Monday, September 12, 2022

Artificial Intelligence: A Modern Approach

နည်းသစ် ဉာဏ်ရည်တုပညာ
=============== 
ဒီစာအုပ်ဟာ 
 ကမ္ဘာ့နိုင်ငံပေါင်း ၁၃၄ နိုင်ငံရဲ့ ကျောင်းပေါင်း ၁၅၄၁ ကျောင်းမှာ 
ဉာဏ်ရည်တုပညာနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြဌာန်းစာအုပ်အဖြစ်အသုံးပြုနေတဲ့ 
Stuart Russel နဲ့ Peter Norvig တို့ရဲ့ 
“Artificial Intelligence: A Modern Approach, 4th Edition, Global Edition, 2021” စာအုပ်ရဲ့ 
အခန်း ၁ ကနေ ၉ အထိကို အသေးစိတ်ဖွင့်ဆိုရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ 

အဲ့ဒီလို ဖွင့်ဆိုရှင်းပြတဲ့နေရာမှာ 
မြန်မာလိုသက်သက်သာမဟုတ်ပဲ 
အရေးကြီးတဲ့ မူရင်း အင်္ဂလိပ် စကားလုံး၊ အသုံးအနှုံး၊ ဝါကျ၊ စာပုဒ် တွေကို အသုံးပြုပြီး 
စာသင်ခန်းမှာ အင်္ဂလိပ်ပြဌာန်းစာအုပ်ကို မြန်မာဖွင့်ဆိုရှင်းပြတဲ့ အရေးအသားပုံစံနဲ့ တင်ပြထားတဲ့အတွက် 
စာဖတ်သူကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ကောင်းစွာ နားလည်သဘောပေါက်စေရုံသာမက 
ကိုယ်တိုင်ဆက်လက်လေ့လာနိုင်စွမ်းရှိဖို့ နဲ့ 
နိုင်ငံရပ်ခြားပညာရှင်များနဲ့ ပြောဆိုဆွေးနွေးနိုင်ဖို့အထိ ရည်ရွယ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ 

ပုံနှိပ်ဆဲကာလဖြစ်လို့၊ ကြိုတင်အမှာစာတွေကို "မီဒီယာဒေတာ" စာပေတိုက်ကို ပေးပို့မှာကြားနိုင်ပါတယ်။

Friday, April 22, 2022

ပရိုဂရမ်မာ ဆော့ဖ်ဝဲအင်ဂျင်နီယာမှ ကွန်ပျူတာသိပ္ပံပညာရှင်သို့

ပရိုဂရမ်မင်း ဆော့ဖ်ဝဲအင်ဂျင်နီယာရင်း ကွန်ပျူတာသိပ္ပံ နှင့် သင်္ချာ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ

Monday, January 25, 2021

အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်ရန် လိုအပ်ချက်

 အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်ရန် လိုအပ်ချက်

*******************

နိုင်ငံပိုင် သတင်းစာ တစ်စောင်မှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်ဖို့ လိုအပ်ချက်ပတ်သက်ပီး အမေရိကန်ဥပဒေပိုင်းဆိုင်ရာ အချက်အလက်တစ်ခုကို၊ ဆိုးဆိုးဝါးဝါး မှားယွင်းဖေါ်ပြခဲ့တဲ့အချက် တစ်ခုကို တင်ပြချင်ပါတယ်။ အဲ့ဒီ ကိစ္စဟာ မူရင်း သတင်းဌာနမှာ ဖေါ်ပြကတည်းက မှားတာဖြစ်နိုင်သလို၊  မြန်မာဘာသာပြန်တဲ့ နေရာမှာ ရိုးရိုးသားသား မှားယွင်းတာလည်း  ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုမှားယွင်းမှုမျိုးဟာ စာဖတ်သူ သတင်းစာ ဖတ်သူများကို အသိအမြင် လွဲမှားသွားစေနိုင်ပါတယ်။


၂၄-၁-၂၀၂၁ (တနင်္ဂနွေ) နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ-၁၂၊ ကော်လံ-၄ မှာ ပါတဲ့ သတင်းတစ်ပုဒ်ရဲ့ နိဂုံးစာပိုဒ်မှာ "အမေရိကန်ဥပဒေအရ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်သည် တပ်မတော်တွင် အနည်းဆုံး ခုနစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရန် လိုအပ်သည့်အတွက်" ဆိုပြီး ရေးထားပါတယ်။

