"အသိပညာ
အကြမ်းဖက်ခံရခြင်း" သို့မဟုတ်
"ဉာဏပိုင်းဆိုင်ရာ
အနိုင်ကျင့်ခံရခြင်း" သို့မဟုတ်
အကြောင်းပြချက်
လမ်းညွှန်ချက်မရှိသော သုတေသနခေါင်းစဉ် ငြင်းပယ်မှု
===================
ကျောင်းသားတစ်ဦးဟာ
မိမိ အမှန်တကယ် စိတ်ဝင်စားတဲ့၊ အားသန်တဲ့၊ ကျွမ်းကျင်တဲ့၊ မိမိ အထူးပြုလေ့လာလိုသော
နယ်ပယ်နဲ့ ဆိုင်တဲ့ “စာတမ်းခေါင်းစဉ်” တစ်ခုကို အကြောင်းပြချက်မဲ့ ငြင်းပယ်ခံလိုက်ရတဲ့
အခြေအနေမျိုးဟာ စစ်မှန်တဲ့ ပညာလိုလားသူ ကျောင်းသားတစ်ဦးအတွက် အလွန့်အလွန် စိတ်ပျက်အားလျော့ဖွယ်ကောင်းတဲ့
အခြေအနေတစ်ခုဖြစ်တယ်။
ပညာရပ်နယ်ပယ်တစ်ခုမှာ
"မသိလို့ မေးတာကို၊ မသိဘဲနဲ့ ဖြေတာ" ထက် "သိချင်လို့ ကြိုးစားတာကို၊
အကြောင်းပြချက်မရှိဘဲ ရိုက်ချိုးတာ" က ပိုပြီး အန္တရာယ်ကြီးတယ်။
"ရှိပြီးသား
ခေါင်းစဉ်ဖြစ်လို့ ပယ်တယ်"
ဆိုတဲ့ စကားတစ်ခွန်းဟာ ပညာရပ်နယ်ပယ်တစ်ခုမှာ အလွယ်ကူဆုံးသော ထွက်ပေါက်ဖြစ်သလို၊ အန္တရာယ်အကြီးမားဆုံးသော
လက်နက်တစ်ခုလည်း ဖြစ်တယ်။
အမှန်တကယ်က
စစ်မှန်သော သုတေသနဆိုတာ လုံးဝဥဿုံ အသစ်စက်စက် (Brand New) ဖြစ်နေဖို့ မလိုဘူး။ ရှိပြီးသား အကြောင်းအရာတစ်ခုကို ရှုထောင့်အသစ်၊
နည်းလမ်းအသစ်၊ ဒေသအသစ် သို့မဟုတ် ကာလအသစ်တစ်ခုနဲ့ ချဉ်းကပ်လေ့လာခြင်းကလည်း ကွက်လပ်ဖြည့်ပေးနိုင်တဲ့
တန်ဖိုးရှိသော သုတေသန (Gap Filling) တစ်ခုပဲဖြစ်တယ်။
ကျောင်းသားတစ်ဦးရဲ့
စိတ်အားထက်သန်စွာ တင်ပြလာတဲ့ အဆိုပြုလွှာကို "တူနေတယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့
ပယ်ချလိုက်တဲ့အခါ ၎င်းပယ်ချသူက အောက်ပါ မေးခွန်းများကို ဖြေကြားရန် မုချ တာဝန်တယ်။
- မည်သည့် စာတမ်းနှင့် တူညီနေသနည်း?
- မည်သည့် အချက်အလက်များ
(Variables/Methodology) ထပ်နေသနည်း?
- ထပ်နေသည်ဆိုလျှင် ထိုထပ်နေသော
လမ်းကြောင်းမှ ခွဲထွက်ပြီး မည်သို့ ဆန်းသစ်နိုင်မည်နည်း?
ဒီလိုအချက်တွေကို
ရှင်းလင်းပြသနိုင်ခြင်း မရှိဘဲ၊ "လမ်းညွှန်မှု ကင်းမဲ့စွာ ငြင်းပယ်ခြင်း"
(Rejection without Guidance) ဟာ ပညာရပ်ဆိုင်ရာ စံနှုန်း (Academic Integrity) နဲ့
ကိုက်ညီမှု မရှိရုံသာမက၊ ဉာဏပိုင်းဆိုင်ရာ ပျင်းရိခြင်း (Intellectual
Lethargy) လည်း ဖြစ်တယ်။
ဆရာတစ်ယောက်ရဲ့
အဓိကတာဝန်က "တံခါးပိတ်ခြင်း" မဟုတ်ဘဲ "တံခါးဖွင့်ပေးခြင်း" သာ
ဖြစ်တယ်။ ကျောင်းသားရဲ့ စိတ်ဝင်စားမှုကို အရင်းတည်ပြီး၊ ရှိပြီးသား ခေါင်းစဉ်တွေနဲ့မတူညီအောင်
ဘယ်လို ခွဲထွက်လေ့လာရမလဲဆိုတာကို လမ်းညွှန်ပြသနိုင်မှသာ "ဆရာကောင်း၊ ဆရာမြတ်"
လို့ ခေါ်ဆိုထိုက်မှာဖြစ်တယ်။
အကြောင်းပြချက်
ခိုင်လုံစွာမပေးဘဲ ကျောင်းသားရဲ့ စူးစမ်းလိုစိတ် (Curiosity) ကို ရိုက်ချိုးလိုက်ခြင်းဟာ
ဉာဏပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့ (Intellectual Bullying) လုပ်ရပ်ဖြစ်ပြီး၊
၎င်းဟာ "အသိပညာ အကြမ်းဖက်မှု"(Intellectual Violence) တစ်ရပ်လို့တောင် ဆိုနိုင်တယ်။ တကယ်တော့ ဒီလိုလုပ်ရပ်ဟာ
ကောင်းမွန်နိုင်ခြေရှိတဲ့ သုတေသန စာတမ်းတစ်စောင်ကို ပယ်ချလိုက်ခြင်း မဟုတ်ဘဲ၊ အနာဂတ်မှာ
ပေါ်ထွန်းလာနိုင်တဲ့ ပညာရှင်တစ်ဦးရဲ့ ယုံကြည်မှုကိုပါ သတ်ဖြတ်လိုက်ခြင်း ဖြစ်နေနိုင်တယ်။
နိဂုံး။
ပညာရှိသူတို့မည်သည်
"မလုပ်ရ" ဟု တားမြစ်ရုံဖြင့် မလုံလောက်၊ "မည်သို့လုပ်လျှင် ပိုကောင်းမည်"
ကို ညွှန်ပြနိုင်မှသာလျှင် ၎င်းရှိနေသောနေရာ၌ ရှိနေသင့်တယ်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.