိတယ် မရှိဘူးဆိုတဲ့ ဆုံးဖြတ်တဲ့အဆင့်ကို မရောက်ဘူး။

အဲ့ဒီအဆင့်ကို မရောက်တဲ့အတွက် အပြစ်ရှိတယ် မရှိဘူးလို့ ပြောဆိုခြင်းဟာ မှားယွင်းပါတယ်။

ဒါ့အပြင် တရားမနစ်နာမှုဥပဒေရှုဒေါင့်ရဲ့ ဘောင်ထဲကသုံးစွဲမယ်ဆိုရင် ရာဇဝတ်မှုမဟုတ်တဲ့အတွက် "အပြစ်ရှိတယ်" ဆိုတဲ့စကားထက် "တာဝန်ရှိတယ်" ဆိုတဲ့ စကားလုံးကိုပဲ သုံးနှုံးသင့်ပါတယ်။

*********************

Dann v Hamilton[1937 D No 1828]; [1939] 1 KB 509 High Court

ဆိုတဲ့ case ကတော့ ဥပဒေကျောင်းသားတိုင်း(လိုလို) ကြားခဲ့ဖူးပြီးဖြစ်မှာပါ။

တရားလိုက အရက်မူးနေတဲ့တရားပြိုင်မောင်းတဲ့ကားနဲ့ လမ်းကြုံလိုက်တယ်။ ကားတိုက်မှုဖြစ်တယ်။ တရားပြိုင် သေဆုံးတယ်။ တရားလို ထိခိုက် ဒဏ်ရာရတယ်။ အဲဒါကြောင့် နစ်နာကြေးရလိုမှု တရားစွဲတယ်။ တရားပြိုင် က "သဘောတူလို့လုပ်တဲ့သူအတွက် နစ်နာမှုမရှိဘူး" ဆိုတဲ့ မူသဘောတရားနဲ့ထုချေတယ်။ 

တရားသူကြီးက 

"အဲ့ဒီမူသဘောတရားကို အလွန်ထူးခြားသော ဖြစ်ရပ်အတွက်သာ လက်ခံနိုင်မယ်။ ဒီကိစ္စက အဲ့ဒီလိုသိပ်ထူးခြားတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒါကြောင့် 'volenti non fit injuria' ကိုလက်မခံဘူး။ တရားလိုကို လျော်ကြေးပေးစေ"

လို့ ဆုံးဖြတ်ခဲ့တယ်။

(မှတ်ချက်။ တကယ်တော့ အလွန်ထူးခြားတယ် မထူးခြားဘူး ဆိုတာ ဘယ်လိုတိုင်းတာတယ်ဆိုတာ မရှင်းလင်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။)

******************

ဖြစ်ရပ်ခြင်း ဆင်တူပြီး၊ ကွဲလွဲစွာဆုံးဖြတ်ခဲ့တဲ့

Morris v Murray [1991] 2 QB 6

ဆိုတဲ့ case မှာတော့

တရားပြိုင်Murray နဲ့ တရားလိုMorris အရက်အတူသောက်ကြတယ်။ 

တရားပြိုင်မှာ လေယာဉ်ပျံအပေါ့စားလေးတစ်စင်းရှိတယ်။ တရားဝင် လေယာဉ်မောင်းလိုင်စင်လည်းရှိတယ်။

အတော်လေး မူးလာတဲ့အချိန်မှာ တရားပြိုင်က လေယာဉ်အပျော်လျှောက်စီးဖို့ တရားပြိုင်ကို ခေါ်တယ်။ တရားပြိုင်ကလည်း သဘောတူတယ်။

အဲ့ဒီလိုနဲ့ Murray က Pilot အဖြစ်နဲ့မောင်းပြီး နှစ်ရောက်သား လေယာဉ်စီးကြတယ်။ 

ရာသီဥတုကဆိုး၊ မြင်ကွင်းမရှင်းလင်း၊ လေကထန်၊ ဆိုတော့ လေယာဉ်ပျက်ကျတယ်။ တရားပြိုင်Murray သေဆုံးတယ်။ Morris က အကြီးအကျယ်ထိခိုက်ဒဏ်ရာရတယ်။