အဲ့ဒီအချက်ဟာ လုံးဝ ချွတ်ချော်မှားယွင်းနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး တွေကို အရပ်သားစစ်စစ်တွေကို ခန့်အပ်ဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကြီးနဲ့လည်း လုံးဝ လုံးဝ ဆန့်ကျင်နေပါတယ်။ အမေရိကန်မှာ လူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေရှိတဲ့အတွက် အမေရိကန်နိုင်ငံသားတိုင်းကတော့ စစ်ထဲဝင်ဖူးကြသူချည်းပါပဲ။ စစ်ထဲဝင်ဖူးတာနဲ့ အမြဲတန်းစစ်မှုထမ်းတာနဲ့ လုံးဝမတူပါဘူး။ 

အမေရိကန်ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်ဖို့ အမြဲတမ်း စစ်မှုထမ်းဖြစ်ခဲ့စရာ လုံးဝ မလိုပါဘူး။ အချက်အလက်အမှန်က 

The National Security Act of 1947 အရ စစ်မှုထမ်းဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေကို ကာကွယ်ရေးဝန်ကြီး ခန့်မယ်ဆိုရင်၊ အဲ့ဒီ ဗိုလ်ချုပ်ကြီးတွေဟာ အမေရိကန်စစ်တပ်က အငြိမ်းစားယူပီးတာ အနည်းဆုံး ၇-နှစ် ရှိပြီးဖြစ်ရပါမယ်။ အဲ့ဒီ ဥပဒေမတိုင်မီကဆိုရင် ၁၀-နှစ်ပါ။  အဲ့ဒီလို အငြိမ်းစားယူပီးတာ အနည်းဆုံး ၇-နှစ် မပြည့်သေးတဲ့  အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေကို သမ္မတက ကာကွယ်ရေးဝန်ကြီးခန့်ချင်တယ်ဆိုရင် အမေရိကန် လွှတ်တော်နှစ်ရပ်လုံးက သဘောတူတဲ့ "ချွင်းချက်၊ လျော့ပေါ့ပေးချက်" ကို လိုအပ်ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးရဲ့ မဲနဲ့ အတည်ပြုချက် ချွင်းချက် ပေးပြီးပြီဆိုရင်တောင် အဲ့ဒီ ပုဂ္ဂိုလ်ဟာ အမေရိကန် အထက်လွှတ်တော်ရဲ့ လက်နက်ကိုင်တပ်များ ထိမ်းသိမ်းရေးကော်မတီရှေ့မှောက် ကြားနာ စစ်ဆေးမှုကို ခံယူပြီး အထက်လွှတ်တော် ရဲ့ မဲအများစုနဲ့ အတည်ပြုမှသာ ကာကွယ်ရေးဝန်ကြီးဖြစ်လာတာပါ။

အနှစ်ချုပ်ကတော့ အမေရိကန်ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်ဖို့ အမြဲတမ်းစစ်မှုထမ်းဖြစ်ခဲ့ဖူးဘို့ လုံးဝမလိုအပ်သလို၊ အမြဲတမ်းစစ်မှုထမ်းဖြစ်ခဲ့ဖူးရင်တောင်၊ အဲ့ဒီ ပုဂ္ဂိုလ်ဟာ စစ်တပ်က ထွက်ပီးတာ အငြိမ်းစားယူပြီး တာ အနည်းဆုံး ၇-နှစ် ရှိပြီး ဖြစ်နေရမယ်... ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

Friday, December 25, 2020

Nottebohm Case (1955 ICJ)

 Nottebohm Case (1955 ICJ) (Liechtenstein v Guatemala)

