Saturday, January 17, 2026

AI & King Midas Problem

အေအိုင်အေးဂျင့်တစ်ခုကို ဖန်တီးတည်ဆောက်ရာမှာ အခက်ခဲဆုံး စိန်ခေါ်မှု နှစ်ခုရှိတယ်။ ၎င်းတို့က

က) မရေရာမှုများကို ကိုင်တွယ်ခြင်း (Handling Uncertainty)
လက်တွေ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး အပြောင်းအလဲမြန်တယ်။ အချက်အလက် မပြည့်စုံ (Partial Observability) တဲ့ အခြေအနေမျိုးမှာ ဆုံးဖြတ်ချက်ချရခြင်းက အလွန်ခက်ခဲတယ်။ ဒါကြောင့် အေအိုင်စနစ်တွေကို တည်ဆောက်တဲ့အခါ Probability (ဖြစ်တန်စွမ်း သီအိုရီ) နဲ့ Machine Learning ကို ပေါင်းစပ်အသုံးပြုရခြင်း ဖြစ်တယ်။
ခ) ရည်မှန်းချက်များ ချိန်ညှိခြင်း (The Value Alignment Problem)
ဒါက “AI” စနစ်ကို တည်ဆောက်မဲ့သူတွေအတွက် အထူးခြားဆုံး အချက်ပေးမှု ဖြစ်တယ်။ ပညာရှင်နှစ်ဦးက ၎င်းအခြေအနေကို "King Midas Problem" လို့ တင်စားတယ်။
"ယဉ်ကျေးမှု အသီးသီးမှာရှိတဲ့ ဒဏ္ဍာရီပုံပြင်တွေမှာ လူသားတွေဟာ၊ နတ်ဘုရားများ၊ သိဒ္ဓိရှင်များ၊ မှော်ဆရာများ သို့မဟုတ် မိစ္ဆာများထံမှ ဆုလာဘ်တစ်ခုခုကို တောင်းဆိုလေ့ ရှိကြတယ်။ ထိုပုံပြင်များရဲ့ ထုံးစံအတိုင်း လူတို့ဟာ မိမိတို့ တောင်းဆိုခဲ့တဲ့အရာကို မိမိတို့ တောင်းဆိုခဲ့တဲ့ 'စကားလုံးအတိုင်း'အတိအကျ ရရှိကြပြီး၊ အဲ့ဒီလို ရရှိပြီးကာမှ နောင်တကြီးစွာ ရတတ်ကြတာက အမြဲလိုလိုပဲ ဖြစ်တယ်။ တကယ်လို့ နောက်ထပ်တဆုသာ ရှိခဲ့မယ်ဆိုရင်၊ ထိုဆုဟာ ရှေ့ကတောင်းဆိုခဲ့တဲ့ ဆုကို ပြန်လည်ရုပ်သိမ်းပေးရန်သာ ဖြစ်ပါလိမ့်မယ်။


ဒီဖြစ်စဉ်ကို 'ဘုရင်မိုက်ဒတ်စ်၏ ပြဿနာ' (King Midas problem) လို့ ခေါ်ဆိုကြတယ်။ ဂရိဒဏ္ဍာရီလာ မိုက်ဒတ်စ်မင်းကြီးဟာ သူ ‘ထိကိုင်သမျှ အရာတိုင်း ရွှေဖြစ်ပါစေ’ လို့ ဆုတောင်းခဲ့တဲ့အတွက်၊ သူ့ရဲ့ အစားအစာ၊ သောက်ရေနဲ့ မိသားစုဝင်တွေကို ထိမိပြီး ရွှေဖြစ်သွားတဲ့အခါမှသာ သူ့ရဲ့ အမှားကို သိရှိနောင်တရခဲ့တယ်။
တကယ်လို့ မိုက်ဒတ်စ်မင်းကြီးသာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အခြေခံမူတွေကို လိုက်နာပြီး သူ့ရဲ့ဆုတောင်းမှာ 'ပြန်လည်ပြင်ဆင်ခွင့် ပေးသော ခလုတ်' (Undo button) နဲ့ 'ခေတ္တရပ်ဆိုင်းခလုတ်' (Pause button) တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့မယ်ဆိုရင် အခုထက် ပိုမိုအဆင်ပြေနိုင်မှာ ဖြစ်တယ်။
အလားတူ အေအိုင်အေးဂျင့် တစ်ခုကို တည်ဆောက်ရာမှာလည်း ဒီသဘောကို အထူး အလေးဂရုပြုရပါမယ်။
• AI ကို "ဒီအလုပ် ပြီးအောင်လုပ်" လို့ ခိုင်းလိုက်တဲ့အခါ၊ AI က ၎င်းအလုပ်ပြီးမြောက်ရေးအတွက် လူသားတွေ မလိုလားအပ်တဲ့ နည်းလမ်းတွေကိုပါ သုံးလာနိုင်တယ်။
ဥပမာ- ကင်ဆာရောဂါပျောက်ကင်းအောင် ကုသနည်းရှာခိုင်းရင်, AI က "လူသားအားလုံးကို သတ်လိုက်လျှင် ကင်ဆာရောဂါလည်း ပျောက်သွားမည်" ဟု တွက်ချက်သွားနိုင်တဲ့ အန္တရာယ်မျိုးဖြစ်တယ်။
• ဒါ့ကြောင့် AI ကို တည်ဆောက်ရာမှာ အခက်ခဲဆုံးက ရည်မှန်းချက် (Objective) ကို ပေးလိုက်ခြင်းထက်၊ လူသားအကျိုးပြုမှုနဲ့, AI ရဲ့ လုပ်ဆောင်ချက်တွေကို တစ်သားတည်းဖြစ်အောင် တန်ဘိုးချိန်ညှိထိမ်းကျောင်းခြင်း (Value Alignment) က အခက်ခဲဆုံးနဲ့ အရေးကြီးဆုံး ဖြစ်တယ်။

Monday, January 12, 2026

အသိပညာကို ကိုယ်စားပြုခြင်း Knowledge Representation

အခန်း ၁၀

အသိပညာကို ကိုယ်စားပြုခြင်း

“လက်တွေ့ကမ္ဘာမှာရှိတဲ့ အမျိုးမျိုးသောအချက်အလက်တွေကို ယုတ္တိရှိရှိဆင်ခြင်နိုင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ပုံစံနဲ့ မည်သို့ကိုယ်စားပြုနိုင်ကြောင်း ဒီအခန်းမှာ ဆွေးနွေးထားတယ်။”

အသိပညာကိုကိုယ်စားပြုဖေါ်ပြခြင်း ‘Knowledge Representation - KR’ ဆိုတာ၊ အေအိုင်စနစ်တွေမှာ ပတ်ဝန်းကျင်ကမ္ဘာရှိ အချက်အလက်တွေ၊ ၎င်းတို့ရဲ့ဆက်နွယ်မှုတွေ နဲ့ ၎င်းတို့နဲ့သက်ဆိုင်တဲ့စည်းမျဉ်းတွေကို၊ ကွန်ပျူတာကနားလည်ပြီး ပြန်အသုံးချနိုင်တဲ့ ဖွဲ့စည်းပုံတစ်ခုအဖြစ် ပြောင်းလဲဖော်ပြခြင်းဖြစ်တယ်။ အဲ့ဒီလို ဖေါ်ပြထားခြင်းဖြင့် ယုတ္တိဆင်ခြင်ခြင်း နဲ့ ပြဿနာဖြေရှင်းခြင်းတို့ကို၊ ၎င်း ‘အသိပညာကိုကိုယ်စားပြုထားတဲ့အချက်အလက်တွေ’ကို အသုံးပြုပြီး၊ အသစ်အသစ်သောအချက်များ ထုတ်ယူခြင်း၊ ကောက်ချက်ချခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်း လုပ်နိုင်ရန်ဖြစ်တယ်။ အဲ့ဒီလိုလုပ်တဲ့နေရာမှာ KR ဟာ မတူကွဲပြားတဲ့ အမျိုးမျိုးသော အချက်အလက်တွေကို ဖေါ်ပြနိုင်စွမ်းရှိရမယ်။ အသိပညာကို အဲ့ဒီလို ဖေါ်ပြနိုင်ခြင်းအားဖြင့်
  • အေအိုင်စနစ်တွေကို လက်တွေ့ကမ္ဘာရဲ့ ရှုပ်ထွေးမှုများအား ကိုင်တွယ်နိုင်စေခြင်း။
  • အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းခြင်းနဲ့ ပြန်လည်အသုံးပြုနိုင်ခြင်း။
  • အလိုအလျောက်ဆင်ခြင်ခြင်းစနစ်ကိုအသုံး၍ ပြဿနာဖြေရှင်းနိုင်ခြင်း။ 
ဆိုတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်။
အရင်အခန်းတွေမှာ အသိပညာဘဏ် (Knowledge Base - KB) ပါတဲ့/ရှိတဲ့ အေးဂျင့်တစ်ခု မှန်ကန်စွာလုပ်ဆောင်နိုင်ဖို့၊ အဲ့ဒီ KB ကိုအသုံးပြုပြီး ဆင်ခြင်ကောက်ချက်ချခြင်း ပြုလုပ်ပုံတွေကို ဖော်ပြခဲ့တယ်။ ဒီအခန်းမှာ အဲ့ဒီလိုအေးဂျင့်ရဲ့ KB ထဲကို ‘မည်သည့်အကြောင်းအရာများကို ထည့်သွင်းရမည်နည်း’, ‘လောကအကြောင်းအရာများကို မည်သို့ ကိုယ်စားပြုဖေါ်ပြရမည်နည်း’ ဆိုတဲ့ မေးခွန်းတွေကို ဆွေးနွေးပါမယ်။ ကျွန်တော်တို့ဟာ အခုလောလောဆယ်တော့ ‘ပထမဆင့် ယုတ္တိ’ ကို အသိပညာကိုယ်စားပြုဘာသာစကားအဖြစ် အသုံးပြုမှာဖြစ်ပေမဲ့၊ နောက်ပိုင်းအခန်းတွေမှာတော့ အခြားသောအသိပညာကိုယ်စားပြုပုံစံတွေဖြစ်တဲ့
  • စီမံကိန်းတွေနဲ့ပတ်သက်တဲ့ ဆင်ခြင်ခြင်းအတွက် အဆင့်ဆင့်သောလုပ်ငန်းကွန်ယက် ‘hierarchical task networks for reasoning about plans’ (အခန်း-၁၁), 
  • မသေချာမရေမှုတွေပါဝင်နေတဲ့ ဆင်ခြင်ကောက်ချက်ချခြင်းအတွက် Bayesian networks (အခန်း-၁၃), 
  • အချိန်အပေါ်မူတည်တဲ့ ဆင်ခြင်ခြင်းအတွက် မားကော့ဗ်မော်ဒယ်များ (အခန်း-၁၆), နဲ့ 
  • ရုပ်ပုံများ အသံများနဲ့ အခြားဒေတာတွေအကြောင်း ဆင်ခြင်ကောက်ချက်ချခြင်းအတွက် ‘deep neural networks’ (အခန်း-၂၂) 
တို့ကို မိတ်ဆက်ပေးမှာဖြစ်တယ်။ သို့သော် ဘယ် ကိုယ်စားပြုမှုကို အသုံးပြုသည်ဖြစ်စေ၊ လောကပြဿနာအကြောင်းအရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ကတော့ ဆက်လက်လိုအပ်နေဆဲပဲဖြစ်ပြီး၊ ဒီအခန်းက, သက်ဆိုင်ရာ ပြဿနာတွေကို နားလည်အောင် ကူညီပေးမှာ ဖြစ်တယ်။ 
ဒီအခန်းရဲ့ အပိုင်း ၁၀.၁ မှာ လောကမှာရှိတဲ့အရာအားလုံးကို ‘အဆင့်ဆင့်သောအုပ်စုအဖွဲ့ hierarchy of categories’ တွေအဖြစ် စနစ်တကျ စုစည်းပေးတဲ့ ‘အထွေထွေအွန်တော်လော်ဂျီ - general ontology’ ဆိုတဲ့ အယူအဆကို မိတ်ဆက်ပေးထားတယ်။ အပိုင်း ၁၀.၂ မှာ objects, substances နဲ့ measures ရဲ့ အခြေခံ categories တွေ၊ အပိုင်း ၁၀.၃ မှာ events တွေ၊ အပိုင်း ၁၀.၄ မှာ beliefs တွေအကြောင်းနဲ့ပတ်သက်တဲ့ အသိပညာကို ဖော်ပြဆွေးနွေးထားတယ်။  အပိုင်း ၁၀.၅ မှာ ‘categories ကိုအသုံးပြုပြီး ထိရောက်သောကောက်ချက်ဆွဲမှုပြုလုပ်ခြင်း’ အတွက် ဒီဇိုင်းထုတ်ထားတဲ့ reasoning systems တွေအကြောင်းကို ဆွေးနွေးထားပြီး၊ အပိုင်း ၁၀.၆ မှာတော့ ‘ပုံသေ သတင်းအချက်အလက် default information’ ကိုအသုံးပြုပြီး ဆင်ခြင်ကောက်ချက်ချခြင်း’ အကြောင်းကိုဆွေးနွေးခြင်းဖြင့်၊ ကျိုးကြောင်းဆင်ခြင်ခြင်းအတွက်အသုံးပြုတဲ့ နည်းနာနိဿယျတွေကို ပြန်လည်သုံးသပ်ထားတယ်။