ဒါကြောင့် Morris က

ကွယ်လွန်သူ Murray ရဲ့ "အမွေထိန်းလက်မှတ်ရသူ" ထံကနေ လျော်ကြေး/နစ်နာကြေး ရလိုမှု တရားစွဲဆိုခဲ့တယ်။

အဲ့ဒီအခါမှာ တရားပြိုင်က ဒီအမှုမှာ တရားပြိုင်ရဲ့တာဝန်မရှိကြောင်းကို

1. "volenti non fit injuria" ဆိုတဲ့ Principle နဲ့ 

2. "contributory negligence" (တရားလိုကိုယ်တိုင်ပူးပေါင်းပါဝင်အားဖြည့်ထားတဲ့ပေါ့ဆမှု၊ တရားလိုရဲ့တာဝန်မကင်းတဲ့ပေါ့ဆမှု) 

အဖြစ် ထုချေတယ်။

"volenti non fit injuria" ဆိုတဲ့ Principle အရ

"တရားလို Morris ဟာ၊ တရားပြိုင်Murray မောင်းတဲ့လေယာဉ်ကို၊ အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူစွာ လက်ခံ စီးနင်းခဲ့တာဖြစ်တယ်။

အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ သဘောတူပြီး ပြုလုပ်ခဲ့ရင် ထိခိုက်နစ်နာမှု မမည်ဘူး။ အဲ့ဒါကြောင့် တရားပြိုင်Murray မှာ လျော်ကြေးပေးဖို့ တာဝန်မရှိဘူး" 

ဆိုပြီး တရားပြိုင်က ချေပခဲ့တယ်။

တရားရုံးကလည်း အဲ့ဒီအချက် "နှစ်ချက်" ကိုပဲ ငြင်းချက်အဖြစ်ကြားနာခဲ့တယ်။

အမှုစစ်တရားသူကြီးက

Dann v. Hamilton [1939] 1 K.B. 509 နဲ့

Nettleship v. Weston 1971 2 Q.B. 692 

စီရင်ထုံးတွေကို ကိုးကားပြီး တရားပြိုင်ရဲ့ထုချေချက် "volenti non fit injuria" ကို ပယ်ချခဲ့တယ်။

contributory negligence အနေနဲ့လည်း 20% ပဲ ပါဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တရားပြိုင်က တရားလိုအတွက် နစ်နာကြေး ပေါင် £130,000 ပေးဆောင်ဖို့ 

Judge Rice, Deputy Judge of the Queen's Bench Division က အမိန့်ချခဲ့တယ်။

***********

အဲ့ဒီ စီရင်ချက်ကို မကျေနပ်လို့ 

တရားပြိုင်Murrayဖက်က 

THE SUPREME COURT OF JUDICATURE, COURT OF APPEAL (CIVIL DIVISION)ကို အယူခံတက်တယ်။

အယူခံရုံးက နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကြားနာပြီးတဲ့နောက်

တရားပြိုင်Murray ရဲ့ အယူခံကို လက်ခံပြီး အောက်ရုံးဆုံးဖြတ်ချက်ကို ပယ်လိုက်တယ်။ "volenti non fit injuria" မူသဘောတရားကို လက်ခံပြီး တရားပြိုင်မှာ တာဝန်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။

**************

ဒါကြောင့် အမှုဖြစ်အကြောင်းခြင်းရာ အသေးစိတ်ကိုမသိရင် ပေးမထားရင် အခုလို ဆင်တူဖြစ်ရပ် မျိုးတွေမှာ တရားပြိုင်မှာ တာဝန်ရှိတယ် မရှိဘူး ယတိပြတ် ဖြေဆိုဖို့ ဆုံးဖြတ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ထုတ်လုပ်သူ၊ လက်လီပြန်လည်ရောင်းချသူ၊ သုံးစွဲသူ နှင့် တာဝန်ရှိမှု