=============
မစ္စတာ ဖရက်ဒရစ် နော့တီဘုမ်း (Mr. Friedrich Nottebohm) ဟာ ၁၈၈၁ ခု September 16 ရက်မှာ ဂျာမဏီ (Germany) နိုင်ငံ ဟမ်းဘဂ် (Hamburg) မြို့မှာ မွေးဖွားခဲ့တဲ့ ဂျာမဏီနိုင်ငံသား တစ်ဉီးဖြစ်ပါတယ်။ သူ ဟာ ၁၉၀၅ ခုနှစ်ကစပြီး ဂွါတီမာလာ (Guatemala)နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ဂွါတီမာလာနိုင်ငံမှာပဲ အခြေချနေထိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားပြီးစအချိန် ၁၉၃၉ ခုနှစ်အောက်တိုဘာ သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်းမှာ သူဟာ လက်ချင်စတိုင်း (Liechtenstein) နိုင်ငံရဲ့ ပြုနိုင်ငံသား(Naturalize Citizen) အဖြစ် ရယူခဲ့တယ်။ ၁၉၄၀ မှာ ဂွါတီမာလာနိုင်ငံကို ပြန်သွားပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ အစပိုင်းမှာ ကြားနေခဲ့တဲ့ ဂွါတီမာလာနိုင်ငံက December 11, 1941 မှာ မဟာမိတ်တပ်ဖွဲ့တွေထဲကို ပူးပေါင်းပါဝင်ခဲ့ပြီး ဂျာမဏီကို စစ်ကြေငြာခဲ့တယ်။ အဲ့ဒီ ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးဆက်အနေနဲ့၊ ၁၉၄၃ မှာ ဂွါတီမာလာ က၊ Nottebohm ကို ရန်သူနိုင်ငံခြားသား အဖြစ်သတ်မှတ်ပြီး (သူဟာ ဂျာမဏီနိုင်ငံသားဖြစ်လို့) သူ့ကိုဖမ်းဆီးပြီး အမေရိကန်စစ်စခန်းကို လွှဲပြောင်းပေးခဲ့တယ်။ Mr. Nottebohm ဟာ အဲ့ဒီကနေ အမေရိကန်နိုင်ငံကို ပို့ဆောင်ခြင်းခံရပြီး ၁၉၄၆ အထိ အမေရိကန်မှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်။
ဂွါတီမာလာအစိုးရက ဂွါတီမာလာမှာရှိတဲ့ သူပိုင်ဆိုင်တဲ့ အရာတွေအားလုံး (all moveable & immoveable properties) ကို သိမ်းယူခဲ့တယ်။ အမေရိကန်အစိုးရကလည်း အမေရိကန်မှာရှိတဲ့ Nottebohm ပိုင် ကုမဏီကို သိမ်းယူခဲ့တယ်။
Mr. Nottebohm အထိမ်းသိမ်းခံရာက သူ လွတ်မြောက်တဲ့အချိန် ၁၉၄၆ မှာ သူ ဟာ ဂွါတီမာလာနိုင်ငံကိုပြန်သွားခဲ့ပေမဲ့ ဂွါတီမာလာနိုင်ငံက သူ့ကို ပြည်ဝင်ခွင့် မပေးခဲ့ဘူး။ အဲ့ဒါကြောင့် သူဟာ Liechtenstein နိုင်ငံကို သွားခဲ့ရတယ်။ အဲ့ဒီမှာပဲ Mr. Nottebohm ဟာ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့တယ်။
• 1950 မှာ အမေရိကန်အစိုးရက၊ အမေရိကန်မှာသိမ်းယူထားတဲ့ သူ့ကုမဏီရဲ့ တန်ဘိုးတဝက်ကို Nottebohm မိသားစုထံကို ပြန်ပြီးပေးခဲ့တယ်။
၁၉၅၁ ဒီဇင်ဘာ ၁၇ ရက် မှာ Liechtenstein အစိုးရက သူ့ရဲ့နိုင်ငံသားတစ်ဦးဖြစ်တဲ့ Mr. Nottebohm ရဲ့ကိုယ်စား၊ ဂွါတီမာလာအစိုးရကို
"Mr. Nottebohm ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့မညီပဲ မတရားသိမ်းဆည်းခဲ့တာတွေကို ပြန်ပေးဖို့၊ မတရားသိမ်းဆည်းခဲ့တာတွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့၊ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့မှု နဲ့ မတရား ပြည်နှင်ဒဏ်ပေးခဲ့မှု တွေအတွက် နစ်နာကြေး လျော်ကြေးပေးဖို့"
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆို လျော်ကြေးတောင်းခံခဲ့တယ်။