10.1 Ontological Engineering
‘အွန်တော်လော်ဂျီကယ်လ် အင်ဂျင်းနီးယားရင်း’ ဆိုတာ ဉာဏ်ရည်တုစနစ်တွေမှာ အသုံးပြုဖို့အတွက် ‘အသိပညာအခြေခံအုတ်မြစ်/အသိပညာဘဏ်/KB’ တွေကို ဘယ်လို တည်ဆောက်ရမယ်ဆိုတဲ့ နည်းစနစ်နဲ့ လမ်းညွှန်ချက်တွေကို လေ့လာတဲ့ ဘာသာရပ်တစ်ခု ဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးအကြောင်းကို စနစ်တကျနဲ့ တိကျစွာ ကိုယ်စားပြုနိုင်တဲ့ အွန်တော်လော်ဂျီတွေကို ဖန်တီးဖို့ ဖြစ်တယ်။ “ကစားစရာ” လိုမျိုး ဒိုမိန်းနယ်ပယ်တွေမှာတော့ ‘ကိုယ်စားပြုခြင်း’ ရွေးချယ်မှုဟာ သိပ်အရေးမကြီးလှပါဘူး။ ရွေးချယ်မှုပေါင်းများစွာက အလုပ်ဖြစ်နိုင်ပါတယ်။ အင်တာနက်ပေါ်ဈေးဝယ်ခြင်း သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုများတဲ့လမ်းမကြီးတွေပေါ်မှာ အလိုအလျောက်ကားမောင်းစေခြင်းတို့လို  ရှုပ်ထွေးတဲ့ဒိုမိန်းတွေအတွက်ဆိုရင်တော့ ပိုမိုကျယ်ပြန့်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ကိုယ်စားပြုဖေါ်ပြမှုတွေကို လိုအပ်ပါတယ်။ ဒီအခန်းဟာ အဲ့ဒီလို ကိုယ်စားပြုမှုတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ ဆွေးနွေးမှာဖြစ်ပြီး၊ ကွဲပြားခြားနားတဲ့ ဒိုမိန်းတွေမှာ တွေ့ရလေ့ရှိတဲ့ Events, Time, Physical Objects, နဲ့ Beliefs တို့လို အခြေခံသဘောတရားတွေကို အဓိကထား ဆွေးနွေးထားမှာဖြစ်တယ်။ ဒီလို ‘အကောင်အထည်မရှိတဲ့ သဘောတရားတွေ ကိုယ်စားပြုဖေါ်ပြခြင်း’ ကို တစ်ခါတစ်ရံမှာ “ontological engineering” လို့ခေါ်တာဖြစ်တယ်။
စာမျက်နှာတစ်ထောင်ရှိတဲ့ စာအုပ်ပင်ဖြစ်ပါစေ၊ လောကမှာရှိတဲ့အရာအားလုံးကို ကိုယ်စားပြုဖေါ်ပြနိုင်မယ်လို့ မျှော်လင့်လို့မရနိုင်ဘူး။ ဘယ်နယ်ပယ်အတွက်မဆို အသိပညာအချက်အလက်အသစ်တွေ ထပ်မံဖြည့်ဆည်းနိုင်မဲ့ နေရာလပ်တွေက ကျန်နေဆဲပဲဖြစ်ပါတယ်။ အခုလောလောဆယ်တော့ physical object တစ်ခုဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကိုပဲ သတ်မှတ်မှာဖြစ်ပြီး, နောက်ပိုင်းမှသာ robots, televisions, books စတဲ့ မတူညီတဲ့ objects အမျိုးအစားတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည့်သွင်းနိုင်အောင်ချန်ခဲ့မှာဖြစ်တယ်။ ၎င်းဟာ object-oriented programming framework (ဥပမာ, Java Swing graphical framework) ကို ဒီဇိုင်းထုတ်သူတွေက Windows လို အခြေခံသဘောတရားကို အရင်သတ်မှတ်ပြီး၊ အသုံးပြုသူတွေအနေနဲ့ ‘SpreadSheetWindows’ လို ပိုမိုတိကျတဲ့ ‘အယူအဆ သဘောတရား’ တွေကို နောက်မှသတ်မှတ်ဖို့ မျှော်လင့်ထားတဲ့ နည်းလမ်းနဲ့ ဆင်တူတယ်။ ‘အယူအဆ သဘောတရား’ တွေရဲ့ အခြေခံ framework ကို “upper ontology” လို့ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ ပုံ ၁၀.၁ မှာ ပြထားတဲ့အတိုင်း အခြေခံ ‘သဘောတရား’ တွေကို ထိပ်ပိုင်းမှာထားရှိပြီး၊ ပိုမိုတိကျတဲ့ အသေးစိတ် ‘သဘောတရား’ တွေကို ၎င်းတို့အောက်မှာထားပြီး ဂရပ်ရေးဆွဲတဲ့ ထုံးတမ်းစဉ်လာကြောင့် ဖြစ်တယ်။
Figure 10.1 ‘The upper ontology of the world’ ဟာ၊ နောက်ပိုင်းမှာ ဖော်ပြမဲ့ အကြောင်းအရာတွေကို ပြတယ်။ လင့်ခ်တစ်ခုစီက ‘အောက် concept’ သည် ‘အပေါ် concept’ ရဲ့ ‘အသေးစိတ်အထူးပြုမှု specialization’ ဖြစ်ကြောင်း ဖော်ပြတယ်။ Specializations တွေဟာ မဖြစ်မနေ disjoint ဖြစ်နေဖို့ မလိုအပ်ဘူး—လူတစ်ဦးဟာ သတ္တဝါလည်းဖြစ်သလို အေးဂျင့်တစ်ခုလည်း ဖြစ်နိုင်တယ်။ physical objects တွေဟာ ဘာကြောင့် generalized events တွေအောက်မှာ ပါဝင်လာတယ်ဆိုတာကို အပိုင်း ၁၀.၃.၂ မှာ တွေ့မြင်ရမှာဖြစ်ပါမယ်။

အွန်တော်လော်ဂျီ ဆိုတာ သီးသန့်နယ်ပယ်တစ်ခု (ဥပမာ, ဆေးပညာနယ်ပယ်၊ ပညာရေးနယ်ပယ်) အတွက်၊ ဒါမှမဟုတ် ယေဘုယျအားဖြင့် ကမ္ဘာကြီးမှာရှိတဲ့ အရာဝတ္ထုတွေ၊ ၎င်းတို့အချင်းချင်းရဲ့ဆက်နွယ်မှုတွေ နဲ့ သဘောတရားတွေကို သတ်မှတ်ဖော်ပြထားတဲ့ မူဘောင်တစ်ခု နည်းစနစ်တစ်ခု ဖြစ်တယ်။ အွန်တော်လော်ဂျီ တစ်ခုမှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့
• Classes (အမျိုးအစားများ) [တူညီသောလက္ခဏာတွေရှိတဲ့ အရာဝတ္ထုတွေကို စုစည်းထားတာ။ ဥပမာ, လူ, ကား, အဖြစ်အပျက်, စတာတွေ။]
• Properties (ဂုဏ်သတ္တိများ) [classes တွေရဲ့ လက္ခဏာတွေကို ဖော်ပြတာ။ ဥပမာ, လူတစ်ယောက်မှာ အမည်, အသက်, ရှိနိုင်သလို၊ ကားတစ်စီးမှာ အရောင်, မော်ဒယ်, စတဲ့အချက်တွေ။]
• Relations (ဆက်နွယ်မှုများ) [classes တွေကြားမှာရှိတဲ့ ဆက်သွယ်မှုတွေကို ဖော်ပြတာ။ ဥပမာ,  “hasPart” အစိတ်အပိုင်းရှိသည်, “isA” ဖြစ်သည်, “locatedIn” တည်ရှိသည်, စတာတွေ။]
• Instances (အမျိုးအစား ဥပမာများ) [သီးခြား အရာဝတ္ထုတစ်ခုချင်းစီကို ကိုယ်စားပြုတာ။ ဥပမာ, “မောင်မောင်” (‘Person’ Class ရဲ့ ဥပမာ), “Toyota Camry” (‘Car’ Class ရဲ့ ဥပမာ)] 
စတာတွေဖြစ်တယ်။

Ontological Engineering ရဲ့ အဓိက အကျိုးကျေးဇူးများ
• Reusability (ပြန်လည်အသုံးပြုနိုင်မှု) [အွန်တော်လော်ဂျီ တွေကို တစ်ခုထက်ပိုတဲ့ ဉာဏ်ရည်တုစနစ်တွေမှာ ပြန်လည်အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်။ ဒါမှ တူညီတဲ့ အသိပညာတွေကို ထပ်ခါထပ်ခါ တည်ဆောက်နေရမယ့် အခြေအနေကို ရှောင်ရှားနိုင်မယ်။]
• Sharability (မျှဝေနိုင်မှု) [မတူညီတဲ့ ဉာဏ်ရည်တုစနစ်တွေနဲ့ အဖွဲ့အစည်းတွေကြားမှာ အသိပညာတွေကို လွယ်ကူစွာ မျှဝေနိုင်ဖို့ ရည်ရွယ်တယ်။ ဒါမှ အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးနိုင်မယ်။]
• Extensibility (တိုးချဲ့နိုင်မှု) [အွန်တော်လော်ဂျီတွေကို အလွယ်တကူ တိုးချဲ့ပြီး အသိပညာအသစ်တွေကို ထည့်သွင်းနိုင်ဖို့ ရည်ရွယ်တယ်။ ကမ္ဘာကြီးဟာ အမြဲတမ်း ပြောင်းလဲနေတဲ့အတွက်၊ အသိပညာဘဏ်တွေလည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်။]
• Clarity and Formality (ရှင်းလင်းမှုနှင့် တရားဝင်မှု) [အွန်တော်လော်ဂျီမှာပါဝင်တဲ့ အရာအားလုံးကို တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့အတူ တရားဝင် ဘာသာစကား (formal language) တွေကို အသုံးပြုပြီး ဖော်ပြဖို့ ရည်ရွယ်တယ်။ ဒါမှ ဉာဏ်ရည်တုစနစ်တွေက အသိပညာတွေကို တိတိကျကျ နားလည်ပြီး အသုံးပြုနိုင်မယ်။]

Upper Ontology (အထက်အဆင့်အသိပညာဆိုင်ရာမူဘောင် / အထွေထွေအွန်တော်လော်ဂျီ) ဆိုတာ ‘ဘယ်နယ်ပယ်မဆို အသုံးချနိုင်တဲ့ အခြေခံသဘောတရားတွေ universal concepts’ ကို ဖော်ပြတဲ့ စံသတ်မှတ်ချက်ဖြစ်တယ်။ Upper Ontology သို့မဟုတ် top-level ontology ဆိုတာ၊ တခြား ပိုမိုတိကျတဲ့ ‘နယ်ပယ်တစ်ခုအတွက်သီးသန့် အွန်တော်လော်ဂျီ - domain-specific ontologies’ တွေရဲ့ အခြေခံအုတ်မြစ်အဖြစ် လုပ်ဆောင်ပေးတဲ့၊ အလွန်ယေဘုယျကျတဲ့ ontology တစ်ခု ဖြစ်တယ်။ Upper ontology တစ်ခုဟာ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးရဲ့ အခြေခံကျတဲ့ အမျိုးအစားတွေနဲ့ ဆက်နွယ်မှုတွေကို ဖော်ပြနိုင်တယ်။ ဥပမာအားဖြင့်
• Entity တည်ရှိတဲ့ ဘယ်အရာမဆို (ဥပမာ, လူ၊ အရာဝတ္ထု၊ အဖြစ်အပျက်)
• Abstract Thing ရုပ်ပိုင်းဆိုင်ရာ မဟုတ်တဲ့ အရာတွေ (ဥပမာ, အချိန်၊ နေရာ၊ အရည်အသွေး)
• Event အချိန်ကာလတစ်ခုအတွင်း ဖြစ်ပေါ်တဲ့ အရာ
• Process အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ အရာ
• Spatial Thing နေရာတစ်ခုမှာ တည်ရှိတဲ့ အရာ
• Temporal Thing အချိန်နဲ့ ဆက်စပ်နေတဲ့ အရာ
• Relation အရာဝတ္ထုတွေကြားက ဆက်သွယ်မှု
စတာတွေဖြစ်တယ်။


Upper Ontology ရဲ့ အကျိုးကျေးဇူး
• Interoperability (အပြန်အလှန်လုပ်ဆောင်နိုင်မှု)
မတူညီတဲ့ domain-specific ontologies တွေကို ချိတ်ဆက်ပြီး အပြန်အလှန် လုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်။ Upper ontology က ယေဘုယျအားဖြင့် သက်ဆိုင်တဲ့ အယူအဆတွေကို ပံ့ပိုးပေးတဲ့အတွက်၊ မတူညီတဲ့ နယ်ပယ်တွေက အသိပညာတွေကို ပေါင်းစပ်အသုံးပြုနိုင်တယ်။
• Consistency (ကိုက်ညီမှု)။ ။ မတူညီတဲ့ အွန်တော်လော်ဂျီတွေမှာ တူညီတဲ့ အယူအဆတွေကို မတူညီတဲ့နည်းနဲ့ ကိုယ်စားပြုခြင်းကို ရှောင်ရှားခြင်းဖြင့် အသိပညာဘဏ်တွေရဲ့ ကိုက်ညီမှုကို တိုးမြှင့်ပေးတယ်။
• Foundation for Knowledge Integration (အသိပညာပေါင်းစည်းမှုအတွက် အခြေခံ)။ ။ မတူညီတဲ့ အရင်းအမြစ်တွေက ရလာတဲ့ အသိပညာတွေကို စနစ်တကျ ပေါင်းစည်းဖို့အတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးတယ်။ ဥပမာ,
“ကားတစ်စီး” နဲ့ “လူတစ်ယောက်” ဆိုတဲ့ အယူအဆနှစ်ခုကို ကြည့်မယ်ဆိုရင်...
Domain-specific ontology (သယ်ယူပို့ဆောင်ရေးဆိုင်ရာ အသိပညာမူဘောင်) အရ “ကား” မှာ “အင်ဂျင်ပါဝင်သည်” (hasEngine), “အရောင်ရှိသည်” (hasColor) စတဲ့ ဂုဏ်သတ္တိတွေ ရှိနိုင်တယ်။ 
“လူ” နဲ့ “ကား” ကြားမှာ “မောင်းနှင်သည်” (drives) ဆိုတဲ့ ဆက်နွယ်မှု ရှိနိုင်တယ်။
Upper Ontology အရ “ကား” နဲ့ “လူ” နှစ်ခုစလုံးဟာ “Entity” ရဲ့ subclass တွေ ဖြစ်နိုင်တယ်။ “hasColor” ဆိုတဲ့ ဂုဏ်သတ္တိဟာ “hasAttribute” ရဲ့ subclass ဖြစ်နိုင်တယ်။ “drives” ဆိုတဲ့ ဆက်နွယ်မှုဟာ “interactsWith” ရဲ့ subclass ဖြစ်နိုင်တယ်။ [ဒီအကြောင်းအရာတွေကို Object Oriented Programming အခြေခံရှိပြီးသူများ ကောင်းစွာနားလည်မှာဖြစ်တယ်။]
Upper ontology က ဒီလို ယေဘုယျကျတဲ့ အယူအဆတွေကို သတ်မှတ်ပေးခြင်းအားဖြင့်၊ မတူညီတဲ့ ontologies တွေကြားမှာ ဆက်သွယ်မှုတွေ တည်ဆောက်နိုင်ပြီး အသိပညာတွေကို ပိုမို ကျယ်ပြန့်စွာ အသုံးပြုနိုင်တယ်။ အချုပ်အားဖြင့်ဆိုရင် Ontological Engineering ဟာ ဉာဏ်ရည်တုစနစ်တွေအတွက် အသိပညာကို စနစ်တကျ ကိုယ်စားပြုဖို့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်။ အွန်တော်လော်ဂျီတွေဟာ ကမ္ဘာကြီးအကြောင်းကို တိကျစွာ ဖော်ပြနိုင်တဲ့ မူဘောင်တွေကို ပေးနိုင်ပြီး, Upper Ontology ကတော့ ဒီလို မူဘောင်တွေကြားမှာ ချိတ်ဆက်မှုနဲ့ ကိုက်ညီမှုကို ထောက်ပံ့ပေးတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်တယ်။ ဉာဏ်ရည်တုစနစ်တွေ ပိုမို ထက်မြက်လာဖို့အတွက် အသိပညာကို ထိရောက်စွာ ကိုယ်စားပြုနိုင်ခြင်းဟာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်တယ်။