 ထုတ်လုပ်သူ၊ လက်လီပြန်လည်ရောင်းချသူ၊ သုံးစွဲသူ နှင့် တာဝန်ရှိမှု

========================

တရားမ နစ်နာမှု ဥပဒေ

=============

Grant (Appellant) v. Australian Knitting Mills (Respondents)[1935]

======================================

• ဩစတေးလျားနိုင်ငံ။ 

၁၉၃၁ ခုနှစ် ဇွန်လမှာ အသက်၃၈ နှစ်အရွယ် ဒေါက်တာ Grant (လူဆရာဝန် 🙂) က John Martin & Co. ဆိုတဲ့ လက်လီအရောင်းဆိုင်ကနေ သိုးမွေး အတွင်းခံဘောင်းဘီ နဲ့ အင်္ကျီလက်ပြတ် နှစ်စုံ ဝယ်ခဲ့တယ်။

• Underwear ဆိုတာတော့ မဝတ်ခင် အရင် လျှော်သင့်ပေမယ့် ဒေါက်တာ Grant က မလျှော်ပဲ ဝတ်လိုက်တယ်။

• ဝတ်ပြီး ကိုးနာရီအတွင်းမှာပဲ သူဟာ အရေပြားယားယံမှုကို စတင်ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒေါက်တာ Grant က ယားတဲ့နေရာကို calamine lotion လိမ်းပြီး အဲ့ဒီ အတွင်းခံကိုပဲ တစ်ပတ်လုံး ဆက်ဝတ်ခဲ့တယ်။

(မှတ်ချက်။ အဲ့ဒီခေတ် အဲ့ဒီကာကလ အဲ့ဒီနိုင်ငံမှာတော့ တပတ်ကို တခါပဲ အတွင်းခံလဲတာက သာမန်လူတွေရဲ့ သာမန်ထုံးစံတစ်ခုပဲ ဖြစ်တယ်လို့ဆိုတယ် 🙂)

• တစ်ပတ်နေတော့ ဒေါက်တာ Grant က ပထမအတွင်းခံကို လျှော်ပြီး ဒုတိယအတွင်းခံကို စတင် ဝတ်ဆင်ခဲ့တယ်။

• အဲ့ဒီအချိန်မှာ သူ့ရဲ့ အရေပြားယားယံခြင်းက ပိုမိုဆိုးရွားလာပြီး ပြင်းထန်တဲ့ အရေပြားရောင်ရမ်းခြင်းဖြစ်လာခဲ့တယ်။

• အဲ့ဒါကြောင့် ဒေါက်တာ Grant က John Martin & Co ကို 

ရောင်းသူက ဝယ်သူ (စားသုံးသူ) ကို ပေးရမဲ့ 

"ကုန်ပစ္စည်းအရည်အသွေး အာမခံချက်ဆိုင်ရာ ပဋိညာဉ်" ကိုဖောက်ဖျက်တယ်ဆိုပြီး တရားစွဲခဲ့တယ်။

(မှတ်ချက်။ တရားမနစ်နာမှုနဲ့ပတ်သက်တဲ့ ကမ္ဘာကျော်အမှု Donoghue v Stevenson ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ British House of Lords က ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမှုအကြောင်း သီးသန့် ဆွေးနွေးပါမယ်။)

ဒါ့အပြင် Australian Knitting Mills စက်ရုံထုတ် အတွင်းခံတွေမှာ "ဆာလ်ဖာဒိုင်အောက်ဆိုဒ်" (သို့) "ဆာလဖိုက်" လို့ ခေါ်လေ့ရှိတဲ့ ဆာလဖာဒြပ်ပေါင်းတွေ အများကြီး ပါနေတယ်။ အဲ့ဒါကြောင့် ဒေါက်တာ Grant က Australian Knitting Mills စက်ရုံကိုလည်း ၎င်းထုတ်လုပ်တဲ့အဝတ်အထည်တွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ဂရုစိုက်မှုမပေးဘူးဆိုပြီး Australian Knitting Mills ကိုပါ တရားပြိုင်အဖြစ် ထည့်သွင်း စွဲဆိုခဲ့တယ်။ 

**************

Case 1: 

Grant 

v. 