ဒီ Nottembohm Case အတွက် ICJ ဟာ စီရင်ချက် ဆုံးဖြတ်ချက် နှစ်ကြိမ်ချမှတ်ခဲ့ပါတယ်။
1953 NOVEMBER 18th မှာ ချမှတ်တဲ့ ICJ ရဲ့ ပထမ စီရင်ချက်ကတော့ ဂွါတီမာလာနိုင်ငံကတင်သွင်းတဲ့ ICJ ရဲ့ စီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ ကန့်ကွက်လွှာကို ကြားနာဆုံးဖြတ်တာဖြစ်ပြီး "ICJ မှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းနဲ့ ၊ သက်ဆိုင်ရာ နှစ်နိုင်ငံကို လိုအပ်တဲ့ အထောက်အထား (ဆိုလွှာ/ ခြေလွှာ) တွေ တင်သွင်းရမဲ့ နေ့ရက်နဲ့ ပတ်သက်တဲ့ အမိန့်" ကို ချမှတ်တာဖြစ်တယ်။
၁၉၅၅ ဧပြီ ၆ ရက်မှာ ချမှတ်တဲ့ ICJ ရဲ့ ဒုတိယစီရင်ချက်ကတော့ Mr. Nottembohm နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အတိုချုပ်ရရင်တော့၊ အဲ့ဒီအမှုမှာ ICJ ဆုံးဖြတ်ခဲ့တာက
• အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဟာ၊ သူ့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး၊ လိုအပ်ချက်တွေကို ပြည်တွင်းဥပဒေအဖြစ် (လွတ်လပ်စွာ)ပြဌာန်းခွင့်ရှိတယ်။
• Liechtenstein နိုင်ငံက Mr. Nottebohm ကို ပြုနိုင်ငံသား (naturalize citizen) ပေးလိုက်ခြင်းဟာ၊ စစ်ပွဲကာလအတွင်းမှာ စစ်ဖြစ်နေတဲ့ ရန်ဖက်နိုင်ငံ(ဂျာမဏီ)သား အဖြစ်ကရှောင်လွှဲဖို့၊ ကြားနေနိုင်ငံသား ဖြစ်အောင် လုပ်ပေးလိုက်ခြင်းသာဖြစ်တယ်။
• Mr. Nottebohm ဟာ Liechtenstein နိုင်ငံသားတစ်ရောက်ဖြစ်ဖို့အတွက်၊ Liechtenstein နဲ့ Mr. Nottebohm ရဲ့ကြားမှာ စစ်မှန်တဲ့ ဆက်နွယ်မှု (genuine link)မရှိဘူး။"
• ဒီလိုအခြေအနေမျိုးမှာ ဂွါတီမာလာနိုင်ငံဟာ Mr. Nottebohm ကို Liechtenstein နိုင်ငံသားတစ်ရောက်အဖြစ် အသိအမှတ်ပြုပေးဖို့ တာဝန်မရှိဘူး။
• အကျိုးဆက်အနေနဲ့ Liechtenstein နိုင်ငံဟာ Mr. Nottebohm ကို သူ့နိုင်ငံသားတစ်ရောက်အဖြစ် အကာအကွယ်ပေးလို့ မရဘူး။ ဒါကြောင့် Liechtenstein နိုင်ငံရဲ့ တောင်းဆိုမှု (တရားစွဲဆိုမှု) ကို တင်သွင်းခွင့်မပြုနိုင်ဘူး။
ဆိုပြီး၊ ICJ က Liechtenstein အစိုးရရဲ့ တရားစွဲဆိုမှုကို ပလပ်ခဲ့တယ်။
အနှစ်ချုပ်ကတော့ ဒီကေ့စ်မှာ
"နိုင်ငံနဲ့ နိုင်ငံသားကြားမှာ စစ်မှန်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆက်နွယ်မှု ရှိရမယ်" ဆိုတဲ့ ဥပဒေသ
Principle of Effective Nationality (or) The Nottebohm Principle ကို ICJ က ဖော်ထုတ်ပြီး အတည်ပြုခဲ့တာဖြစ်တယ်။
အဲ့ဒီ Principle of Effective Nationality ဆိုတဲ့ သဘောတရားကို ကျင့်သုံးဖော်ထုတ်ခဲ့တဲ့ ICJ ရဲ့ ဒီစီရင်ချက်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ မူသဘောတရားတွေနဲ့ လူ့အခွင့်အရေးရဲ့ ရှုထောင့်ကနေ စဉ်းစားစရာ ဝေဖန်စရာ သုံးသပ်စရာ စောဒက တက်စရာတွေ အများအပြားရှိနေပါတယ်။ အဲ့တာတွေကတော့ ပုဂ္ဂလဓိဌာန်ဖြစ်နေလို့ ဒီပို့စ်မှာ ချန်လှပ်လိုက်ရင်း၊ "တရားမျှတမှုအတွက် အဆိုးရွားဆုံးသော ရန်သူနံပါတ်တစ်ကတော့ တရားမျှတမှု့ ကင်းမဲ့တဲ့ ဥပဒေတွေ စီရင်ထုံးတွေ ကိုယ်တိုင်ပဲဖြစ်တယ်" လို့ ကောက်ချက်ဆွဲရင်း နိဂုံးချုပ်လိုက်ပါတယ်။

