Tuesday, October 21, 2025

ဥပဒေ (Law), တရားမျှတမှု (Justice) နှင့် အမှန်တရား (Truth) တို့၏ ပဋိပက္ခများ

ဥပဒေတွေးခေါ်ပညာရှင် (Legal Philosopher) ပဲဖြစ်ဖြစ်၊ ဥပဒေပညာရှင် (Legal Scholar) ပဲဖြစ်ဖြစ်၊ အားလုံး သဘောတူညီကြတာတစ်ခုကတော့ ဒီ သုံးခုဟာ အမြဲတမ်း ထပ်တူကျမနေဘူး ဆိုတာပါပဲ။ တခါတရံမှာ သူတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတတ်ပြီး၊ အဲဒီလို ဆန့်ကျင်မှုတွေကပဲ ကျွန်တော်တို့ရဲ့ ဥပဒေစနစ်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။

၁။ ဥပဒေ (Law) နှင့် တရားမျှတမှု (Justice) သည် မိတ်ဆွေလော၊ ရန်သူလော။
ဥပဒေစနစ်တစ်ခုမှာ ပါဝင်သူတွေဖြစ်တဲ့ တရားသူကြီးတွေ၊ တရားစွဲအရာရှိတွေနဲ့ ရှေ့နေရှေ့ရပ် တွေရဲ့ အလုပ်က "ဥပဒေ" ကို လေ့လာဖို့၊ အဓိပ္ပာယ်ဖွင့်ဖို့၊ ဒါမှမဟုတ် ကျင့်သုံးဖို့ပါ။ ဒါပေမဲ့ ၎င်းတို့ရဲ့ ရည်မှန်းချက် က "တရားမျှတမှု" ကို ဖော်ဆောင်ဖို့ သာဆိုရင်တော့၊ ဒီနေရာမှာပဲ ပထမဆုံး ပဋိပက္ခကို စတွေ့ပါတယ်။
Legal Positivism (ဥပဒေ အတည်ပြုမှုဝါဒ) က ကျွန်တော်တို့ကို သင်ပေးတာက ဥပဒေဆိုတာ အချုပ်အခြာအာဏာပိုင် (Sovereign) က ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေသာ ဖြစ်တယ်။ ဥပဒေတစ်ခုဟာ ကိုယ်ကျင့်တရားအရ ကောင်းသလား၊ ဆိုးသလား (တရားမျှတသလား၊ မမျှတဘူးလား) ဆိုတာနဲ့ သူ့ရဲ့ "ဥပဒေအဖြစ် တည်မြဲမှု၊ ဥပဒေအဖြစ်ဆင်ခြင်ကြည့်ရာတွင် မှန်ကန်မှု (Validity)" ဟာ သက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။
ဥပဒေပညာရှင်ကြီး ‘ဂျွန် အော်စတင်’ John Austin (3 March 1790 – 1 December 1859) ပြောခဲ့သလိုပါပဲ၊ “ဥပဒေဆိုတာ အမိန့် (Command) သာ ဖြစ်တယ်”။ ဒါပေမဲ့ ဒီအမြင်ကို လက်ခံလိုက်ရင်၊ ကျွန်တော်တို့ဟာ နည်းစနစ်တကျ ပြဋ္ဌာန်းထားခြင်းဖြစ်သော်လည်း၊ လုံးဝ တရားမျှတမှုမရှိတဲ့ ဥပဒေတွေ (ဥပမာ - Apartheid ခွဲခြားဆက်ဆံရေး ဥပဒေများ၊ နာဇီ ဂျာမနီရဲ့ ဥပဒေများ) ကိုလည်း "ဥပဒေ" အဖြစ် လက်ခံရမလို ဖြစ်နေပါတယ်။
ဒီနေရာမှာ Natural Law (သဘာဝ ဥပဒေ) တွေးခေါ်ရှင်တွေက ဝင်ရောက်စိန်ခေါ်ပါတယ်။ St. Augustine ကနေ Thomas Aquinas (1225 – 7 March 1274)) အထိ လက်ဆင့်ကမ်းလာတဲ့ အဆိုတစ်ခုရှိပါတယ်။
"Lex iniusta non est lex." (An unjust law is not law.)