John Martin & Co and Australian Knitting Mills Limited [1933]

ဒီအမှုကို တောင်ပိုင်းဩစတေးလျားပြည်နယ် တရားရုံးချုပ် (Supreme Court of South Australia) က၊ 

တရားသူကြီး Sir George John Robert Murray က 

ဒေါက်တာ Grant ရဲ့ နစ်နာမှုအတွက်

လက်လီအရောင်းဆိုင် John Martin & Co မှာ တာဝန်ရှိသလို

ထုတ်လုပ်သူ Australian Knitting Mills လည်း တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး

ဒေါက်တာ Grant အတွက် နစ်နာကြေး (လျော်ကြေး) ပေါင်-၂,၄၅၀ ပေးစေခဲ့တယ်။

*******************************

အဲ့ဒီဆုံးဖြတ်ကို မကျေနပ်လို့  Australian Knitting Mills နဲ့ John Martin & Co က

ဩစတေးလျား ဗဟိုတရားရုံးချုပ် (High Court of Australia) ကို အယူခံတက်တယ်။ 

Case 2:

Australian Knitting Mills Limited and Another(Appellants) 

v. 

Grant (Respondent)

[1933, HCA 35]

ဗဟိုတရားရုံးချုပ်ရဲ့ တရားသူကြီး အများစုက အယူခံမှုကို လက်ခံခဲ့ပြီး 

Australian Knitting Mills နဲ့ John Martin & Co ကို အနိုင်ပေးလိုက်တယ်။

ဩစတေးလျား ဗဟိုတရားရုံးချုပ် မှာ ဒေါက်တာ Grant ရှုံးသွားတယ်။

*******************

အဲ့ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဒေါက်တာ Grant က

ဓနသဟာယ နိုင်ငံတွေရဲ့ အမြင့်ဆုံး အယူခံတရားရုံးဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Privy Council  ကို အယူခံတက်တယ်။

Case 3:

Grant (Appellant)

v.

Australian Knitting Mills (Respondents)[1935] UKPC 62 (on appeal from Australia)

Privy Council က ဒေါက်တာ Grant ရဲ့ အယူခံဝင်မှုကို လက်ခံအတည်ပြုပြီး၊ 

သြစတြေးလျ ဗဟိုတရားရုံးချုပ်ရဲ့ စီရင်ချက်ကို ပယ်ချလိုက်ပြီး၊

သြစတြေးလျ တောင်ပိုင်းတရားရုံးချုပ် ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း၊

