နိုင်ငံ နှင့် မိသားစု
=========
ဥမာအားဖြင့် နိုင်ငံတစ်နိုင်ငံ ကို မိသားစုတစ်ခုနဲ့ ဥပမာပေးလိုက်တာကို ဆင်ခြင်ကြည့်ပါ။ ၎င်းဥပမာဟာ နိုင်ငံသားတွေကို အရည်အချင်းမပြည့်မီသူ "ကလေးသူငယ်" အဆင့်မှာထားပြီး၊ အုပ်ချုပ်သူကို "အမှားအယွင်းမရှိသော ဖခင်" အဖြစ် ပုံဖော်တာကြောင့် အလွန် အန္တရာယ်ရှိပါတယ်။
ခေတ်သစ်နိုင်ငံရေးအတွေးအခေါ်ပညာရှင် Immanuel Kant က Paternalistic Government (ဖခင်သဖွယ် အုပ်ချုပ်သော အစိုးရ) ဆိုတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။
"A government established on the principle of benevolence towards the people, after the manner of a father towards his children — that is, a paternalistic government... is the greatest despotism imaginable."
[REF: On the Common Saying: 'This May be True in Theory, but it does not Apply in Practice', 1973, Section II ("On the relationship of theory to practice in political right"), Page 74 (Cambridge University Press, Kant: Political Writings, Edited by H.S. Reiss)]
(ပြည်သူလူထုအပေါ် ဖခင်က သားသမီးအပေါ် ထားရှိသည့် စေတနာမျိုးဖြင့် အုပ်ချုပ်သည်ဆိုသော 'ဖခင်သဖွယ် အုပ်ချုပ်ရေးစနစ်' သည် စိတ်ကူးကြည့်နိုင်သမျှတွင် အဆိုးဝါးဆုံးသော အာဏာရှင်စနစ်ပင်ဖြစ်သည်။)
ဒါ့ကြောင့် နိုင်ငံကို မိသားစုနဲ့ ဥပမာပေးပြီး "ဖခင်ဖြစ်သူက အခြားမိသားစုဝင်များသည် အရည်အချင်းမပြည့်မီသည့်အခါ သူတစ်တည်းက ထိန်းချုပ်ပေးရမည်" ဆိုတဲ့ ဥပမာဟာ Arbitrary Power (အာဏာကို စိတ်အလိုကျကျင့်သုံးခြင်း) ကို အမှန်တရားအဖြစ် သွတ်သွင်းပေးနေသလို ဖြစ်နေတယ်။
တကယ်တော့ လူမျိုးစု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု များစွာ ပါဝင်နေတဲ့ နိုင်ငံတစ်ခုအတွက် လူ့အဖွဲ့အစည်းတစ်ခုအတွက်ဆိုရင်၊ ၎င်း ဥပမာပေးမှုဟာ အတွေးအခေါ် လမ်းလွဲမှုကို ဖြစ်စေနိုင်တယ်။
နိုင်ငံတစ်ခုဟာ မိသားစုတစ်ခုထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးပြီး မတူကွဲပြားမှုများစွာ ပါဝင်နေတယ်။ မိသားစုဥပမာဟာ၊ နိုင်ငံသားများအကြား တန်းတူညီမျှမှုရှိသော Social Contract (လူမှုကတိကဝတ်) ကို လျစ်လျူရှုထားသလိုဖြစ်နေတယ်။
ဥပဒေပညာရှင် Ronald Dworkin က သူ့ရဲ့ Law’s Empire (Page 211 & 213, Harvard University Press, ၁၉၈၆) မှာ “ဥပဒေဆိုသည်မှာ အသိုက်အဝန်းတစ်ခုလုံး၏ တန်ဖိုးထားမှုများကို အခြေခံရမည်” ဟု ဆိုထားပါတယ်။
ဒါ့ကြောင့် လေးနက်ကျယ်ပြန့်တဲ့ ပညာရပ်တွေကို သင်ကြားရာမှာ မပြည့်စုံတဲ့ ဥပမာများပေးခြင်းဟာ၊ ကျောင်းသားတွေကို "Intellectual Myopia" (အသိပညာ အမြင်ကျဉ်းခြင်း၊ အသိပညာ အတွေးတိမ်ခြင်း) ဖြစ်စေနိုင်တယ်။ သမ္မာဒိဋ္ဌိ ဉာဏ်ရှိတဲ့ ပညာရှင်ဆိုတာ "စွမ်းဆောင်ရည်" (Efficiency) တစ်ခုတည်းကို ကြည့်ပြီး "တရားမျှတမှု" (Justice) ကို လျစ်လျူရှုလို့ မရနိုင်ကြောင်းသတိပေးနေသူ ဖြစ်ရပါမယ်။
နိဂုံးချုပ်ရရင်
"နိုင်ငံသည် မိသားစုကဲ့သို့ဖြစ်သည်" ဆိုတဲ့ ဥပမာဟာ နိုင်ငံရေးသိပ္ပံပညာရပ်မှာ "Organic Theory of State" ရဲ့ အစွန်းရောက်ပုံစံဖြစ်ပြီး၊ ဖက်ဆစ်ဝါဒ (Fascism) နဲ့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ဖူးတာကို မမေ့အပ်ပါဘူး။ နိုင်ငံ ဟာ မိသား စုနဲ့ မတူဘူးလို့ ဆိုချင်ပါတယ်။