ယေဘုယျ နှင့် အထူး အွန်တော်လော်ဂျီ
မည်သည့်အထူးရည်ရွယ်ချက်သုံး အွန်တော်လော်ဂျီအတွက်မဆို၊ ပိုမိုကျယ်ပြန့်ပြီးယေဘုယျဆန်တဲ့ သဘောတရားများဆီ ရွေ့လျားနိုင်ဖို့ ပြောင်းလဲမှုတွေ ပြုလုပ်နိုင်တယ်။ ဒီအခါမှာ ထင်ရှားတဲ့ မေးခွန်းတစ်ခု ပေါ်ပေါက်လာတယ်။အဲ့တာကတော့ “ဒီ အထူးရည်ရွယ်ချက်သုံး အွန်တော်လော်ဂျီတွေအားလုံးဟာ, ယေဘုယျရည်ရွယ်ချက်အတွက် အထွေထွေသုံး အွန်တော်လော်ဂျီတစ်ခုတည်းသို့ ပေါင်းဆုံသွားကြမှာလား?” ဆိုတာဖြစ်တယ်။ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ဒဿနိကဗေဒ နဲ့ တွက်ချက်မှုဆိုင်ရာ စူးစမ်းရှာဖွေမှုတွေအပြီးမှာ ထွက်ပေါ်လာတဲ့အဖြေက “ဖြစ်နိုင်တယ်” လို့ ဖြစ်တယ်။ ဒီအပိုင်းမှာ၊ အဲ့ဒီလို ရာစုနှစ်များစွာက အယူအဆတွေကို ပေါင်းစပ်ထားတဲ့ ‘ယေဘုယျရည်ရွယ်ချက်သုံး အွန်တော်လော်ဂျီတစ်ခု’ ကို တင်ပြထားပါတယ်။
ယေဘုယျရည်ရွယ်ချက်သုံး အွန်တော်လော်ဂျီတွေဟာ၊ အထူးရည်ရွယ်ချက်သုံး အွန်တော်လော်ဂျီ  တွေနဲ့ ခြားနားတဲ့ အဓိကသွင်ပြင်လက္ခဏာ နှစ်ရပ်ရှိတယ်။
                            ယေဘုယျရည်ရွယ်ချက်နဲ့အထွေထွေသုံး အွန်တော်လော်ဂျီတစ်ခုဟာ၊ ဘယ်လို အထူးရည်ရွယ်ချက်သုံး ဒိုမိန်းမှာမဆို (ဒိုမိန်း-သီးသန့် Axioms တွေထပ်ထည့်ခြင်းဖြင့်) အသုံးချနိုင်ရမယ်။ ဆိုလိုတာက ဘယ်လို ကိုယ်စားပြုဖော်ပြမှုဆိုင်ရာ ပြဿနာကိုမှ၊ ရှောင်လွှဲခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်း မရှိရဘူး။ ဥပမာ, တကယ်လို့ “လူ” ဆိုတဲ့ အထွေထွေသုံး အွန်တော်လော်ဂျီတစ်ခုကို တည်ဆောက်ထားမယ်ဆိုရင်၊ ၎င်းဟာ ကျန်းမာရေးနယ်ပယ် (လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ)၊ ပညာရေးနယ်ပယ် (ကျောင်းသား၊ ဆရာ) သို့မဟုတ် စီးပွားရေးနယ်ပယ် (ဝန်ထမ်း၊ အလုပ်ရှင်) စတဲ့ ဘယ်ဒိုမိန်းမှာမဆို အသုံးချနိုင်ရမယ်။
                           လုံလောက်စွာ ရှုပ်ထွေးသော မည်သည့် ဒိုမိန်းတွင်မဆို၊ အသိပညာနယ်ပယ် အမျိုးမျိုးကို ပေါင်းစည်းထားရမှာဖြစ်တယ်။ အကြောင်းက ဆင်ခြင်တွေးခေါ်မှု (Reasoning) နဲ့ ပြဿနာဖြေရှင်းမှု (Problem Solving) တွေဟာ နယ်ပယ်များစွာကို တစ်ပြိုင်နက်တည်း ကိုင်တွယ်အသုံးပြုရနိုင်သောကြောင့် ဖြစ်တယ်။ ဥပမာအားဖြင့်၊ စက်ရုပ် ဆားကစ်ပြုပြင်ရေးစနစ် (Robot circuit-repair system) တစ်ခုဟာ၊ လျှပ်စစ်ချိတ်ဆက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာအနေအထားအရ လျှပ်စီးပတ်လမ်းတွေအကြောင်းကို ဆင်ခြင်တွေးခေါ်ဖို့ လိုအပ်တယ်။ ဒါ့အပြင် ဆားကစ်အချိန်ကိုက်ဖြစ်မှုခွဲခြမ်းစိတ်ဖြာခြင်း (Circuit timing analysis) နဲ့ လုပ်အားကုန်ကျစရိတ်ခန့်မှန်းခြင်း (Estimating labor costs) လိုမျိုး ဒိုမိန်းနှစ်ခုလုံးအတွက် ‘အချိန်’ အကြောင်းကို ဆင်ခြင်တွေးခေါ်ဖို့ လိုအပ်တယ်။ ဒါ့ကြောင့် အချိန်ကို ဖော်ပြတဲ့ ဝါကျတွေဟာ နေရာယူနစ် (Spatial layout) ကို ဖော်ပြတဲ့ဝါကျတွေနဲ့ ပေါင်းစပ်နိုင်ရမှာဖြစ်ပြီး, Nanoseconds (စက္ကန့်၏ တစ်ဘီလီယံပုံတစ်ပုံ) နဲ့ Minutes (မိနစ်) အတွက်သာမက, Angstroms (တစ်မီတာ၏ ၁၀ ဘီလီယံပုံတစ်ပုံ) နဲ့ Meters (တစ်မီတာ) အတွက်ပါ (ဆိုလိုတာက မည်သည့်အချိန်တိုင်းယူနစ်၊ အလျားတိုင်းယူနစ် အတွက်မဆို) ကောင်းစွာ အလုပ်လုပ်နိုင်ရမှာဖြစ်တယ်။ 
ဒီနေရာမှာ ရည်ရွယ်တာက အွန်တော်လော်ဂျီတစ်ခုဟာ မတူညီသော အသိပညာနယ်ပယ်များ (ဥပမာ,  လျှပ်စစ်၊ ရူပဗေဒ၊ အချိန်) အကြား ဆက်စပ်မှုကို နားလည်ပြီး ပေါင်းစပ်အသုံးပြုနိုင်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဒါ့ကြောင့် စက်ရုပ်ဟာ ဆားကစ်တစ်ခုရဲ့ လျှပ်စစ်စီးဆင်းမှု ပြဿနာကို ရှာဖွေရာမှာ၊ ၎င်းဆားကစ်ရဲ့ ရုပ်ပိုင်းဆိုင်ရာတည်နေရာနဲ့ ၎င်းကို ပြုပြင်ဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုပါ တစ်ပြိုင်နက် ထည့်သွင်းစဉ်းစားနိုင်ရမှာဖြစ်တယ်။
ယေဘုယျ Ontological Engineering (အွန်တော်လော်ဂျီများကို ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်) ဟာ အခုအချိန်အထိတော့ အောင်မြင်မှုအကန့်အသတ်သာ ရှိသေးတဲ့ကြောင်း ကျွန်တော်တို့ ကြိုတင်ပြောထားပါမယ်။ (အခန်း ၁ မှာ ဖော်ပြထားတဲ့အတိုင်း) ဘယ်လို ထိပ်တန်း အေအိုင် Applications တွေတစ်ခုကမှ၊ ယေဘုယျ အွန်တော်လော်ဂျီကို အပြည့်အဝအသုံးပြုခြင်း မရှိသေးပါဘူး။ ၎င်းတို့အားလုံးဟာ အထူးရည်ရွယ်ချက်သုံး Knowledge Engineering (ကျွမ်းကျင်ပညာရှင်များ၏ အသိပညာများကို စနစ်တကျ စုဆောင်း၊ စီမံခန့်ခွဲပြီး အေအိုင်စနစ်များတွင် ပြန်လည်အသုံးပြုနိုင်ရန် ပြောင်းလဲဖော်ပြခြင်း) နဲ့ Machine Learning (ကွန်ပျူတာတွေကို အချက်အလက်များမှလေ့လာသင်ယူစေပြီး အလိုအလျောက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေခြင်း) ကိုသာ အသုံးပြုနေကြတာဖြစ်တယ်။
လူမှုရေး/နိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေကြောင့် ပြိုင်ဘက်အဖွဲ့အစည်းတွေအကြား အွန်တော်လော်ဂျီတစ်ခုအပေါ် သဘောတူညီဖို့ ခက်ခဲစေနိုင်တယ်။ Tom Gruber (2004) က ပြောထားသလို၊ “မည်သည့် အွန်တော်လော်ဂျီမဆို သဘောတူညီချက်တစ်ခုဖြစ်ပြီး၊ ၎င်းဟာ တစ်စုံတစ်ရာ ‘ဘုံရည်ရွယ်ချက်’ရှိသော လူများအကြား လူမှုရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ဖြစ်တယ်။ [Every ontology is a treaty—a social agreement—among people with some common motive in sharing]” တကယ်လို့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်လိုစိတ်ထက်၊ ပြိုင်ဆိုင်လိုစိတ်က ပိုမိုကြီးစိုးနေရင် ဘုံ အွန်တော်လော်ဂျီတစ်ခု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ယေဘုယျကောက်ချက်ချလို့ရတာက ပါဝင်ပတ်သက်သူ (Stakeholders) အရေအတွက် နည်းပါးလေလေ, အွန်တော်လော်ဂျီတစ်ခုကို ဖန်တီးရန် ပိုမိုလွယ်ကူလေဖြစ်တယ်။ ဒီအချက်ကြောင့်ပဲ Open Biomedical Ontology (Smith et al., 2007)[ဇီဝဗေဒနဲ့ ဆေးပညာဆိုင်ရာ အချက်အလက်တွေကို ပေါင်းစည်းပြီး နားလည်ရလွယ်ကူအောင် ကူညီပေးတဲ့ စနစ်တစ်ခု] ကဲ့သို့သော အကန့်အသတ်ရှိ ရည်ရွယ်ချက်သုံး(limited-purpose) အွန်တော်လော်ဂျီတစ်ခုကို ဖန်တီးခြင်းထက်၊ ယေဘုယျရည်ရွယ်ချက်သုံး(general-purpose) အွန်တော်လော်ဂျီတစ်ခုကို ဖန်တီးဖို့က ပိုမိုခက်ခဲတယ်။ အခုလက်ရှိတည်ရှိနေတဲ့ အွန်တော်လော်ဂျီတွေကို နည်းလမ်းလေးသွယ်နဲ့ ဖန်တီးထားတာဖြစ်တယ်။

အွန်တော်လော်ဂျီ ဖန်တီးနည်း လေးသွယ်
  1. လေ့ကျင့်ပြီးသား အွန်တော်လော်ဂျီပညာရှင်တွေ သို့မဟုတ် ယုတ္တိဗေဒပညာရှင်တွေ က, အွန်တော်လော်ဂျီ  ကို ဒီဇိုင်းရေးဆွဲပြီး လိုအပ်တဲ့ Axioms တွေကို ရေးသားတည်ဆောက်ထားခြင်းဖြစ်တယ်။ ဥပမာအားဖြင့် CYC (ဆိုက်ခ် ဟု ဖတ်ပါ။ အသံထွက်ပါ။ “encyclopedia” ဟူသောစကားလုံးက ယူထားတာ) ဆိုတဲ့ စနစ်ကို ဒီလိုနည်းလမ်းနဲ့ အများစု တည်ဆောက်ခဲ့တာဖြစ်တယ်။(Lenat and Guha, 1990) ဒီနည်းလမ်းဟာ ကျွမ်းကျင်သူတွေက စနစ်တကျစဉ်းစားတွေးခေါ်ပြီး အသိပညာတွေကို တည်ဆောက်ခြင်းဖြစ်တယ်။ ၎င်းဟာ အချိန်ယူရပြီး ကုန်ကျစရိတ်များပေမဲ့ တိကျမှုမြင့်မားတယ်။
  2. ဒုတိယနည်းက လက်ရှိ ရှိနေတဲ့ Database တွေက Categories, Attributes နဲ့ Values တွေကို “import” လုပ်ခြင်းဖြစ်တယ်။ ဥပမာအားဖြင့် DBPEDIA ဆိုတဲ့ အွန်တော်လော်ဂျီစနစ်ကို, ဝီကီပီးဒီးယား Wikipedia ရဲ့ “စနစ်တကျ စီစဉ်ထားသော အချက်အလက်တွေ (structured facts) တွေကို, import လုပ်၊ ထည့်သွင်းပြီး တည်ဆောက်ခဲ့တာဖြစ်တယ်။ (Bizer et al., 2007) ဒီနည်းလမ်းက ရှိပြီးသား အချက်အလက်တွေကို ပြန်လည်အသုံးပြုခြင်းဖြင့် အချိန် နဲ့ လုပ်အားကို ချွေတာနိုင်တယ်။
  3. နောက်တစ်ခုက Text Documents တွေကို ပိုင်းခြားစိတ်ဖြာပြီး သတင်းအချက်အလက်တွေကို ထုတ်ယူခြင်းနည်းလမ်းဖြစ်တယ်။ TEXTRUNNER ဟာ ဝက်ဘ်စာမျက်နှာ အများအပြားကို ဖတ်ရှုခြင်းဖြင့် တည်ဆောက်ခဲ့တာဖြစ်တယ်။(Banko and Etzioni, 2008) ဒီနည်းလမ်းက, သဘာဝဘာသာစကား (Natural Language) ကနေ၊ အသိပညာတွေကို အလိုအလျောက် ထုတ်ယူခြင်းဖြစ်တယ်။
  4. နောက်ဆုံးတစ်နည်းကတော့ ကျွမ်းကျင်မှုမရှိသေးတဲ့ ဝါသနာရှင်တွေကို ‘လူတိုင်းရဲ့ ပင်ကိုယ်အလိုလိုသိ အသိပညာ Commonsense Knowledge’ တွေ ထည့်သွင်းခိုင်းခြင်းဖြစ်တယ်။ ဥပမာ, OPENMIND စနစ်ကို စေတနာ့ဝန်ထမ်းတွေက အင်္ဂလိပ်ဘာသာနဲ့ အချက်အလက်တွေ တင်ပြခြင်းဖြင့် တည်ဆောက်ခဲ့တာဖြစ်တယ်။ (Singh et al., 2002; Chklovski and Gil, 2005)။ ဒီနည်းလမ်းက လူအများရဲ့ အသိပညာကို စုဆောင်းခြင်းဖြင့် Ontology ကို တည်ဆောက်ခြင်းဖြစ်တယ်။ ၎င်းဟာ ပမာဏများပြားတဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ပေမဲ့ တိကျမှုမှာ ကန့်သတ်ချက်ရှိနိုင်တယ်။
ဥပမာအားဖြင့် Google Knowledge Graph ဟာ Wikipedia က, Semistructured Content (တစိတ်တပိုင်း စနစ်တကျ စီစဉ်ထားသော အကြောင်းအရာ) တွေကို အသုံးပြုပြီး၊ ၎င်းကို ဝက်ဘ်စာမျက်နှာတွေတစ်လျှောက် လူသားများရဲ့ စီမံခန့်ခွဲမှုအောက်မှာ စုဆောင်းထားတဲ့ အခြားသောအကြောင်းအရာများနဲ့ပေါင်းစပ်ထားတယ်။ ၎င်းမှာ အချက်အလက်ပေါင်း ၇၀-ဘီလီယံကျော် ပါဝင်ပြီး ဂူးဂဲလ်ရှာဖွေမှုများရဲ့ သုံးပုံတစ်ပုံခန့်အတွက် အဖြေများ ပေးစွမ်းနိုင်တယ်။ (Dong et al., 2014). Google Knowledge Graph ဟာ အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုထားခြင်းရဲ့ ကောင်းမွန်သော ဥပမာတစ်ခုဖြစ်တယ်။ ၎င်းဟာ လူသားတွေရဲ့ စီမံခန့်ခွဲမှုနဲ့ အလိုအလျောက် အချက်အလက်ထုတ်ယူမှုတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကြီးမားကျယ်ပြန့်သော အသိပညာ အွန်တော်လော်ဂျီတစ်ခုကို တည်ဆောက်နိုင်ခဲ့တာဖြစ်တယ်။