ထုတ်လုပ်သူ  Australia Knitting Mills နဲ့ 

လက်လီအရောင်းဆိုင် James Martin & Co နှစ်ခုလုံးဟာ

အယူခံသူ တရားလို ဒေါက်တာ Grant ရဲ့ နစ်နာမှုအပေါ်မှာ တာဝန်ရှိကြောင်း

ဆုံးဖြတ်ခဲ့ပါတယ်။

ဆွဲသင်္ဘော၊ ဆွဲခံသင်္ဘော နှင့် တာဝန်ရှိမှု

 ဆွဲသင်္ဘော၊ ဆွဲခံသင်္ဘော နှင့် တာဝန်ရှိမှု

tug, tow and liability
Doctrine of Principal and Agent (in Tort Law)
============================
ဥပဒေကျောင်းသားအများစု အမှတ်မှားနေကြတဲ့ အချက်တစ်ချက်ဖြစ်တဲ့
သင်္ဘောဆွဲယူရေးလုပ်ငန်းစဉ်မှာ အဆွဲခံ သင်္ဘော tow က Principal
ဆွဲတဲ့ သင်္ဘော tug က agent
ဒါကြောင့် တရားမနစ်နာမှုဥပဒေရဲ့ မူသဘောတရားဖြစ်တဲ့ principle/agent ဆက်သွယ်မှု သူတပါးအတွက်တာဝန်ရှိမှု မူသဘောတရားအရ
သင်္ဘောဆွဲနေချိန်အတွင်း (whilst towing) မှာ agent ရဲ့ ပြုလုပ်မှုအတွက် principal မှာပဲ တာဝန်ရှိတယ်။
[သင်္ဘောပျက်တို့ ဖောင် တို့ကို ဆွဲတာမဟုတ်ရင်] ဆွဲသင်္ဘော tug မှာ ဘာတာဝန်မှ မရှိဘူး...
ဆိုပြီး အမှတ်မှားနေကြပါတယ်။
အောက်ပါအမှုကို လေ့လာကြည့်ပါ။
• ကနေဒါနိုင်ငံ ဗင်ကူဗါးဆိပ်ကမ်း။ June 22, 2007, 10:14 a.m. အချိန်။ Star Hansa ဆိုတဲ့ သင်္ဘောက ဘေးအန္တရာယ်ကင်းကင်းနဲ့ သူ့အတွက်သတ်မှတ်ထားတဲ့ ဆိပ်ကမ်းကနေရာကို ကပ်နေတဲ့အချိန်မှာ၊ (အနားမှာရှိတဲ့) ဆွဲသင်္ဘော Tiger Shark 2 က၊ Star Hansa ရဲ့ ပန်ကာကို တိုက်မိသွားတယ်။
• ဆွဲသင်္ဘော Tiger Shark 2 က အဲ့ဒီအချိန်မှာ တခြား ဆွဲသင်္ဘော နှစ်စီးနဲ့အတူ “ Dubai Fortune” ဆိုတဲ့ သင်္ဘောကို ဆိပ်ကမ်းမှာကပ်နိုင်ဖို့ (ဂိတ်ထိုးနိုင်ဖို့) ကူညီပေးနေတဲ့အချိန်။ Dubai Fortune က compulsory pilot တစ်ရောက်ရဲ့ အုပ်ချုပ် ကွပ်ကဲမှုအောက်မှာ ရှိနေတယ်။ (compulsory pilotage အကြောင်းကို နောက်နောင် ကြုံကြိုက်တဲ့အခါ သီးသန့်ဆွေးနွေးပါမယ်။)
• အဲဒီတိုက်မိမှုအတွက် Star Hansa သင်္ဘောပိုင်ရှင် က Dubai Fortune ပိုင်ရှင်နဲ့ ဆွဲသင်္ဘောသုံးစီးရဲ့ ပိုင်ရှင်ဆီကနေ ဒေါ်လာ ၂.၇ သန်း ကို အတိုးနဲ့တကွ နစ်နာကြေးရလိုမှု တရားစွဲခဲ့တယ်။
• တရားလို Star Hansa သင်္ဘောပိုင်ရှင်ကို ဆွဲသင်္ဘောသုံးစီးရဲ့ ပိုင်ရှင်က (သင်္ဘော တန်ချိန်ပေါ်မူတည်ပြီး ကန့်သတ်ပေးထားတဲ့ လျော်ကြေးမူသဘောအရ) ဒေါ်လာ ၅-သိန်း အလျော်ပေးပြီး ဆွဲသင်္ဘောသုံးစီးအပေါ် စွဲဆိုထားမှုကို ရပ်ဆိုင်း (ကြေအေး) လိုက်ကြတယ်။