ဒီအဆိုက "တရားမျှတမှုမရှိတဲ့ ဥပဒေဟာ ဥပဒေလို့ မခေါ်ထိုက်ဘူး" လို့ ပြတ်ပြတ်သားသား ဆိုပါတယ်။
ဒီတော့ - ကျွန်တော်တို့ဟာ ဥပဒေရဲ့ "စာသား (Letter of the Law)" ကို တိတိကျကျ လိုက်နာ အကောင်အထည်ဖော်တဲ့ နည်းပညာရှင် (Technicians) တွေသက်သက်ပဲလား။ ဒါမှမဟုတ် ဥပဒေရဲ့ "အနှစ်သာရ (Spirit of the Law)" ဖြစ်တဲ့ တရားမျှတမှုကို ရှာဖွေဖော်ထုတ်ရမယ့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိသူတွေလား။
အမေရိကန် တရားသူကြီး Oliver Wendell Holmes Jr. ( (March 8, 1841 – March 6, 1935) ကတော့ ပိုပြီး လက်တွေ့ကျတဲ့ အမြင်ကို ပေးခဲ့ပါတယ်။
"The prophecies of what the courts will do in fact, and nothing more pretentious, are what I mean by the law." (တရားရုံးတွေက လက်တွေ့မှာ ဘာလုပ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းချက်တွေ၊ အဲဒါထက် ပိုမို ဟန်ဆောင်မှုမရှိတဲ့ အရာတွေဟာ၊ ဥပဒေလို့ ဆိုလိုတာပါပဲ။)
ဒီအဆိုအရ ဥပဒေဆိုတာ တရားမျှတမှုဆိုတဲ့ မြင့်မြတ်တဲ့ အယူအဆမဟုတ်ဘဲ၊ တရားရုံးက ချမှတ်မယ့် "အကျိုးဆက် (Consequence)" သာ ဖြစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ တရားမျှတမှုနဲ့ အများကြီး ကွာဟသွားနိုင်ပါတယ်။

၂။ ဥပဒေ (Law) နှင့် အမှန်တရား (Truth) - အမှန်တရားကို ရှာဖွေခြင်းလော၊ အငြင်းပွားမှုကို ဖြေရှင်းခြင်းလော။
ကျွန်တော်တို့ရဲ့ တရားစီရင်ရေးစနစ် (Legal System) ဟာ "အမှန်တရား (Truth)" ကို ရှာဖွေဖို့ တည်ဆောက်ထားတာလို့ အများစုက ထင်ကြတယ်။ ဒါပေမဲ့ ဥပဒေတွေးခေါ်ပညာရှင်တစ်ယောက်အနေနဲ့ ရှုမြင်သုံးသပ်ရရင်၊ ကျွန်တော်တို့ရဲ့ စနစ်ဟာ "အကြွင်းမဲ့ အမှန်တရား (Absolute Truth)" ကို ရှာဖွေတာထက်၊ "တရားဥပဒေအရ လက်ခံနိုင်သော အမှန်တရား (Legal Truth)" ကို တည်ဆောက်တာ၊ ဒါမှမဟုတ် "အငြင်းပွားမှုကို အဆုံးသတ် ဖြေရှင်း (Dispute Resolution)" တာကိုသာ ပိုပြီး ဦးတည်နေပါတယ်။
ဒါကြောင့် တရားရုံးက ချမှတ်လိုက်တဲ့ "စီရင်ချက် (Verdict)" ဟာ "တကယ် ဘာဖြစ်ခဲ့သလဲ (What really happened)" ဆိုတဲ့ အမှန်တရားနဲ့ အမြဲတမ်း ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ အဲဒါဟာ တင်သွင်းလာတဲ့ သက်သေအထောက်အထားတွေအပေါ် မူတည်ပြီး၊ ဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘောင်ထဲကနေ ကောက်ချက်ချလိုက်တဲ့ "တရားဝင် အမှန်တရား (Legal Finding of Fact)" သာ ဖြစ်ပါတယ်။
အမေရိကန် တရားသူကြီးချုပ်ဟောင်း Robert H. Jackson (February 13, 1892 – October 9, 1954) က တရားရုံးချုပ်ရဲ့ အခန်းကဏ္ဍကို ပြောခဲ့တာ မှတ်သားစရာပါ။
"We are not final because we are infallible, but we are infallible only because we are final." (ကျွန်ုပ်တို့ဟာ မမှားနိုင်သောသူတွေ (infallible) ဖြစ်လို့ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သူ (final) ဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သူတွေ ဖြစ်နေလို့သာ မမှားနိုင်သူတွေ (အဖြစ် မှတ်ယူခံရတာ) ဖြစ်ပါတယ်။)
ဒီအဆိုက ဥပဒေရဲ့ "အမှန်တရား" ဟာ ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိနေတာထက်၊ အာဏာပိုင်အဖွဲ့အစည်းက "ဒါ အမှန်ပဲ" လို့ ဆုံးဖြတ်လိုက်ခြင်း (Authoritative Pronouncement) အပေါ်မှာ တည်မှီနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။

၃။ ရှုပ်ထွေးသော သုံးပွင့်ဆိုင် - Law, Justice, and Truth
အခု ဒီသုံးခုကို ပေါင်းစပ်ကြည့်ရအောင်။
• ကျွန်တော်တို့ဟာ ဥပဒေ (Law) ဆိုတဲ့ နည်းလမ်းကို သုံးပြီး...