နောက်ဆက်တွဲ။ ဂွါတီမာလာအစိုးရဟာ Mr. Nottebohm ကွယ်လွန်ပြီး၊ ၁၉၆၂ ခုနှစ်ရောက်မှ သူ့ပိုင်ဆိုင်မှုတွေမြောက်များစွာထဲက ကော်ဖီစိုက်ခင်း ၁၆-ခင်းကို သူ့မိသားစုကို ပြန်ပေးခဲ့တယ်။

Monday, December 21, 2020

SS Lotus (France v Turkey) (1927)

 Lotus Case

 ၁၉၂၆ ဩဂုတ်လ ၂ ရက် ည မှာ၊ ပထမတန်း သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" (Monsieur Demons) ဦးဆောင်တဲ့ ပြင်သစ် စာပို့သင်္ဘော "SS Lotus" နဲ့၊ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" (Hassan Bey) ဦးဆောင်တဲ့ တူရကီရေနွေးငွေ့သင်္ဘော Boz-Kourt တို့ဟာ၊ လက်စ်ဘို့စ်ကျွန်း ဆစ်ဂရီအငူ ရဲ့ မြောက်ဖက် ရေမိုင် ၅-မိုင် ၆-မိုင်လောက်အကွာ (five to six nautical miles north of Cape Sigri on Lesbos) ပင်လယ်ပြင်မှာ သင်္ဘောအချင်းချင်း တိုက်မိခဲ့ကြတယ်။ Boz-Kourt သင်္ဘောက နှစ်ပိုင်းပြတ်ပီး နစ်မြုပ်သွားတယ်။ "SS Lotus" က လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ပေးတဲ့အတွက် Boz-Kourt သင်္ဘော Captain "Hassan Bey" အပါအဝင် သင်္ဘောသား (၁၀) ဦးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့  တူရကီနိုင်ငံသား ကျန်သင်္ဘောသား (၈) ဦးကတော့၊ သင်္ဘောနစ်မြုပ်မှုနဲ့အတူ ပျောက်ဆုံး (သေဆုံး) သွားခဲ့တယ်။

 နောက်တနေ့ "ကွန်စတန်တီနိုပယ်" (ယခု "အစ်စ်တန်ဘူလ်" မြို့) ဆိပ်ကမ်းကို SS Lotus ဆိုက်ရောက်တဲ့အချိန်မှာ ဒေသအာဏာပိုင်တွေက ဒီးမွန်စ် ရော ဘေး ကိုပါ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး နှစ်ဦးလုံးကို ဩဂုတ် ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။  ကွန်စတန်တီနိုပယ်မှာရှိတဲ့ ပြင်သစ်သံရုံးက အပြင်းအထန်ကန့်ကွက်နေနဲ့ကြားက တူရကီရဲ့ စတမ်ဘူးလ် (Stamboul) ရာဇဝတ်တရားရုံးက "ပေါ့ဆ လူသေစေမှု" နဲ့ 28 August 1926 နေ့မှာ ဒီးမွန်စ် နဲ့ ဘေး နှစ်ဦးစလုံးကို  စွဲချက်တင် စစ်ဆေးခဲ့တယ်။

 "တူရကီတရားရုံးမှာ စီရင်ပိုင်ခွင့်အာဏာမရှိဘူး"ဆိုတဲ့ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ရဲ့ ငြင်းချက်ကို တူရကီရဲ့ စတမ်ဘူးလ် တရားရုံးကပယ်ချခဲ့ပြီး၊ 15 September 1926 မှာ SS Lotus ရဲ့ သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ကို ထောင်ဒဏ် ရက် (၈၀) နဲ့၊ ဒဏ်ငွေအဖြစ် တူရကီပေါင် (၂၂) ပေါင် ပေးဆောင်စေဖို့ အမိန့်ချတဲ့တယ်။ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" ကို နဲနဲ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုတယ်။