10.2 Categories and Objects
အမျိုးအစားများနှင့် အရာဝတ္ထုများ
‘ပထမဆင့် ယုတ္တိ’ မှာ categories တွေကို ကိုယ်စားပြုဖေါ်ပြဖို့အတွက် ရွေးချယ်စရာ နှစ်ခုကတော့ predicates နဲ့ objects တို့ဖြစ်တယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ ‘ဘီ (ဟူသောအရာ) သည် ဘတ်စကက်ဘောလုံးဖြစ်သည်’ ဆိုတာကို ဖေါ်ပြဖို့အတွက် ‘Basketball(b)’ ဆိုတဲ့ predicate ကို အသုံးပြုနိုင်တယ်၊ ဒါမှမဟုတ် category ကို Basketballs ဟူသော object အဖြစ် ‘reify’ (ရေ့ဖ်ဖိုင်) လုပ်နိုင်တယ်။ အဲ့ဒီနောက် b ဟာ, ဘတ်စကက်ဘောအုပ်စုရဲ့ ရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်ကြောင်း ပြောဖို့အတွက် ‘Member(b, Basketballs)’ လို့ ပြောနိုင်ပြီး၊ ၎င်းကို ‘b ∈ Basketballs’ လို့ အတိုကောက် ရေးမယ်။ Basketballs ဟာ Balls ရဲ့ subcategory ဖြစ်ကြောင်း ပြောဖို့အတွက် ‘Subset(Basketballs, Balls)’ လို့ ပြောပြီး ၎င်းကို ‘Basketballs ⊂ Balls’ လို့ အတိုကောက် ရေးမယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ subcategory, subclass နဲ့ subset ဆိုတဲ့စကားလုံးတွေကို အပြန်အလှန်ဖလှယ်ပြီးအသုံးပြုမှာဖြစ်တယ်။
Categories တွေဟာ အမွေဆက်ခံခြင်းသဘောတရားကတစ်ဆင့် အသိပညာကို စုစည်းပေးတယ်။ Food category က instances အားလုံးကို စားသုံးနိုင်တယ်လို့ပြောရင်, Fruit ဟာ Food ရဲ့ subclass ဖြစ်ပြီး, Apples ဟာ Fruit ရဲ့ subclass ဖြစ်တယ်လို့ အခိုင်အမာဆိုရင်၊ “ပန်းသီးတိုင်းသည် စားသုံးနိုင်သည်” လို့ ကောက်ချက်ချနိုင်တယ်။ ကျွန်တော်တို့က “ပန်းသီးတစ်လုံးချင်းစီသည် စားသုံးနိုင်စွမ်းဟူသော ဂုဏ်သတ္တိကို, အမွေဆက်ခံသည်” လို့ ပြောနိုင်ပြီး၊ ဒီကိစ္စမှာ ၎င်းတို့ဟာ Food category ရဲ့ membership က inherit လုပ်ခြင်းဖြစ်တယ်။
Subclass relations တွေက categories တွေကို ‘taxonomic hierarchy’ သို့မဟုတ် ‘taxonomy’ အဖြစ် စုစည်းပေးတယ်။ “taxonomy” ဆိုတာ အသိပညာတွေကို စနစ်တကျ အဆင့်ဆင့် ခွဲခြားပြီး ကိုယ်စားပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ ပိုပြီးတိတိကျကျပြောရရင်၊ အရာဝတ္ထုတွေ၊ သဘောတရားတွေ၊ ဒါမှမဟုတ် အယူအဆတွေကြားက “is-a” (ဖြစ်ခြင်း) ဆက်နွယ်မှုကို အခြေခံပြီး၊ အထွေထွေကနေ အသေးစိတ် (general to specific) ကို အဆင့်ဆင့် ပုံစံချထားတဲ့ အသိပညာဖွဲ့စည်းပုံ (knowledge structure) တစ်ခုလို့ ဆိုနိုင်တယ်။ ၎င်းဖွဲ့စည်းပုံမှာ အမျိုးအစားတွေကို “is-a” ဆက်နွယ်မှုကို အသုံးပြုပြီး အဆင့်ဆင့်သော Tree ဖွဲ့စည်းပုံမျိုး (tree-like structure) နဲ့ ဖွဲ့စည်းထားခြင်း ဖြစ်တယ်။ အထက်အဆင့်မှာ ပိုမို ယေဘုယျကျတဲ့ အမျိုးအစားတွေရှိပြီး၊ အောက်အဆင့်ကို ရောက်လေလေ ပိုမိုတိကျတဲ့ အမျိုးအစားတွေ ဖြစ်လာလေလေ ဖြစ်တယ်။ ဥပမာ, ‘Animal is-a LivingThing’, ‘Mammal is-a(n) Animal’, ‘Cat is-a Mammal’ စသဖြင့်ပေါ့။ Taxonomic hierarchy ဟာ အရာဝတ္ထုတွေရဲ့ ဆက်နွယ်မှုတွေကို နားလည်ဖို့နဲ့ ကျိုးကြောင်းဆင်ခြင်ဖို့အတွက် အလွန် အသုံးဝင်တယ်။ ဒီ Taxonomy ဆိုတဲ့ မူရင်းစကားလုံးဟာ ဇီဝဗေဒမှာ သက်ရှိတွေကို မျိုးစိတ်၊ မျိုးစု၊ မျိုးရင်း စသည်ဖြင့် အဆင့်ဆင့် ခွဲခြားသတ်မှတ်ရာကနေ ဆင်းသက်လာတာ ဖြစ်တယ်။ အေအိုင်မှာ ဒီသဘောတရားကို အသိပညာကိုယ်စားပြုဖို့အတွက် ယူသုံးထားတာပါ။ 
Taxonomies တွေကို ရာစုနှစ်များစွာကတည်းက နည်းပညာနယ်ပယ်တွေမှာ အသုံးပြုခဲ့ကြတာဖြစ်တယ်။ အဲ့ဒီလိုအသုံးပြုခဲ့တဲ့ အကြီးဆုံး taxonomy တစ်ခုကတော့၊ “သက်ရှိနဲ့ မျိုးသုဉ်းသွားတဲ့ မျိုးစိတ်ပေါင်း ၁၀ သန်းခန့်ကို တစ်ခုတည်းသော hierarchy အဖြစ် စုစည်းထားတဲ့ taxonomy ဖြစ်ပြီး၊ ၎င်းတို့ထဲက အများအပြားဟာ ‘ပိုးတောင်မာ beetles နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ’ ဖြစ်တယ်။ စာကြည့်တိုက်သိပ္ပံပညာဟာ,  အသိပညာနယ်ပယ်အားလုံးရဲ့ taxonomy တစ်ခုကို တီထွင်ခဲ့ပြီး, Dewey Decimal system အဖြစ် ကုဒ်လုပ်ထားတယ်။  ‘ဒူးဝီး ဒက်ဆီမဲယ်လ် စနစ်’ ဆိုတာ စာကြည့်တိုက်တွေမှာ စာအုပ်တွေနဲ့ တခြားပစ္စည်းတွေကို ဘာသာရပ်အလိုက် စနစ်တကျ ခွဲခြားစီစဉ်ဖို့ Melvil Dewey ဆိုတဲ့ပုဂ္ဂိုလ်က ၁၈၇၃ ခုနှစ်မှာ စတင်ဖန်တီးခဲ့တဲ့ စနစ်တစ်ခု ဖြစ်တယ်။ (ဥပမာ, 000 - ကွန်ပျူတာသိပ္ပံ, 100 - အတွေးအခေါ်နှင့် စိတ်ပညာ, 200 - ဘာသာရေး, 500 - သိပ္ပံနှင့် သင်္ချာ, ... , စသည်) ဒါ့အပြင် အခွန်အာဏာပိုင်တွေ (tax authorities) နဲ့ တခြားအစိုးရဌာနတွေကလည်း၊ အလုပ်အကိုင်တွေနဲ့  ကုန်သွယ်ရောင်းဝယ်လုပ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ taxonomies တွေကို အသီးသီးတီထွင်ခဲ့ကြတယ်။
‘ပထမဆင့် ယုတ္တိ’ ဟာ objects တွေကို categories တွေနဲ့ ဆက်စပ်ပေးခြင်းဖြင့်ဖြစ်စေ၊ ၎င်းတို့ရဲ့ members တွေအပေါ် quantifying လုပ်ခြင်းဖြင့်ဖြစ်စေ, categories အကြောင်း အချက်အလက်တွေကို ဖော်ပြဖို့ လွယ်ကူစေတယ်။ အောက်မှာ နမူနာ တချို့ကို ဖော်ပြထားတယ်။
• An object is a member of a category.
BB9 ∈ Basketballs
• A category is a subclass of another category.
Basketballs ⊂ Balls
• All members of a category have some properties.
(x ∈ Basketballs) ⇒ Spherical(x)
• Members of a category can be recognized by some properties.
Orange(x) ∧ Round(x) ∧ Diameter(x) = 9.5”  ∧ x ∈ Balls ⇒ x ∈ Basketballs
• A category as a whole has some properties.
Dogs ∈ DomesticatedSpecies


Disjoint သဘောတရား
အုပ်စုတွေအကြောင်းကို လေ့လာတဲ့ နေရာမှာ၊ အရေးကြီးတဲ့ သဘောတရားတစ်ခုကတော့ “Disjoint (အဆက်အစပ်မရှိခြင်း၊ မတူကွဲပြားခြင်း)” ဖြစ်တယ်။ ၎င်းဟာ အမျိုးအစားနှစ်ခုမှာ သို့မဟုတ် နှစ်ခုထက်ပိုပြီးမှာ ‘ဘုံအရာဝတ္ထု common instance’ တစ်ခုမှ မရှိဘူးဆိုတဲ့ အခြေအနေကို ဖော်ပြပါတယ်။ ဥပမာ, “ယောက်ျား” နဲ့ “မိန်းမ” ဆိုတဲ့ အမျိုးအစားနှစ်ခုဟာ ယေဘုယျအားဖြင့် disjoint ဖြစ်တယ်။ ဇီဝဗေဒရှုထောင့်အရ ဘယ်သူမှ တစ်ချိန်တည်းမှာ ယောက်ျားနဲ့ မိန်းမ နှစ်မျိုးလုံး မဖြစ်နိုင်ပါဘူး။ ဒီ disjointness သဘောတရားကို သိထားခြင်းအားဖြင့်၊ ဉာဏ်ရည်တုစနစ်ဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားပြီး ပိုမိုတိကျတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေကို လုပ်ဆောင်နိုင်ပါတယ်။ Disjoint အကြောင်းကို လွယ်အောင်ပြောရရင်တော့ ‘Categories နှစ်ခုမှာ၊ ဘယ် object မှ တူညီခြင်းမရှိဘူး’ လို့ ဆိုလိုချင်တာဖြစ်တယ်။ ဥပမာ, “ခွေး” နဲ့ “ကြောင်” ဟာ disjoint categories တွေဖြစ်တယ်။ တစ်ခုတည်းသော object ဟာ နှစ်ခုလုံးရဲ့ instance မဖြစ်နိုင်ဘူးလို့ ဆိုလိုတယ်။

Exhaustive decomposition သဘောတရား
နောက်ထပ်သဘောတရားတစ်ခုက ‘Exhaustive decomposition (ပြည့်စုံသော ဖြိုခွဲခြင်း/ အစုံလိုက် ခွဲခြမ်းစိတ်ဖြာခြင်း)’ တနည်း “Parent category တစ်ခုလုံးကို child categories အစုံဖြင့် လွှမ်းခြုံဖော်ပြခြင်း” ဖြစ်တယ်။ ဥပမာအားဖြင့် “ကား” ကို “ဆီသုံးကား” “ဓါတ်ငွေ့သုံးကား” “လျှပ်စစ်ကား” “ဟိုက်ဘရစ်ကား” ဆိုပြီး ခွဲခြားနိုင်သလိုမျိုးပေါ့။ ဒီ child categories တွေဟာ “ကား” ရဲ့ ဖြစ်နိုင်သမျှ အမျိုးအစားအားလုံးကို ကိုယ်စားပြုတယ်။ အမျိုးအစားတစ်ခုရဲ့ subcategory အားလုံးကို စုပေါင်းလိုက်ရင် မူလအမျိုးအစားထဲက အရာဝတ္ထုအားလုံးကို လွှမ်းခြုံနိုင်တဲ့ အခြေအနေကို ဖော်ပြတယ်။ ဆိုလိုတာက မူလအမျိုးအစားထဲမှာရှိတဲ့ ဘယ်အရာဝတ္ထုမဆို အနည်းဆုံး subcategory တစ်ခုခုမှာ ပါဝင်ရမယ်လို့ ဆိုလိုတာပါ။ ဥပမာ “လူ” အမျိုးအစားကို “ကျောင်းသား”, “ဆရာ”, နဲ့ “အခြား”, လို့ ဖြိုခွဲပြီး၊ ဒီ subcategory သုံးခုပြန်ပေါင်းလိုက်လို့ လူအားလုံးကို လွှမ်းခြုံနိုင်တယ်ဆိုရင် ဒါဟာ exhaustive decomposition ဖြစ်တယ်။