• အမှန်တရား (Truth) ကို ရှာဖွေကာ...
• တရားမျှတမှု (Justice) ကို ဖော်ဆောင်ဖို့ ကြိုးစားကြတယ်။
ဒါပေမဲ့ ဒီသုံးခု ထိပ်တိုက်တွေ့တဲ့အခါ ဘာဖြစ်လာသလဲ။
၁။ ဥပဒေ ရှိပြီး အမှန်တရား ရှိသော်လည်း၊ တရားမျှတမှု ပျောက်ဆုံးခြင်း
ဥပမာ - "Mandatory Sentencing" (မဖြစ်မနေ ချမှတ်ရမည့် ပြစ်ဒဏ်) ဥပဒေတွေ။ တစ်စုံတစ်ယောက်ဟာ နည်းပညာအရ ပြစ်မှုကျူးလွန်တာ "မှန် (Truth)" ပါတယ်။ ဥပဒေ (Law) ကလည်း ပြစ်ဒဏ်ကို တိတိကျကျ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အဲဒီလူရဲ့ ပုဂ္ဂိုလ်ရေး အခြေအနေ (ဥပမာ - ဆင်းရဲလွန်းလို့ ခိုးယူမိခြင်း) ကို ထည့်မစဉ်းစားဘဲ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်လိုက်ရခြင်းဟာ "တရားမျှတမှု (Justice)" နဲ့ ကိုက်ညီပါရဲ့လား။
၂။ တရားမျှတမှု ရှိသော်လည်း၊ ဥပဒေ နှင့် အမှန်တရား အပြည့်အဝ မရှိခြင်း
ဥပမာ - "Plea Bargain" (အပြစ်ဝန်ခံ အပေးအယူလုပ်ခြင်း)။ တရားခံဟာ ပြစ်မှုကြီးကို ကျူးလွန်ခဲ့တာ (Factual Truth) ဖြစ်နိုင်ပေမဲ့၊ အချိန်ကုန်၊ ငွေကုန် သက်သာစေဖို့၊ ဒါမှမဟုတ် သက်သေမခိုင်လုံမှာ စိုးလို့၊ ပြစ်မှုငယ်လေးတစ်ခုကိုပဲ ဝန်ခံစေပြီး အဆုံးသတ်လိုက်တယ်။ ဒီနေရာမှာ "အမှန်တရား အပြည့်အစုံ" ကို မရလိုက်ဘူး။ "ဥပဒေ" ရဲ့ လုပ်ငန်းစဉ် အပြည့်အစုံကို မဖြတ်သန်းရဘူး။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ "တရားမျှတမှု တစ်စိတ်တစ်ပိုင်း" (Imperfect Justice) ကို ရလိုက်တယ်။
၃။ ဥပဒေ ပုံစံ ရှိသော်လည်း၊ အမှန်တရား နှင့် တရားမျှတမှု လုံးဝ ကင်းမဲ့ခြင်း
ဒါကတော့ အဆိုးဆုံး အခြေအနေပါ (ဥပမာ - Show Trials)။ ဥပဒေရဲ့ "ပုံစံ (Form)" တွေ (တရားရုံး၊ တရားသူကြီး၊ ရှေ့နေ) အကုန် ရှိတယ်။ ဒါပေမဲ့ ရလဒ်ကို ကြိုတင်သတ်မှတ်ထားတယ်။ အမှန်တရားကို လုံးဝ မျက်ကွယ်ပြုပြီး၊ တရားမျှတမှုကို ချေမွပစ်တယ်။ ဒီနေရာမှာ ဥပဒေဟာ "တရားမျှတမှု" ရဲ့ လက်နက် မဟုတ်တော့ဘဲ၊ "မတရားမှု (Injustice)" ကို တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့ (Legitimize) ကိရိယာ ဖြစ်သွားပါတယ်။
အဲ့တာကြောင့် နိဂုံးချုပ် သုံးသပ်ရရင်