• ဒါပေမဲ့ အဲ့ဒီသဘောတူညီမှုက ဘယ်အပေါ်မှာ အခြေခံထားပြီး ကြေအေးခဲ့တာလဲဆိုတော့
Tiger Shark 2 ဆွဲသင်္ဘာမာလိန်မှူး master ရဲ့ ပေါ့ဆမှုအတွက် Dubai Fortune ပိုင်ရှင်ကို principal တစ်ရောက်အနေနဲ့ "သူတပါးအတွက် တာဝန်ရှိမှု" ရှိတယ်ဆိုတဲ့ အချက်နဲ့ Star Hansa သင်္ဘောပိုင်ရှင် က Dubai Fortune ကို ဆက်လက် တရားစွဲမယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။
• ဒီအမှုမှာ Dubai Fortune ရဲ့ ပိုင်းလော့မှာ ပေါ့ဆမှု မရှိတဲ့အတွက် Dubai Fortune (ပိုင်ရှင်) ရဲ့ တာဝန်ရှိမှုကို "ကန့်သတ်ခွင့်" (to limit the liability) ရှိတယ်ဆိုတဲ့အချက်ကို တရားပြိုင် Dubai Fortune က တင်ပြခဲ့တယ်။
အဲဒီမှာ ပေါ်ပေါက်လာတဲ့ တရားရုံးငြင်းချက်က
 Tiger Shark 2 ဆွဲသင်္ဘာမာလိန်မှူးmaster ရဲ့ ပေါ့ဆမှုအတွက် Dubai Fortune မှာ "သူတပါးအတွက် တာဝန်ရှိမှု" "vicarious liability" ရှိသလား
 အဲ့ဒီလို ရှိတယ်ဆိုရင် ပေးရမဲ့ လျော်ကြေးကို ကန့်သတ်တဲ့အခါမှာ Dubai Fortune သင်္ဘောရဲ့ တန်ချိန်ကို မူတည်ပြီး လျော်ကြေးတွက်မလား၊ Tiger Shark 2 သင်္ဘောရဲ့ တန်ချိန်ကို မူတည်ပြီး လျော်ကြေးတွက်မလား
ဆိုတဲ့ ငြင်းချက်နှစ်ရပ်ကို တရားရုံးက ကြားနာခဲ့တယ်။
အတိုချုပ်ပြောရရင် အမှုစစ်တရားသူကြီးက
- Dubai Fortune မှာ "သူတပါးအတွက် တာဝန်ရှိမှု" "vicarious liability" မရှိဘူး။
- အဲ့ဒါကြောင့် ကန့်သတ်မှုပြဿနာ (ဘယ် သင်္ဘောရဲ့ တန်ချိန်ပေါ် မူတည်ပြီး လျော်ကြေးတွက်မလဲ ဆိုတာ) စဉ်းစားမရာ မလိုတော့ဘူး။
ဆိုပြီးဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီဆုံးဖြတ်ချက်ကို တရားလိုStar Hansa က အယူခံတက်တယ်။
အယူခရုံးကလည်း အောက်ရုံးနဲ့ တစ်သဘောတည်း ဆုံးဖြတ်ပြီး အောက်ရုံးအမိန့်ကို အတည်ပြုပြီး အယူခံကို ပယ်ခဲ့တယ်။
အဲ့ဒါကြောင့် ဒီ အမှုကို ကြည့်ရင် whilst towing အချိန်အတွင်းမှာဖြစ်လို့
Principal ဖြစ်တဲ့ ဆွဲခံသင်္ဘော Dubai Fortune က၊
သူ့ရဲ့ agent ဖြစ်တဲ့ ဆွဲသင်္ဘော Tiger Shark 2 ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ
တာဝန်ရှိတယ်ဆိုတာ
အမြဲတန်းမမှန်ဘူး
အကြောင်းခြင်းရာအပေါ်မှာ မူတည်ဆိုတာကို ဒီ case က သက်သေပြနေပါတယ်။
REF:
Grieg Shipping A/S v. Fortune Marine Ltd. (The Dubai Fortune), 2012 FC 1110, 2013 FCA 218
FC = Federal Court
FCA = Federal Court Of Appeal