 လူ ၈-ရောက် သေတာကို ရက် (၈၀) ပဲထောင်ဒဏ်ချလို့ ဆိုပြီး အဲ့ဒီ စီရင်ချက်ကို မကျေနပ်တဲ့ တူရကီ "တရားစွဲအရာရှိ prosecutor" က အထက်ရုံးကို အယူခံတက်တယ်။ အယူခံမှုကို ကြားနာနေဆဲကာလမှာ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားရတာဖြစ်လို့ "ဒီးမွန်းစ်" ကို အာမခံနဲ့ လွှတ်ထားပေးတယ်။ ပြင်သစ်နဲ့ တူရကီ တို့ဟာ သံတမန်ရေးရာအရ အကြီးအကြယ် အငြင်းအခုန်ဖြစ်၊ အပြန်အလှန် သတိပေးစာ ကန့်ကွက်စာ တွေပို့ကြနဲ့၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ အငြင်းပွားမှုကို "ခုံသမာဓိနည်း Arbitration" နဲ့ ဖြေရှင်းဖို့ သဘောတူညီမှု ရရှိကြပြီး၊ ဒီအငြင်းပွားမှုကို The Permanent Court of International Justice (PCIJ) က စီရင်ဆုံးဖြတ်ပေးဖို့  ဂျီနီဗာ (Geneva) မှာ 21 October 1926 မှာ လက်မှတ်ရေးထိုး သဘောတူညီမှုရယူခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ PCIJ ရဲ့ ကေ့စ်တွေထဲမှာ အများဆုံး ဆွေးနွေးခြင်းခံရပြီး၊ အနည်းဆုံးပဲ နားလည်ကြတဲ့၊ ဥပဒေပညာရှင်ကြီးတွေကြား အမြင်အမျိုးမျိုး ကွဲပြားကြတဲ့ "SS Lotus" ဆိုတဲ့ ကေ့စ် ပေါ်ပေါက်လာခဲ့တယ်။


ပြင်သစ်က၊ ၁၉၂၃ လော်ဆိန်း ကွန်ဗင်းရှင်း (the Convention of Lausanne of July 24th, 1923) ရဲ့ Article 15 ပါ "တူရကီ နှင့် စာချုပ်ဝင် အခြား နိုင်ငံများကြား ဖြစ်ပွားသော တရားစီရင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များကို၊ နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများနှင့် အညီ ဆုံးဖြတ်ရမည်" ဆိုတဲ့ ပြဌာန်းချက်ကို ထောက်ပြခဲ့တယ်။

