Tuesday, January 4, 2011

ဂွေးသင်းခံထားရသော နွားများ

၁။ နိုင်ငံတနိုင်ငံဟာ လူတစုကသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံး စုပေါင်းပြီးပိုင်ဆိုင်တဲ့ အားလုံးပိုင်ပစ္စည်းဖြစ်တယ်။

၂။ ဒီလိုပိုင်တာကြောင့် နိုင်ငံသူ နိုင်ငံသား လူအများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ခြင်း ကို ခံရတဲ့ ပုဂ္ဂိုလ် (သို့ မဟုတ်) အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။

၃။ အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြုပြဌာန်းထားတဲ့ ဥပဒေအရသာ အုပ်ချုပ်ရမယ်။

၄။ ပြည်သူလူထုဟာ ဂုဏ်သိက္ခာရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွားရှာဖွေခွင့်၊ ဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရတိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ မွေးရာပါမူလအခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေ ရှိရမယ်။

၅။ အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့် ရှိရမယ်။

၆။ ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရအဖွဲ့ဟာ အလိုအလျောက် ရာထူးကနှုတ်ထွက်ပေးရမယ်။

၇။ အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားတွေကို အခြေခံတားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီ လို့ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွား ဖြစ်တာနဲ့အတူတူပါပဲ။ မခြားနားပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီဖျက်ဆီးသူ မှန်သမျှ ကို ခံချရမယ်။

ဦးနု(25 May 1907 – 14 February 1995)
ဗမာပြည် လွတ်လပ်ရေးရပြီးခေတ် ဒီမိုကရေစီခေတ် ၏ ပထမဆုံး ဝန်ကြီးချုပ်
From 4 January 1948 to 12 June 1956
From 28 February 1957 to 28 October 1958
From 4 April 1960 to 2 March 1962
အထိ သုံးကြိမ်တိုင် ဝန်ကြီးချုပ် တာဝန်ကိုထမ်းဆောင်ခဲ့သူ။
[U Nu with Moshe Dayan during his visit to Israel in 1955]
ပုံကို http://en.wikipedia.org/wiki/U_Nu မှ ရယူပါသည်။

ရည်ညွှန်း။ ဦးနု ၏ “တာတေစနေသား” (Page 204) (1999 - Second Edition, Irrawaddy Publications, India, New Delhi) (ISBN: 81-86754-69-5)


မှတ်ချက်။ ၁၉၄၈-၁၉၄၉ ဗမာပြည်လွတ်လပ်ရေးရစက ဟောပြောဖြန့်ဝေခဲ့ တဲ့ဝန်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီသဘောတရား ဖြစ်ပါတယ်။ ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကတောင် ယုံကြည်အားကိုးတဲ့၊ အမှန်တကယ်ကို ချစ်ခင်လေးစားစရာကောင်းတဲ့၊ တကယ်ကို အရည်အချင်းရှိတဲ့ စိတ်ထားဖြောင့်မတ်တဲ့ ခေါင်းဆောင်ကောင်းတရောက်ဖြစ်ပါတယ်။ လူငယ် လူရွယ် လူလတ် မြန်မာနိုင်ငံအားလုံး သူရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ လွတ်လပ်ရေးရကာစခေတ်ရဲ့ သမိုင်းမှန် တစိပ်တပိုင်းဖြစ်တဲ့ "တာတေ စနေသား" ကို မဖြစ်မနေ ဖတ်ရှုကြည့်ကြပါလို့ လေးစားစွာ တိုက်တွန်းလိုက်ပါတယ်။



အထူးတောင်းပန်ခြင်း။
ထပ်ဆင့် ကူးယူတင်ပြသူ ကျွန်ုပ်အနေဖြင့် ကျွန်ုပ်အကြိုက်နှစ်သက်ဆုံး၊ ဦးနု၏ အထိရောက်ဆုံး ဥပမာခိုင်းနှိုင်းထားသော စကားလုံးအား ကျွန်ုပ်၏ ဘလောဂ့်ခေါင်းစဉ်အဖြစ်သုံးစွဲထားခြင်းအား အကယ်၍ "ရိုင်း" သည်ဟု မိတ်ဆွေတို့မှ ယူဆပါက ကျွန်ုပ်အား "မူရင်းသဘောအတိုင်း တင်ပြသူ" ဟူ၍သာ မှတ်ယူလျက်၊ မေတ္တာရှေ့ထားကာ ခွင့်လွှတ်တော်မူပါမည့်အကြောင်း...။

No comments:

Post a Comment

Note: Only a member of this blog may post a comment.