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ

 ယဉ်ကျေးမှုဆိုင်ရာ နေရာများ ပစ္စည်းများအား တိုက်ခိုက်ခြင်း

============================

လူသားဝါဒနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ

စည်းမျဉ်းအမှတ် -၃၈ အရ

ယဉ်ကျေးမှုဆိုင်ရာ နေရာဒေသနှင့် ပစ္စည်းများအား တိုက်ခိုက်ခြင်းမပြုရ။

[REF: Customary International Humanitarian Law, Rule-38]

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥပဒေအရ

ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုနှင့် ဆိုင်သော အဆောက်အအုံများ သမိုင်းဝင် နေရာများအား ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည်။

[REF: ICC Statute, Article 8(2)(b)(ix) and (e)(iv) ]



ဓါးစာခံဖမ်းဆီးခြင်း

========

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများတွင်လည်းကောင်း၊ 

အပြည်ပြည်ဆိုင်ရာမဟုတ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင်လည်းကောင်း၊

ဂျီနီဗာသဘောတူညီချက် ၄-ခုလုံးတွင်ပါရှိသော ဘုံတူညီသည့် အပိုဒ်-၃ အရ ဓါးစာခံ ဖမ်းဆီးခြင်းကို ပိတ်ပင်တားမြစ်သည်။

[REF: Geneva Conventions, common Article 3]

လူသားဝါဒနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ 

စည်းမျဉ်းအမှတ် - ၉၆ အရ 

ဓါးစာခံ ဖမ်းဆီးခြင်းကို ပိတ်ပင်တားမြစ်သည်။

[REF: Customary International Humanitarian Law, Rule-96]

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများတွင်ဖြစ်စေ၊  

အပြည်ပြည်ဆိုင်ရာမဟုတ်သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် ဖြစ်စေ၊

ဓါးစာခံ ဖမ်းဆီးခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥပဒေ အပိုဒ် ၈ (၂) (က) (၈) နှင့် ၈ (၂) (ဂ) (၃)

[REF: ICC Statute, Article 8(2)(a)(viii) and (c)(iii)]




လူမျိုးတုံးသတ်ဖြတ်မှု (Genocide)

====================

၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သော ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်၊ အပိုဒ် ၂ အရလည်းကောင်း၊

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး နှင့်ပတ်သက်သော ရောမသဘောတူစာချုပ်၊ အပိုဒ် ၆ အရလည်းကောင်း၊

အောက်ပါအချက် တစ်ချက်ချက်ကို ကျူးလွန်လျင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည်။

(က) လူမျိုးစုအုပ်စုတစ်ခုအား ပစ်မှတ်ထား သတ်ဖြတ်ခြင်း

(ခ) လူမျိုးစုတစ်ခု၏ အုပ်စုဝင်များအား ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို ဆိုးဝါးပြင်းထန်စွာ ထိခိုက်စေခြင်း

(ဂ) လူအုပ်စုတစ်ခု၏ ဘဝအသက်ရှင်နေထိုင်မှုဆိုင်ရာ ရုပ်ဝတ္ထုများကို အလုံးစုံသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ တမင် ထိပါးဖျက်ဆီးခြင်း

(ဃ) လူမျိုးစုအုပ်စုတစ်ခုအတွင်း ကလေးမွေးဖွားမှုကို တားဆီးရန်ရည်ရွယ်လျက် ကန့်သတ်ချက်များချမှတ်၍ လိုက်နာစေခြင်း

(င) ကလေးသူငယ်များအား အုပ်စုတစ်စုမှ အခြားတစ်စုသို့ အတင်းအကျပ် ပြောင်းရွှေ့ခြင်း

REF:

1. 1948 Convention on the Prevention and Punishment of the Crime of Genocide (the Genocide Convention), Article II

2. Rome Statute of the International Criminal Court, Article 6

(a) Killing members of the group;

(b) Causing serious bodily or mental harm to members of the group;

(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction

in whole or in part;

(d) Imposing measures intended to prevent births within the group;

(e) Forcibly transferring children of the group to another group.