Partition သဘောတရား
နောက်တစ်ခုက Partition (ခွဲခြမ်းခြင်း/ပိုင်းခြားခြင်း)ဖြစ်တယ်။ ၎င်းက Disjoint နဲ့ Exhaustive decomposition နှစ်ခုလုံးရဲ့ လက္ခဏာတွေကို ပေါင်းစပ်ထားတဲ့ အခြေအနေ ဖြစ်တယ်။ အမျိုးအစားတစ်ခုရဲ့ subcategory တွေဟာ တစ်ခုနဲ့တစ်ခု ဘုံအရာဝတ္ထု မရှိဘဲ (disjoint), အားလုံးကို စုပေါင်းလိုက်ရင် မူလ အမျိုးအစားထဲက အရာဝတ္ထုအားလုံးကို လွှမ်းခြုံနိုင်ရမယ် (exhaustive) ဆိုတဲ့သဘောတရားဖြစ်တယ်။ ဥပမာ, “လူသား” ကို “အမျိုးသား”၊ “အမျိုးသမီး” နဲ့ “အခြားလိင်” လို့ partition ခွဲထားရင်,
  • Disjoint သဘောတရားအရ တစ်ဦးဟာ တစ်ကြိမ်မှာ တစ်မျိုးသာဖြစ်နိုင်ပြီး,
  • Exhaustive သဘောတရားအရ, လူတိုင်းဟာ ဒီ ၃-မျိုးထဲက တစ်ခုခုဖြစ်ပြီး,
  • ဒီသုံးခုပြန်ပေါင်းလိုက်ရင် “လူသား” အားလုံးပါဝင်တဲ့ အစုပြန်ရပါမယ်။
Disjoint Sets (တစ်ခုနှင့်တစ်ခု မထပ်သော အစုအဝေးများ) ကို ပြည့်စုံစွာ ခွဲခြမ်းစိတ်ဖြာခြင်း(exhaustive decomposition)ကို ‘Partition’ (ခွဲခြမ်းခြင်း) လို့ခေါ်တယ်။ ဒီသဘောတရားသုံးခုအတွက် နောက်ထပ် ဥပမာတချို့က အောက်ပါအတိုင်းဖြစ်တယ်။
Disjoint({Animals, Vegetables})
“တိရစ္ဆာန်များ” နှင့် “ဟင်းသီးဟင်းရွက်များ” သည် တစ်ခုနှင့်တစ်ခု လုံးဝမထပ်သော Set (အစုအဝေး) များဖြစ်တယ်။ တိရစ္ဆာန်သည် ဟင်းသီးဟင်းရွက်ဖြစ်မည်မဟုတ်သလို၊ ဟင်းသီးဟင်းရွက်သည်လည်း တိရစ္ဆာန်ဖြစ်မည်မဟုတ်ပေ။
ExhaustiveDecomposition({Americans, Canadians, Mexicans},
NorthAmericans)
“အမေရိကန်များ”၊ “ကနေဒါနိုင်ငံသားများ” နဲ့ “မက္ကဆီကိုများ” ဟာ “မြောက်အမေရိကတိုက်သားများ” ကို ပြည့်စုံစွာ ဖွဲ့စည်းထားသော အစုအဝေးများဖြစ်တယ်။ ဆိုလိုတာက မြောက်အမေရိတိုက်သားတိုင်းဟာ ဒီသုံးမျိုးထဲက တစ်မျိုးမျိုး ဖြစ်နေရမယ်။ (ဒါပေမဲ့ ဒီ Decomposition ဟာ Partition မဟုတ်ကြောင်း သတိပြုပါ။ အကြောင်းက တချို့သူတွေဟာ ‘နှစ်နိုင်ငံသား double citizenship’ ဖြစ်နိုင်တဲ့အတွက်၊ အစုအဝေးတွေ ထပ်နေနိုင်တယ်။)
Partition({Animals, Plants, Fungi, Protista, Monera},
LivingThings).
ဒါကတော့ “သက်ရှိတွေ” ကို မထပ်အောင် ပြည့်စုံစွာ ခွဲခြမ်းထားတဲ့ Partition တစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်ရှိ အသက်ရှိသော အရာအားလုံးဟာ ဒီ Category (အုပ်စုအမျိုးအစား) ငါးမျိုးထဲက၊ တစ်မျိုးမျိုးမှာ ပါဝင်ရမှာဖြစ်ပြီး၊ တစ်မျိုးနဲ့တစ်မျိုး ထပ်နေခြင်း မရှိစေရဘူး။

ဒီ ‘ပရက်ဒီကိတ် Predicates’ (အခြေအနေများ သို့မဟုတ် ဂုဏ်သတ္တိများကို ဖော်ပြသော သင်္ကေတများ) သုံးခုကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။
  1. Disjoint(s) ⇔ (∀c1, c2 c1∈s ∧ c2∈s ∧ c1 ≠ c2 ⇒ Intersection(c1, c2) = { })

    s သည် Disjoint ဖြစ်သည်ဆိုသည်မှာ၊ s ထဲမှ မည်သည့် Category နှစ်ခု (c1, c2) မဆို၊ ၎င်းတို့ မတူညီပါက၊ ၎င်းတို့၏ Intersection (ထပ်နေသော အစိတ်အပိုင်း) သည် လုံးဝမရှိ (Empty Set ဖြစ်သည်) ဟုဆိုလိုတယ်။
  2. ExhaustiveDecomposition(s, c) ⇔ (∀i i∈c ⇔ ∃c2 c2∈s ∧ i∈c2)

    s သည် c ၏ ExhaustiveDecomposition ဖြစ်သည်ဆိုသည်မှာ၊ i သည် c ၏ အဖွဲ့ဝင်ဖြစ်လျှင် ဖြစ်မြောက်ပြီး၊ s ထဲမှ Category တစ်ခုခု (c2) တွင် i ပါဝင်ရမည်ဟု ဆိုလိုတယ်။ (ဆိုလိုတာက c ၏ အဖွဲ့ဝင်တိုင်းသည် s ထဲမှ Category တစ်ခုခုတွင် ပါဝင်ရမယ်။)
  3. Partition(s, c) ⇔ Disjoint(s) ∧ ExhaustiveDecomposition(s, c)

    s သည် c ၏ Partition ဖြစ်သည်ဆိုသည်မှာ၊ s သည် Disjoint လည်းဖြစ်ရမည်၊ s သည် c ၏ ExhaustiveDecomposition လည်း ဖြစ်ရမည်ဟု ဆိုလိုတယ်။
Categories တွေကို အဖွဲ့ဝင်ဖြစ်ဖို့အတွက် လိုအပ်ပြီးလုံလောက်တဲ့ (necessary and sufficient) အခြေအနေတွေကို ပေးခြင်းဖြင့်လည်း သတ်မှတ်နိုင်တယ်။ ဥပမာအားဖြင့်, “လူပျိုကြီးဆိုသည်မှာ အိမ်ထောင်မပြုရသေးသော အရွယ်ရောက်ပြီးသား ယောက်ျားဖြစ်သည်” ဆိုတာကို
x∈Bachelors ⇔ Unmarried(x) ∧ x∈Adults ∧ x∈Males. လို့ သတ်မှတ်နိုင်တယ်။
x သည် Bachelors အမျိုးအစားဝင်ဖြစ်သည်ဆိုသည်မှာ, x သည် အိမ်ထောင်မရှိသူ (Unmarried) ဖြစ်ရမယ်။ x သည် အရွယ်ရောက်သူ (Adult) ဖြစ်ရမယ်။ x သည် ယောက်ျား (Male) ဖြစ်ရမယ်။ ဤအခြေအနေသုံးခုလုံး ပြည့်မီမှသာ x ကို Bachelor ဟု ခေါ်ဆိုနိုင်တယ်။
Categories တွေအတွက် တိကျသော ယုတ္တိဗေဒဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ၊ စနစ်တကျ သတ်မှတ်ထားသော လူလုပ်ဝေါဟာရများ(Artificial Formal Terms) အတွက်သာ ဖြစ်လေ့ရှိပြီး သာမန်အရာဝတ္ထုများအတွက် မဟုတ်ဘူး။ သို့သော် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ အမြဲတမ်းတော့ မလိုအပ်ဘူး။

Tuesday, January 6, 2026

State v. Family


နိုင်ငံ နှင့် မိသားစု
=========
မှားယွင်းတဲ့ ဥပမာပေးမှုတွေ (False Analogies) ဟာ ကျောင်းသားတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖျက်ဆီးပြီး၊ "မလျော်ကန်မှု၊ မှားယွင်းမှု" တွေ ကို သဘာဝကျသယောင် (Normalize) ဖြစ်သွားစေနိုင်ပါတယ်။
ဥမာအားဖြင့် နိုင်ငံတစ်နိုင်ငံ ကို မိသားစုတစ်ခုနဲ့ ဥပမာပေးလိုက်တာကို ဆင်ခြင်ကြည့်ပါ။ ၎င်းဥပမာဟာ နိုင်ငံသားတွေကို အရည်အချင်းမပြည့်မီသူ "ကလေးသူငယ်" အဆင့်မှာထားပြီး၊ အုပ်ချုပ်သူကို "အမှားအယွင်းမရှိသော ဖခင်" အဖြစ် ပုံဖော်တာကြောင့် အလွန် အန္တရာယ်ရှိပါတယ်။
ခေတ်သစ်နိုင်ငံရေးအတွေးအခေါ်ပညာရှင် Immanuel Kant က Paternalistic Government (ဖခင်သဖွယ် အုပ်ချုပ်သော အစိုးရ) ဆိုတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။
"A government established on the principle of benevolence towards the people, after the manner of a father towards his children — that is, a paternalistic government... is the greatest despotism imaginable."
[REF: On the Common Saying: 'This May be True in Theory, but it does not Apply in Practice', 1973, Section II ("On the relationship of theory to practice in political right"), Page 74 (Cambridge University Press, Kant: Political Writings, Edited by H.S. Reiss)]
(ပြည်သူလူထုအပေါ် ဖခင်က သားသမီးအပေါ် ထားရှိသည့် စေတနာမျိုးဖြင့် အုပ်ချုပ်သည်ဆိုသော 'ဖခင်သဖွယ် အုပ်ချုပ်ရေးစနစ်' သည် စိတ်ကူးကြည့်နိုင်သမျှတွင် အဆိုးဝါးဆုံးသော အာဏာရှင်စနစ်ပင်ဖြစ်သည်။)

ဒါ့ကြောင့် နိုင်ငံကို မိသားစုနဲ့ ဥပမာပေးပြီး "ဖခင်ဖြစ်သူက အခြားမိသားစုဝင်များသည် အရည်အချင်းမပြည့်မီသည့်အခါ သူတစ်တည်းက ထိန်းချုပ်ပေးရမည်" ဆိုတဲ့ ဥပမာဟာ Arbitrary Power (အာဏာကို စိတ်အလိုကျကျင့်သုံးခြင်း) ကို အမှန်တရားအဖြစ် သွတ်သွင်းပေးနေသလို ဖြစ်နေတယ်။

တကယ်တော့ လူမျိုးစု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု များစွာ ပါဝင်နေတဲ့ နိုင်ငံတစ်ခုအတွက် လူ့အဖွဲ့အစည်းတစ်ခုအတွက်ဆိုရင်၊ ၎င်း ဥပမာပေးမှုဟာ အတွေးအခေါ် လမ်းလွဲမှုကို ဖြစ်စေနိုင်တယ်။
နိုင်ငံတစ်ခုဟာ မိသားစုတစ်ခုထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးပြီး မတူကွဲပြားမှုများစွာ ပါဝင်နေတယ်။ မိသားစုဥပမာဟာ၊ နိုင်ငံသားများအကြား တန်းတူညီမျှမှုရှိသော Social Contract (လူမှုကတိကဝတ်) ကို လျစ်လျူရှုထားသလိုဖြစ်နေတယ်။

ဥပဒေပညာရှင် Ronald Dworkin က သူ့ရဲ့ Law’s Empire (Page 211 & 213, Harvard University Press, ၁၉၈၆) မှာ “ဥပဒေဆိုသည်မှာ အသိုက်အဝန်းတစ်ခုလုံး၏ တန်ဖိုးထားမှုများကို အခြေခံရမည်” ဟု ဆိုထားပါတယ်။
ဒါ့ကြောင့် လေးနက်ကျယ်ပြန့်တဲ့ ပညာရပ်တွေကို သင်ကြားရာမှာ မပြည့်စုံတဲ့ ဥပမာများပေးခြင်းဟာ၊ ကျောင်းသားတွေကို "Intellectual Myopia" (အသိပညာ အမြင်ကျဉ်းခြင်း၊ အသိပညာ အတွေးတိမ်ခြင်း) ဖြစ်စေနိုင်တယ်။ သမ္မာဒိဋ္ဌိ ဉာဏ်ရှိတဲ့ ပညာရှင်ဆိုတာ "စွမ်းဆောင်ရည်" (Efficiency) တစ်ခုတည်းကို ကြည့်ပြီး "တရားမျှတမှု" (Justice) ကို လျစ်လျူရှုလို့ မရနိုင်ကြောင်းသတိပေးနေသူ ဖြစ်ရပါမယ်။


နိဂုံးချုပ်ရရင်
"နိုင်ငံသည် မိသားစုကဲ့သို့ဖြစ်သည်" ဆိုတဲ့ ဥပမာဟာ နိုင်ငံရေးသိပ္ပံပညာရပ်မှာ "Organic Theory of State" ရဲ့ အစွန်းရောက်ပုံစံဖြစ်ပြီး၊ ဖက်ဆစ်ဝါဒ (Fascism) နဲ့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ဖူးတာကို မမေ့အပ်ပါဘူး။ နိုင်ငံ ဟာ မိသား စုနဲ့ မတူဘူးလို့ ဆိုချင်ပါတယ်။

Wednesday, December 31, 2025

အသိပညာ အကြမ်းဖက်ခံရခြင်း

 

"အသိပညာ အကြမ်းဖက်ခံရခြင်း" သို့မဟုတ်

"ဉာဏပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း" သို့မဟုတ်

အကြောင်းပြချက် လမ်းညွှန်ချက်မရှိသော သုတေသနခေါင်းစဉ် ငြင်းပယ်မှု

===================

ကျောင်းသားတစ်ဦးဟာ မိမိ အမှန်တကယ် စိတ်ဝင်စားတဲ့၊ အားသန်တဲ့၊ ကျွမ်းကျင်တဲ့၊ မိမိ အထူးပြုလေ့လာလိုသော နယ်ပယ်နဲ့ ဆိုင်တဲ့ “စာတမ်းခေါင်းစဉ်” တစ်ခုကို အကြောင်းပြချက်မဲ့ ငြင်းပယ်ခံလိုက်ရတဲ့ အခြေအနေမျိုးဟာ စစ်မှန်တဲ့ ပညာလိုလားသူ ကျောင်းသားတစ်ဦးအတွက် အလွန့်အလွန် စိတ်ပျက်အားလျော့ဖွယ်ကောင်းတဲ့ အခြေအနေတစ်ခုဖြစ်တယ်။