ဥပဒေပညာရပ်ဟာ သက်တောင့်သက်သာ ရှိလှတဲ့ ပညာရပ် မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စည်းမျဉ်းတွေကို အလွတ်ကျက်မှတ်နေရုံနဲ့ မပြီးပါဘူး။ အမေရိကန်ဥပဒေတွေးခေါ်ပညာရှင် Ronald Dworkin (December 11, 1931 – February 14, 2013) က ထောက်ပြခဲ့သလိုပဲ၊ ဥပဒေဆိုတာ စည်းမျဉ်းတွေ (Rules) သက်သက် မဟုတ်ဘဲ၊ အခြေခံမူတွေ (Principles) လည်း ပါဝင်ပါတယ်။
"Law is not exhausted by any catalogue of rules or principles... it is a matter of interpretation." (ဥပဒေဆိုတာ စည်းမျဉ်းတွေ၊ ဒါမှမဟုတ် အခြေခံမူတွေ စာရင်းတစ်ခုနဲ့ ကုန်ဆုံးသွားတာ မဟုတ်ဘူး... ဒါဟာ အဓိပ္ပာယ်ဖွင့်ဆိုရမယ့် ကိစ္စတစ်ရပ် ဖြစ်တယ်။)
ဥပဒေပညာရှင်တွေ၊ ဥပဒေပညာရှင်ဟု အဆိုရှိသူတွေဟာ၊ ဥပဒေတစ်ခုကို ဖတ်ရှု၊ သုံးသပ်၊ ဝေဖန်တဲ့အခါတိုင်း မေးရမယ့် မေးခွန်းတွေက-
• ဒီဥပဒေဟာ "တရားမျှတမှု" ဆိုတဲ့ ပန်းတိုင်ကို ဦးတည်ရဲ့လား။
• ဒီဥပဒေကျင့်သုံးမှုဟာ "အမှန်တရား" ကို ဖော်ထုတ်ဖို့ ကူညီရဲ့လား၊ ဒါမှမဟုတ် ဖုံးကွယ်ထားသလား။
• ဥပဒေ၊ တရားမျှတမှု၊ နဲ့ အမှန်တရားတို့ လမ်းခွဲသွားတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ပညာရှင်ဆိုင်ရာ သစ္စာစောင့်သိမှု (Intellectual Allegiance) ဟာ ဘယ်အရာအပေါ်မှာ ရှိသင့်သလဲ။
"ဥပဒေ" ဆိုတာ "တရားမျှတမှု" နဲ့ "အမှန်တရား" ဆိုတဲ့ အသက်ဝိညာဉ် မရှိရင်၊ အဲဒီ "ဥပဒေ" ဟာဖိနှိပ်မှု ကိရိယာတစ်ခု ဖြစ်သွားပါလိမ့်မယ်။
ဥပဒေပညာရှင်တွေရဲ့ အလုပ်ဟာ ဒီသုံးခုကြားက ပဋိပက္ခနဲ့ တင်းမာမှုကို အမြဲတမ်း သတိပြုမိနေဖို့၊ ပြီးတော့ ဥပဒေကို တရားမျှတမှု၊ အမှန်တရားတို့နဲ့ တတ်နိုင်သမျှ ပိုမိုနီးကပ်အောင် တွန်းပို့ပေးဖို့ ကြိုးစားနေရတဲ့၊ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အတွေးအခေါ်ဆိုင်ရာ ရုန်းကန်မှုတစ်ခုပဲ ဖြစ်ပါတယ်။
Martin Luther King Jr. (January 15, 1929 – April 4, 1968) ရဲ့ စကားနဲ့ပဲ အဆုံးသတ်ပါမယ်။
"Injustice anywhere is a threat to justice everywhere."
တစ်နေရာရာမှာ ရှိနေတဲ့ မတရားမှုဟာ၊ နေရာတိုင်းမှာ ရှိနေတဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေခြင်း ဖြစ်တယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.