Sunday, December 29, 2019

တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေး ဆိုင်ရာ ဥပဒေသ

တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေး ဆိုင်ရာဥပဒေသကို
အများလက်ခံထားသော အစဉ်အလာအတိုင်း အဓိပ္ပါယ်သတ်မှတ်ထားသည်မှာ
"သတ်မှတ်ထားသည့် အချို့သောရာဇဝတ်မှုကြီးများသည်
မည်သည့်နေရာ၌ဖြစ်ပွားသည်ဖြစ်စေ၊
ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူမှာ မည်သည့်နိုင်ငံသားပင်ဖြစ်စေ၊
ရာဇဝတ်မှုဆိုင်ရာ ကြားနာစစ်ဆေးခြင်းများအား နိုင်ငံတစ်နိုင်ငံမှ လုပ်ဆောင်ရန် ခွင့်ပြုခြင်း သို့မဟုတ် လုပ်ဆောင်စေခြင်း ဟူသော
ဥပဒေရေးရာစည်းမျဉ်းတစ်ခုဖြစ်သည်။"
၎င်းစည်းမျဉ်း၏ နောက်ကွယ်အကြောင်းတရားမှာ
သတ်မှတ်ထားသည့် အချို့သောရာဇဝတ်မှုကြီးများသည်
နိုင်ငံတကာအကျိုးစီးပွားအပေါ် အန္တရာယ်သက်ရောက်မှု ကြီးမားလွန်းသည့်အတွက်
၎င်းရာဇဝတ်မှုကြီးများသည် မည်သည့်နေရာ၌ဖြစ်ပွားသည်ဖြစ်စေ၊
ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူမှာ မည်သည့်နိုင်ငံသားပင်ဖြစ်စေ၊
ကျူးလွန်သူများကို စစ်ဆေးစီရင်ရန် နိုင်ငံများတွင် မလွဲမသွေတာဝန်ရှိသည်ဟူသော တွေးခေါ်ယူဆချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို ကမ္ဘာ့မည်သည့်နေရာ၌ မည်သူကကျူးလွန်သည်ဖြစ်စေ စစ်ဆေးစီရင်ခွင့်ပြုသည်။
REF:
Principle of Universal Jurisdiction
=========================
The principle of universal jurisdiction is classically defined as "a legal principle allowing or requiring a state to bring criminal proceedings in respect of certain crimes irrespective of the location of the crime and the nationality of the perpetrator or the victim". [1] The rationale behind it is based on the notion that 'certain crimes are so harmful to international interests that states are obliged to bring proceedings against the perpetrator, regardless of the location of the crime and the nationality of the perpetrator or the victim'. Universal jurisdiction allows for the trial of international crimes committed by anybody, anywhere in
the world.'[2]
[1]. Kenneth C. Randall, "Universal jurisdiction under international law", Texas Law Review, No. 66 (1988), pp. 785-8: International Law Association Committee on International Human Rights Law and Practice, "Final Report on the Exercise of universal jurisdiction in respect of gross human rights offences", 2000, p. 2.
[2]. Mary Robinson, 'Foreword', The Princeton Principles on Universal Jurisdiction, Princeton University Press, Princeton, 2001, p. 16.
*****************************************
(ဖွင့်ဆိုရှင်းလင်းချက် - ၁)
================
သတ်မှတ်ထားသည့် အချို့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုကြီးများဆိုသည်မှာ
-ပင်လယ်ဓါးပြမှု
-ကျွန်ပြုခိုင်းစေမှု
-စစ်ရာဇဝတ်မှု
-ငြိမ်းချမ်းရေးကို ဆန့်ကျင်သောရာဇဝတ်မှုများ
-လူသားဖြစ်တည်မှုကို ဆန့်ကျင်သောရာဇဝတ်မှုများ
-လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှု
-ညှင်းပန်းနှိပ်စက်မှု
အစ ရှိသည်တို့ဖြစ်သည်။
(ဖွင့်ဆိုရှင်းလင်းချက် - ၂)
================
ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ နာဇီအစိုးရက ဂျာမန်ပြည်သူများနှင့် ဂျူးလူမျိုးများအပေါ်တွင် လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်သောရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုများ၊ ညှင်းပန်းနှိပ်စက်မှုများကို အလွန်အမင်းဆိုးဝါးရက်စက်စွာ ကျုးလွန်ခဲ့သည့်အတွက်၊ နောက်နောင်တွင် ထိုကဲ့သို့သော ပြစ်မှုများကို မည်သူက မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ၊ မည့်သည့်နိုင်ငံကမှ လျစ်လျုရှုမထားသင့်ဟူသော အတွေးအခေါ် အပေါ်အခြေခံ၍ နိုင်ငံတကာဥပဒေလောကတွင်၊ တစ်ကမ္ဘာလုံးလွှမ်းခြုံသော တရားစီရင်ရေး ဆိုင်ရာ စနစ်ကို စတင်စဉ်းစားလာကြခြင်းဖြစ်သည်။