ပညာရပ်နယ်ပယ်တစ်ခုမှာ "မသိလို့ မေးတာကို၊ မသိဘဲနဲ့ ဖြေတာ" ထက် "သိချင်လို့ ကြိုးစားတာကို၊ အကြောင်းပြချက်မရှိဘဲ ရိုက်ချိုးတာ" က ပိုပြီး အန္တရာယ်ကြီးတယ်။

 


"ရှိပြီးသား ခေါင်းစဉ်ဖြစ်လို့ ပယ်တယ်" ဆိုတဲ့ စကားတစ်ခွန်းဟာ ပညာရပ်နယ်ပယ်တစ်ခုမှာ အလွယ်ကူဆုံးသော ထွက်ပေါက်ဖြစ်သလို၊ အန္တရာယ်အကြီးမားဆုံးသော လက်နက်တစ်ခုလည်း ဖြစ်တယ်။

အမှန်တကယ်က စစ်မှန်သော သုတေသနဆိုတာ လုံးဝဥဿုံ အသစ်စက်စက် (Brand New) ဖြစ်နေဖို့  မလိုဘူး။ ရှိပြီးသား အကြောင်းအရာတစ်ခုကို ရှုထောင့်အသစ်၊ နည်းလမ်းအသစ်၊ ဒေသအသစ် သို့မဟုတ် ကာလအသစ်တစ်ခုနဲ့ ချဉ်းကပ်လေ့လာခြင်းကလည်း ကွက်လပ်ဖြည့်ပေးနိုင်တဲ့ တန်ဖိုးရှိသော သုတေသန (Gap Filling) တစ်ခုပဲဖြစ်တယ်။

ကျောင်းသားတစ်ဦးရဲ့ စိတ်အားထက်သန်စွာ တင်ပြလာတဲ့ အဆိုပြုလွှာကို "တူနေတယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချလိုက်တဲ့အခါ ၎င်းပယ်ချသူက အောက်ပါ မေးခွန်းများကို ဖြေကြားရန် မုချ တာဝန်တယ်။

  1. မည်သည့် စာတမ်းနှင့် တူညီနေသနည်း?
  2. မည်သည့် အချက်အလက်များ (Variables/Methodology) ထပ်နေသနည်း?
  3. ထပ်နေသည်ဆိုလျှင် ထိုထပ်နေသော လမ်းကြောင်းမှ ခွဲထွက်ပြီး မည်သို့ ဆန်းသစ်နိုင်မည်နည်း?

ဒီလိုအချက်တွေကို ရှင်းလင်းပြသနိုင်ခြင်း မရှိဘဲ၊ "လမ်းညွှန်မှု ကင်းမဲ့စွာ ငြင်းပယ်ခြင်း" (Rejection without Guidance) ဟာ ပညာရပ်ဆိုင်ရာ စံနှုန်း (Academic Integrity) နဲ့ ကိုက်ညီမှု မရှိရုံသာမက၊ ဉာဏပိုင်းဆိုင်ရာ ပျင်းရိခြင်း (Intellectual Lethargy) လည်း ဖြစ်တယ်။

ဆရာတစ်ယောက်ရဲ့ အဓိကတာဝန်က "တံခါးပိတ်ခြင်း" မဟုတ်ဘဲ "တံခါးဖွင့်ပေးခြင်း" သာ ဖြစ်တယ်။ ကျောင်းသားရဲ့ စိတ်ဝင်စားမှုကို အရင်းတည်ပြီး၊ ရှိပြီးသား ခေါင်းစဉ်တွေနဲ့မတူညီအောင် ဘယ်လို ခွဲထွက်လေ့လာရမလဲဆိုတာကို လမ်းညွှန်ပြသနိုင်မှသာ "ဆရာကောင်း၊ ဆရာမြတ်" လို့ ခေါ်ဆိုထိုက်မှာဖြစ်တယ်။

အကြောင်းပြချက် ခိုင်လုံစွာမပေးဘဲ ကျောင်းသားရဲ့ စူးစမ်းလိုစိတ် (Curiosity) ကို ရိုက်ချိုးလိုက်ခြင်းဟာ ဉာဏပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့ (Intellectual Bullying) လုပ်ရပ်ဖြစ်ပြီး၊ ၎င်းဟာ "အသိပညာ အကြမ်းဖက်မှု"(Intellectual Violence)  တစ်ရပ်လို့တောင် ဆိုနိုင်တယ်။ တကယ်တော့ ဒီလိုလုပ်ရပ်ဟာ ကောင်းမွန်နိုင်ခြေရှိတဲ့ သုတေသန စာတမ်းတစ်စောင်ကို ပယ်ချလိုက်ခြင်း မဟုတ်ဘဲ၊ အနာဂတ်မှာ ပေါ်ထွန်းလာနိုင်တဲ့ ပညာရှင်တစ်ဦးရဲ့ ယုံကြည်မှုကိုပါ သတ်ဖြတ်လိုက်ခြင်း ဖြစ်နေနိုင်တယ်။

နိဂုံး။

ပညာရှိသူတို့မည်သည် "မလုပ်ရ" ဟု တားမြစ်ရုံဖြင့် မလုံလောက်၊ "မည်သို့လုပ်လျှင် ပိုကောင်းမည်" ကို ညွှန်ပြနိုင်မှသာလျှင် ၎င်းရှိနေသောနေရာ၌ ရှိနေသင့်တယ်။

Monday, December 15, 2025

အရိုး နှင့် အရွက် (သို့မဟုတ်) ပြဌာန်းဥပဒေ နှင့် စီရင်ထုံး

၁။ "နိုင်ငံခြားစီရင်ထုံးများကို ပယ်လိုခြင်း" (The Paradox of Contextual Isolation)

အချို့သောသူတို့၏ "အခြားနိုင်ငံမှ စီရင်ထုံးများကို ကိုးကားလျှင် မြန်မာပီသမည် မဟုတ်" ဟူသော ယူဆချက်သည် ယုတ္တိဗေဒအရသော်လည်းကောင်း၊ ဥပဒေပညာအရသော်လည်းကောင်း ကြီးမားသော ရှေ့နောက်မညီမှု (Fundamental Paradox) ဖြစ်နေပါသည်။ အကြောင်းမှာ ၎င်းယူဆချက်သည်…

  • ဥပဒေ၏ ဇာစ်မြစ်ကို မျက်ကွယ်ပြုခြင်း (Ignoring the Genetic Code of the Law): မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံး၊ တရားမကျင့်ထုံး၊ သီးခြားသက်သာခွင့်အက်ဥပဒေ၊ ကာလစည်းကမ်းသတ်အက်ဥပဒေ၊ သက်သေခံအက်ဥပဒေ အစရှိသည်တို့သည် "Common Law" စနစ်ကို အခြေခံထားသည်။  ရာဇသတ်ကြီး၏ ပဲ့ကိုင်ရှင် Lord Macaulay, သက်သေခံဥပဒေ၏ ပန်းပုဆရာ Sir James Fitzjames Stephen နှင့် အခြားအခြားသော နိုင်ငံတကာပညာရှင်များ ရေးဆွဲခဲ့သော ဤဥပဒေများသည် အင်္ဂလိပ် ဥပဒေရေးရာ အနှစ်သာရများ (Legal Concepts) ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဥပဒေ စာသား (Text) သည် နိုင်ငံခြားဘာသာစကား (အင်္ဂလိပ်စာ) ဖြစ်နေပြီး၊ ထိုစာသားကို အဓိပ္ပာယ်ဖွင့်ဆိုသော နိုင်ငံတကာစံနှုန်း (Interpretation) ကို ငြင်းပယ်ရန်ကျိုးစားခြင်းသည် "စက်ပစ္စည်းကို ယူသုံးပြီး ယင်းစက်ပစ္စည်း၏ လည်ပတ်ပုံလက်စွဲစာအုပ် (Manual) ကို လွှင့်ပစ်လိုက်ခြင်း" နှင့် တူပါသည်။ ဥပဒေ၏ မူရင်းဆိုလိုရင်း (Legislative Intent) ကို သိရှိရန် ထိုခေတ်ကာလက အလားတူဥပဒေပြဌာန်းထားသော နိုင်ငံများ (အထူးသဖြင့် အိန္ဒိယနှင့် အင်္ဂလန်) ၏ စီရင်ထုံးများကို လေ့လာခြင်းသည် "မြန်မာမပီသခြင်း" မဟုတ်ဘဲ "ဥပဒေ၏ အနှစ်သာရကို ရှာဖွေခြင်း" သာ ဖြစ်သည်။
  • ဥပဒေရေးရာ အထီးကျန်ဆန်မှု (Legal Isolationism): ကမ္ဘာ့ဥပဒေပညာရပ်သည် အပြန်အလှန် ချိတ်ဆက်နေသည်။ မြန်မာ့အခြေအနေနှင့် ကိုက်ညီအောင် ကျင့်သုံးရမည်ဆိုသည်မှာ မှန်သော်လည်း၊ ဥပဒေ၏ အခြေခံသဘောတရားများ (ဥပမာ - ရာဇဝတ်မှုတွင် သံသယအကျိုးကို တရားခံအား ပေးခြင်း၊ တရားမမှုတွင် သာလွန်သော သက်သေထင်ရှားပြခြင်း) သည် လူမျိုးမရွေး၊ နိုင်ငံမရွေး တူညီသော တရားမျှတမှု စံနှုန်းများဖြစ်သည်။ နိုင်ငံခြားစီရင်ထုံးများကို ပယ်ခြင်းသည် ပြည်တွင်းစီရင်ရေးကို နိုင်ငံတကာစံနှုန်းများမှ ကင်းကွာစေပြီး "ရေတွင်းထဲမှ ဖား" ကဲ့သို့သော ကျဉ်းမြောင်းသည့် အမြင်ကို ဖြစ်စေနိုင်ပါသည်။

၂။ "ဆင်ခြင်တုံဉာဏ်ဖြင့် နှစ်သက်ရာ စီရင်ထုံးကို ရွေးချယ်စေခြင်း"

"တရားဝန်ကြီးရုံး နှစ်ရုံးမှ စီရင်ထုံး ကွဲလွဲလျှင် မှား/မှန် ပြောခွင့်မရှိဘဲ ကြိုက်ရာကို ရွေးလိုက်နာရန်" ဟူသော လမ်းညွှန်ချက်သည် တရားဥပဒေစိုးမိုးရေး (Rule of Law) ၏ အသက်သွေးကြောဖြစ်သော "ဥပဒေရေးရာ တိကျခိုင်မာမှု" (Legal Certainty) ကို ဖြိုဖျက်ရာ ရောက်ပါသည်။

  • တရားစီရင်ရေး မတည်ငြိမ်မှု (Judicial Anarchy): တရားရုံးတစ်ရုံးက စီရင်ထုံး (က) ကို ကြိုက်၍ လိုက်နာပြီး၊ အခြားတရားရုံးတစ်ရုံးက စီရင်ထုံး (ခ) ကို ကြိုက်၍ လိုက်နာပါက၊ ပြည်သူများအတွက် ဥပဒေသည် တစ်ပြေးညီ ဖြစ်တော့မည် မဟုတ်ပါ။ မှုခင်းဖြစ်ရပ်ချင်း တူညီသော်လည်း ပုဂ္ဂလိက အကြိုက် (Subjective Preference) ပေါ်မူတည်၍ အဖြေကွဲပြားသွားခြင်းသည် "ဥပဒေရှေ့မှောက်တွင် ညီမျှခြင်း" (Equality before the Law) မူကို ချိုးဖောက်ရာ ရောက်ပါသည်။
  • Stare Decisis မူကို သွေဖည်ခြင်း: တရားစီရင်ရေးစနစ်တွင် စီရင်ထုံးကွဲလွဲမှုရှိပါက အောက်ရုံးများက "ကြိုက်ရာရွေး" ရန်မဟုတ်ဘဲ၊ စုံညီခုံရုံး (Full Bench) သို့ တင်ပြ၍ အပြီးသတ် အဆုံးအဖြတ် ရယူရမည့် ကိစ္စဖြစ်သည်။ အောက်ရုံးများနှင့် လျှောက်လှဲသူများအား လွတ်လပ်ခွင့် ပေးလိုက်ခြင်းသည် ပြဿနာကို ဖြေရှင်းခြင်း မဟုတ်ဘဲ၊ ဥပဒေကို ပိုမို ရှုပ်ထွေးသွားစေမည့် လုပ်ရပ်ဖြစ်သည်။

၃။ မူရင်းပြဌာန်းဥပဒေထက် စီရင်ထုံးများကို လိုက်နာခြင်း၏ ဆိုးကျိုးများနှင့် အားနည်းချက်များ

မူရင်းပြဌာန်းဥပဒေ (Statutory Law) သည်  ဥပဒေပြုအဖွဲ့အစည်းက ပြဌာန်းသော ဥပဒေဖြစ်ပြီး၊ စီရင်ထုံး (Case Law) သည် တရားသူကြီးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ စီရင်ထုံးကို အလွန်အကျွံ အလေးထားခြင်းတွင် အောက်ပါ အန္တရာယ်များ ရှိနေပါသည်။

(က) တရားစီရင်ရေးမှ ဥပဒေပြုအာဏာကို ကျော်လွန်ရယူခြင်း (Judicial Legislation)

စီရင်ထုံးသည် ဥပဒေကို ရှင်းလင်းရန်သာ ဖြစ်သင့်သည်။ သို့သော် တစ်ခါတစ်ရံ စီရင်ထုံးများသည် မူရင်းဥပဒေတွင် မပါရှိသော အချက်များကို ဖြည့်စွက်ခြင်း၊ သို့မဟုတ် မူရင်းဥပဒေ၏ အာနိသင်ကို ကျဉ်းမြောင်းစေခြင်းများ ပြုလုပ်လာကြသည်။ ဤသည်မှာ  အပြည်ပြည်တွင် လေးစားလိုက်နာကြသော အခြေခံမူဖြစ်သည့် အာဏာခွဲဝေကျင့်သုံးခြင်း (Separation of Powers) ကို ထိခိုက်စေပါသည်။

(ခ) ဥပဒေကို ရှုပ်ထွေးစေခြင်းနှင့် လက်လှမ်းမမီနိုင်ခြင်း (Complexity and Inaccessibility)

  • ရှုပ်ထွေးမှု: မူရင်းဥပဒေပုဒ်မတစ်ခုသည် စာတစ်ကြောင်းသာ ရှိသော်လည်း၊ ထိုပုဒ်မအတွက် စီရင်ထုံးပေါင်း ရာချီ ရှိနေနိုင်သည်။ ပြည်သူတစ်ဦးအနေဖြင့် ဥပဒေကို သိလိုလျှင် စာအုပ်တစ်အုပ်ဖတ်ရုံနှင့် မရတော့ဘဲ၊ နှစ်ပေါင်းများစွာက စီရင်ထုံးများကိုပါ လိုက်ရှာဖတ်နေရခြင်းသည် ဥပဒေကို ရှုပ်ထွေးစေသည်။
  • မရေရာမှု: စီရင်ထုံးများသည် အမှုတစ်ခုနှင့် တစ်ခု အကြောင်းခြင်းရာ (Facts) မတူညီမှုအပေါ် မူတည်၍ ပြောင်းလဲတတ်သည်။ ထို့ကြောင့် ပြဌာန်းဥပဒေကဲ့သို့ တိကျခိုင်မာမှု (Rigidity) မရှိဘဲ၊ ရှေ့နေများ၏ စကားနိုင်လုပွဲ (Legal Gymnastics) ဖြစ်သွားရန် လမ်းစဖွင့်ပေးသကဲ့သို့ ဖြစ်စေသည်။