ပြင်သစ် ဆိုလိုချင်တာက အဲ့ ဒီလို "နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများ" က၊ အခုလို အမှုမျိုးအပေါ်မှာ တူရကီရဲ့ ပြည်တွင်းဥပဒေကို ကျင့်သုံးပြီး "ရာဇဝတ် တရားစီရင်မှု" ပြုလုပ်တာကို တားမြစ်ထားတယ် လို့ အဆိုပြုတာဖြစ်တယ်။
တူရကီ အစိုးရဖက်က မြင်တာက ဒီလို စီရင်မှုမျိုးဟာ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် အာတီကယ် ၁၅ က တူရကီရဲ့အခုလို ပြည်တွင်းစီရင်ပိုင်ခွင့်ကို ခွင့်ပြုတယ် လို့ မြင်တယ်။
ဒါကြောင့် ဒီ SS Lotus Case မှာ PCIJ အဓိက ဆုံးဖြတ်ရမဲ့အချက်က
"တူရကီဟာ နိုင်ငံတကာ ဥပဒေမူသဘောတရားတွေနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့သလား။
အဲ့ဒီလို ဆန့်ကျင်ဆောင်ရွက်ခဲ့တယ်ဆိုရင် ဘယ် မူသဘောတရားကို ဆန့်ကျင်ဆောင်ရွက်ခဲ့တာလဲ။"
ဆိုတဲ့ အချက်ကို စဉ်းစား ဆုံးဖြတ်ရမှာဖြစ်တယ်။
(တူရကီနိုင်ငံဟာ ပြင်သစ်နိုင်ငံသား မစ္စတာ ဒီမွန်းကို တူရကီဥပဒေအရ ရာဇဝတ်ကြောင်းနဲ့ အရေးယူ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကို ဆိုလိုတာ ရည်ညွှန်းတာ ဖြစ်တယ်။)
ဒီ Lotus Case ကို ကြားနာတဲ့ PCIJ ရဲ့ တရားသူကြီး ၁၂ ပါးထဲမှာ၊ တရားသူကြီး ၆-ပါးက တူရကီဖက်ကို အသာပေးဖြေဆိုပြီး ကျန်တဲ့တရားသူကြီး ၆-ပါးက ပြင်သစ်ဖက်ကို အသာပေးဖြေဆိုကြတယ်။ တစ်ဖက်ကို ၆-မဲစီနဲ့ မဲအရေအတွက် တူညီနေတဲ့အတွက် တရားသူကြီးဥက္ကဌ Max Huber ရဲ့ အဆုံးအဖြတ်နဲ့ တူရကီကို အနိုင်ပေးခဲ့တယ်။
တူရကီဖက်ကို အသာပေးတဲ့ တရားသူကြီးတွေက
- နိုင်ငံတွေရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်နိုင်တယ်လို့ ယူဆလို့ မရနိုင်ဘူး။
- နိုင်ငံတစ်နိုင်ငံရဲ့ စီရင်ပိုင်ခွင့် အပြင်ဖက်မှာ နိုင်ငံခြားသားတစ်ရောက် ကျူးလွန်တဲ့ ရာဇဝတ်မှုကို စစ်ဆေးစီရင်တဲ့၊ ရာဇဝတ်စီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကိစ္စနဲ့ ပတ်သက်ပြီး၊ နိုင်ငံတစ်နိုင်ငံအပေါ် အတိအလင်း ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်း မရှိဘူး။
- (ဆိုလိုတာက) တူရကီရဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းမျိုး မရှိဘူး။
- ဒါကြောင့် တူရကီဟာ နိုင်ငံတကာ ဥပဒေကို မချိုးဖောက်ဘူး။
ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီ ဆုံးဖြတ်ချက်ကြောင့် "နိုင်ငံတကာ ဥပဒေမှာ အတိအလင်း ပိတ်ပင်တားမြစ်ထားတာ မရှိဘူးဆိုရင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ သူ့စိတ်ကြိုက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်" ဆိုတဲ့ The Lotus Principle or Lotus Approach ဆိုတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ အတွေးအခေါ် အယူအဆတစ်ရပ် ပေါ်ပေါက်လာခဲ့တယ်။
အနှစ်ချုပ်ကတော့ "နိုင်ငံတကာဥပဒေမှာ တားမြစ်ထားတာမရှိရင် လုပ်ပိုင်ခွင့်ရှိတယ်" ဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။
အဲ့ဒီ Lotus Case ရဲ့ စီရင်ချက်အတွေးအခေါ်နဲ့ ပတ်သက်ပြီး ဥပဒေပညာရှင် တွေကြားမှာ အမြင်အမျိုးမျိုးကွဲပြားမှုတွေ ဖြစ်ခဲ့ပါတယ်။
ဥပမာ ဥပဒေပညာရှင် "အီယန် ဘရောင်းလီ Ian Brownlie" က
"အားလုံးကိုခြုံကြည့်ရင် တရားရုံးရဲ့ (Lotus Case) စီရင်ချက်ဟာ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ မူတွေကို ချဉ်းကပ်တဲ့နေရာမှာ အကူအညီမဖြစ်ဘူး အကျိုးမရှိဘူး။ စီရင်ဆုံးဖြတ်ချက်တွေကလည်း မရေမရာနဲ့ ယေဘုယျဆန်တဲ့ သွင်ပြင်လက္ခဏာတွေပဲရှိတယ်။" ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေပညာရှင် Hersch Lauterpacht ကတော့ " (Lotus Case) ဆုံးဖြတ်ချက်ဟာ တရားစီရင်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ ရတနာသိုက် / အဖိုးတန်ပစ္စည်း တစ်ခု" လို့ ဆိုခဲ့ပါတယ်။
တခြား မတူကွဲပြားတဲ့ အမြင်အမျိုးမျိုး သုံးသပ်ချက်အထွေထွေ တွေလည်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ကျမ်းလေးအံ့စိုး၍ ချန်လှပ်ခဲ့ပါကြောင်း။