Wednesday, August 2, 2017

အများစု ကောင်းစားရေးဝါဒ

ဗြိတိသျှလူမျိုး အတွေးအခေါ်ပညာရှင် ဥပဒေပညာရှင် နဲ့ လူမှုပြုပြင်ရေးသမား ဂျရမီး ဘင်သမ် Jeremy Bentham (1748-1832) က Introduction to the Principles of Morals and Legislation (1780) ဆိုတဲ့ စာအုပ်မှာ အများပဓါနဝါဒ (Utilitarianism - ယူတလီ တေးရီးယန်း နစ်ဇင်)၊ တနည်း “အများစု ကောင်းစားရေးဝါဒ၊ အများစု ပျော်ရွှင်နိုင်ရေး ဦးစားပေးဆိုတဲ့ အတွေးအခေါ် အယူအဆတစ်ရပ်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။
utilitarianism  ရဲ့ ဆောင်ပုဒ်က the greatest happiness of the greatest number ဆိုပြီးဖြစ်ပါတယ်။
သူ့ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ ဂျွန်စတူး၀ပ်မေးလ် John Stuart Mill လက်ထက်မှာဆိုရင် ဘင်သမ်ရဲ့ အဲဒီအတွေးအခေါ်အယူအဆဟာ လစ်ဘရယ် နိုင်ငံတော်မူဝါဒ လမ်းစဉ် ရဲ့ အဓိက အချက်တစ်ခုအဖြစ်တောင်မှ ပါ၀င်လာခဲ့ပါတယ်။
ဘင်သမ်က “သဘာ၀တရားကြီးက လူတွေကို ဒုက္ခ (pain) နဲ့ သုခ (pleasure) ဆိုတဲ့ အကြွင်းမဲ့တရားနှစ်ပါးနဲ့လွှမ်းမိုးချုပ်ကိုင်ထားတယ်။ အဲဒီ တရားနှစ်ပါးကသာ လူတွေ ဘာလုပ်သင့်တယ် ဘာလုပ်ရမယ်ဆိုတာကို ညွှန်ပြတယ်။ တဖက်ကကြည့်ရင် ဒါဟာ အမှန် နဲ့အမှား ကို တိုင်းတာတဲ့ စံ ဖြစ်ပြီး၊ တခြားဖက်ကကြည့်ရင်တော့ အကျိုး နဲ့ အကြောင်းရဲ့ ကွင်းဆက်ဖြစ်တယ်။ ဒါကြောင့် အဲဒီတရားနှစ်ပါးကသာ ကျွန်ုပ်တို့လုပ်ကိုင်ပုံ၊ ပြောဆိုပုံ၊ တွေးခေါ်ပုံတွေ အားလုံးကို အုပ်စီးထားတယ်။ လို့ဆိုပါတယ်။
ဒါကြောင့် “လူတွေဟာ တစ်ခုခုကို ရွေးချယ် ဆုံးဖြတ် လုပ်ကိုင်ရတော့မယ်ဆိုရင် လူများစုအတွက် အပျော်ရွှင်ဆုံးဖြစ်စေမယ့် နည်းလမ်းကိုရွေးချယ်ရမယ်  လုပ်ကိုင်ရမယ်။ အဲ့ဒီလို လုပ်တာဟာ မှန်ကန်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆဖြစ်ပြီး အဲဒီဝါဒကို “အများဆုံး ပျော်ရွှင်စေရေး ဦးစားပေးဝါဒ Principle of Utility သို့မဟုတ် Greatest Happiness Principle” လို့လည်း ခေါ်ပါတယ်။
သူ့ရဲ့အဆိုအရ “လုပ်ရပ်တစ်ခုဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခု ဟုတ် မဟုတ် ဆုံးဖြတ်ဖို့ဆိုရင် အဲဒီလုပ်ရပ်ဟာ လူအရေအတွက်အများဆုံးကို အပျော်ရွှင်ဆုံး ဖြစ်စေမယ့် လုပ်ရပ် ဖြစ် မဖြစ် မေးခွန်းထုတ်ကြည့်ဖို့ပဲလို့ဆိုပါတယ်။ လွယ်အောင်ပြောရရင်တော့ အများစုအတွက် အကျိုးရှိ မရှိ (အကျိုးအတွက် ပေတံဟာ pleasure) ဆိုတဲ့ အချက်နဲ့ လုပ်ရပ်တစ်ခုကို မှန် မမှန် တိုင်းတာရမယ် ဆိုတာပါပဲ။

ဒါပေမယ့် ခက်တာက တခါတရံမှာ လူအများစုကို အကာအကွယ်ပေးနိုင်ဖို့ လူအများစုကို ပျော်ရွှင်စေဖို့ လူအများစု အကျိုးရှိနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ၊ လူနည်းစု တစ်စုကို ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေတဲ့ နည်း တစ်နည်းပဲရှိတဲ့ အခါမျိုးကြုံရတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုး ကြုံလာတဲ့အခါ လူအများကို ကာကွယ်နိုင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့၊ အပြစ်မဲ့တဲ့ အလူအနည်းစုကို ဘေးဒုက္ခ ကျရောက်စေမယ့် လုပ်ရပ်မျိုးကို ခွင့်ပြုသင့်ပါသလား၊ အဲဒီလို လုပ်လိုက်ခြင်းဟာ တကယ်ကော မှန်ကန်ပါရဲ့လား၊ အဲဒီလုပ်ရပ်ဟာ တရားမျှတပါရဲ့လား၊ လူသားရဲ့ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာအနေတဲ့ လက်သင့်ခံနိုင်ပါရဲ့လား ဆိုတဲ့ မေးခွန်း သို့မဟုတ် အငြင်းပွားချက်ဟာ မလွဲမသွေ ပေါ်ပေါက်လာပါတော့တယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.