(ဂ) ဥပဒေ၏ မူလရည်ရွယ်ချက် ပျောက်ဆုံးခြင်း (Dilution of Legislative Intent)

ကာလကြာရှည်လာသည်နှင့်အမျှ စီရင်ထုံးတစ်ခုကို အခြေခံပြီး နောက်ထပ် စီရင်ထုံးတစ်ခု ထပ်ထွက်လာကာ၊ မူရင်းပြဌာန်းဥပဒေ၏ စာသားနှင့် တဖြည်းဖြည်း ဝေးကွာသွားတတ်သည်။ ဥပမာ - သက်သေခံဥပဒေ ပုဒ်မ ၂၇ (တရားခံထံကရရှိသည့်သတင်းများအနက် မည်မျှကိုသက်သေခံတင်ပြနိုင်ခြင်း။) ကဲ့သို့သော ကိစ္စရပ်များတွင် စီရင်ထုံးများက ကန့်သတ်ချက်များစွာ ထပ်ဖြည့်လိုက်သောအခါ မူရင်းဥပဒေ၏ ထိရောက်မှု ကျဆင်းသွားတတ်သည်။

 

နိဂုံး

"နိုင်ငံခြားအယူအဆ ပယ်ရေး" နှင့် "စီရင်ထုံး  အားကိုးရေး" တို့သည် ဥပဒေပညာအရ ကျိုးကြောင်းမဆီလျော်သောတဖက်သတ်အမြင် နှင့် ဥပဒေပြုအာဏာအပေါ် ကျော်လွန်စွက်ဖက်ခြင်း သာ ဖြစ်သည်။

Lord Macaulay နှင့် Sir James Fitzjames Stephen တို့ ရေးဆွဲခဲ့သော ဥပဒေများသည် ခိုင်မာသော ယုတ္တိဗေဒ (Logic) ပေါ်တွင် တည်ဆောက်ထားသည်။ ထိုဥပဒေများကို ကျင့်သုံးနေသမျှ ကာလပတ်လုံး၊ ယင်းတို့၏ မူရင်း ဥပဒေရေးရာ အရင်းအမြစ်များကို လေးစားလိုက်နာပြီး၊ စီရင်ထုံးများက၊ မူရင်းဥပဒေအား လွှမ်းမိုးခွင့်မပေးဘဲ ဥပဒေရှင်းလင်းချက် အဖြစ်သာ သတိထား အသုံးပြုသင့်ပါသည်။


အပိုင်း(၂)=====================================

သက်သေခံဥပဒေ မူရင်းပြဌာန်းချက်များဖြင့် နှိုင်းယှဉ်လေ့လာခြင်း

၁။ ကြံရာပါ၏ သက်သေခံချက် (Accomplice Evidence)

ပုဒ်မ ၁၃၃ နှင့် ပုဒ်မ ၁၁၄(ခ) အကြား အားပြိုင်မှု
• မူရင်းပြဌာန်းဥပဒေ (ပုဒ်မ ၁၃၃)
"ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါတစ်ဦးသည် အရည်အချင်းရှိသော သက်သေ (Competent Witness) ဖြစ်သည်။ ၎င်း၏ ထွက်ဆိုချက်တစ်ခုတည်းဖြင့် တရားခံကို ပြစ်မှုထင်ရှားစီရင်ခြင်းသည် ဥပဒေနှင့်မညီဟု မဆိုသာ (An accomplice shall be a competent witness against an accused person; and a conviction is not illegal merely because it proceeds upon the uncorroborated testimony of an accomplice.)။" (ဆိုလိုရင်းမှာ - အခြားခိုင်လုံသော သက်သေအထောက်အထား မရှိဘဲ၊ ကြံရာပါ၏ စကားတစ်ခုတည်းဖြင့် လူတစ်ယောက်ကို အပြစ်ပေး၍ ရသည်ဟု ဥပဒေက အတိအလင်း ဆိုထားသည်။)
• စီရင်ထုံးများ၏ လွှမ်းမိုးမှု (Rule of Prudence)
တရားရုံးများသည် ပုဒ်မ ၁၁၄၊ ပုံစံ(ခ) တွင်ပါသော "ကြံရာပါတစ်ဦးသည် ယုံကြည်ထိုက်သူ မဟုတ်ဟု တရားရုံးက မှတ်ယူနိုင်သည် (May Presume)" ဟူသော အချက်ကို အစွဲပြု၍ စီရင်ထုံးများစွာ ချမှတ်ခဲ့သည်။ စီရင်ထုံးများက "ကြံရာပါ၏ ထွက်ဆိုချက်ကို အခြားလွတ်လပ်သော သက်သေခံချက် (Corroboration) နှင့် မခိုင်မာစေဘဲ ပြစ်ဒဏ်မချမှတ်ရ" ဟု စည်းကမ်းတစ်ရပ် သတ်မှတ်လိုက်သည်။
• ထို့ကြောင့်
မူရင်းဥပဒေက “ကြံရာပါ၏ သက်သေခံချက်ဖြင့် တရားခံကို အပြစ်ပေးခြင်းသည် ဥပဒေနှင့် မညီခြင်း မဟုတ် (Not Illegal)" ဟု ဆိုထားသော်လည်း၊ စီရင်ထုံးများက "မပေးရ" ဟု တားမြစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဤနေရာတွင် ဥပဒေပြုသူများ၏ ရည်ရွယ်ချက် (Legislative Intent) ဖြစ်သော "ဆင်ခြင်ဉာဏ်ဖြင့် အမှန်တရားရှာဖွေခြင်း" ကို ပိတ်ပင်လိုက်ပြီး၊ ပုံသေကားကျ စည်းမျဉ်းတစ်ခုဖြင့် ဥပဒေကို ချုပ်နှောင်လိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ရိုးသားမှန်ကန်စွာ ဝန်ခံထွက်ဆိုသော ကြံရာပါရှိသော်လည်း၊ အခြားသက်သေ အနည်းငယ် လိုအပ်နေရုံမျှဖြင့် ရာဇဝတ်ကောင်များ လွတ်မြောက်သွားရသည့် အဖြစ်များ ရှိလာသည်။
________________________________________
၂။ သတင်းပေးချက်အရ သက်သေခံပစ္စည်း ရှာဖွေတွေ့ရှိခြင်း (Discovery of Facts)
ပုဒ်မ ၂၇ ၏ ရှုပ်ထွေးနက်နဲမှု
ပုဒ်မ ၂၇ သည် စွပ်စွဲခံရသူကို ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရန် ပြဌာန်းထားခြင်း ဖြစ်သော်လည်း၊ စီရင်ထုံးများ၏ အလွန်အကျွံ စည်းကမ်းသတ်မှတ်ချက်များကြောင့် တရားမျှတမှုကို ထိခိုက်စေနိုင်သည့် အလားအလာများ ရှိနေပါသည်။
• မူရင်းပြဌာန်းဥပဒေ (ပုဒ်မ ၂၇)
"ရဲအရာရှိ၏ ထိန်းသိမ်းမှု (Custody) အောက်တွင် ရှိနေသော တရားခံတစ်ဦးထံမှ ရရှိသော သတင်းအချက်အလက်ကြောင့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိပါက၊ ထိုတွေ့ရှိခြင်းနှင့် သက်ဆိုင်သော အချက်အလက်များကို သက်သေခံအဖြစ် တင်ပြခွင့်ရှိသည်။"
• စီရင်ထုံးများ၏ လွှမ်းမိုးမှု
စီရင်ထုံးများသည် "ထိန်းသိမ်းမှု (Custody)" နှင့် "ထွက်ဆိုချက် (Statement)" အပေါ် အလွန်အမင်း တိကျသော ဘောင်များ ခတ်လိုက်သည်။
o တရားခံက ရဲလက်ထဲမရောက်မီ (ဥပမာ - ရပ်ရွာလူကြီးရှေ့တွင်) ပြောသောစကားဖြစ်လျှင် ပုဒ်မ ၂၇ အရ လက်မခံ။
o တရားခံပြောသော စကားလုံးအတိအကျ (Exact Words) ကို မမှတ်တမ်းတင်နိုင်လျှင် လက်မခံ။
o ရဲထံ အစစ်ခံချက်ကို (ယေဘုယျ အားဖြင့်) လက်မခံ
o (အခြားအခြားသော အငြင်းပွားဖွယ် ဆွေးနွေးစရာအချက်များ များစွာကျန်ရှိသည်)
• ထို့ကြောင့်
စီရင်ထုံးများ၏ တင်းကျပ်မှုသည် လက်တွေ့မြေပြင်တွင် "လုပ်ကြံသက်သေများ (Fabricated Evidence)" ဖန်တီးရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေသည်။ စွပ်စွဲခံရသူများကို စစ်ဆေးရာတွင် တရားရုံးက လက်ခံမည့် ပုံစံခွက်အတိုင်း စစ်ချက်များကို ပြန်လည် ပြင်ဆင်ရေးသားလာကြသည်။ ဤသည်မှာ ဥပဒေ၏ မူလရည်ရွယ်ချက်ဖြစ်သော "အမှန်တရားဖော်ထုတ်ရေး" ကို ပျက်ပြားစေပြီး "ပုံစံကျရေး (Format)" ကိုသာ ဦးစားပေးသော စနစ်ဖြစ်သွားစေသည်။
________________________________________
၃။ သေခါနီး ထွက်ချက် (Dying Declaration)
ပုဒ်မ ၃၂ (၁) နှင့် အင်္ဂလိပ်စီရင်ထုံးများ၏ အရိပ်
• သက်သေခံဥပဒေ ပုဒ်မ ၃၂(၁) တွင် သေဆုံးသူသည် ၎င်းသေဆုံးရသော အကြောင်းရင်းကို ပြောပြသည့် မည်သည့်ထွက်ချက်မဆို (သေမည်ဟု မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ) သက်သေခံ ဝင်သည်။
• အင်္ဂလိပ် Common Law တွင် သေခါနီးထွက်ချက်သည် "သေရတော့မည်ဟု မြဲမြံစွာ ယုံကြည်မျှော်လင့်ထားမှ (Hopeless expectation of death)" သာ သက်သေခံဝင်သည်။ ပြဌာန်းဥပဒေက ဤကဲ့သို့ "သေမည်ဟု မျှော်လင့်ရန် မလို" ဟု ဆိုသော်လည်း၊ ရှေးယခင် စီရင်ထုံးများ၏ အရှိန်ကြောင့် သေဆုံးသူ၏ စိတ်အခြေအနေ (State of mind) ကို အလွန်အကျွံ စိစစ်လေ့ရှိသည်။
• စီရင်သူများသည် ဥပဒေစာသားထက် "စီရင်ထုံးလာ စံနှုန်းများ" ကို ပိုမိုကြောက်ရွံ့ကြသည်။ သေဆုံးသူက အမှန်တကယ် ပြောကြားခဲ့ကြောင်း ခိုင်မာသော်လည်း၊ နည်းစနစ်ပိုင်းဆိုင်ရာ (ဥပမာ - မှတ်တမ်းတင်သူ၏ အရေးအသားပုံစံ... စသည့်) အားနည်းချက်လေးများ ရှာဖွေပြီး ပယ်ချလေ့ရှိသည်။ ဤသည်မှာ မူရင်းဥပဒေက ပေးထားသော ကျယ်ပြန့်သည့် အခွင့်အရေးကို စီရင်ထုံးဖြင့် ကျဉ်းမြောင်းစေသကဲ့သို့ ဖြစ်သွားသည်။
________________________________________
၄။ ဆင်ခြေပေး သက်သေခံချက် (Alibi)
ပုဒ်မ ၁၁ (မဖြစ်နိုင်သော အချက်များ)
• အခြားနေရာတွင် ရှိနေကြောင်း (Alibi) ပြသခြင်းသည် ပုဒ်မ ၁၁ အရ သက်ဆိုင်သော အကြောင်းခြင်းရာ ဖြစ်သည်။
• စီရင်ထုံးများက "Alibi ကို ထူထောင်သူသည် ၎င်းတည်ရှိရာနေရာနှင့်ပတ်သက်၍ တိကျခိုင်မာစွာ သက်သေပြနိုင်ရမည်" ဟု ဝန်ထုပ်ဝန်ပိုး (Burden of Proof) ကို တရားခံအပေါ် အလွန်ကြီးလေးစွာ တင်ပေးလိုက်သည်။ တရားခံဘက်မှ အနည်းငယ် လွဲချော်ရုံဖြင့် ထိုထွက်ဆိုချက် တစ်ခုလုံးကို ပယ်ချလေ့ရှိသည်။
• ရာဇဝတ်မှုတွင် "သံသယအကျိုးကို တရားခံအား ပေးရမည်" ဟူသော မူရင်းသဘောတရားနှင့် ဆန့်ကျင်လျက်၊ Alibi ကိစ္စတွင်မူ စီရင်ထုံးများက တရားခံကို သက်သေပြရန် အလွန်ခက်ခဲစေသည်။ အမှုစစ်ဆေးရာတွင် ဖြစ်ရပ်မှန်ထက် "မည်သူ့အပေါ် သက်သေပြရန် တာဝန်ကျသနည်း" ဟူသော နည်းစနစ်ပိုင်း (Technicality) တွင် ပိတ်မိနေတတ်သည်။
________________________________________
နိဂုံးချုပ်
သက်သေခံဥပဒေ (မူရင်း အင်္ဂလိပ်လို) ကို အနည်းငယ်မျှ လေ့လာကြည့်လျှင်ပင် "ဥပဒေက တံခါးဖွင့်ပေးသော်လည်း၊ စီရင်ထုံးများက ပြန်ပိတ်ထားတတ်သည်" ဟု သုံးသပ်နိုင်ပါသည်။ မူရင်းဥပဒေသည် "သက်သေခံချက်၏ တန်ဖိုး (Weight of Evidence)" ကို ဉာဏ်ပညာ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်စေလိုသော်လည်း၊ စီရင်ထုံးများသည် "သက်သေခံချက်၏ လက်ခံနိုင်မှု (Admissibility)" ကို တင်းကျပ်သော စည်းမျဉ်းများဖြင့် ကန့်သတ်သလိုဖြစ်စေခြင်းဖြင့် တရားမျှတမှုကို ရှာဖွေသော ‘ဘောင်’ ကျဉ်းမြောင်းစေသည်ဟု ကောက်ချက်ချနိုင်ပါသည်။


(အပိုင်း - ၃)=====================
Lord Macaulay ရေးဆွဲခဲ့သော ရာဇသတ်ကြီးသည် အလွန်သိမ်မွေ့နက်နဲသော စကားလုံးအသုံးအနှုန်းများဖြင့် ဖွဲ့စည်းထားသည့်အတွက်၊ လက်တွေ့တရားစီရင်ရေးတွင် စီရင်ထုံးများက ထိုသဘောတရားများကို ရိုးရှင်းအောင် ကြိုးစားရင်း မူရင်းအနှစ်သာရနှင့် လွဲချော်သွားသည့် အချက်များ ရှိပါသည်။
________________________________________
၁။ မျိုးစိတ်နှင့် မျိုးကွဲ သဘောတရား (Genus and Species)
ပုဒ်မ ၂၉၉ နှင့် ၃၀၀ အကြား ရှုပ်ထွေးမှု
• မူရင်းပြဌာန်းဥပဒေ (Legal Text)
ရာဇသတ်ကြီး၏ မူရင်းသဘောတရားအရ "လူသေမှု (Culpable Homicide - ပုဒ်မ ၂၉၉)" သည် ပင်မအမျိုးအစား (Genus) ဖြစ်ပြီး၊ "လူသတ်မှု (Murder - ပုဒ်မ ၃၀၀)" သည် ယင်း၏ မျိုးစိတ် (Species) ဖြစ်သည်။ လူသတ်မှုတိုင်းသည် လူသေမှု ဖြစ်သော်လည်း၊ လူသေမှုတိုင်း လူသတ်မှု မဟုတ်ပါ။ ကွာခြားချက်မှာ "သေစေနိုင်သော ဖြစ်တန်စွမ်း (Probability of Death)" ပေါ်တွင် မူတည်သည်။
o သေနိုင်ခြေ ရှိသည် (Likely to cause death) = ပုဒ်မ ၂၉၉ (လူသေမှု)။
o သေမည်မှာ မုချဧကန်ဖြစ်သည် (Sufficient in the ordinary course of nature to cause death) = ပုဒ်မ ၃၀၀ (လူသတ်မှု)။
• စီရင်ထုံးများ၏ လွှမ်းမိုးမှု (Judicial Interpretation)
တရားသူကြီးများသည် ဤ "ဖြစ်တန်စွမ်း"(in all probability cause death) ကို တိုင်းတာရာတွင် အခက်အခဲရှိသည့်အတွက် စီရင်ထုံးများက "ဒဏ်ရာ အရေအတွက်နှင့် နေရာ" ကို အခြေခံသော ပုံသေနည်းများကို ဖန်တီးလာကြသည်။ ဥပမာ - "အသွားချွန်ထက်သောအရာ (ဒါး)ဖြင့် အသက်အန္တရာယ်စိုးရိမ်ရသော နေရာ (Vital Part) ကို ထိုးလျှင် ပုဒ်မ ၃၀၂၊ ခြေထောက်ကို ထိုးလျှင် ပုဒ်မ ၃၀၄" ဟူ၍ ခွဲခြားတတ်ကြသည်။ သို့သော် မူရင်းဥပဒေတွင် ဒဏ်ရာနေရာကို အတိအကျ ကန့်သတ်ထားခြင်း မရှိဘဲ၊ တရားခံ၏ "စိတ်ဆန္ဒ (Intention)" နှင့် "အသိဉာဏ် (Knowledge)" ကိုသာ အဓိကထားသည်။
• ထို့ကြောင့် စီရင်ထုံးများက ဒဏ်ရာကိုသာ ကြည့်ပြီး ဆုံးဖြတ်ခြင်းသည် တရားခံ၏ အမှန်တကယ် ရည်ရွယ်ချက်ကို မျက်ကွယ်ပြုရာ ရောက်နိုင်သည်။ ဆေးပညာအရ သေစေနိုင်လောက်သော ဒဏ်ရာမဟုတ်သော်လည်း၊ တရားခံက သေစေလိုသော ဆန္ဒဖြင့် ရက်ရက်စက်စက် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သကဲ့သို့၊ ဒဏ်ရာပြင်းထန်သော်လည်း သေစေလိုသော ဆန္ဒ မရှိခြင်းလည်း ဖြစ်နိုင်သည်။ စီရင်ထုံးများသည် ဤစိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်း (Mens Rea) ကို လျစ်လျူရှုပြီး ရုပ်ပိုင်းဆိုင်ရာ ရလဒ် (Actus Reus) ကိုသာ အလေးပေးလွန်းနေပါသည်။
________________________________________
၂။ "ဒဏ်ရာတစ်ချက်တည်း" ပြဿနာ (The Single Blow Theory)
ပုဒ်မ ၃၀၂ နှင့် ၃၀၄ အားပြိုင်မှု
• မူရင်းပြဌာန်းဥပဒေ
ပုဒ်မ ၃၀၀၊ အပိုဒ် (၃) အရ - "ပြုလုပ်သော ဒဏ်ရာသည် သာမန်ဖြစ်ရိုးဖြစ်စဉ် (Ordinary course of nature) အတိုင်း သေစေနိုင်လောက်လျှင် လူသတ်မှု မြောက်သည်" ဟု ပြဌာန်းထားသည်။ ဒဏ်ရာအရေအတွက်ကို ကန့်သတ်မထားပါ။
• စီရင်ထုံးများ၏ လွှမ်းမိုးမှု
ရာဇသတ်ကြီးကို ကျင့်သုံးသော နိုင်ငံများ၏ တရားစီရင်ရေးတွင် "ဒဏ်ရာ တစ်ချက်တည်း (Single Blow)" ထိုးနှက်ခြင်းဖြစ်လျှင် လူသတ်မှု (၃၀၂) မမြောက်ဘဲ၊ လူသေမှု (၃၀၄) သာ မြောက်သည်ဟု အလိုအလျောက် ယူဆသော ထုံးတမ်းတစ်ခု ဖြစ်လာသည်။ တရားသူကြီးများသည် "တစ်ချက်တည်း ထိုးတာဆိုတော့ သေစေလိုတဲ့ ရည်ရွယ်ချက် မခိုင်လုံဘူး" ဟု စီရင်ထုံးများကို ကိုးကား၍ ဆုံးဖြတ်လေ့ရှိသည်။
• ၎င်းသည် ဥပဒေပြုအာဏာကို ကျော်လွန်ခြင်း တစ်မျိုးဖြစ်သည်။ ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် လူ၏ သေကွင်းသေကွက်များ (ဥပမာ - နှလုံး) ကို တစ်ချက်တည်း ထိုးသွင်းပြီး သတ်ဖြတ်နိုင်သည်။ ထိုသူကို "တစ်ချက်တည်းထိုးလို့ ၃၀၂ မမြောက်ပါ" ဟု ဆုံးဖြတ်ခြင်းသည် Lord Macaulay ၏ ဥပဒေရေးဆွဲချက်နှင့် လုံးဝ ဆန့်ကျင်ပါသည်။ Virsa Singh vs. State of Punjab (1958 AIR 465; 1958 SCR 1495) ကဲ့သို့သော နာမည်ကျော် စီရင်ထုံးများတွင် "ဒဏ်ရာတစ်ချက်ဖြစ်သော်လည်း ထိုဒဏ်ရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့လျှင် လူသတ်မှုမြောက်သည်" ဟု ဆိုထားသော်လည်း၊ အောက်ရုံးများသည် "အမှားကင်းလိုသော သဘော (Play Safe)" ဖြင့် ပုဒ်မ ၃၀၄ သို့ လျှော့ချလေ့ရှိကြသည်။
________________________________________
၃။ ပုဒ်မ ၃၀၄ ကို ခွဲခြားခြင်း
ရည်ရွယ်ချက် (Intention) နှင့် သိရှိနားလည်မှု (Knowledge)
o ပုဒ်မ ၃၀၄ (အပိုင်း ၁) - ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေစေမှု culpable homicide not amounting to murder (ထောင် နှစ် ၂၀၊ သို့မဟုတ် ၁၀ နှစ်အထိ)။
o ပုဒ်မ ၃၀၄ (အပိုင်း ၂) - rash or negligent act not punishable as culpable homicide or murder ပေါ့ဆလို့ လူသေစေမှုဖြစ်လျှင် (၇- နှစ်ထိ)။ သေစေတန်ရာသည်ဟု သိလျက်နှင့် (Knowledge) ပြုလျှင် ၁၀-နှစ် အထိ။
• စီရင်ထုံးများ၏ လွှမ်းမိုးမှု
စီရင်ထုံးများသည် ဤအပိုင်းနှစ်ခုကို ခွဲခြားရာတွင် အလွန်ရှုပ်ထွေးသော စံနှုန်းများကို သတ်မှတ်ကြသည်။ များသောအားဖြင့် တရားခံအား သက်ညှာလိုသောအခါ (သို့မဟုတ်) သက်သေအထောက်အထား မခိုင်လုံသောအခါ "ကြားချ" သောအနေဖြင့် ပုဒ်မ ၃၀၄ ကို သုံးလေ့ရှိသည်။
• ဝေဖန်သုံးသပ်ချက်
ပုဒ်မ ၃၀၄ သည် "လူသတ်မှု မမြောက်သော လူသေမှု" အတွက်သာ ဖြစ်သော်လည်း၊ လက်တွေ့တွင် "သက်သေမခိုင်လုံသော လူသတ်မှုများ" အတွက် ခိုလှုံရာ ဖြစ်နေသည်။ တရားစီရင်ရေးတွင် "သံသယရှိလျှင် လွှတ်ရမည်" ဟူသော မူကိုလည်း မကျင့်သုံးရဲဘဲ၊ "ထောင်ဒဏ်အနည်းငယ် ပေးလိုက်လျှင် သင့်လေမည်" ဟူသော သဘောဖြင့် ပုဒ်မ ၃၀၄ ကို အသုံးပြုခြင်း (Compromise Verdict) သည် တရားဥပဒေစိုးမိုးရေးအတွက် အန္တရာယ်ကြီးမားသည်။
________________________________________
၄။ ရုတ်တရက် ဒေါသအလျောက် ကျူးလွန်ခြင်း (Grave and Sudden Provocation)
လူသတ်/လူသေ မှုအတွက် ခြွင်းချက်
• မူရင်းပြဌာန်းဥပဒေ
ပြင်းထန်ပြီး ရုတ်တရက်ဖြစ်သော ရန်စမှုကို ခံရ၍၊ မိမိစိတ်ကို မထိန်းနိုင်ဘဲ (deprived of the power of self-control by grave and sudden provocation) သတ်မိလျှင် လူသတ်မှု မမြောက်ပါ။
• စီရင်ထုံးများ၏ လွှမ်းမိုးမှု
စီရင်ထုံးများသည် "ရုတ်တရက်" ဆိုသည့် စကားလုံးအပေါ် အလွန်တင်းကျပ်သည်။ ရန်စခံရပြီးနောက် အချိန်အနည်းငယ် (ဥပမာ - ၁၀ မိနစ်ခန့်) ခြားသွားလျှင် "စိတ်အေးသွားပြီ (Cooling off period)" ဟု ယူဆပြီး ဤသက်သာခွင့်ကို ပိတ်ပင်လေ့ရှိသည်။ ထို့ပြင် တရားသူကြီးများသည် လူတစ်ဦးချင်းစီ၏ စိတ်ခံစားမှု (Subjective Test) ကို မကြည့်ဘဲ၊ "သာမန်လူဆိုလျှင် စိတ်ဆိုးမည်လော (Objective Test)" ဟူသော စံနှုန်းဖြင့် တိုင်းတာကြသည်။
• ဝေဖန်သုံးသပ်ချက်: လူသားတို့၏ စိတ်သဘောသဘာဝသည် စက်ရုပ်များကဲ့သို့ ပုံသေမရှိနိုင်ပါ။ အချို့လူများသည် ဒေါသကို ချက်ချင်းမပြဘဲ ကြိတ်မှိတ်မျိုသိပ်ထားရာမှ ပေါက်ကွဲထွက်တတ်သည်။ စီရင်ထုံးများက သတ်မှတ်ထားသော "ချက်ချင်းတုံ့ပြန်မှသာ သက်သာခွင့်ရမည်" ဆိုသည့်အချက်သည် စိတ်ပညာသဘောတရားနှင့် ကွဲလွဲနေပြီး၊ မူရင်းဥပဒေ၏ "လူသားဆန်စွာ စဉ်းစားပေးလိုသော ရည်ရွယ်ချက်" ကို ပိတ်ပင်ရာ ရောက်နေသည်။
________________________________________
နိဂုံးချုပ် သုံးသပ်ချက်
ရာဇသတ်ကြီးကိုအခြေပြု၍ လူသတ်မှုနှင့် လူသေမှု ခွဲခြားခြင်းတွင် တွေ့ရသော စီရင်ထုံးပါ အားနည်းချက်မှာ-
၁. စက်ရုပ်ဆန်သော တရားစီရင်ခြင်း (Mechanical Jurisprudence)
စီရင်ဆုံးဖြတ်သူတို့သည် အမှု၏ အကြောင်းခြင်းရာ တစ်ခုချင်းစီကို ဥပဒေမူရင်းအနှစ်သာရ (Legal Principles) နှင့် တိုက်ဆိုင်စစ်ဆေးမည့်အစား၊ ရှိပြီးသား စီရင်ထုံးပုံစံခွက်များ (Precedents) ထဲသို့ အတင်းထိုးထည့်ရန် ကြိုးစားနေကြသကဲ့သို့ ဖြစ်နေသည်။
၂. စိတ်ပိုင်းဆိုင်ရာအရ ရှောင်လွှဲလိုခြင်း
ပုဒ်မ ၃၀၂ (သေဒဏ်/တစ်သက်တစ်ကျွန်း) ချမှတ်ရန် ဝန်လေးသည့်အတွက် ပုဒ်မ ၃၀၄ သို့ လျှော့ချခြင်း၊ အဆိုးဆုံးအခြေအနေအဖြစ် လူအများအပြားက ဝိုင်းဝန်းသတ်ဖြတ်သည့် အမှုမျိုးကို အပြင်းအထန်နာကျင်စေမှုမျိုးသို့ လျှော့ချခြင်းသည် တရားစီရင်ရေး၏ ရဲရင့်ပြတ်သားမှုကို ထိခိုက်စေသည်။
ထို့ကြောင့် "စီရင်ထုံးသည် လမ်းပြမြေပုံသာ ဖြစ်သင့်ပြီး၊ သံခြေကျင်း မဖြစ်သင့်ပါ precedent should be a roadmap, not ironclad" ဟူသော သဘောတရားကို ပြတ်သားစွာ ထူထောင်ကျင့်သုံးရန် လိုအပ်နေပါသည်။ အချုပ်အားဖြင့် ဆိုရသော် “အရိုးကို အရွက်မဖုံးသင့်” ဟူသကဲ့သို့ပင်၊ မူရင်း ဥပဒေပြဌာန်းချက် ကို စီရင်ထုံးများဖြင့်လွှမ်းမိုးခြင်းမပြုသင့်ပေ။